Wednesday, October 22, 2014

ဘုရားပွဲ နဲ့ မော်ဒယ်ဂဲလ် (သတိပြု ဆင်ခြင် ဖွယ်ရာ)


ဆရာရေ မြန်မာပြည် မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလား ဟင် ... လို့ နံနက်ခင်း တစ်ခု မှာ အတူ လက်ဖက်ရည်ဆိုင် ထိုင် ဘက် ဘော်ဒါကြီး တစ်ယောက် က အင်တာနက် ဖွင့် ထား တဲ့ သူ့ဖုန်း လာ ထိုးပြတယ်။ 
 
ဖတ်လိုက်တော့ စတီးရောင် ပြောင် လက်လက် တိုင် တစ်လုံး ကိုင်ပြီး ပတ်ကနေ တဲ့ မြန်မာပြည် က Sexy အကျဆုံး လို့ နာမည်ကြီး တဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံး က ပါတဲ့ သတင်း တစ်ပိုဒ်။

မသိရင် ဟောလီးဝုဒ် ရုပ်ရှင်ပြကွက် တစ်ခုလား ထင်ရတယ်။ အရင် က မိသားစု နဲ့ အတူဆိုရင် ရစ်ကြည့် ရတတ်တဲ့ အခန်းမျိုး ထဲ ပါတယ်။ ခုများတော့ မြန်မာပြည် က ဟိုတယ် တစ်ခုထဲမှာ တရား ၀င် လုပ်ပြ သတဲ့။


ဒီလောက် ဆိုရင် ဆရာကျတဲ့ သူတွေ ဒက်ခနဲ သိလောက် ပါပြီ။ ဘေးနား ထိုင်နေတဲ့ လုပ်ငန်း ရှင် ပေါက်စလေး က ထအော်တယ်။ ဇွန်ရယ် ဇာရယ် ကဗျာ ရယ် ပေါင်းလုပ် တဲ့ပွဲ၊ လက်မှတ် တစ်စောင် အနည်း ဆုံး တစ်သောင်း က စတယ်။ VIP က တစ်စောင် ခြောက်သောင်း၊ VVIP က ခုနစ်သောင်း နဲ့ VVVIP လက်မှတ် ကတော့ တစ်စောင် ကိုးသောင်းတဲ့။

သတင်း ဖတ်ကြည့် လိုက်တော့ သူပြော တဲ့ နှုန်းတွေ က ကွက်တိ။ သိလှချေ လား ဧကန္တ တစ်ယောက် တည်း ကြိတ် သွားအားပေး ထားပြီ နဲ့ တူတယ်လို့ သူ့ကို ၀ိုင်းစကြရင်း သတင်း ဆုံးအောင် ဆက် ဖတ်ရတယ်။
 
 အောက်တိုဘာလ (၁) ရက်နေ့ ကတည်း က ရှစ်မိုင် လမ်းဆုံ နားက ဟိုတယ် ရန်ကုန် ၀င်းထဲ ရှိတဲ့ VIP Bar မှာ လုပ်ခဲ့တဲ့ Dance For Life Party ဆိုတဲ့ ပါတီ ပွဲ အကြောင်းကို ပြောတာပါ။ သတင်း တက် လာတဲ့ ရက်က အတော် နောက်ကျတယ်။ အွန်လိုင်း မှာ Sexy Model တွေလို့ နာမည်ကြီး တဲ့ မော်ဒယ် သုံးယောက် ကို Sexy Model လို့ခေါ် တဲ့ အက မျိုးတွေ ကပြ ဖျော်ဖြေ ခိုင်းပြီး HIV/AIDS ဝေဒနာ ရှင်တွေ အတွက် ရန်ပုံငွေ ရှာပေးကြ တာတဲ့။

( HIV က အကျိုးပြုတာ လည်း ရှိသား)။ ဒါပေမဲ့ တကယ် ကပွဲ လည်း လုပ်ခွင့်ရ လို့ လုပ်လည်း ပြီးရော ပွဲစီစဉ်သူ မှာ ၀င်ငွေ က မမြတ် ဘဲ နည်းနည်း ရှုံး သတဲ့။ ရှုံးပေမယ့် မပူနဲ့ နောက်ထပ် ကို ထပ် အရှုံးခံပြီး လှူပေးမှာ ပါတဲ့။

