Monday, October 13, 2014

ကျောင်းသူ ကျောင်းသား များ အတွက် အထူး သတိထား ရမည့် အင်တာနက် က လိင်ကိစ္စ

 
 
 
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ နဲ့ နှိုင်းယှဉ်ရင် အခုခေတ် မိဘတွေ အတွက် သားသမီးတွေ ကို ထိန်းကျောင်း ပျိုးထောင် ရတာ အရင်လောက် မလွယ် ကူတော့ပါဘူး။ အရင်ခေတ်က ထက် ကြိုတင် ကာကွယ် ဖို့ရာ ပိုမို ခက်ခဲပြီး ပိုမိုရှုပ်ထွေးလှ တဲ့ အန္တရာယ်တွေ ကနေ ကိုယ့် ရင်သွေး ငယ်တွေ ကို ကာကွယ်ပေး ဖို့ လိုအပ် လာပါတယ်။ 
 
အရင်တုန်း ကတော့ ကျောင်းဆင်းချိန် ကလေးတွေ ကို အပြင် ထွက်ကစားခိုင်း လိုက်ရင် သူတို့ ဘာသာ ကစားကြပျော်ကြ နဲ့ ညနေခင်း တစ်ချိန်လောက်တော့ ထိန်းရ သက်သာနိုင်ပါတယ်။ 
 
ဒါပေမဲ့ အခုခေတ် မှာ အပြင်ထွက် ကစားခိုင်း ရင် များပြား လှတဲ့ ကား၊ စက်ဘီး၊ ဆိုက် ကားတွေကြောင့် ရင် တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင် သွားဆိုပြီး ဖြစ်လာ ပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်း က စလာပါပြီ။


ခေတ်မီ တိုးတက်တဲ့ ကမ္ဘာ မှာ အင်တာနက် ကို အကောင်းဆုံး တီထွင်ဖန်တီးမှု အဖြစ် တင်စား ချင်ရင် တင်စား လို့ရ ပါတယ်။ မောက်စ် တစ်ချက်နှိပ်လိုက် တာနဲ့ လိုချင်တဲ့ သတင်း အချက် အလက်၊ ဆက်သွယ် မှုပေါင်းများ စွာ ကိုယ့် မျက်စိရှေ့မှောက် ရောက် အောင် ဆောင် ကြဉ်းပေးနိုင် တဲ့ အရာပါ။ 
 
ဒီလို အံ့မခန်း အစွမ်း ထက်တဲ့ အရာကို ကျွန်မ တို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြ သလဲဆို တာ သတိ မထားလို့ မရတော့ ပါဘူး။ အခု အချိန်လို အင်တာနက် ကို ဖုန်းနဲ့ အလွယ် တကူ သုံးလို့ ရနိုင်လာတဲ့ အချိန် မျိုးမှာ ဒီ ကိစ္စဟာ အရေးပေး စဉ်းစားစရာ ဖြစ်လာပါပြီ။ 
 
ငယ်ရွယ်တဲ့ ကလေး တွေ အင်တာနက် ကို ဂိမ်း ကစားရုံ သက်သက်သာ အသုံးချမယ် ဆိုရင်တောင် အပြစ် မပြောချင်ပါဘူး။ ဂိမ်း ကစားခြင်း က ဖြတ်ထိုးဉဏ်၊ အကွက်မြင် မှုနဲ့ စဉ်းစား ဆုံးဖြတ်နိုင်စွမ်း ကို လေ့ကျင့်ပေးနိုင် ပါသေးတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။

အင်တာနက် မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်း အထိ) နဲ့ မအပ်စပ် မဆက်စပ်တဲ့ မတော် တရော်ပုံတွေ၊ အဖော် အချွတ် ၀က်ဆိုက်တွေ နဲ့ ညစ်ညမ်း ၀က်ဆိုက်တွေ လည်း ရှိနေ ပါတယ်။ ဒါတွေဟာ ကျောင်းနေ အရွယ် ကလေးငယ် များ အတွက် အန္တရာယ် များပါတယ်။ 
 
