Sunday, December 25, 2016

အိမ်သာထဲထိ ဖုန်း ယူသွားတတ်သူတွေ သိထားသင့်



တစ်ခါ တစ်ရံ ကျွန်ုပ်တို့ ဖုန်းကို အိမ်ထဲထိ ယူသွားတတ်ကြပါတယ်။ ဒါ သိပ် အန္တရာယ်များတဲ့ အလေ့ အကျင့် တစ်ခုဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင်နဲ့ အခြားသူတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေနိုင်ပါတယ်။ 

လက်ကဆေး စရာရှိတာကိုဆေးပြီး ဖုန်းကိုင်မယ် ဆိုရင်တောင် လက်ဆေး ရတာ အနှောင့်အယှက်ဖြစ်စေနိုင် သလို ဖုန်းပေါ် ကပ်ပါလာတဲ့ ဘက်တီးရီးယား ပိုးတွေ အားလုံး လက်ပေါ်ပြန်ရောက် သွားပါလိမ့်မယ် လို့ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Lisa Ackerley က ဆိုပါတယ်။ 

ဗိုင်းရပ်စ်ရောဂါပိုး နဲ့ မစင် အညမ်းအကြေး ကူးပြောင်းမှာ စိုးရိမ် ပါက အိမ်သာထဲ ဖုန်း မယူသွားသင့်ဘူးလို့ Queen Mary's တက္ကသိုလ် ဇီဝဆေးဝါး သိပ္ပံ ဘာသာရပ်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Ron Cutler က ပြော ဆိုခဲ့ပါတယ်။ 

အညစ်အကြေး ပမာဏ က အိမ်သာ ရှိတဲ့နေရာပေါ် မူတည်ပြီး များစွာ ခြားနားတယ်လို့ သူက ဆိုပါတယ်။ ရုံးသေးသေးလေးက ပြသနာ မဖြစ်နိုင်ပေမယ့် ရောဂါ ပိုးမွှားတွေ အဆင့်ဆင့် ပျံ့နှံ့နေနိုင်တဲ့ ဆေးရုံ သို့မဟုတ် အပျော်စီး သင်္ဘောတွေ ကတော့ တစ်ခြားစီဖြစ်ပါတယ်။


အိမ်ထောင်ရေး သုခ ပြည့်ဝစေနိုင်မယ့် ဘဘာဝထွက် သစ်သီး ၅ မျိုး



အိမ်ထောင်ရှင်တွေဟာ မိမိတို့ အိမ်ထောင်ရေး အဆင်ပြေ ကျန်းမာပျော်ရွှင်စေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့် ၀ စေဖို့ အတွက် နည်းလမ်းကောင်းတွေ စဉ်းစားကြပါတယ်။ အချို့ကတော့ အိမ်ထောင်ရေး သုခ ပြည့် ၀စေတဲ့ ဆေးဝါးတွေ မှီဝဲ ကြပြီး အချို့ ကတော့ အရက်သေစာ နဲ့ မူးယစ်ဆေးဝါးတွေ မှီဝဲကြပါတယ်။ 

ဒါဟာ အိမ်ထောင်ရေး သုခ မပြည့်ဝပါဘူး။ ချစ်တင်းနှောချိန် တစ်ခုတည်း အတွက်ပဲ ကောင်းနိုင်ပါတယ်။ အိမ်ထောင်ရေး သုခ ဆိုတာ စိတ်ကျေနပ်မှု ရရှိစေသလို ကျန်းမာပျော်ရွှင်စေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ပြီး အိမ်ထောင်ရေး သုခ ပြည့်ဝစေနိုင်မယ့် သစ်သီး အချို့ကို စားသုံးဖို့ အကြံပေးလိုက် ပါရစေ။

၁။ ငှက်ပျောသီး  
ငှက်ပျောသီးဟာ ကောင်းကျိုးများစွာ ရရှိစေတဲ့ အသီးတစ်မျိုးပါ။ ငှက်ပျောသီးဟာ ခွန်အားတွေ ကုန်ဆုံးရာမှာ ဖြေးညှင်းစွာ ကုန်ဆုံးစေပြီး Bromelain လို့ခေါ်တဲ့ enzyme တစ်မျိုး ပါဝင်တာကြောင့် လိင်ပိုင်း ဆိုင်ရာ ဟော် မုန်း တစ်မျိုး ကို ကြာရှည် တည်တံ့စေနိုင်ပါတယ်။ 

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စိတ် ဆန္ဒတွေကိုလည်း တိုးပွားစေပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို လည်း မြင့်မားစေပါတယ်။ နှလုံး ၊ အာရုံကြော တို့ကို ကောင်းမွန်စေမယ့် ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

၂။ သစ်ကြားသီး 
သစ်ကြားသီးတွေဟာ အိုမီဂါ ၃ ဖက်တီ အက်ဆစ် တွေ ပါဝင်တာကြောင့် အသားများ နဲ့ ဟင်းသီးဟင်းရွက် များ ကဲ့သို့ပင် သွေးစီးဆင်းမှု အားကောင်းစေနိုင်ပါတယ်။ သစ်ကြားသီးတွေဟာ အခြား သစ်စေ့များထက် ပင် ၂ ဆ တိတိ အဆိပ် အတောက် ပြယ်စေနိုင်ပြီး သစ်ကြားသီး တွေဟာ သုတ်ပိုး အရေအတွက် တိုးပွားစေတဲ့ အပြင် လိင်ပိုင်း ဆိုင်ရာ အစိတ်အပိုင်း များကို သန်မာလာစေပါတယ်။

၃။ ရှောက်/သံပုရာ သီးများနဲ့ ဘယ်ရီသီးများ  
ဗီတာမင် စီ ဟာ အရေးကြီးတဲ့ အဆိပ် အတောက်ပြေစေတဲ့ ဓါတ် တစ်မျိုးပါ။ လိမ္မော်သီး ၊ သံပုရာသီး ၊ ချယ် ရီသီး ၊ ဘယ်ရီသီး အစရှိတဲ့ အသီးတွေဟာ တေဇောဓါတ် နဲ့ သက်ဆိုင်သော (တစ်နည်း အားဖြင့် အောက် စီဂျင် နဲ့ သက်ဆိုင်သော) စိတ်ဖိစီးမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တေဇောဓါတ် နဲ့ သက်ဆိုင်သော  စိတ်ဖိစီးမှုတွေဟာ သုတ်ပိုး ထိန်းချုပ်မှု အားကောင်းစေတဲ့ ဒီအန်အေ တွေကို ထိခိုက်မှု ဖြစ်စေနိုင်ပြီး သွေးကြောတွေ အတွက်လည်း အန္တရာယ်ရှိပါတယ်။ 


Saturday, December 17, 2016

ဘုရား ဆွမ်းတော်ကပ်လျှင် ဘယ်လို ကပ်ရသလဲ.( ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်သင့်ပါတယ်)




ဗုဒ္ဓဘာသာ အများရဲ့ အလွဲတွေ ထဲက နောက်ထပ် အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။

ဆွမ်းတော် ကပ်လှူတာကို ပြောတာပါ။ 

နတ်တင်သလိုမျိုး ဘုရား ဆွမ်းတော် တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့ အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ် အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရား က ဘာမှ မပြောဘူး ဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဗုဒ္ဓ ဘာသာဝင် အချို့ ရဲ့ အိမ်မှာ ဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်း ပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊း ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။

အိမ်မှာ စားစရာ မရှိလို့၊ သူတို့ ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ် စားနိုင်တာ၊ ကိုယ် ရှိတာလေးနဲ့ ကိုယ်နဲ့ ထပ်တူထားပြီး ဘုရားရှင် ကိုလည်း မရှိရှိတာ ကပ်တဲ့ သဘောပါ။ ခုဟာက အဲ့လို မဟုတ်ပါဘူး။

မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ် စားတဲ့အခါ ဟင်းသုံးလေးမျိုး နဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလို တင်တာပါ။ တစ်မင် တစ်ကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။

ဒီလိုပဲ တင်ရတယ် ထင်လို့ ထမင်းပန်းကန်လေး အပေါ်မှာ သကြား ထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။
ရှေး အစဉ်အလာ ကတည်းက ဒီလို တင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။

အဲဒီလို ပုံပြီး တင်တာဆိုရင်တော့ ဘုရား ဆွမ်းတော် ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင် သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားစင်မှာ ဒီလို နတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

တစ်ကယ်တော့ ဒီလို မဖြစ်သင့်ပါဘူး။ ဆွမ်းတော် မတင်ဘဲ ဆွမ်းတော် ကပ်သင့်ပါတယ်။ ကပ်တယ် ဆိုကတည်း က သက်တော် ထင်ရှား ဘုရား ကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာ ပင့်ပြီး ကပ် သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိက မကျပါဘူး။

ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်း စသည် သီးသန့် စီပြင်ပြီး ကိုယ် စားသလိုမျိုး ဦးဦး ဖျားဖျား ရိုရိုသေသေ ကပ်လှူသင့် ပါတယ်။ အများကြီး ၀ိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့ အထဲက မစားခင် အဦးအဖျား လှူတဲ့ သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။



