Tuesday, October 28, 2014

ဖိုးထက် – ဒေါ်စု ကို အားမကိုးနဲ့

ဖိုးထက် – ဒေါ်စုကို အားမကိုးနဲ့ (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄
   
 ခေါင်းစဉ်မြင်လိုက် ကတည်းက သွေးတက် သူတွေ တက်ကုန် မှာဘဲ။ ဒေါ်အောင်ဆန်းစုကြည် ကို ကိုယ့် ကိုယ် ကိုယ် ထက်ပိုပြီး ယုံကြည် စိတ်ချတဲ့ ကျွန်တော် လို လူတွေ ဆိုရင် ဒီကောင့် ကို တွေ့ရာ နေရာ မှာ သတ့် ဖြစ်ကြမယ်။

 ဒေါ်စု ကို ရင်ထဲ အသဲ ထဲ အူထဲ ဖင်ထဲ က မုန်းသူ များကြတော့ ကောင်းတယ်။ မှတ်ကရော လို့ လုပ်ကြ မှာ။ ပွဲဆူအောင်၊ လူ အထင်ကြီးအောင်၊ လူ စိတ်ဝင်စားအောင် သက်သက်မဲ့ စတန့် ထွင်တယ် လို့ ထင်သူတွေလဲ မရှားလောက်ပါဘူး။ ထားပါလေ။  

စာလေး ပြီးအောင် ဖတ်ပြီး ရင် ကျွန်တော့် ရဲ့ “ဒေါ်စု ကို အားမကိုး နဲ့” ဆိုတဲ့ ခေါင်းစဉ်ကို သဘောပေါက်မယ် လို့ မျှော်လင့်တယ်။ 


 
ဒီလို ခေါင်းစဉ် မျိုး တပ်ပြီး ပြောချင် တဲ့ အကြောင်းအရာ အနည်းငယ်ကို စိတ် အယားဖြေ ရေးဖြစ်အောင် တိုက်တွန်း တဲ့ အဖြစ် အပျက်မျိုး ပြီးခဲ့တဲ့ တစ်ပတ်ကကျွန်တော် ဖြစ် ခဲ့ တယ်။
 
 ထုံးစံ အတိုင်း သူများ ကို ဆရာ သွားလုပ်တာ က စတာပါဘဲ။ Facebook ပေါ်ကတည်းက၊ အင်တာနက် ရှိ ကတည်းက လူတိုင်း က ကိုယ့် ကိုယ် ကိုယ် အင်တယ်လီကျူရယ် ပုဂ္ဂိုလ်ကြီး၊ သမာသမတ် မျှတ သူကြီး။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူကြီး၊ ငါ့ထက် ဘယ်သူ မှ ပိုမသိ အချိုးမျိုး (မှန်ကြည့်ပြောပါတယ်) ရှိနေကြတာ ကို သတိထားမိ လို့ အမျိုး အရင်းကြီးတွေ ကိုတောင် မှ ဆရာ မလုပ်ဖြစ်အောင် သတိထားနေပါတယ်။    

 ဒါပေသိ ကိုယ့်မှာ ရှိတဲ့ စာအုပ်တွေ ကို ကျတော့ ကိုယ့် အသိုင်းအ၀ိုင်း၊ ရောင်းရင်း ၊ ဘော် ဒါ၊ သွေးသောက်တွေ ကို စာအုပ်တွေ ယူဖတ် လို့ အမြဲ လိုလို အထက်စီးက ဆရာလုပ်နေ မိ တတ်တယ်။ သိတာ၊ မြင်တာ မကြာသေးတဲ့ အတူနေ အခန်းဖော် လူတွေကြတော့ “စာအုပ်တွေ ကြိုက်တတ် ရင် ယူဖတ်နော်” လို့ ဆရာလေသံ မပေါက်အောင် သတိ ထား ပြော ပါတယ်။ 

ဟုတ်တယ်ဗျ။ လူဆိုတာ သူ့သမိုင်း နဲ့ သူ။ သူ့နောက်ကြောင်းနဲ့သူ။ စာဖတ်တာ ကောင်းတယ် ဆိုပေမယ့် စာဖတ်တာ အချိန်ကုန် တာဘဲ ဆိုတဲ့ လူတွေလဲ အများကြီး။ ကိုယ်လုပ်မှ ကိုယ်စား ရတာ။