ဒီတော့ စောစော က လုပ်ငန်းရှင် လေး ကပဲ ဒီလို ပွဲမျိုး မြန်မာပြည် မှာ ဖြစ်စေချင်လွန်း လို့ကို အကုန် အကျခံ လုပ်ပေး သလားလို့ ပြောပါတယ်။ သိတော့ ဘူးကွယ်။ မြန်မာပြည် မှာ ဖြစ်နေ တာ တချို့ တစ်ခါ တလေ လိုက်မမီ လို့ မောင်မြတ် မှတ်ချက် မပေးချင်ဘူး။ အဲလို တိုင်ပတ် ကတာ မျိုးရှိ မှ တစ်စုံ တစ်ရာ ခေတ်မီတဲ့ နိုင်ငံ အဖြစ် အသိအမှတ် ပြုခံရမယ် ဆိုတဲ့ သတ်မှတ် ချက် ရှိနေ လို့လားမသိ။ ထားပါတော့။

အံမယ် ကိုယ်တွေ ကသာ ရှုတ်ချ ချင်သလို ပြောနေတာ သူတို့က အဲဒီ Dance for Life Party ဆို တာတောင် မူပိုင် ခွင့်တွေ ဘာတွေ တရားဝင် တောင်းသုံး တာဆိုပဲ။ ဒီနေရာ မှာတော့ ဂီတ သမား တချို့ ထက်တောင် သာသွားပြီ။ သူတို့ ခွေခိုး ကူး တာတော့ တလကြမ်း ဖမ်းခိုင်းပြီး သူတို့ က နိုင်ငံခြား ကဟာ ကူးချ တာတော့ Copy is right လို့ မပြောရုံ တမယ် ခပ်တည်တည် လုပ် တာ မဟုတ်ဘူးပဲ။

မဆိုင်တာတွေ ထည့် ပြော မိပြန်ပြီ။ Sexy ဘက်ပဲ ပြန်သွား ရအောင်။ စောစောက သတင်း (ဧရာဝတီ ဘလော့ဂ်) ထဲ မှာ Art အကတွေ ကို အနုပညာ ဖျော်ဖြေမှု တစ်ခု လို့ပဲ မြင်စေ ချင် တယ်။ Sexy ကို Sex ကိစ္စ နဲ့ ရောထွေးပြီး မမြင်စေချင်ဘူး။ Sex ဆိုတာ အမှန် တကယ်တော့ Art တစ် ခု ပါပဲ ဆိုတဲ့ ပါတီ ပွဲလာ တစ်ယောက် ပြောတာ ကိုလည်း ဖတ်ရတယ်။

အဲဒီ အခါ တစ်လောက နာမည်ကြီး ခဲ့တဲ့ ရိုမန်းဘော့တ်ကြီး ကိုသာ ပြေးသတိ ရမိတော့ တာ ပါပဲ။ သူ့တုန်း ကလည်း အဲဒီ သဘောမျိုး ဆင်ခြေ ပေးခဲ့တာလေ။ ဟုတ်တော့ ဟုတ်နေပြီ။ Sexy ဆို တာ အဘိဓာန် ထဲ လှန်ကြည့်လို့ လိင်နှင့် စပ်ဆိုင်သော ဆိုတဲ့ အနက် ကို ရှောင်ချင် ရင်၊ ညှို့ငင် ဖမ်းစားနိုင်သော လို့ လှလှ ပပ အဓိပ္ပာယ် ဖွင့်ကောင်း ဖွင့်နိုင် ပါလိမ့်မယ်။

ညှို့တာပဲဗျာ၊ မြန်မာ ဆိုတော့ မြန်မာ ဆန်ဆန် သနပ်ခါး ဘဲကြားလေး လူး ရင်စေ့ အင်္ကျီနဲ့ ထမီ တိုတို ခြေ သလုံးပေါ်အောင် ၀တ်ရင်း ရေအိုးလေး ခါးစောင်း တင် မခို့ တရို့နဲ့ နွဲ့ပြ လိုက်ရင် လည်း Sexy ဖြစ်သွား တာပါပဲ။ ဘယ့်နှယ် လည်သာ အတို အပြတ်တွေ ၀တ်ပြီး တိုင်ဖက် ကပြမှ ပဲ Sexy ထင်တယ် ဆို ရင်တော့ လုပ်ချင်လည်း လုပ်ကြ မမြင်ကွယ်ရာ မှာ ကိုယ်ချင်း ကိုယ်ချင်း ဂွတ်တယ် ထင် ဒူးသာဒူး။ ဒါပေမဲ့ လူအများ သိရင်တော့ အပြောခံရမှာပဲ။