လူ တစ်ယောက် ၏ ပင်ကိုယ် စရိုက်တွက်နည်း




လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာ တတ်ပါတယ် ။

(၀) လောဘကြီးသူ
(၁) ဒေါသကြီးသူ
(၂) မောဟစိတ်လွန်ကဲသူ
(၃) မေတ္တာစိတ်ရှိသူ
(၄) ဂရုဏာစိတ်များသူ
(၅) မုဒိတာ တရားလက်ကိုင်ထားသူ
(၆) ဥပေက္ခာသမား
ဆိုပြီး (၇)မျိုး ခွဲခြာထားပါတယ် .......။

တွက်နည်းကတော့ လွယ်ပါတယ် ။ ကိုယ့်ရဲ့ မွေးသက္ကရာဇ် ရယ် ၊မွေးနံ ကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (၇) နဲ့ စားရပါမယ် ။ ထွက်လာတဲ့ အဖြေ ကတော့ ကိုယ့်ရဲ ပင်ကိုယ် စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ် က 1353 ခု သောကြာသား ဆိုရင် 6 ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ် မသိတဲ့လူတွေ အတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ် က မြန်မာ ခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ကဲ .....အောက်မှာ ကိုယ့် ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (၀) လောဘ။
သူကတော့ လိုချင်စိတ် များတယ် ။ ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ် မရှိဘူး ။ ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီ့ထက် သာယာတဲ့ ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခု လုပ်ချင်တယ် ဘယ်အရာ မဆို လက်ဝါးကြီး အုပ်ချင်တယ် ။

ဘယ်တော့မှလည်း နောက်လိုက် မလုပ်ချင်ဘူး ။ ကိုယ် ရယူပိုင်ဆိုင်ဖို့ ဆိုရင် ဘယ်အရာကို မှ မထောက်ထား ဘူး မှားသည် မှန်သည် မခွဲခြားဘူး ဘယ်နည်း နဲ့ မဆို ရအာင် ယူရမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ် များတော့ ဘာမဆို လုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာ လိုတယ် ကြွယ်ဝ လိုတယ် ချမ်းသာခြင်းကိုလဲ ရမဲ့ သူ။ 

ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား တွေးမှာ မဟုတ်တဲ့ အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူက ဘ၀ကို ရည်မှန်းချက်ကြီးကြီး နဲ့ ဖြတ်သန်းမည့် သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တစ်ကျ အသုံးပြုသွာမယ် ဆိုရင် ဒိတ်ဒိတ်ကျဲ လူသား ဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ။

အကြွင်း (၁) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ် များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စ မဟုတ်လဲ ၀င်ပါဖို့ ၀င်ပြော ဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသ ထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက် မှ ကျေနပ်တဲ့သူပေါ့ ။ 

စိတ်ကသာကြီးပါတယ် သူ့နှလုံးသား ကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်က စပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ် ဆိုတတ်တယ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကို စိတ်ရင်းကောင်းတယ် ။ သူတစ်ပါး ကို ပေးရမှာ ကျွေး ရမှာ ထိပ်ဆုံး ကပေါ့ ။

ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ် တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံ ကတော့ ဖိနပ် စီးရတာ ခက်နေရင်တောင် ဖိနပ်ကို ကန်ထုတ် ရန်လုပ်ပြီး ဖိနပ် မပါပဲ လျှောက်သွားတတ်တဲ့ သူမျိုး။ ကိုယ့်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင် ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီ စိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ ဆိုစေ ``လူဖြောင့် စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း (၂) မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မချနိုင်ဘူး ။ အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါ တစ်လေ ငေါင်တောင်တောင် နဲ့ ငေးမောနေတတ် တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့ စိတ်ပြင်းတယ် ။ ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေ မသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ 

အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေ ။ ကြားဝင်ဖြေရှင်း ရမယ် ဆိုရင် နှစ်ဖက်နှစ်ခွ မြင်တဲ့သူ။ အပြောအေးအေးလေး နဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြဿ         နာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။

ဒါ့ကြောင့် ဘာကိုမှ လေးလေး နက်နက် မရှိဘူးလို့ အထင် ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြော တာ တစ်ခါ တစ်လေ ရှေ့နောက် မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။ စိတ်ဓာတ် တတ်လွယ် ကျလွယ် တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀ အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ ကို နိုင်နိုင် နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူ့ ဘ၀က ဟန်ကျမယ် ။ နောက်က တစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံ ကျမှာ ။ အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူက ဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်း(၃) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။ အားနာတတ်တယ် ၊ယုံစား လွယ်တယ် ၊သူတစ်ပါး အပေါ် ခွင့်လွတ်နား လည်စိတ် ရှိတယ် ။ သည်းခံစိတ် ရှိတဲံ့နေရမှာ နှစ်ယောက် မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။ လူသားအားလုံးအပေါ်လေးလေး စားစား ဆက်ဆံတတ်တယ် ။

ကိုယ့်ကိုယ် ကို အမြဲ နှိမ့်ချနေတတ်တယ် ။ သူ့အနေနဲ့ ရိုးပေမဲ့ သွားအထင် မသေးပါနဲ့ သူ့မှာ ချစ်တဲ့ ခင်တဲ့သူတွေ အလွန်ပေါတဲ့သူပါ ။ လမ်းလေ ဂျပိုး လူမိုက်က အစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေး အကြောင်းဆို ကူညီဖို့ အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ် သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက် ဆံကြတယ် ။

ရန်သူ အပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနားမလည် အားမလို အား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံး မှာ စည်းရုံးနိုင်တဲ့ သူပါ ။ စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကို မဆို တန်ဖို့းထား ဆက်ဆံတတ်တယ်။ အပြောသမား မဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကို ရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့ သူ ပါ ။ အားလုံး သိပါတယ် အောင်ခြင်(၈)ပါးကို မြတ်စွာ ဘုရားက မေတ္တာ နဲ့ အောင်မြင်ခဲ့တာကိုလေ။

Monday, December 5, 2016

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဖုန်းအားသွင်းပေးမယ့် ကုတ်အင်္ကျီ




သွားရင်း လာရင်း ဖုန်းအား ကုန်သွားတဲ့အခါ သင် ဝတ်လာတဲ့ ကုတ်အင်္ကျီ က ဖုန်းအားဖြည့်ပေးမယ်ဆိုတာက တစ်ကယ်မိုက်တဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ 

 ဒီစိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်သူက ဂျပန်နိုင်ငံမှ ပညာရှင် တစ်ဦးဖြစ်သူ ဂျူညာ ဝါတာနာဘီဖြစ်ပါတယ်။  

FW16 လို့ခေါ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး ဖုန်းအားဖြည့် ကုတ်ကို မတ်လ က စတင် ပြသခဲ့တာဖြစ်ပြီး  ဈေး က ဒေါ်လာ ၂၄၈၀ ဖြစ်ပါတယ်။ 


အမျိုးသမီးအင်္ဂါ မပါဘဲ မွေးဖွားလာပေမဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ရရှိနေသူ




ဒေဗန်မာ့ခ် ဟာ သူမ မှာ အမျိုးသမီး အင်္ဂါလမ်းကြောင်းမပါတာကို အသက် ၁၂ နှစ် အရွယ်ကျမှ သိခဲ့ရသူပါ။ ဒါ့အပြင် သူမ ရဲ့သားအိမ် ကလည်း ပုံမှန် မဟုတ်သလို သားအိမ်ခေါင်းလည်း ပါမလာခဲ့ပါဘူး။ 

Mayer-Rokitansky-Küster-Hauser syndrome လို့ခေါ်တဲ့ ယင်းရှားပါးရောဂါလက္ခဏာစုကြောင့် သူမမှာ ကျောင်းမှာ လှောင်ပြောင်သရော်ခံရပြီး ရည်းစားတွေ ရှောင်ဖယ်သွားတာကိုလည်းခံခဲ့ရပါတယ်။ 

သူမ အသက် ၁၃ နှစ် အရွယ်မှာ ပုံသဏ္ဌာန် မမှန်တဲ့ သားအိမ် ကို ဖယ်ထုတ် ခဲ့ပြီး သုံးနှစ် အကြာမှာတော့ အမျိုးသမီးအင်္ဂါ ဖောက်လုပ်ခဲ့ပါတယ်။ ယင်းအတွက် လိုအပ်တဲ့ အသားကို သူမရဲ့တင်ပါး က ရယူပြုပြင်ခဲ့တာ ဖြစ်ပါတယ်။

ခွဲစိတ်ပြုပြင်ပြီးမကြာခင်မှာ သူမ ရဲ့ချစ်သူနဲ့ အတူနေခဲ့ပေမဲ့ သူမရဲ့ အမျိုးသမီးအင်္ဂါ အတုဟာ တစ်ခြားအမျိုးသမီးတွေ နဲ့ မတူဘူးလို့ ထိုလူက ပြောခဲ့တဲ့ အတွက် သူမ မှာ အရှက်ရခဲ့ပြန်ပါတယ်။
သူများနဲ့ မတူဘူးဆိုတဲ့ ခံစားချက်နဲ့ အထီးကျန်နေခဲ့တဲ့ ဒီဗန် ဟာ အမေရိကန် စစ်တပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ထရန့်နဲ့ တွေ့မှသာ ပျော်ရွှင်မှုကို ခံစားခဲ့ရတာဖြစ်ပါတယ်။