 မြသန်းတင့် ဘယ်သူလဲ၊ နိုင်နိုင်းစနေ၊ မိုးစဲနေတို့ စာတွေ ဖတ်ရင် နိဗ္ဗာန်ရွှေပြည် ကို ရက်တို တိုနဲ့ ရောက်နိုင်ပါ့ ဆိုတဲ့ လူတွေ အများကြီး မှာ ကျွန်တော် က လူစိမ်း၊ သူစိမ်း၊ ၀ါကြီး သူတွေ ကို “စာအုပ်တွေ ဖတ်ဗျ” လို့ မပြောဖြစ်အောင် သတိကြီးစွာ ထားတယ်။ နောက်ပြီး ကျွန်တော် ကြားဘူး တဲ့ အီရန် ပုံပြင် တစ်ပုဒ် ကလဲ ရှိသေးတယ်။
    

ပုံပြင်က “တစ်ခါသား သဒ္ဒါဆရာ တစ်ယောက် (ကဗျာ၊ အနုအလှ ခံစားသူနေမှာပေါ့) မြစ်ကို ကူးဖို့ လှေသမား တစ်ယောက်ကို ငှားတယ်တဲ့။ လှေသမား ကို သူက မေးသတဲ့။ “အသင် သဒ္ဒါတတ် ၏လော” တဲ့။ လက်လုပ် လက်စား လှေသမားက “မတတ်ပါေ ပါ့”။ အဲဒီမှာ သဒ္ဒါ ဆရာက လှေသမား ကို “သဒ္ဒါ မတတ်ရင် ဘ၀ တစ်ဝက်ဆုံးတယ်။” လို့ ပြောသတဲ့။ 

ဒီလိုနဲ့ မြစ်လယ် ကျတော့ လှေမှောက်ရော။ လှေသမားက သဒ္ဒါဆရာ ကို မေးတယ်။ “အသင် ရေကူးတတ် ၏လော” တဲ့။ ပညာတတ် (သူ့ဘာသာ ပညာတတ်လို့ ထင်နေတာ လဲ ဖြစ်မှာပေါ့) သဒ္ဒါဆရာက “ကျွန်ုပ်ရေမကူးတတ်ပါ။” လို့ ဖြေသတဲ့။ လှေသမားက “ရေ မကူးတတ် ရင် ဘ၀ လုံးလုံး ဆုံးတယ်။” လို့ ဖြေတယ်တဲ့။ သဒ္ဒါဆရာ လဲ ရေနစ်သေရော။” တဲ့။
   

 ပုံပြင်က ဟာသ လိုလိုနဲ့ တွေးစရာ အများကြီး ပေးပါတယ်။ ကျွမ်းကျင်ရာ လိမ္မာရာ ချည်းပါဘဲ။ အဟင်း..အဟင်း..စာလဲ မဖတ်ဘူး။ ငတုံးကြီး လို့ ဘယ်သူ့၊ ဘယ်သူ့ကို မှ မပြောသင့်ဘူး။ စာ မဖတ်ပေမယ့်၊ စာ မတတ်ပေမယ့် ဘ၀ ပညာကို နားလည်အောင် ကြည့်ပြီး ရဟန္တာ ကိုယ်တော်ကြီးတွေ ဖြစ်သွားကြ တဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် ရှိမို့လား။ ဒီလို အတွေးမျိုး ရှိပါရဲ့နဲ့ ဟိုနေ့ ကတော့ အခန်းဖော် အစ်ကိုကြီး ကို “အစ်ကို အဲဒီမှာ စာအုပ်တွေ ယူဖတ်။

 ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံး နဲ့ စာအုပ် ဆို ထွက်တာ မကြာသေးဘူးဗျ။ သိပ်ကောင်း တယ်။” လို့ မောမောပန်းပန်း နဲ့ အလုပ်ပန်း လာတဲ့ လူကို ဆရာ သွားလုပ်လိုက် မိတယ်။ သူ့တုံ့ပြန် မှု စကားတွေကြောင့် ကျွန်တော်က စိတ်ထဲမှာ ယားလာတယ်။ 

ဒီကောင် ယောင်္ကျားကြီး တန်မဲ့နဲ့ သောက်တင်း အုပ်တယ် လို့ ထင်ရင်လဲ တတ်နိုင်ဘူး။ ဒါပေမယ့် အဲဒီ အစ်ကိုကြီးကို ခင်ဗျားတို့ မသိပါဘူး။ ဒီတော့ သူပြန်ပြောတာလေး ဖောက်သည် ချ (အတင်းအုပ် တယ်ပေါ့ဗျာ) စမ်းပါရစီ။ 