အထူး သဖြင့် သားယောက်ျားလေးမွေးထား တဲ့ မိဘများ အထူး ဂရုစိုက်သင့် ပါတယ်။ အခု ဆိုရင် အင်တာနက် အသုံးပြုတဲ့ အသက် အရွယ် ကလည်း ငယ်သထက် ငယ် လာပါ တယ်။ နှစ်တန်း သုံးတန်း အရွယ်ဆို အင်တာနက် ကို ကောင်းကောင်း အသုံးပြု တတ်နေပါပြီ။ အဲလို ငယ်ရွယ် တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ် မတိုင်ခင် မဖြစ် သင့်တာ မဖြစ် ရအောင် စောင့်ကြည့်သင့် ပါတယ်။

နာမည်ကြီး ပုဂ္ဂလိကကျောင်း ရဲ့ ကျောင်းအုပ်ကြီးပြောပြ တဲ့ အဖြစ် အပျက်က စိတ်မသက်သာ စရာ ပါ။ သူ့ကျောင်း မှာ ခုနစ်တန်း ကျောင်းသား တစ်ယောက်ဟာ စာသင် ရင် ဘယ်တော့မှ ဂနာ မငြိမ် ပါဘူး။ စာကို လုံးဝ အာရုံမစိုက်နိုင် ဘဲ ကျောင်းဆင်းပြီ ဆိုတာနဲ့ ဟိုမိန်းကလေး လက် လှမ်းဆွဲ၊ ဒီ မိန်းကလေး လွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစ အနောက်သန်နေ ပါတယ်။ 
 
စာသင်တာ လုံးဝ စိတ်မ၀င်စားတဲ့ အတွက် သုည ရတဲ့ ဘာသာတွေလည်း များပါ တယ်။ သူ့မိဘတွေ ကတော့ သားကို အရမ်းချစ်တဲ့ သူတွေဖြစ်တာကြောင့် တစ်ရက် မပျက် ကျောင်းကို လိုက် ပို့ လိုက်ကြိုပေးတဲ့ အထိ ဂရုစိုက်ပါတယ်။ စာသင် တဲ့ ဆရာမတွေ က သူ့ကြောင့် ကျန် တဲ့ကျောင်းသားတွေ စာသင် တာ အနှောင့် အယှက်ဖြစ်ရတယ် လို့ တိုင်ကြား ကြတော့ ကျောင်း အုပ် က ခေါ်ယူ စစ်ဆေးရပါတယ်။

အဲဒီတော့ မှ ဆရာမတွေ မမြင်အောင် ဖွက် ထားတဲ့ ဖုန်း အကောင်းစား ကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက် က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်း ထားတာ တွေ့ရ ပါတယ်။ ပိုးစိုး ပက်စက် ရိုက်ထား တဲ့ ညစ်ညမ်းခွေတွေပါ။ 
 
ဒါကြောင့် ခုနစ်တန်း အရွယ် ကျောင်းသား တစ်ယောက်ဟာ စာကို အာရုံ မစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေ တာပါ။ ခုနစ်တန်း အရွယ်လောက် မှာ ဒီကိစ္စတွေကို အရမ်း စိတ်ဝင်စားနေ တာဟာ သူ့ အတွက်ရော သူ့ ပတ်ဝန်းကျင်က သူတွေ အတွက်ရော အန္တရာယ် များလှပါတယ်။ 
 
သူနဲ့ ပေါင်းသင်းနေ တဲ့ သူငယ်ချင်းတွေ လည်း ဒီလို အသစ် အဆန်း အာရုံတွေကို စိတ်ဝင်စား သွားနိုင် ပါတယ်။ သူတို့ ပတ်ဝန်းကျင် က မိန်းကလေးတွေ ဆိုရင်လည်း အခန့် မသင့်ရင် သူတို့ စမ်းသပ် စရာ သားကောင် ဖြစ်သွားနိုင် ပါတယ်။ တရားခံ ရှာရင်တော့ အင်တာနက် ပါပဲ။ မိဘတွေ က အင်တာနက် သုံးပြီး ဂိမ်းကစား တာပဲ ဆိုပြီး လွှတ်ထား ရာက ဒီလို ဖြစ်  လာရ တာပါ။ သုံးတတ်ရင်တော့ အင်တာနက် က တကယ့် ကောင်းချီး မင်္ဂလာပါပဲ။ မသုံး တတ် ရင်တော့ ကလေးတွေ အတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထား ဖို့ လိုပါတယ်။