Thursday, December 1, 2016

လက် အဆစ် ချိုးရင် ဘာတွေဖြစ်နိုင်သလဲ



လက် အဆစ် ချိုးတာက အဆစ်ရောင်နာ ဖြစ်နိုင်သလားလို့ မေးခွန်း များစွာ ရှိခဲ့ဖူးပါတယ်။ အဆစ်ရောင်ခြင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခြားဆိုး ကျိုး တစ်ချို့တော့ ရှိပါတယ်။
လက် အဆစ် ချိုးလိုက်လို့ အသံမြည်တယ် ဆိုတာ အဲဒီ အရိုး အဆစ်တွေကြားက တစ်ရှုးတွေ ပျက်ဆီးသွားလို့ပဲ ဖြစ်ပါတယ်။ လက်ဆစ် တစ်ခါချိုးတိုင်းမှာ အဲဒီ အဆစ်တွေကြားက ခြင်ဆီတွေ အပေါ်လည်း သက်ရောက် မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ် တစ်ရှုးတွေကို သေစေပါတယ်။



Tuesday, November 29, 2016

ရှင်ကွဲ (နုနုရည် .. အင်းဝ)



အဖေ့ ကို သတိရလိုက်တာ 

တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ ၀င်လိုက်တာနဲ့ အိမ်ရဲ့ အနံ့ ကို ကျွန်မ ရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက် ချထားတဲ့ ကောလိပ်ကျောင်းသူ ဘ၀ နဲ့ ပြန်လာတုန်းကလည်း သည် အနံ့ပါပဲ။ 

လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့ အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မ ပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေး ထဲမှာ နဖူး ဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက် ငါးဆယ်ကျော် မိန်းမတယောက်။ 

အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ် အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီး ရယ် ရှိတယ်။ ၀မ်းနည်း စရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာ နဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မ ရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မ ရင်တွေ တစ်ဒိတ်ဒိတ် ခုန်လာတယ် ။ အမေ ... အမေ့ ကို ကျွန်မ ဘယ် လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ် ဆိုတဲ့ အငယ်ဆုံး သမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာ ပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနား ကနေ မမကြီး ကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့ ။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲ ကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေ နဲ့ အမေ့ အိပ်ခန်း။

' ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့ '

မျက်နှာထား တင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်း နဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မ ရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တစ်နှစ် အတွင်းမှာ ပြောင်းလဲ သွားတာကတော့ မမကြီး ရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။

မနှစ်က အဖေ နဲ့ အမေ ရဲ့ ရှစ်ဆယ့် ကိုးနှစ်ပြည့် မွေးနေ့ အလှူမှာတုန်းက မမကြီး ဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ် မတင်တဲ့ အစ်မနှစ်ယောက် ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့် ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နား နီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'

'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်က ဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့ တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'

ကျွန်မရင်ထဲ တစ်မျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေ ရော မမကြီး ဘယ်လိုလဲဟင်'

အလျင်စလို မေးလိုက်တဲ့ ကျွန်မ ကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေ နဲ့ အမေ အိပ် ခန်း ထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေ နဲ့ အမေ နဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်း အခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူး ကတော့ ဒီလိုပါပဲအေ၊ အမေ က အဖေ့ ကို လုံးလုံး မမှတ်မိတော့ဘူး'

'ဘာရယ်'
အို.... တစ်ကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေ ကလား။ အဖေ့ ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'

အားကိုး တိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မ စကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ ကို သွားခေါ်လိုက်ဦးမယ်၊ ညည်း အဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကို ကြီး တို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီး ခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက် ကုလားထိုင်လေးပေါ်မှာ ကျွန်မ ကိုယ်ခန္ဓာ ကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရား မရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မ ရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။

'ဗုဒ္ဓယဉ်ကျေးမှု အခြေခံ' တဲ့။ စာအုပ် ရဲ့ ပထမစာမျက်နှာမှာ မမကြီး နဲ့ အဖေ တို့ အမေ တို့က မုန်းတဲ့ ကျွန်မချစ်လင် ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေး ရဲ့ အသက် ငါးဆယ်ပြည့် မွေးနေ့ သို့' တဲ့။ ဘုရား ရှိမခိုးတဲ့၊ ဘုရားစာ မရတဲ့၊ တရားလဲ မထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မ ချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့ လက်ဆောင်။ လွန်ခဲ့တဲ့ တစ်ပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မ ရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မ အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ ကျွန်မ ရဲ့ ချစ်လင်။


Monday, November 21, 2016

နိဗ္ဗာန် တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်



ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က စပြီး “ပရိတ္တ” လို့ခေါ်တဲ့ အန္တရာယ် ကို ကင်း ရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေ ကို ကျက်မှတ်ကြတယ်။ အ ခါအားလျော်စွာ ပရိတ် တရားတော် ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ ပါတယ်။ 

အဲဒီလို ရွတ်ဖတ် သရဇ္ဈာယ် နာယူကြတဲ့ ပရိတ် တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို ရှင်းရှင်းလင်းလင်း သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှင်းရှင်း လင်းလင်း သိရင် ဒီ ပရိတ်တ ရားတော်တွေ ထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့် တရားတွေ မြတ်စွာဘုရားက ဟောထားပါ တယ်။ 

အဲဒါကြောင့် ပရိတ်တရားတော် ဆိုတာ ရွတ်ဖတ် သရဇ္ဈာယ်၊ နာယူရုံတင် မက။ နာယူ မှတ်သားပြီးတော့ လိုက်နာကျင့်သုံးကြမယ် ဆိုရင် မျက်မှောက် ဘ၀မှာလည်း ကောင်းကျိုး ချမ်းသာတွေကို ရပါမယ်။ တမလွန်ဘ၀ မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ နောက်ဆုံး နိဗ္ဗာန်တိုင် မျက်မှောက်ပြု အကျိုးရှိနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတွေဟာ ယုံကြည်ရုံ သက်သက် နဲ့ မှတ်သားရမယ့် တ ရားမျိုးတွေ မဟုတ်ပါဘူး။ သဘောပေါက် နားလည်ရမယ့် တရားတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါး ထဲမှာဆိုရင် မြတ်စွာဘုရား က “သမ္မာဒိဌိ” မှန်မှန် ကန်ကန်မြင်ခြင်း ဆိုတဲ့ အသိ ဉာဏ်ဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အတွက် အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ 

နားလည် သဘောပေါက်မှ ပိုပြီး ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေး ကိစ္စ ဆောင် ရွတ်တဲ့အခါမှာ အခြား ဘာသာတွေနဲ့ မတူပါ။ ဗုဒ္ဓဘာသာ ရဲ့ဆောင်ရွတ်မှုက နား လည်မှုအပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့်မို့ ဘာသာတရားနဲ့ ပတ်သက်ပြီး အရာခပ်သိမ်း ကို နားလည်အောင် ကြိုးစားရပါတယ်။

လူ ဆိုတာ (၂၄ နာရီ) နေ့စဉ်နှင့် အမျှ ဘ၀ တစ်ခုကို ဖြတ်သန်းပြီး နေကြရပါတယ်။ ဒီ လို ဖြတ်သန်းတဲ့ အခါ မှာ ဘယ်လို ပုံစံနဲ့ ဖြတ်သန်းရမယ်၊ ဘယ်လို နေရမယ်၊ ဘယ်လို ထိုင်ရ မယ်ဆိုတာ ဗုဒ္ဓက လမ်းညွှန်ထားတာ ရှိပါတယ်။ အဲဒီ လမ်းညွှန်ချက် အတိုင်း လိုက်နာကျင့် သုံးနိုင်မယ် ဆိုလို့ရှိရင် မျက်မှောက် ဘ၀မှာလည်း ကောင်းကျိုးချမ်းသာတွေကို ရနိုင်ပါတယ်။

တမလွန် ဘ၀မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ နောက်ဆုံးမှာ နိဗ္ဗာန်တိုင် ရောက်ရှိနိုင်ပါ တယ်။ အဲဒီလို နည်းစနစ်ကောင်းတွေ ညွှန်ပြထားတာ လူတွေဟာ သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။
သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘ၀ တစ်ခုကို ဖြတ်သန်းပြီးတော့ အချိန်ကုန်ကြရမှာတော့ အတူတူပါပဲ။ 

သို့သော် ဖြတ်သန်းပြီး အချိန် ကုန်တာချင်း တူပေမယ့်လို့ အကျိုးရှိတဲ့ လူ၊ အကျိုးမရှိတဲ့ လူ ဆိုတာ နှစ်မျိုးဖြစ်သွားပါတယ်။ ကောင်းကျိုးချမ်းသာတွေကိုရအောင် ယူ နိုင်တဲ့ပုဂ္ဂိုလ်ဟာ တစ်ကယ့် လူလိမ္မာ ပညာရှိလို့ ခေါ်ပါတယ်။ ကိုယ့် ဘ၀ခရီးမှာ ကောင်းကျိုးချမ်း သာတွေကို ရအောင် မယူနိုင်ဘူး ဆိုလို့ရှိရင် ဘ၀တစ်ခုမက (တစ်သံသရာ အတွက်) နစ်နာပါ တယ်။ ဆုံရှုံးပါတယ်။


သေခါနီး အချိန်




လူ့ လောကတွင် လူတစ်ဦးသည် တစ်ဘ၀လုံး မကောင်းမှု ဒုစရိုက်ကို ပြုလုပ်လာခဲ့သည်။ သို့သော် သေခါနီး ကာလ တစ်ဒင်္ဂလေးမှာ အလှူဒါန အမျှပေးဝေသောအခါ သာဓုခေါ်နိုင်ခြင်းသည် ကောင်းရာ သုဂတိသို့ သွားပါမည်လား။