ကျွန်တော်တို့ စကားဝိုင်းလေးက ဒီလို…
    “အရင်ကတော့ ဒေါ်စုဆိုရင် ချစ်တယ်ဗျ။ အားလဲ ပေးတယ်။ အခုတော့ ချဉ်သွားပြီ။”
    “ဟာ အစ်ကိုကလဲ ဘာဖြစ်လို့လဲဗျ။ ဘာလို့ ချဉ်တာလဲ။”
    “ဘာဖြစ်ရမလဲ။ ပြည်တွင်းက မွတ်ဆလင်တွေ ကိစ္စကြတော့ ၀င်ပြောတယ်။ 


မလေးရှားမှာ မြန်မာတွေ အသတ်ခံရတော့ နိုဘယ်လ်ဆုရ တစ်ယောက်အနေနဲ့၊ သြဇာကြီးသူ တစ်ယောက်အနေနဲ့ တစ်ခုခု ပြောပေါ့ဗျ။ အခု တစ်ခွန်းမဟဘူး။ နောက်ပြီး အခု သူလုပ်နေတာ ဘာဖြစ်လာလို့လဲ။ ဘာမှ ဖြစ်မလာဘူး။ ခင်ဗျားလဲ သူများနိုင်ငံမှာ ကျွန်ခံနေရတာဘဲ။ (ဟယ်..တွယ်သဟ လို့ ကျွန်တော်တွေးလိုက်မိသည်။)

ကျွန်တော်လဲ ကျွန်တော်ဘဲ။ အလကား ပါးစပ်ကဘဲ ပြောနေတာဗျ။ သူ အကျယ်ချုပ် ရှိနေတုံး ကတောင် ဒီလောက် ပြဿ     နာတွေ မများဘူး။ (“ဘယ်များမလဲ ခင်ဗျား အမေ့မောင်တွေ က လူတွေ ကို နှိပ်ကွပ်ပြီး သေနတ်ကြီးတွေ နဲ့ အာဏာ မထိရင်၊ သူတို့ စားခွက် မလုရင် ဘာလုပ် လုပ် ပုံ အမိန့်အရလို့ အုပ်ချုပ်ထားတာကိုး” လို့ စိတ်ထဲက ပြန်ပြောသည်။ ပါးစပ်ကတော့ မပြော ပါ။ သူ့ဗလ က ကျွန်တော့် ဗလ ထက် ကြီးသည်။)

 အခု သူလွတ်မှ ဖြစ်လိုက်တဲ့ ပြဿ   နာပေါင်း သောင်းခြောက်ထောင်။ နောက်ပြီး ဒေါ်စုကို မေစု၊ အမေစု လုပ်နေ တာ ကျွန်တော် သိပ်ချဉ်တာ။ ဒေါ်စုက သွားကြားထိုးတံ တစ်ချောင်း ပေးဘူး လားပြော။” (သြော် သွားကြား ထိုးတံလောက်ပေးရင် ကျေနပ်မှာပေါ့..သွား…လူဇိုး” ) လို့ စိတ်ထဲ က တွေးခါ စကား ကို အမြန်ဖြတ်လိုက် ရသည်။
    

ဒီလို လူတွေ တွေ့လေ တပ်ကုန်း က အဖိုးကြီး ကို ကျွန်တော် ခွင့်လွှတ်နိုင်လေ ဖြစ်ပါသည်။ ဒီ လူတွေက စစ် အစိုးရ ကို မကြိုက်ပေမယ့် အရာ အားလုံးကို ဒေါ်စု အပေါ် ပုံချ ထား တာတွေ တွေ့ ရလျှင် ကျွန်တော် စိတ်မကောင်းပါ။ ဟိုနေရာ လဲ ဒေါ်စု၊ ဒီနေရာ လဲ ဒေါ်စု ၊ ဒေါ်စု ဘာမှ မလုပ်ဘူး ဆို သူများ အဘဘောင်းဘောင်းချွတ်တွေ က ဒေါ်စု ကို လုပ်ပိုင်ခွင့် ၊အာဏာ ဘာတစ်ခုများ ပေးပါသလဲ။ 

အလွန်လွယ်ကူသော၊ မြင်သာသော ကိစ္စတွေကို ဘာလို့ မမြင်နိုင်ရသလဲလို့ ကျွန်တော်က အသားလွတ်ကြီး သွေးတက်မနေအားပါ။ ဒါဟာ လူ့ သဘာဝဘဲ နေမှာပါ။ မှန်ရာကို သစ္စာဆို ပါမည်။ အဲဒီလို အစ်ကိုတွေ အတွက် ကျွန်တော် စိတ် မကောင်းပေမယ့် စိတ် မဆိုးရက်ပါ။ 