လက်ဖက်ရည်ဆိုင် မှာ အချင်းချင်း အဲဒီလို ဝေဖန် လေကန် ခဲ့ကြရင်း နောက် တစ်ရက်ခြားပြီး မှ စောစော က ညီလေး နဲ့ မနက်ဘက် ပြန်ဆုံ ဖြစ်တယ်။ တွေ့တွေ့ခြင်း ပဲ သူက ““အစ်ကိုရေ တကယ်တော့ ကျွန်တော် က သာမန် မော်ဒယ် ရှိုးပွဲတွေတောင် တီဗွီမှာ လာတာလောက် ပဲ မြင် ဖူးတာနော်။ ပြီးခဲ့တဲ့ ည ကတော့ အစ်ကို့ညီ တစ်ပြား မှ မပေးရ ဘဲ ရှိုးပွဲတွေကော ဒန့်စ်တွေ ပါ အတော်လေး အနီးကပ် ကြည့်ခဲ့ ရတယ်။

အတူ ပါသွားတဲ့ ကျွန်တော့် တပည့် ချာတိတ်တွေ ဆိုတာ လက်ခုပ်သံ တဖျောင်းဖျောင်းနဲ့။ အဲဒါလေး ကြည့် ကျက်ပြီး ရေးသင့် ရေးပါဦး အစ်ကိုရေ။ ဘာလို့လဲ ဆိုတော့ ကာလသားတွေ အရမ်းကြိုက် တဲ့ အဲဒီ မော်ဒယ်ရှိုး ကို ကျွန်တော် ကြည့်ခဲ့ ရတာ ဘုရားပွဲမှာ မို့လို့ပါ ””လို့ ပြော ပါတော့ တယ်။

ဒီတော့ မောင်မြတ် က ခပ်အေး အေးပါပဲ။ အခု လို အင်တာနက် ခေတ် မရောက်ခင် ကိုက မြန်မာပြည် က ဘုရား ပွဲတွေ မှာက တဲ့ ဇာတ်/အငြိမ့်/ ပဒေသာ ကပွဲတွေ မှာ စတိတ်ရှိုး တို့ တေး သရုပ်ဖော် တို့ ပါနေပြီး၊ တချို့ အဲဒီ အစီအစဉ်တွေ မှာ ဟိုမရောက် ဒီမရောက် နဲ့ သောင်း ကျန်း သရုပ်ပျက် တတ်ကြ တာ ထူးဆန်းတာ မှ မဟုတ် တော့တာလို့ တွေးမိလို့ပါ။

အခု မော်ဒယ်ရှိုး အပြင် ဟိုလိုလို ဒီလိုလို ဒန့်စ်တွေ လည်း ခေတ်စားလာပြီး ရိုးရာ သင်္ကြန် မှာတောင် ထိန်း ရ ခက်နေတော့ အဲဒီ ရှိုးနဲ့ ဒန့်စ်တွေကို ဇာတ်စင် အငြိမ့်စင် တွေပေါ် မှာ ရှေ့ပိုင်း ပရိသတ်ခေါ် တဲ့ မားကက်တင်း နည်းဗျူ ဟာ အဖြစ် တစ်စိတ် တစ်ပိုင်း သုံးတယ် ဆို လည်း မဆန်းဘူးလေ။ ဒါပေမဲ့ လက်တွေ့ မြင်လာရတဲ့ သူပြောပုံက တစ်မျိုး ဖြစ်နေလေရဲ့။

““ရင်ပြင်တော် ကို ကျောပေးပြီး သံပန်း အုတ်ဘောင် နံရံ နိမ့်နိမ့်လေးပဲ ခြားတဲ့ နေရာမှာ စတိတ် စင်လေးထိုးပြီး အဲဒီပေါ် မှာ ရှိုးလျှောက် ပြတာကော၊ ဒီဂျေ တီးလုံး သီချင်းမြူးမြူး တွေနဲ့ ဒန့်စ် ကတာတွေ ပါ လုပ်နေတာ အစ်ကို ရဲ့ အတို အပြတ်တွေနဲ့ ကလပ် ထဲက ဒီဇိုင်းမျိုး ကပြ တာတောင်ပါ လိုက်သေးတယ်။ 
 
ဘုရားစေတီကြီးနဲ့ လက်တစ်ကမ်းမှ တကယ့် လက်တစ်ကမ်းလေးပါ အစ်ကိုရယ်။ ကျွန်တော်လည်း ယောက်ျား ဆိုတော့ ဒါမျိုး အလကား လာပြလို့ ကတော့ သိပ်ကြည့်တာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီး တစ်ဆူ အနားကပ်ပြီး အဲဒီလို ရှိုးပွဲ လုပ်ပြ နေတာတော့ ဘယ်လိုမှ ခံစားကြည့်လို့ မရခဲ့ဘူး””။