တစ်သက်လုံး စိတ်ကောင်း ထားကာ အလှူ  ဒါနဖြင့် မွေ့လျော်ခဲ့ပြီး သေခါနီး တစ်ဒင်္ဂလေးမှာ ဇောစိတ်ကြောင့် အယူလွဲမှား၍ အသက်ဆုံးခဲ့လျှင် ဒုဂ္ဂတိ ဘုံသို့ သွားပါမည်လား။

(ဖြေ) ပါကဒါန ပရိယာယ-ကံလေးပါးတွင် အာသန္နကံ ဟူသည်မှာ သေခါနီး၌ အောက်မေ့အပ် ပြုအပ်သော ကံဖြစ်၍ အားနည်းလင့် ကစား အာစိဏ္ဏကံ- စသော အားကြီးသော ကံ  များကို ဖြတ်၍ အကျိုးပေးတတ်ပါ သည်။

နွားခြံ ၌ နွား အများရှိရာ နွားအိုကြီးသည် ခြံဝင်၌ အားနည်း၍ နောက်ဆုံးမှ ၀င်ရသော်လည်း ခြံထွက်တွင်
အပေါက်ဝနှင့် နီး သဖြင့် ရှေးဦးစွာ ထွက်နိုင်သကဲ့သို့ ဖြစ်ကြောင်း ဥပမာ ပြပါသည်။



လမ်းမတော် ဖိုးတုတ်




လမ်းမတော် ဖိုးတုတ် အကြောင်း
************************

ကိုလိုနီခေတ် က ကုလား လူမိုက်တွေနဲ့ ပြိုင်ပြီး မိုက်ခဲ့တဲ့ မြန်မာ လူမိုက် လမ်းမတော် ဖိုးတုတ် 
ဒု
တိယ ကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျား တွင် ရေပန်းစား အပြောများခဲ့သည့် လူ ပုဂ္ဂိုလ် တစ်ယောက် ရှိခဲ့သည်။

သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့် လုပ်ရပ်များလုပ်ခဲ့သူ တစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလ အလျောက် ထူးခြားသော သူ၏ လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏ အမည်နာမ မှာ ဟိန်းထွက် ကျော်ဇော လို့ လာသည်။

သူ၏ လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ် ဘက်သို့ အလေးမသာသည့် အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။

နာမည်ကြီးသော်လည်း နာမည်မကောင်း ။

ကောင်းသောနှင့် ကျော်ကြား ထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ် ထင်သော ကျော်  ကြားခြင်းသည် နှစ်လိုဖွယ် မဟုတ်ပေ။

ကောင်းသတင်းနှင့်ကျော်ဇော ထင်ရှားသူမှာ အသက် သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင် ကတည်းက နာမည်သေသည်။ ကောင်းသော ပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။

သို့စေကာမူ ..

ခေတ်ရေစီကြောင်း အခြေအနေအရ သူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်း ရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင် ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။ နှာခေါင်းရှုံ့ရဲသူ မရှိ။ မဲ့ရိပ် ထင်ရာသူ မရှိ။

နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။ သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။

ခေတ်ရေစီးကြောင်း အခြေအနေအရ စီးပွားရေး အချက်အချာ ကျသည့် နယ်မြေကြီးတစ်ခုလုံးမှာ သူ၏ စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။

ရန်ကုန်မြို့၏ အုပ်ချုပ်ရေး နယ်ပယ်ကို တရားဝင် အုပ်ချုပ်နေသည့် ပုလိပ် အဖွဲ့ကြီး ရှိသော်လည်း ပုလိပ် အဖွဲ့ကြီး၏ သြဇာ သက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။ ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့် အညီ အုပ်ချုပ်သည်။ သူက ဥပဒေကို မျက်နှာလွှဲ ခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။

အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်း ခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ  ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။ ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန် အလယ်ပိုင်းကို ပုလိပ် အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုး ကိုင်တွယ်ထားသည်။ နယ်စားပယ်စား လုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။

အင်္ဂလိပ်များ အုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ် တစ်ခေတ် ထွန်းကားခဲ့သည်။ လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။ လူမိုက် ကို ကြားခံ အဖြစ်ထား၍ လူလူချင်း ဗိုလ်ကျ စိုးမိုးသည့် စနစ် ကို ဖန်တီးပေးခဲ့သည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။

ဒါ့ကြောင့်လည်း လမ်းမတော် ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စား ရထားသူတို့နှယ် စိုးမိုး ချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။

Friday, November 11, 2016

တုတ် တစ်ချောင်း ၏ နောက်ဆက်တွဲ

                                                          ကာတွန်း ဖေသိန်း


ကျနော့်  ငယ်နာမည် "ဘိုနီ" အနေနှင့် ကျောင်းစနေခဲ့ သော်လည်း အမျိုးသား ကျောင်းသို့ ပြောင်းသော အခါ ဇာတာ နာမည် အတိုင်း " ဖေသိန်း " ဖြစ်လာ ပါသည်။

မြူနီစီပါယ် ကျောင်းသည် အင်္ဂလိပ် အစိုးရ၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိ၍ အမျိုးသားကျောင်းမှာ မြန်မာ အမျိုးသား တို့၏ ကိုယ်ပိုင် ဖြစ်ပြီး နယ်ချဲ့ စနစ်ကို ဆန့်ကျင်သော ကျောင်း ဖြစ်ပါသည်။ မြူနီ စီပါယ် ကျောင်းတုန်းက "God Saves The King" ဗြိတိသျှ ဘုရင် ဧကရာဇ် မင်းမြတ်၏ ဘုန်းတော်ဘွဲ့ သီချင်း ကို မြန်မာလို "ကော်ပီ" သီဆို ခဲ့ရသည်။ အမျိုးသားကျောင်း ရောက်လာ သောအခါ …....
"အရှေ့က နေ၀န်း ထွက်သည့် ပမာ ပ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ တို့ … ဗမာ" ဟု အစချီပြီး ….
"ကမ္ဘာ မကြေ၊ ဗမာတွေ၊ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ" ဟူသော အမျိုးသား သီချင်းကို သီဆို ကြရသည်။
သီချင်း ဆိုလျှင် မထစ်သော ကျနော့် အဖို့ အမျိုးသား သီချင်း ကို အားမာန် အပြည့်နှင့် သီဆို ရသည်မှာ ကြက်သီး မွှေးညင်းပင် ထပါသည်။

ကျောင်းဆရာကြီးမှာ ဦးရွှေကျော် ဖြစ်၏။ ကျနော် တက်ရသော အတန်းမှာ (Special Class) ဖြစ်၍ အင်္ဂလိပ်စာ ကိုသာ အဓိက သင်ကြား ပါသည်။ အတန်းပိုင် ဆရာမှာ ဦးသိန်းဖေ ဖြစ်ပါသည်။ ဤတွင် ဆရာ "သိန်းဖေ" နှင့် တပည့် "ဖေသိန်း" တို့ တွေ့ကြလေပြီ။ ထိုစဉ်က ကျောင်းတိုင်းတွင် ကျောင်းသားများ "စကောက်" အဖွဲ့ (Boy's Scout) ၀င်ရ၏။ သို့သော် ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း (Pinni Boys) ပင်နီတပ် ကို ဖွဲ့စည်း ပါသည်။

ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း ကျောင်းသား များအား ကာကီ ယူနီဖောင်း ကို ဆန့်ကျင်၍ ပင်နီ ယူနီဖောင်း ကို ၀တ်ဆင် စေပါသည်။ ဆရာကြီး သည် အိုင်ယာလန် နိုင်ငံမှ အင်္ဂလိပ် ကို ဆန့်ကျင်သော အ၀ါရောင် လူငယ်တပ် (Yellow Boys) ကို နမူနာ ယူခြင်း ဖြစ်သည်ဟု ဆို၏။

ကျနော်သည်ပင် ပင်နီဘွိုင်း ဘင်ခရာ အဖွဲ့တွင် ဘေးစောင်း ပလွေ မှုတ်ရသူ ဖြစ်၍ အမျိုးသား သီချင်း၊ စစ်ချီသီချင်း၊ တီးမှုတ်ရသည်။ အမျိုးသား အောင်ပွဲနေ့ သည် ကျနော် တို့ "ပင်နီဘွိုင်း" တပ် ၏ စိတ်ဓာတ် အတက် ကြွ ဆုံးနေ့ ဖြစ်ပါသည်။ တစ်ကျောင်းလုံး၏ ၀တ်စုံမှာ လုံချည်စိမ်းနှင့် ပင်နီ အင်္ကျီဖြစ်၏။

"ပင်နီဘွိုင်း" တပ်၏ ခေါင်းဆောင် တပ်မှူးး မှာ ဆရာ ဦးသိန်းဖေ ဖြစ်ပါသည်။ သူသည် ယခင် က (Scout Master) စကောက် နည်းပြ ဆရာ ဖြစ်ခဲ့သောကြောင့် "ပင်နီဘွိုင်း" တပ်ဖွဲ့ကို ကိုင်တွယ်ရာတွင် ကျွမ်းကျင် လှသည်။ ဆရာ သည် နေ့စဉ် ကျောင်းတက်ရာတွင် ပင်နီ ယူနီဖောင်း (ဘောင်းဘီတိုနှင့်) အမြဲ တက်ပါ သည်။ ကျနော် သည် ဆရာ ဦးသိန်းဖေ ၏ (Special Class) သို့ ရောက်ပြီး မကြာမီပင် ၊ ဆရာ (သိန်းဖေ) နှင့် တပည့် (ဖေသိန်း) တို့ ရင်ဆိုင် တွေ့ခြင်း ဖြစ်ပါသည်။