မိသားစုဝင် ချင်းတောင် အတွေး အခေါ်၊ အယူ အဆတွေ က လုံးလုံးကြီး ဆန့်ကျင် ဘက် ဖြစ်နိုင် ကြသည်ဘဲ။ ရှိကြမှာပေါ့ လို့ တွေးဖြစ်တာ များပါသည်။ ဒီလူတွေကို “အရာရာ ကို ဒေါ်စု အားကိုးမနေနဲ့ဗျ။ ခင်ဗျားတို့ပါ ဒီသောက် ဝေ့လည်ကြောင်ပတ် အစိုးရကို ဆန့်ကျင်မှ ရမှာ” လို့ သွားပြောပြန်ရင် ပျင်းစရာကောင်းလောက်အောင် စကားတွေ အများကြီး ပြော ရနိုင်သည်။
    
ကျွန်တော့် သူငယ်ချင်း အစ်ကို ရဲ့ နိုင်ငံရေး သဘောထား က ရှင်းပါသည်။ ဒေါ်စု ကို အားမလို အားမရဖြစ်သည်။ ရိုးသားသည် လို့ မြင်မယ် ဆိုလျှင် မြင်လို့ ရနိုင်သည်။ တစ်ချို့ကျတော့ ဒီလို မဟုတ်။ ဒေါ်စု ကို အမေစု၊ မေစု၊ မေကြီး၊ ချစ်မေကြီး၊ ကောင်းကင်မေမေ၊ ဂန္တ၀င်မေမေ လုပ်နေ သည့် ဒီမိုကရေစီ တိန်တိန်မြည် ဘက်တော်သားများ လုပ်ရပ် က ဒေါ်စု ကို ထောက် ခံနေ သလား၊ ဆန့်ကျင်နေ သလား ပြန်ပြီး သုံးသပ် ဖို့ လိုမည် ထင်သည်။
    
ဘယ်နေရာ သွားသွား အခွင့် ထူးခံဖြစ်ချင်သည်။ ဌာန ဆိုင်ရာ အလုပ်တစ်ခု လုပ်ဖို့ “ကျွန်တော့် သူ့ငယ်ချင်း ရဲ့ ညီမ ရဲ့ ယောင်္ကျား ရဲ့ တစ်ဝမ်းကွဲ ညီမ ရဲ့ ယောင်္ကျား ဦးလေး က အဲဒီ ဌာနမှာ DG လေ” ဆိုပြီး လုပ်နေသည့် သူ တစ်ယောက်သည် အွန်လိုင်းပေါ်မှာ ဒီမိုကရေစီ ရေး ရာ ဝေဖန် သူ။ ကီးဘုတ်ပေါ် လက်တင် လိုက်တာနှင့် like လုပ်မည့် သူများ ရာချီ ရှိသည်။
   
 ချစ်မေစု ဟု ခေါ်နေ သူများ ယာဉ်မောင်း လိုင်စင်၊ လုပ်ငန်း လိုင်စင်၊ သက်ဆိုင်ရာ စာရွက် စာတမ်းများ ရဖို့ အဆက် အသွယ်ကောင်းကောင်း၊ အချိတ် အဆက်တွေ လိုက်ရှာနေကြ တာ ဒေါ်စုသာ သိရင် သွေးတိုးရောဂါ ရနိုင်သည်။
    
အွန်လိုင်း ပေါ်မှာ ရဲရဲတောက် လက်ငင်း နိုင်ငံရေး ရာ ဝေဖန်သူ (ကျွန်တော်လိုပေါ့)။ Facebook ပေါ်မှာ ဆရာကြီး။ အပြင် မှာတော့ NLD မှ ဦးကိုနီ ဟောပြောပွဲ ကို တက်ရောက် နားထောင်ဖို့ ဖင်ကိုက်၊ ၀မ်းကိုက်၊ မိန်းမနေမကောင်း၊ ကလေးညောင်း လုပ်ချင်ကြသည်။
    

ထားပါတော့။ သူများ မကောင်းကြောင်းတွေ ပြောနေတော့ နင်က တော့ အတော် ကြီး ကောင်းပေါ့ လို့ ထင်စရာပေါ့။ ဖြီ….။ တလော က ယာဉ်မောင်း လိုင်စင် သက်တမ်း တိုးဖို့ ကညန ကို ရောက်သည်။ တန်းစီ ရမှာ၊ စောင့် ရမှာတွေကို ကြည့်ပြီး ပွဲစား အပ်ပြစ်ခဲ့သည်။ 