ဒီတော့မှ မောင်မြတ်လည်း သူ့ဆီက အင်ဖော်မေးရှင်းတွေ အတိအကျ ယူရတယ်။ လိုကေးရှင်းက အိမ်နဲ့ မဝေးလှတာမို့ အဲဒီည ထမင်းစားပြီး (၇) နာရီကျော်တော့ အော့ဗ်ဇပ်ဗေး ရှင်းထွက်ခဲ့ ပါလေရော။ အဲဒါက (၆.၁၀.၂၀၁၄) နေ့ည။ နေရာက တောင်ဥက္ကလာပထဲက သံသုမာ လမ်းမကြီးဘေး သစ္စာလမ်းထောင့် အနီး န၀တခေတ်မှာ တည်ထားခဲ့တဲ့ ဥက္ကလာပ စေတီတော် ပရ၀ဏ်။

သီတင်းကျွတ် အမီ ဘုရား ပွဲတော် လုပ်နေတာ ဆိုတော့ ထုံးစံအတိုင်း ဈေးသည်မျိုးစုံနဲ့ ချား ရဟတ်တွေကော အပျော် ကစားနိုင်တဲ့ အစီအစဉ် တွေကော စည်ကား နေပါတယ်။ ဟိုးတုန်းကလို ကြည့်ချင် ပွဲအစီအစဉ် ရယ်လို့တော့ မတွေ့မိ။ ဒီခေတ်က ကိုယ့်အိမ်မှာပဲ ကြည့်ချင်စရာ တီဗွီ ပရိုဂရမ်တွေရယ်၊ အရမ်းဈေးပေါတဲ့ အချပ်တွေလည်း လွယ်လွယ် ၀ယ်ရ နိုင်သေးတဲ့ အပြင် ဖုန်း/ ကွန်ပျူတာ တက်ဘ်လက်များနဲ့ပါ အပန်းဖြေ ကြည့်စရာ အနန္တဆိုတော့ ဘုရားပွဲက သာမန် ကြည့်ချင်ပွဲတို့ ဘာတို့ အလုပ် မဖြစ်တော့ဘူးပေါ့။

ဒါကြောင့် ထင်ရဲ့။ တခြား ဘာကြည့်ချင်ပွဲမှ မတွေ့ရဘဲ ရင်ပြင်တော် အပြင်ဘက် ကွန်ကရိ ပတ်လမ်းဘေး တစ်နေရာမှာ တန်ဆောင်း တစ်ခုနဲ့ ကပ်လို့ စတိတ် စင်ပေါက်စလေး တစ်ခုကို မီးမောင်းတွေ ဆောင်းဘောက်စ်တွေ နဲ့အတူ တွေ့လိုက်ရတယ်။ သိလိုက်ပြီ၊ ဒါရှိုးပွဲ နေရာပဲ ဆိုတာ။

တန်ဆောင်း လေးထောင့်မှာ ယာယီ လိုက်ကာလေးတွေ ကာလို့ မော်ဒယ် ကိုကို မမလေးတွေလို့ သိသာသူ တစ်စု ပြင်ဆင် နေတာလည်း တွေ့ရတယ်။ အနားမှာပဲ ဒီဂျေစက်တွေ ဘာတွေလည်း ဆင်ထားတယ်။ ပွဲမစသေးလို့ ပရိသတ်တော့ မရှိလှသေးဘူး။ ရင်ပြင်တော်ထဲ ၀င်ကြည့် တော့လည်း လူခပ်ကျဲကျဲပဲ။ အများဆုံး ရောက်နေတာက ဈေးတန်း၊ အပျော် ကစားနည်းနဲ့ ချားရဟတ်တွေ ရှိတဲ့ နေရာတွေမှာပါ။ သိပ်မကြာ ဘူး။

မော်ဒယ်ရှိုးပွဲ စတော့မယ့် ဆိုတာနဲ့ စတိတ်စင်လေးနား လူအုပ်ကြီး ဖြစ်သွားတယ်။ အဲဒီအချိန် မောင်မြတ်က ရင်ပြင်တော် တစ်ဖက်ခြမ်း ရောက်နေလို့ သူတို့ ရှိုးနားရောက်အောင် ပတ်လမ်းကနေ မနည်းပြန် တိုးသွားရတယ်။ မကျယ်လှတဲ့ စင်လေးပေါ် မှာတော့ မော်ဒယ် လို့ ဆို တဲ့  ဆယ်ကျော်သက် ကျားမ လေးငါးယောက် လျှောက်ပြ နေကြပါပြီ။