(သိန်းဖေ) နှင့် (ဖေသိန်း) ဟူသော အမည် များမှာ ဗေဒင် သဘော အရ ကက်ကင်း ဓာတ်ပြန် ဖြစ်၍၊ ဓာတ် ချင်း မတည့် ဟု ဆို၏။ အရပ်စကား အရ ပြောရလျှင် "ဖင်ပြန်၊ ခေါင်းပြန်" နာမည်များ ဖြစ်သည်။ သူဖြူ လျှင် ငါမည်း၊ သူမည်း လျှင် ငါဖြူ ဓာတ်ချင်း မတူဟု ဆိုကြမည်။ 

မည်သို့ပင် ဖြစ်စေ ဆရာ သိန်းဖေနှင့် ဖေသိန်း  တွေ့ကြပုံမှာကား အင်္ဂလိပ်စာ အချိန်တွင် ဆရာ ဦးသိန်းဖေသည် ကျောင်းသားများအား အင်္ဂလိပ်ဖတ်စာ ကို ထဖတ် ခိုင်း၏။ တစ်ယာက်ပြီး တစ်ယောက် ဖတ်ပြပြီးနောက်၊ ကျနော့် အလှည့် ရောက်သောအခါ ထစ်နေ ပါတော့သည်။ ထိုအခါ ဦးသိန်းဖေ သည် ချက်ချင်းပင် အမိန့် ပေးလိုက်၏။

ငါးမရ ရေချိုးပြန်ပါမည်




“ရွှေဘ ဘယ်သွားလဲ မိလုံး”

ကိုညိုဒင် ငါးမျှားတံ များကို အိမ် အဖီဘေးတွင်ထောင်ရင်း မလုံးကို မေးလိုက်သည်။ မလုံးက မကြားဟန်ဖြင့် မီးခိုးအူနေသည့် မီးဖိုကို မီးပြောင်းနှင့် တစ်ဟူးဟူး မှုတ်နေသည်။

“ငါမေးတာလည်း ဖြေစမ်းအုန်းဟ မိလုံး” မလုံ်းချက်မော့ကြည့်ပြီး ထမင်းအိုးဖုံးဖြင့် မီးဖို ကို ယပ်ခပ်နေပြန်သည်။ မီးခိုး မွှန်၍ ကျလာသည့် မျက်ရည်ပူ တို့ကို ထမီ အနားနှင့် ကောက်ပွတ် လိုက်ရင်း -

“ထုံးစံ အတိုင်းပဲ ကိုညိုဒင်။ တော့်သား အကြောင်း တော်က ကျုပ်ထက် ပိုသိမှာပေါ့။ တောက်ခုံ မှာလား  ။ ဂေါ်လီ လှိမ့်တဲ့နေရာ မှာလား တော်သွားရှာကြည့်။ ခုတစ်လော အိမ်မှာကို ကပ်တယ် မရှိဘူး”

ကိုညိုဒင့် မျက်ထောက်နီ က မလုံး မီးဖိုထဲက မီးတောက်နှင့် အပြိုင်။ မျှား၍ ရလာသော ငါးဇင်ရိုင်း တစ်ထုပ်ကို ထမင်းစားပွဲပေါ် ပစ်တင် လိုက်ခါ လုံကွင်း အဟောင်းတစ်ထည်ကို ပုခုံးပေါ်တင်ပြီး လမ်းထိပ် ထွက်လာခဲ့သည်။


ကိုညိုဒင် ရွှေဘ ကို လိုက်ရှာသည်။ သူ့ အပေါင်း အဖော်တွေ မေးကြည့်တော့လည်း ခုတစ်လော သူတို့ဘက် ကို ရွှေဘ မလာဘူးတဲ့။ ဘယ်သွားတယ်ထင်လဲ လို့ မေးတော့လဲ သိဘူးလေတဲ့။ ကိုညိုဒင် ဒေါသ ထွက်လာသည်။ ဘာကို ဒေါသ ဖြစ်နေမှန်း ဂဃ နဏ မသိ။ ကိုညိုဒင် ဒေါသထွက်နေပေမယ့် ရွှေဘ ကို စိုးရိမ်စိတ်က တစ်မှောင့်။ 

ဒီကောင် ငါ မပါဘဲ မြစ်ထဲသွား နေလား။ ငပျော့ တို့  ဘူကြီးဝိုင်းဘေးထိုင်ပြီး လက်ဘက်သုတ် ဂျင်းသုတ် ၀ယ်ပေးနေသလား။ မြို့ မြောက်ဖျားက ညွန့်မောင် တို့ ဘက် အလည်လွန်နေသလား။ ဈေးပိုင်း ဘက်မှာ ရန်သွားဖြစ်နေလား။ လားပေါင်း များစွာဖြင့် ကိုညိုဒင် နည်းနည်း စိတ်ပူ လာသည်။ ဒီကောင့်ကို ပြောရ ငေါက်ရတာလည်း အခက်သား။ စိတ်က ကြီးကြီးကောင်။ 

တစ်ခါက သူ့ အမေ မိလုံး ဆူတာကို ကောက်ပြီး ဓာတ်တော်ကုန်းစေတီပေါ် တက်အိပ်နေလို့ ကိုညိုဒင်တို့ ဓာတ်မီးဆွဲ ရှာခဲ့ရပြီးပြီ။ “မင်းနဲ့ ပြဿ      နာ တက်လို့လား” လို့ မိလုံး ကို မမေးမိခဲ့မိတာကိုပဲ နောင်တ ရချင်ချင်။ ရွှေဘ က ခုဆို ရှစ်နှစ်ထဲဝင်ပြီ မဟုတ်လား။ ပြာသိုဖွား။ ကိုညိုဒင် ခေါင်း ငိုက်စိုက်နှင့် အိမ်ဘက် ပြန်လှည့်လာခဲ့သည်။ ခွေးမသား တွေ့လို့ကတော့ ကောင်းကောင်းတွယ် ပေးလိုက်ဦးမည်ဟု စိတ်ထဲမှာ ကြိမ်းဝါးနေမိပြန်သည်။

တစ်လမ်းလုံး ကိုညိုဒင် စဉ်းစားလာသည်။ မတွေးတတ်အောင်လည်း ဖြစ်နေ၏။ ဒီကောင် ငါ့မပြောပဲ ဘယ်ကိုမှ မသွားတတ် မလာတတ်ပါဘူး။ လောင်းကစားတွေ ဘာတွေလည်း စိတ်ဝင်စားတဲ့ကောင် မဟုတ်။ ရပ်ကွက်ထဲက ခလေးတွေ သရေကွင်း ပစ်တာဖြစ်ဖြစ်၊ မျောက်ပန်း လှန်တာဖြစ်ဖြစ် ကစားရင်တောင် ၀ိုင်းဘေးက ထိုင်ကြည့်တဲ့ကောင် မဟုတ်။ ဗွီဒီယို ရုံ ကလည်း ညမှ ပြတာဆိုတော့ ကိုညိုဒင် စဉ်းစားရ တော်တော် ကျပ်နေသည်။ တွေ့သေးတာပေါ့ကွာလို့ ညည်းရင်း တောက် တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။

“ညိုဒင်... ဟေ့ကောင် ညိုဒင် ဘာဖြစ်နေတာလဲဟ၊ မင်းဥစ္စာ ကလည်း သောက်ခွက်ကြီး ပုတ်သိုးနေလိုက်တာ ခွန်နှစ်ရက် နေလို့ မှ ပေါ်တဲ့ ရေထဲ က မသာလိုပဲ။ လာစမ်းပါ။ ခုမှ တို့ ၀ိုင်းစတာ”
ငပျော့ အိမ်ထဲ မှ သိန်းဆောင် အော်ခေါ်သဖြင့် စိတ်မပါ လက်မပါဖြင့် ကိုညိုဒင် ၀ိုင်းထဲ ၀င်ထိုင်လိုက်သည်။ 

“ငပျော့ ရွှေဘ တွေ့မိလား”

“ကြည့်မနေအားပေါင် ကိုညိုဒင်ရာ။ မိုးကျခါစ ရှိသေး ထင်းတွေက ထိုင်း တယ်ဟ။ မီးကိုကောင်းကောင်းမတက် ဘူး။ မီး မတက်တော့ မီးတောက် အရက်ကလည်း တစ်စက်ချင်း အထွက်နှေး။ လကြေးပေးဖို့တောင် ဆိုင်းပါဦးလို့ နယ်ထိန်းကို မျက်နှာချိုသွေးရတာ အလုပ်တစ်ခု။ ဒါတောင် တစ်လုံးတော့ ထိုးထည့်ပေးလိုက်ရသေးတယ်ကွ”

ငပျော့ အရက် တစ်လုံး လာချပေးရင်း ....