ကညန မှာ အလုပ် လုပ်နေသည့် သူငယ်ချင်း ကို ဇွတ် အတင်းကာရော ၀င်နှုတ်ဆက်ပြစ် ခဲ့သည်။ ဝေါ့….။ သတိဆိုတာ လိုသည်မရှိဆိုသည့် စကား သိပ်မှန်ပါ့လား။ ကျွန်တော်လို လူသာမန်တွေ အတွက် ဘာဟုတ်သေး သလဲ။ NLD မှ လူသိများသည့် တစ်ချို့ တစ်ချို့တွေ လုပ်ရပ် ကို ကြည့်ကြ ပါအုံးတော့။ လင်မယား ရန်ဖြစ် တာလဲ တင်သည်။ 

ကိုယ့် ဓာတ်ပုံ ကိုယ် ရိုက်ပြီး တင် ရတာ အမော။ (စကားမစပ် NLD ခေါင်းဆောင်ပိုင်း ယူ ထားပြီး တစ်လနေ လို့ စာ တစ်အုပ်တောင် မဖတ် သူကို ကျွန်တော် ကဖြင့် နောက် လိုက် မလုပ်နိုင်ပါ။ ကိုယ့်ထက် တော်၊ ထက်၊ ဗဟုသုတ များ သူများ ကိုသာ ခေါင်းဆောင် တင်ချင် သည်။ ဒါက စကားချပ်။)
    
အရာ အားလုံးအတွက် ဒေါ်စု အပေါ်ကို မျှော်လင့်နေရ တာ အဘွားကြီး ကြိုက်တယ်လို့ ကျွန်တော် လုံးဝ မထင်။ သူ သမ္မတဖြစ်ရင် အားလုံး ပြီးပြီ လို့ ထင်မြင် ယူဆချက် မျိုး ကာယကံ ရှင် အဘွားကြီးဆီ မှာတောင် မရှိနိုင်တာ အသက် နဲ့ ထပ်ပြီး လောင်းလိုက်ချင်သေးသည်။  

သူ သမ္မတဖြစ်လျှင်တောင် မှ တရွတ်တိုက်၊ ဂျမ်းတုံး ခု လုပ်ကြမည့် လူတွေ အစိုးရ အဖွဲ့၊ ၀န်ထမ်း အဖွဲ့တွေ ထဲမှာ ရိုက်သတ် လို့ မကုန်။ နောက်ပြီး ငါးသိန်းသော လက်နက်ကိုင် လူသတ် လိုင်စင် ရ ဥပဒေ အထက် က စစ်တပ် က ရှိသေးသည်။
    
အထက်က ကျွန်တော် အတင်းအုပ် ခဲ့သည့် ကျွန်တော့်မိတ်ဆွေ ကို ခွင့်လွှတ်ပါ။ ရိုးသားပါ သည်။ ဒေါ်စု ကို သူ မကြိုက်ခွင့် ရှိပါသည်။ သူ့ ထင်မြင် ယူဆချက်ကို  ပြောပိုင်ခွင့် အပြည့်ရှိ ပါသည်။ 

သို့သော်…မေစု၊ မေကြီးစု၊ ကောင်းကင်မေမေ လုပ်နေသည့် ရဲရဲတောက် ဒီမိုကရေစီ ဘက်တော် သားများ အနေဖြင့် လမ်းလေးခွ တက်ပြီး လက်သီး လက်မောင်တန်း မှ၊ Facebook ပေါ် မှာ မိမိတို့ ဒီမိုအချင်းချင်း အပြန်အလှန် like ကြ၊ ရှယ်ကြ လုပ်ကြမှ ဒီမိုကရေစီ အရေး လုပ်နေသည်လို့ ထင်မြင်မှာစိုးရိမ်သည်။  အွန်လိုင်းပေါ်မှာ အံ့ချီးဖွယ် Status တွေ တင် မှ ဒီမိုကရေစီ အရေး လုပ်နေသည် လို့ ထင်မြင်မှာ စိုးရိမ်သည်။ 

ကျွန်တော် ပြောပြီးပါပြီရော… ဒေါ်စု ကို အားမကိုး ပါနဲ့ လို့။ ကိုယ့်ကိုယ် ကိုယ်သာ အားကိုးကြ စမ်းပါဗျာ လို့ ကျွန်တော်ပြော ရင် ကျွန်တော့် သူငယ်ချင်း ကိုရော၊ ခင်ဗျားတို့ ကိုရော ပြောတယ် လို့ မှတ် ပါ။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း သတိပေးရင်းပေါ့။
    
 



ဖိုးထက်Go to Source 
From...Myanmar Latest News


No comments:

Post a Comment