ပရိသတ် ကလည်း လူငယ်တွေ အများစုပေါ့။ ဘောင်းဘီတိုလေးနဲ့ မော်ဒယ်မလေး တစ်ယောက် ကို နာမည်ပါ ခေါ်ပြီး အထူး အားပေးနေ ကြလေရဲ့။ အုပ်စုလိုက်ကော တစ်ယောက် ချင်းပါ လျှောက်ပြီးတော့ စုံတွဲ တေးသရုပ်ဖော် ပုံစံလာလေရဲ့။ 
 
 နာမည်ခေါ် အားပေး ခံရတဲ့ ဘောင်းဘီ တိုမလေးနဲ့ အဘိုးကြီး ပုံစံ ၀တ်ထား တဲ့ ပြောင်ချော်ချော် မော်ဒယ်ဘွိုင်း တစ်ယောက် တွဲသရုပ်ဖော်တာ။

သီချင်းက ဒရမ်ဘိသံ တဒိန်းဒိန်း၊ ဘေ့စ်သံတွေ ဟိန်းလို့ မောင်မြတ် နားထဲ အထပ်ထပ် ကြားမိတဲ့ စာသား ကတော့ ဘူးသီး နုနု မခူးရဆိုပဲ။ မခူးရသာ ဆိုတယ်။ ခူးချင်စိတ် မဖြစ်ဖြစ်အောင် အမူအရာမျိုးစုံနဲ့။ ဘူးသီး ထက်ဆိုးတာ ရှိသေးတယ်။ ခပ်မြူးမြူး ဒီဂျေတီးလုံး တစ်မျိုးနဲ့ မမလေး သုံးယောက် ကပြ ဖျော်ဖြေကြတာ။ အမူအရာနဲ့ ကကြိုးကို ရေးမပြရဲပါ။ စားသောက် ဆိုင်ကြီး တချို့က စင်တင် တေးသရုပ်ဖော်ပုံလို့ပဲ ပြောပါရစေ။ အဲဒါကိုပဲ အနုပညာ လို့ မြင်ပေးရမှာလား။

အရင် နေ့ကဆိုရင် စင်အောက် လမ်းပေါ်မှာပါ ၀ိုင်းက ကြ တာ တွေ့ခဲ့ ရ သတဲ့ ။ မောင်မြတ် ရောက် တဲ့ ညကတော့ ဒါမျိုး မတွေ့ရဘူး။ ပွဲချိန် သိပ်ရှည်ရင်တော့ ဖြစ်လာ မလား မသိ။ မောင်မြတ် တွေ့တာတော့ ပရိသတ် လူငယ်တွေက အနီး ကပ် မြင် ရအောင် ရှေ့ ကို အတင်း တိုးပြီး ဖုန်း ကင်မရာတွေနဲ့ အောက် က ပင့်ပြီး မှတ်တမ်း ယူနေ လိုက်ကြတာ (အွန်လိုင်းပေါ် ရောက်နေပါပြီ)။

မောင်မြတ်လည်း ကိုယ့်ရဲ့တန်ဖိုးမများ ဖုန်းစုတ်လေးနဲ့ မှတ်တမ်း ဓာတ်ပုံတချို့ ရိုက်တယ်။ ခပ်လှမ်း လှမ်း က ဆိုတော့ ဖုန်းကင်မရာ မြင်ကွင်းထဲမှာ စတိတ်စင် နောက်ဘက် ဂရောင်း မှာ ဉာဏ်တော် (၁၀၈) ပေမြင့်တဲ့ ဥက္ကလာ စေတီကြီးပုံကလည်း တစ်စိတ် တစ်ပိုင်း ပါနေ ပါတော့ တယ်။ 
 
အနှိုင်းမဲ့ မေတ္တာရှင် မြတ်စွာဘုရားကို ဦးထိပ်ထားပြီး ဥက္ကလာပ စေတီတော်ကြီးနဲ့ တကွ ဥက္ကလာပ မင်းကြီးကိုပါ ဥက္ကလာသူ ဥက္ကလာသားတွေ ကိုယ်စား အမှားအယွင်းတွေ ရှိရင် ခွင့်လွှတ် သည်းခံပေးဖို့ စိတ်ထဲက တောင်းပန် လိုက်မိတယ်။