“နို့ နေစမ်းပါအုန်း။ မင့်ကောင်ကို လိုက်ရှာနေရအောင် ဘယ်တုန်းကများ မင့်သားက မင်း ကို ကူဖော်လောင်ဖော် ရလို့တုန်း။  ကလေး ပဲကွာ။ သူ့အဖော် အသင်း နဲ့ တစ်နေရာရာ သွားလည်ပတ် ကစားနေတာဖြစ်မှာပေါ့။ နေ့ လည်နေ့ခင်းပါကွာ။ အချိန်မတော် ညကြီး မိုးချုပ်ဆိုလည်း ထားပါတော့”
ငပျော့ ငှဲ့ပေးသည့် အရက်ခွက်ကို ပက်ကနဲ ကိုညိုဒင် မော့သောက်ချလိုက်၏။

“ငါက ရက်ပိုင်းပဲ ကျန်တော့တာကွ ညိုဒင်ရ။ လွန်ရော ကျွံရော ရက် နှစ်ဆယ်ပဲ”
“ဘာ ရက်နှစ်ဆယ်လဲ”
ကိုညိုဒင် သိန်းဆောင်ပြောတာကို နားမလည်။

အုန်းခင် က
“ဒီလိုကွာ ဒီကောင်က မနှစ်က ဒီမှာ မရှိဘူးလေကွာ။ အနောက်ရွာ ဘက်ကို အိမ်သွားဆောက်နေတယ်မို့ လား။ အဲဒီရွာက ရသေ့ လိုလို ယောဂီ လိုလို ဘိုးတော် လိုလို လူက သူ့ကို ရေမန်း တိုက်သတဲ့။ ၀ါတွင်း သုံးလ အရက်ရှောင်ရင် သိန်းပါ ဆောင်ရရုံ မကဘူး။ သန်းပါ ကုဋ္ဋေပါ သပိတ်ဝင် အိပ်ဝင် အထုက်ကြီး အထည် ကြီးနဲ့ ကြီးပွားမှာလို့ မိန့်တော် မူထားတယ်ကွာ။ မင်းမှ သူ့အိမ် ဘက် မရောက်တာ။ ပွဲနဲ့ နန်းနဲ့ ဆရာ။ မသိ ရင် လည်း မေး၊ ဟုတ်ပလား”

“အော်”

ကိုညိုဒင် သိန်းဆောင် ကို သတိထားကြည့်လိုက်တော့ ရွှေလက်စွက် တစ်ဝင်းဝင်း။ ရွှေဆွဲကြိုး တစ်လက် လက်၊ အရက်ခွက် ကတောင် ရွှေရောင်တောက်နေသလား ထင်မှတ်မှားရသည်။ ကိုညိုဒင် တွေတွေငေးငေး ဖြစ်သွားသည်။ ငါ့အလုပ်က အကုသိုလ် အလုပ်။ ဘယ်အချိန် ဘယ်ကာလမှ ကျွတ်လမ်းမြင်ရမလဲ မသိပါလားလို့ တွေးနေမိ ပြန်၏။

“ဟေ့ကောင် အုန်းခင်... မင်းမယုံကြည်ရင် လွတ်လွတ်နေ။ ငါ့ကိစ္စကို ဘာမှ ဝေဖန်စရာမလိုဘူး။ ငါယုံကြည်တာ ငါလုပ်တာ။ အနည်းဆုံးတော့ကွာ သုံးလလောက်တော့ အရက်ဖိုး မကုန်ဘူးပေါ့ ဟုတ်လား၊ ဟားဟား.....”

ရယ်ရယ်မောမော ပြောနေသည့် သိန်းဆောင် ၏ အမူအယာ က ပေါ့ပါး ပျော်ရွှင် နေပုံရသည်။
“ဒီမှာ ညိုဒင် ကြီးပွားလား မလားလားတော့ ငါမသိဘူး၊ မိန်းမ ကတော့ ကြည်ညိုနေတာပဲကွာ။ မင်း က အရေး မကြီးပါဘူးကွာ။ အကုသိုလ် နဲ့ အကျိုးပေးတဲ့ကောင်ပဲ။ တံငါချင်း တူရင်တောင် ငါးကြီး ငါးကောင်း ရတဲ့ကောင်။ အကျိုးပေး ဆိုတာက မတူကြဘူး လေကွာ။ ဘာ ဘိုးတော်မှ မင်းကို မ မလည်း မင်းအလုပ် က မင်းကို ဆောင်မနေတာပဲ မဟုတ်လား။ အမှန်တော့ အမှန် ဆိုတာ ကလည်း အမှန် ဟုတ်ချင်မှ ဟုတ်တာပါကွာ”

အရက် နှစ်လုံး ကုန်တော့ သိန်းဆောင် ၀ိုင်းဘေးမှာ ခွေအိပ်နေပြီ။
ကိုညိုဒင်လည်း ရွှေဘ ကို သတိပြန်ရလာသည်။ 

“ငါ ပြန်အုန်းမယ်ကွာ ငပျော့။ ညနေကျရင် တစ်လုံးတော့ ပို့လိုက်။ ဒီမှာပိုက်ဆံ”
ကိုညိုဒင် လုံကွင်း ကို ခါးစီးပြန်လာခဲ့သည်။

“တစ်အောင့်ဆို ထွက်သွားလိုက်တာ။ တော်တို့ ၀ိုင်းက ပေတော်တော် ရှည်ကြတာပဲ”
ရောက်မဆိုက် မလုံးက ဆီးကြို၍ ငေါ့သည်။
“ထမင်းခူးရမလား”

“ခူးကွာ၊ ရွှေဘပြန်ရောက်ပြီလား”
“တော့်သား ကဖြင့် အိမ်မေ့ ယာမေ့၊ တစ်နေ့ တစ်နေ့ ဘယ်သဝေ ထိုးနေမှန်းကို မသိပေါင်။ တော်လည်း နည်း နည်းပါးပါးတော့ ဆိုဦး၊ ပြောဦး။ သေစာ ရှင်စာတောင် မဖတ်တတ်တဲ့ကောင်ကို တော် ဒီလိုပဲ လက်ပိုက် ငါးထောင်ပြီး ကြည့်နေတော့မှာပဲလား ” မလုံး စကားက ကိုညိုဒင့် နဖူး ကြောတွေ တင်းသွားအောင် ရိုက်ချက်ပြင်းဟန် တူသည်။ 

ဖ ဦးထုပ်



မြန်မာ အက္ခရာတွင် ဗျည်း (၃၃) လုံး ဟူ၍ ရှိပါသည်။ အဆိုပါ ဗျဉ်း (၃၃) လုံး အနက် ဖ  ဦးထုပ် (ဖ) ၏ နေရာ သည် နံပါတ် ဘယ်လောက်မှာ ရှိသလဲ ဆိုလျှင်တော့ ရုတ်တရက် ဖြေနိုင်သူ ရှားလိမ့်မည် ထင်ပါသည်။

ထိုအခါ ကျနော့် ကို တွေ့သည့် နေရာတွင် အချိန် မရွေး ကောက်ကာငင်ကာ မေးကြည့်လိုက်ပါ။ ဖ ဦးထုပ် နံပါတ်(၂၂) ဟု ဒက်ခနဲ မဆိုင်းမတွ ဖြေလိုက်မည်။ ထို့အတွက် တယ်ဟုတ် ပါလားဟု ကျနော့်ကို အလွယ်တစ်ကူ မထင် မကြီး လိုက်ပါနဲ့ဦး။


ဖ ဦးထုပ်နှင့် ကျနော် ဆက်နွယ် ပတ်သတ်ခဲ့ပုံကို သိရလေအောင် ဦးစွာ စောင့်ကြည့်လိုက်ပါဦး။
 ကျနော် ရယ် ….. ဖ ဦးထုပ် ရယ် … ဆရာမကြီး ဒေါ်စန်းရီ ရယ် ….......................... ။

ယခုခေတ် ကလေးများ မူလတန်း အဆင့်တွင် ပညာ သင်ကြားရသည့် ကာလ (၅) နှစ်ရှိသည် ဆိုပါလျှင် ကျနော်တို့ ခေတ် အခါက (၆) နှစ်တာ သင်ကြားရ ပါသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမ တန်း ၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း တို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူငယ်တန်း မှာ (၂) နှစ် နေရခြင်း ဖြစ်၏။ သူငယ်တန်းလေး (၁) နှစ်နေ၊ အောင်ပြီးမှ သူငယ်တန်းကြီး မှာ နောက်တစ်နှစ် ထပ်နေရပါ သည်။

ကျနော် သူငယ်တန်းကြီး ကျောင်းသား ဘ၀ ဆိုတော့ အသက် (၇) နှစ် အရွယ်ပေါ့။ တစ်နေ့တော့ ဆရာမ က အတန်းရှေ့ သင်ပုန်းကြီးတွင် မြေဖြူဖြင့် ရေးထားသော ဗျည်း (၃၃) လုံးကို ကြိမ်လုံးနှင့် ထောက်၍ တစ်ေ ယာက်ပြီး တစ်ယောက် ရွတ်ဆို ခိုင်းပါ သည်။ ကျနော့် အလှည့်တွင် ကကြီး၊ ခခွေး၊ ဂငယ်ဖြင့် အစပိုင်းတော့ ဖြူးနေလေ၏။ သို့ရာတွင် မည်သို့ ဖြစ်သည် မသိ၊ တစ်နေရာ အရောက် အက္ခရာ ကို ကျွန်တော် အစရှာ၍ မရအောင် ဖြစ်နေပါသည်။

ဆရာမကြီးကလည်း ဆိုလေ ဆိုလေဟု သတိပေးနေ၏။ ထိုသို့ဖြစ်လေ ကျနော့်မှာ စဉ်းစား မရလေ ဖြစ်ရတော့သည်။ အတန်း တတန်းလုံးကလည်း ငြိမ်သက်နေ၏။ ကျနော့်ကိုပဲ အာရုံစိုက် နေကြသည်။ ဆိုလေဟု ဆရာမကြီးက ပြောပြန်ပါသည်။ ကျနော် ချွေးပျံလာသည်။ တစ်ကိုယ်လုံး ထူပူလာသည်။ 