ကျွန်မ မိတ်ဆွေ သူနာပြု ဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေ အကြုံကလည်း ကြက်သီးထ စရာပါ။ ငါးတန်း အရွယ် ယောက်ျားလေးနဲ့ နှစ်တန်း အရွယ် မိန်းကလေးနှစ်ဦး တို့ အရွယ် မတိုင်ခင် လိင်ကိစ္စ မဖွယ် မရာ ဖြစ်ကြပါတယ်။ 
 
အကြောင်းရင်း စစ်ကြည်တော့ ငါးတန်း ကလေးက အင်တာနက် ဆိုင်မှာ ဂိမ်းကစား ရင်း အခြား လူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်း ၀က်ဘ်ဆိုက်တွေ ကို မြင်တွေ့ပြီး အိမ်နီးချင်း ကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ် တာပဲ ဖြစ်ပါတယ်။ 
 
ဒါကြောင့် ဒီလို ကိစ္စတွေကို သူများ သားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင် ပါဘူး။ ကိုယ့် အိမ်မှာ အင်တာနက် သုံးတတ်တဲ့ ကလေး ရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေ အနေနဲ့ ကိုယ့် ကလေးတွေ ရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိ မသာ စောင့်ကြည့်ပေးသင့် ပါတယ်။

နောက်ပြီး သမီး မိန်းကလေး ကျောင်းသူ အရွယ်ရှိတဲ့ မိဘတွေ ပူပင် ရမှာကတော့ အင်တာနက် ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်း အရွယ် ကျောင်း သူလေးတွေ ဆို ချက်တင် စပြီး သုံးကြ ပါပြီ။ ကိုကိုတွေ ၊ ညီမလေးတွေနဲ့ အချိန် ကုန်နေ ကြ ပါပြီ။
 
 ကျောင်းနေ အရွယ်မှာ ချက်တင် ကနေ တစ်ဆင့် ရည်းစားထား တတ်လာပြီး စာဘက်မှာ အာရုံနည်း လာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင် တယ်ပြောပြော တစ်ခုခု မှာ အချိန်ပေး အာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့ အများတော့ ထိခိုက် တာပါပဲ။ 
 
သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်း မှာဆိုရင် ရည်းစား သနာ ကိစ္စကြောင့် ဂုဏ်ထူး သုံးလေး ခု ထွက်မယ့် ကလေးက သာမန်ပဲ အောင်ကြပြီး သာ မန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုး ဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာ သွား ပါ တယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြု ရမှာပါ။

ဘာပဲပြောပြော သားသမီး အတွက် တာဝန် အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေ လို့ အချိန် မရှိလို့ ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့် သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲ တချော် ဖြစ်သွားနိုင် ပါတယ်။ အင်တာနက် ကိစ္စမျိုး ဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံး ချ တတ်အောင် မိဘတွေ က တည့်မတ် လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာ မကပါဘူး။ နိုင်ငံရဲ့ ပညာရေး စနစ်ကလည်း ဒီလို ကိစ္စရပ်တွေမှာ မှန်မှန် ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ မှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက် ကလေးတွေကို လိင်မှု ကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ် မရောက်အောင် (sex education) သွန်သင်ပြ တာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လို အရာတွေက သူတို့ အတွက် အထောက် အပံ့ပေးပြီး ဘယ် အရာတွေက အဆိပ်အတောက် ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာ လုံးမှာ အင်တာနက် ကို သုံးပြီး ပညာ ရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီ တဲ့ နည်းပညာတွေ ပေါ်ထွက်လာမှု ကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်း အမြစ်တွေ လို ကွန်ရက် နည်းပညာတွေဟာ ကလေးတွေ ရဲ့ အသုံးချ မှုပေါ် မူတည်ပြီး အကောင်း အဆိုး ရလဒ် ကွဲပြား သွားနိုင်တာကြောင့် မိဘတွေ အနေနဲ့ အလေး အနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။
 Mizzima 
 From:Myanmar Daily Star


No comments:

Post a Comment