ဟုတ်တယ်လေ။ ဒါမျိုးကို ဒီနေရာမှာ သင့်တော်တယ် ထင်ပြီး ပါမစ် ပေးထားလို့သာ လုပ်ရဲတာ ဆိုတော့ မှားလား မှန်လား ပါမစ်ပေးတဲ့ သူတွေ ဆုံးဖြတ်ထားတာ ရှိမှာပေါ့။ ဒါကြောင့် မတော်တဆ မှားများ မှားနေရင် ခွင့်လွှတ် ပေးပါလို့ ကြားထဲက ၀င်တောင်းပန် ပေးထားရတာ။

ရွှေတိဂုံ စေတီတော်ကြီးရဲ့ ဒါယိကာ-ဥက္ကလာပ မင်းကြီးကို ဂုဏ်ပြုခြင်းလည်း ပါဝင်တယ်လို့ ဖတ်ဖူးတဲ့ န၀တ ခေတ်တည်- ရွှေတိဂုံ ပုံတူ-ဥက္ကလာပ စေတီတော်ကြီး ကတော့ ရွှေရောင်တွေ ၀င်းလက် တောက်ပပြီး၊ တည်တည် ငြိမ်ငြိမ်ပဲ စံပယ်တော်မူလို့ ဘုရား ပွဲခင်းထဲက ငရဲ ပွက်သ လို ၀က်ဝက်ကွဲ ဆူညံနေတဲ့ အမျိုးစုံသော သံသေး သံကြောင်တွေကို ဥပေက္ခာ ပြုထား သလို ပါပဲ။ 
 
ရှိုးပွဲ ရဲ့အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ပြီး ဒုတိယပိုင်းမှာ မော်ဒယ် မလေးတွေ ကို ပရိသတ် ထဲ က ဆုတက်ပေးတာ စလာ ချိန်မှာတော့ အစီအစဉ် ပြီးဆုံး ပါပြီ လို့ ကြေ ညာပြီး ရှိုးပွဲ ရပ်နား လိုက် တာ အဲဒီနေ့ က တွေ့ခဲ့ရတယ်။
 
 နောက်နေ့ လက်ဖက်ရည်ဝိုင်းမှာ အဲဒီ ဘုရားပွဲ ရောက်ခဲ့တဲ့။ တခြား လူငယ်တွေလည်း စားမြုံ့ ပြန်ကြပြီး၊ ဒီလို နေရာမှာတော့ ဒါမျိုး မလုပ်သင့်ဘူးလို့ ပြောကြပါတယ်။ အဲဒီ လူငယ်တွေထဲ နားကွင်း တစ်ဖက် ၀တ်ပြီး တက်တူး ထိုးလို့ ဂျင်းဘောင်းဘီ ထည်လဲ ၀တ်သူတွေလည်း ပါတယ်။ ဒါပေမဲ့ ဒူးနေရာ ဒူး တော်နေရာ တော်ပေါ့လို့ ဆင်ခြင်နိုင်တဲ့ စိတ်လေးတွေ ဒီလူငယ် အများစုမှာ တွေ့ရတာကို အားတက် မိပါတယ်။

တစ်ယောက်က ပြောတယ်။ နယ်ဘုရားပွဲ တချို့မှာလည်း ဒီလိုရှိုးပွဲပါ လုပ်ခွင့် ပေး တာ မျိုး တွေ့ဖူးသတဲ့။ ဒါပေမဲ့ ဇာတ်ပွဲတွေလိုပဲ ဘုရား ရင်ပြင်နဲ့ ခပ်ဝေးဝေးမှာ လုပ်တာပါတဲ့။ တန်ဆောင်း သို့မဟုတ် ဇရပ်မှာ အ၀တ်လဲ ခွင့်ပေးလို့ တန်ဆောင်းနဲ့ ကပ်လျက် စင်ထိုး လုပ်တာတော့ သူလည်း အခုမှ မြင်ဖူးတာတဲ့ နောက်ရက်မှာတော့ အဲဒီရှိုးပွဲ မလုပ်ဘူးလို့ သိရတယ်။
 