ကျနော့် စိတ်ထင် နာရီဝက်လောက်တောင် ကြာသွားပါသည်။ ကျနော် ဘယ်လိုမှ အစဖော်၍ မရ။ ဒါလေးတောင် မေ့ရ ပါမည်လားဟု ဆရာမကြီး ဒေါကန်သွား ပါသည်။ သူငယ်တန်းကြီး ရောက်နေ သည့်တိုင် ဗျည်း (၃၃) လုံးကိုသော်မှ ကြေညက်မှု မရှိလေသော ကျနော်ကို ဆရာမကြီး ဒေါကန်မည် ဆိုလည်း ကန်ထိုက်ပါလေ သည်။ သို့အတွက် ဆရာမကြီး ကျနော့်ကို သူ့ထက်ထဲမှ ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း မပြုခဲ့ပါ။ ကျနော့ ဘ၀ တစ်သက်တာ သင်ခန်းစာ ရစေမည့် အပြစ်ပေးခြင်း မျိုးဖြင့် အပြစ်ပေးခဲ့ပါသည်။
`မောင်ကျော် … လွယ်အိတ်ယူ။ သူငယ်တန်းလေး ပြန်ဆင်း၊ ဒါကိုမှ မင်း မသိသေးတော့ မင်းနဲ့ သူငယ်တန်းကြီး နဲ့ မတန်သေးဘူး´ တဲ့။ ပြီးတော့ အတန်းသားများဘက် လှည့်၍လည်း ပြောပါသေးသည်။ `အဲဒါ ဘာအက္ခရာ လဲ´ ပြောပြလိုက် ကြစမ်းတဲ့။ `ဖ ဦးထုပ်ပါ ဆရာမ´ ဟု တစ်တန်းလုံးက ၀ိုင်းအော်ကြသည်။ 

ထိုနေ့ က သူငယ်တန်းလေးမှာ ကျနော် သွားထိုင် ရပါသည်။ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးက ဒူး   ပိတ်ဟု ခေါ်သော အရံ အတားလေး တစ်ခုသာ ခြားထားပါသည်။ ဆရာမကြီးက အတန်းနှစ်ခု အလယ်ထိပ်မှာ ထိုင်ပြီး နှစ်တန်းလုံး ကို သင်ရပါသည်။ ရှက်လိုက်သည်မှာ ပြောဖွယ်မရှိ။ ကျနော် ခေါင်းကို မဖော်တော့ပါ။ သူငယ်တန်းကြီး မှာ ကျန်နေခဲ့သော ကျနော့် သူငယ်ချင်းတွေ ကလည်း ကျနော့်ကို မျက်လုံး အမျိုးမျိုးနှင့် လှမ်းကြည့် ကြပါသည်။ ဂရုဏာ သက်သော၊ လှောင်ပြောင်လိုသော၊ အထင်အမြင်သေးသော မျက်လုံးများ ဖြစ် လိမ့်မည်ဟု ယခု အချိန်မှာ ကျနော် စဉ်းစား ကြည့်မိပါသည်။

သူငယ်တန်းလေးမှာ ယခုနှစ်မှ ကျောင်းသို့ ရောက်လာသူတွေ ကြားထဲ ထိုင်နေခဲ့ရသည်။ ကျောင်းဆင်း ခေါင်းလောင်း ထိုး၍ အိမ်ပြန်ရသည့်အခါ ယခင်နေ့တွေကလို ကျနော် မပျော်တော့ပါ။ ဖေဖေနှင့် မေမေ သိသွားမှာလည်းကြောက်။ ငါတော့ တနှစ်လုံး သူငယ်တန်းလေး ဆင်းနေရ တော့မယ်ဟု တွေးပြီး အလွန်အမင်း ထိတ်လန့် မိပါသည်။

Thursday, November 10, 2016

ထရမ့် ဘာကြောင့် နိုင်ခဲ့သလဲ

                                         လူထုမဲဆွယ်ပွဲတစ်ခုမှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် နိုင်သွားတာဟာ အမေရိကန်ရဲ့ သမိုင်း စာမျက်နှာ သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ် ။ အပြိုင် အဆိုင် အနိုင်ကြဲရတဲ့ ဒီရွေးကောက်ပွဲမှာ မစ္စတာ   ထရမ့် ဘာကြောင့် အနိုင်ရခဲ့တာလဲ။

မစ္စတာ ထရမ့် ဟာ သီချင်းလည်း မဆိုတတ် ၊ တူရိယာလည်း မတီးတတ်ပေမယ့် သူဟာ သူပေးချင်တဲ့ စကားကို လူတွေ နားလည်အောင် ပြောနိုင် ၊ မဲဆန္ဒရှင်တွေနဲ့ နှလုံးသားချင်း နီးတယ်လို့ ဆိုနိုင်သူ ဖြစ်တယ်လို့ နာမယ်ကျော် အဆိုတော် Sir Elton John က ပြောဖူးပါတယ်။

တိုင်းပြည်မှာ Blue Collar လို့ခေါ်တဲ့ အလုပ် လုပ်တဲ့ လူတန်းစားတွေက နိုင်ငံရေး သမားတွေဟာ သူတို့ရဲ့ အသံတွေကို နားမထောင်ကြဘူး၊ သူတို့ဟာ အပယ်ခံ ဖြစ်နေတယ်လို့ ခံစားနေကြရပြီး အခု မစ္စတာ ထရမ့် က သူတို့ရဲ့  အခြေအနေကို အပြည့်အ၀ နားလည် လက်ခံပေးခဲ့တာကြောင့် အနိုင် ရခဲ့ တာလို့ ဘီဘီစီ ရဲ့ မြောက်အမေရိက သတင်း အယ်ဒီတာ ဂျွန်ဆိုပယ် က သုံးသပ်ပါတယ်။

ဒါ့အပြင် လူတွေ စိုးရိမ်နေကြတဲ့ ကိစ္စတွေ ဖြစ်တဲ့ အပြင်ကလူတွေ ဝင်လာနေတဲ့ ပြဿ      နာ   ၊ အငြင်း ပွားနေရတဲ့ ကုန်သွယ်ရေး စာချုပ်တွေ နဲ့ ဒီမိုကရက်တွေက သေနတ် ကိုင်ဆောင်ခွင့် ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ ကိစ္စမှာ မစ္စတာ ထရမ့်က အလေးထား စဉ်းစားပေးခဲ့ပြီး တရားလွှတ်တော် ရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အရင်ကထက် အလယ်အလတ် ကျ ပျော့ပြောင်း လာအောင် လုပ်ဖို့ သူ့ရဲ့ ပေါ်လစီတွေ ကို လူတွေက လက်ခံတာ တွေ့ရပါတယ်။

အမေရိကန် က နိုင်ငံရေး သမား အများစုက ဒေါ်နယ် ထရမ့် ကို ထောက်ခံသူတွေရဲ့ ခံစားချက် ကို လျော့ တွက်ကြခဲ့ကြတာကြောင့် အခု အမေရိကန် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ အံ့သြဖွယ် ကောင်းလောက်အောင် မထင်မှတ်တာတွေဖြစ်လာခဲ့တာ တွေ့ရပါတယ်။

တစ်ကယ်တော့ မစ္စတာ ထရမ့် ဟာ အစိုးရပိုင်း တာဝန် မယူခဲ့ဘူး သလို သူ့ပြောနေကျ အတိုင်း သူဟာ လေ့ကျင့် ထားတဲ့ နိုင်ငံရေး သမား တစ်ယောက်လည်း မဟုတ်၊ နိုင်ငံရေး နယ်ပယ်ထဲမှာ အတွေ့အကြုံ ရှိတဲ့သူလည်း မဟုတ်ပါဘူး။



Friday, November 4, 2016

မြန်မာ့ စီးပွားရေး




ဗြိတိသျှ ဘုရင်မကြီးက “ရှင်တို့ စီးပွားရေး ပညာရှင်ကြီးတွေ စီးပွားရေး အကြပ်အတည်း ဖြစ်မယ် ဆိုတာ ကြိုပြီး မပြောနိုင်ဘူး လား” ဟု အလွန်ကျော်ကြားသောမေးခွန်း တစ်ခုကို မေးခဲ့ဖူးပါသည်။ Economic Crisis ခေါ် စီးပွားရေး ကပ်ဆိုက်ခြင်း ဆိုသည်မှာ ကြိုတင်၍မြင်နိုင်သော အရာမဟုတ်ပါ။ အကြောင်းပေါင်းများစွာ စုပေါင်း၍ စီးပွားရေး အခက်အခဲ များကို ကြုံခဲ့ကြ ရာ ထိုအဖြစ်အပျက်များ ပြီးသွားမှသာဖြစ်ရခြင်းအကြောင်း ကို ဝေဖန်စစ်ဆေးကြရပါသည်။

နိုင်ငံစီးပွားရေး ဆိုသည်မှာလည်း တစ်နိုင်ငံလုံးရှိ စီးပွားရေး လုပ်ငန်းရှင် ကုန်သည် အပေါင်းတို့၏ လုပ်ငန်းပေါင်းစုံ ပါဝင် ပတ်သက်နေပြန်ရာ ပန်းချီကားကြီး တစ်ချပ်လို အနီးကြည့် အဝေးကြည့် ကြည့်ကြရသည်များလည်း ရှိပါသည်။ လူပေါင်းစုံ ပညာရှင် ပေါင်းစုံတို့တွင် မိမိရှုဒေါင့်ကိုလိုက်၍ အမြင်အယူအဆ အမျိုးမျိုးရှိနိုင်ကြပါသည်

သို့ပါသော်လည်း ဗဟို ဦးစီးစနစ် Command Economy ဆိုသည်မှာ ယနေ့ခေတ်နှင့် မကိုက် မဆီလျော်တော့ပါ၊ ဈေးကွက်စီး ပွားရေး စနစ်သည်သာ ပြည်သူ အပေါင်းကို ဆင်းရဲတွင်းနစ်နေခြင်းမှ ကယ်တင် လွတ်မြောက်စေနိုင်မည်။ ဈေးကွက် စီးပွားရေး စနစ်အောင်မြင်စေရန် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်နေစေရမည်။ ၎င်းတို့၏ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု အတွက် ခိုင်မာစေသော ဥပဒေများ ရှိရမည်၊ ဂလိုဘယ် လိုက်ဇေးရှင်း ခေါ် ကမ္ဘာ့နိုင်ငံစုံနှင့် ကူးလူး ဆက်ဆံပြီး တံခါးဖွင့် ဝါဒကို ကျင့် သုံးရမည် ဆိုသော အချက် များမှာ မှားရန် အကြောင်းမရှိ၊ သေချာလှပါသည်။ တိုးတက်လာသော နိုင်ငံပေါင်းများစွာ၏ ဖွံ့ဖြိုး တိုးတက် လာပုံကို လေ့လာလျင် ထိုအချက်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပါသည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် စင်ကာပူနိုင်ငံမှ အစပြုပြီး အိန္ဒိယ၊ တရုတ်ပြည်၊ ဗီယက်နမ် စသည်ဖြင့် နိုင်ငံ အသီးသီးတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကြောင့် ချမ်းသာကြွယ်ဝသော လူနေမှု အဆင့်အတန်း မြင့်မားသောနိုင်ငံများ ဖြစ် လာကြပုံကို တွေ့မြင်နိုင်ကြပါသည်။

စင်ကာပူနိုင်ငံသည် လွတ်လပ်ရေး ရချိန်က စီးပွားရေး လုပ်ငန်းဟူ၍ မယ်မယ်ရရ မရှိ၊ တစ်ချိန်က တံငါ သည် များ စုပေါင်းနေ ထိုင်ကြရာ ရွာကြီး သာသာဖြစ်ခဲ့သည်။ ယခုအခါ တတိယ ကမ္ဘာနိုင်ငံ မဟုတ်တော့ဘဲ ဒေသတစ်ဝိုက်တွင် အချမ်းသာဆုံး ပထမကမ္ဘာ မှ နိုင်ငံတစ်ခုဖြစ်နေပါပြီ။

တရုတ်နိုင်ငံသည် ကွန်မြူနစ်တော်လှန်ရေး ကာလ ပြည်တွင်း စစ်ကြောင့်လည်းကောင်း၊ ယဉ်ကျေးမှုတော်လှန်ရေး၏ ပေါ်လ စီ အမှားများကြောင့်လည်းကောင်း၊ ပြည်သူများ ဆင်းရဲတွင်းနစ်ခဲ့ကြရာတွင် ၁၉၇၈ ခုနှစ်ဝန်းကျင်မှ စ၍ ဝန်ကြီးချုပ်ဟောင်း တိန်ရှောင်ဖိန် ၏ ဗဟိုမှ ဦးစီးသည့် စီးပွားရေး စနစ်အစား၊ ဈေးကွက်စီးပွားရေးစနစ် အဖြစ် ပြောင်းလဲရမည် ဟူသော မူဝါဒဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ 

နှစ်ပေါင်း ၃ဝ အတွင်း တရုတ်ပြည်သည် စီးပွားရေး၊ စစ် ရေး ကုန်ထုတ်လုပ်ရေး အဖက်ဖက် မှ အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာခဲ့ပါသည်။ ပြည်သူလူထု သန်းပေါင်းများစွာကို ဆင်းရဲ တွင်းမှ လွတ်စေနိုင်ခဲ့ပြီး လူစီးလေယာဉ်ပျံတွေကို ပြည်တွင်း မှာပင် ထုတ်လုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိလာပါသည်။ စီး ပွားရေးတွင် အမေရိကန်ကို ယှဉ်ပြိုင်နိုင်သည့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာပါသည်။

အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရအပြီး ဝန်ကြီးချုပ် နေရူးခေတ်မှ စ၍ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို နိုင်ငံတော် အစိုးရက ဦး ဆောင်ပြီး တည်ဆောက်ရမည် ဆိုသော မူဝါဒမှာ ဘာကိုမှဆောင်ကျဉ်းမပေးနိုင်ခဲ့ပေ။ ၁၉၉၁ ခု နာရာဆင်မာရောင်း ၏ လက်ထက်မှ စတင်ပြီး နောင် ဝန်ကြီးချုပ်ဖြစ်လာမည့် မာမိုဟန်ဆင်း က ဘဏ္ဍာရေးဝန်ကြီး အဖြစ်နှင့် ပြုပြင်ရေး လုပ်ငန်းများ စတင်ခဲ့ပါသည်။

သွင်းကုန် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ အကောက်ခွန်နှုန်းကို လျှော့ပေးပြီး နိုင်ငံခြားရင်း နှီးမြှုတ်နှံမှု များကို ခွင့်ပြုခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ တက်လာပြီးချိန်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးအဖြစ်သို့ ရောက်နိုင် ရန် မျှော်လင့်လာနိုင်ခဲ့ပါသည်။ အိန္ဒိယ ၏ ဆော့ (ဖ) ဝဲ ကုမ္ပဏီကြီးများမှာ အမေရိကန် တို့၏လက်စွဲဖြစ် လာပြီး စက်မှုပစ္စည်း ထုတ်လုပ်ရေးတွင်လည်း ရှေ့တန်းသို့ ရောက်ရှိလာနေပါသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံကို ကြည့်လျင်လည်း စစ်ပွဲ အမျိုးမျိုးဖြင့် ချွတ်ခြုံကျနေသည့်နိုင်ငံကို ၁၉၈၆ ခုနှစ်  တွင် တိုးတက် သော အမြင်ရှိသည့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများက ဦးဆောင်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ကာ ဈေးကွက် စီးပွား ရေး စနစ်ကို ထူထောင်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။

နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများမှာ တစ်ချိန်တွင် ဂျီဒီပီ တိုးတက်မှုမှာ ကမ္ဘာ့တွင် အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။ အာရှ ၏ ချမ်းသာသောနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ ကပင် ဗီယက်နမ် ဆန် ကိုရောင်းချပါရန် တောင်းပန်ခဲ့ရပါသည်။ ၁၂ နိုင်ငံ ပါဝင်သော TPP- Trans-Pacific Partnership ပစိဖိတ် ကုန်သွယ်မှု စာချုပ် တရားဝင်ဖြစ်လာချိန်တွင် ကုန်သွယ်ရေးမှာ တိုးတက် လာပြီး ပိုမို ချမ်းသာကြွယ်ဝလာမည်ဟု ခန့်မှန်းကြပါသည်။

ဤသည်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမူ ဝင်ရောက်လာခြင်း၊ အစိုးရ၏ ချုပ်ကိုင်မှုကိုဖြေလျှော့ပေးခြင်းနှင့် အတူ ဂလိုဘယ်လိုက် ဇေးရှင်း ဖော်မြူလာ များဖြင့် ကြီးပွား တိုးတက်သွားရခြင်း၏ ဥပမာများဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မလုပ်ခဲ့ခြင်း မဟုတ်ပါ။ ဗဟိုဦးစီး စနစ်၊ စီမံကိန်း စီးပွားရေး စနစ်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့ဘူးဟု သေချာချိန်မှ စ၍ အုပ်ချုပ်သော အစိုးရများက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါ သည်။


လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာနှစ်မျိုး




လူငယ်တွေရောက်လာ စကားပြောကြတဲ့ အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစား ရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါ လို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့ စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။

ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာမဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်းကောင်း တာပဲ။

တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။

လူကြီးတွေ (အထူးသဖြင့်) မြို့သား ပညာတတ် လူကြီးတွေက အများအားဖြင့်ဟန်များတယ်။ (ခုခေတ်စကားနဲ့ ဆို ပဲများတယ်ပေါ့)။ တစ်ကယ် သိတာ မဟုတ်ဘဲနဲ့ သိချင် တတ်ချင်ယောင် သိပ် လုပ်တတ်ကြ တယ်။

သရေ ဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံးအချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိ ရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ
ပရိသတ်ကို ညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။

လက်ဝှေ့ ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တစ်ကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။

ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင် သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဘောလုံးပွဲမှာ ပူးတွဲ ပထမ ဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံး အနိုင် မပေါ်မချင်း ပယ်နယ်တီ ကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီး ရင်းရင်းနှီးနှီး

ဟန်မဆောင် တတ်တာ၊ ပွင့်လင်း တာကြောင့် လူငယ်တွေနဲ့ ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့ အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က
စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။

လူကြီး နဲ့ လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက် တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။

ဟန်လုပ်ပြီး တစ်ယောက်ကို တစ်ယောက် ‘ဗုံ နဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။