 ပြဿနာ တက်ပြီး အရေးယူ ခံရသလိုလိုလည်း သဲ့သဲ့ ကြားတယ်။ ဒီလောက် ဖုန်းတွေ ကင်မရာတွေ အင်မတန် ပေါများပြီး တစ်ခုခု ထူးတာနဲ့ အွန်လိုင်းပေါ် ရုပ်သေ/ရုပ်ရှင်တွေ ချက်ခြင်း ရောက်သွားနိုင်တဲ့ သမယကြီးမှာ ဘုရားနဲ့ ကပ်ပြီး ဒီလိုရှိုးပွဲမျိုး ခွင့်ပြု ပေးခဲ့ သူတွေ ရဲ့သတ္တိကို အံ့သြမိတယ်။ ဒါမှမဟုတ် ဘယ်လောက်အထိ သက်ရောက် နိုင်တယ် ဆိုတာကို ကြို မမြင်နိုင်လောက် အောင်ပဲ ခေတ်နောက်ကျန် နေတာလား။

ပြီးတော့လည်း ပြီးသွားမှာ ပေါ့လေ။ မူလ ရည်ရွယ်တာက ဘုရားပွဲ ရန်ပုံငွေ အတွက်ဆိုရင် မှားသွားပါတယ်။ နောက် မလုပ်တော့ပါဘူး ဆိုလည်း သတိ ပေးတာလောက် နဲ့ တော်စေ တန်စေပေါ့။ ဟိုတယ်မှာ လုပ်တဲ့ Sexy Dance ကတော့ HIV/AIDS ရန်ပုံငွေ အတွက် ဆိုတော့ နောက်လည်း EIBOLAR အတွက်တို့ ဘာတို့ လိုရင် လုပ်ဦးမလား မဆိုနိုင်ဘူး။

အိမ်နီးချင်း နိုင်ငံ တချို့မှာ လည်း ဒီလို ပွဲမျိုးတွေ လုပ်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင် ကြတယ် တို့ ဘာတို့ ဆိုတဲ့ ပြောသံ တချို့လည်း ကြားရတယ်။ ဒါတော့ သဘော မတူ ဘူး။ မြန်မာနိုင်ငံ က တရားဝင် ပရိုမိုးရှင်း လုပ်နေတာ Sex Tourism မှ မဟုတ်တာ ကွယ်။ တရား မ၀င် တချို့ ရှိနိုင်ပေမယ့် ရာခိုင်နှုန်း အင်မတန် နည်းပါတယ်။

အခု သူများထက် အရမ်းဈေးကြီး နေပါတယ် ဆို ရင်း ကပဲ မြန်မာပြည် ကို အုပ်စုလိုက် Package Tour ကြို ၀ယ်ပြီး တိုးရစ်တွေ လာကြတာ ဘာကြောင့်လဲ။ မြန်မာပြည်မှာ သူတို့ အတွက် တကယ့် ကို ကြည့်ချင် စရာ သဘာဝ အလှနဲ့ ရှုခင်းတွေ၊ ရှေးဟောင်း အမွေ အနှစ်တွေ နဲ့ လူမှု ဘ၀မျိုး စုံ အများကြီး ရှိနေ လို့ပဲ။

ဒီလို စကားလုံးတွေ အစိုးရ သတင်းစာတွေ ထဲ တွေ့နေကြ မို့သာ တစ်မျိုး ထင်ကောင်း ထင် မယ်။ ထိုင်း မှာ နာမည်ကြီး တဲ့ မြဘုရား နဲ့ တခြား ဗုဒ္ဓဘာသာ အမွေအနှစ် ကြည့်စရာ ဆိုတာ မြန်မာ နဲ့ ယှဉ်ရင် နည်းနည်းလေး ဆိုတာ ထိုင်း နေဖူး သူတိုင်း သိတယ်။ ဗီယက်နမ် တို့ ကမ္ဘောဒီးယား တို့ သွားကြည့်လိုက်ဦး။

တကယ်တမ်း မြန်မာ ခရီးသွား သာ တက်လာရင် သူတို့ ကျန် ခဲ့မှာ။ သူတို့ ဆီမှာ ရှေးဟောင်း အမွေ အနှစ် ထက် ဖန်တီး ထားတဲ့ Tour Site တွေ နဲ့ ပါးပါး နပ်နပ် လုပ်စားတတ် လွန်းလို့ သန်း ချီ ၀င်နေတာ။ လတ်တလောမှာ ဆို စရိတ် စက ကလည်း သူတို့ က ခရီးသည် အရမ်း သက်သာအောင် ဖန်တီး ပေးထားနိုင်တယ်။ 
 
မြန်မာပြည် မှာတော့ (လာသမျှ ဧည့်သည် ၀ိုင်းကာတွယ်) လုပ်နေကြ လို့ ဈေးကြီး လွန်းပြီး နောက် လာရ မယ့် သူတွေ တွန့်နေတာ။ ဟိုတယ်တွေ မှာ တိုင်ပတ် ကတဲ့ Dance တွေ ပါမစ် ပေးထား လိုက်ရင် ခရီးသည် ၀င်လာ လိမ့်မယ် လို့ တွေးချင် တဲ့ ဉာဏ်ကြီး ရှင်ရေ။ တစ်ခု ပဲ ပြောချင်တယ်။ အဲလို လုပ်ပြီး ခေါ်ရင် ၀င်တော့ ၀င်လာ ပါလိမ့်မယ်။ ဒါပေမဲ့ ငှက်ပျောသီးလောက် ပြခေါ် ရင်တော့ အငမ်းမရ ၀င်လာမှာ က မျောက်တွေပဲ ဖြစ်မပေါ့လို့။

ဘုရားပွဲ များနဲ့ ပတ်သက် လို့တော့ လူစည်စေချင် လို့ မော်ဒယ် ရှိုးပွဲ များ ထည့်ချင်သပ ဆို လည်း ဘုရားစေတီ နဲ့ ခပ်ဝေးဝေး မှာ မြန်မာ အလှမယ် ရှိုးပွဲလေးများ လုပ်ရင်ကော၊ ကျားကိုက် မှာ စိုးလို့လားဗျာ။ ပရိသတ်က အားမပေးဘူး ထင်သလား။ အွန်လိုင်း လူမှု ကွန်ရက် ဖေ့စ်ဘုတ်ခ် ပေါ်မှာ ကိုပဲ မြန်မာ မော်ဒယ် တချို့ရဲ့ အဖော်ရဲ တဲ့ Sexy Design ထက် မြန်မာ ၀တ်စုံလေးနဲ့ တကယ်လှရင် Like တွေ ထောင်သောင်းချီ သွားတာ တွေ့နိုင် ပါတယ်။ 
 
ဒါကြောင့် မြန်မာ လူငယ် လူရွယ် အများစုရဲ့ ရင်ထဲ အသည်းထဲမှာ မြန်မာ့ ယဉ်ကျေးမှု ကို နှစ်သက် တန်ဖိုး ထားတဲ့ စိတ်ရင်း စေတနာလေးတွေ ဒုနဲ့ ဒေး ဆိုတာ ယုံကြည် လိုက်ကြ ပါ။ လက်တွေ့ ဘ၀ မှာ ကုမ္ပဏီ အရောင်း ဈေးသည်မို့ သရီးကွာတား ကျပ်ကျပ်လေး ၀တ်ထား ရပေမယ့် အားလပ်ရက် မှာ မြန်မာ ၀တ်စုံလေးဝတ် လို့ ဘုရားသွား တဲ့ မြန်မာမလေးတွေ တစ်ပုံ ကြီး။

ဒီလို သူ့နေရာနဲ့ သူ အကန့်လေးတွေ ပိုင်းခြားနိုင် တဲ့ လူငယ် လူရွယ်တွေရဲ့ စိတ်ရင်းတွေကို ဥပေက္ခာပြု လို့ နိုင်ငံတကာ ဆိုတဲ့ ကိစ္စတိုင်း ရဲ့ အပေါ်ယံကိုသာ ပုံတူကူးရင်း အများစု ကိုးကွယ် ရာ ဘာသာ သာသနာ နယ်မြေတွေမှာ ပါ ထင်ရာ စိုင်းကြရင်ဖြင့် တချို့တွေ ကြွေးကျော် သလို အရိုးတွေ နဲ့တောင် စည်းရိုးထိုး ဖို့ လှုံ့ဆော် သော်လည်း ဘာထူး မှာလဲ လို့ တွေးရင်း အမှတ်ရ နေမိတာက၊ 
 
ဘုရားပွဲ နဲ့ မော်ဒယ်ရှိုး ပွဲ သွားကြည့် မိတဲ့ ညက ပြန် အထွက်၊ ကလေး ကစားကွင်းတွေ ဘက် က ပြန့်လွင့် လာတဲ့ သီချင်းသံ တစ်ပိုင်း တစ်စ၊ (ရှေ့ကကြည့်လည်း မလုံ၊ နောက်က ကြည့် လည်း မလုံ၊ မြန်မာ ဆိုတာ မယုံရေး ချမယုံ) တဲ့။


From: Messenger www.mmdailystar.com 

No comments:

Post a Comment