Friday, October 24, 2014

ပင်လယ် ခရုခွံ ဟာ ဘာကြောင့် ပင်လယ်သံ မြည်သလဲ

 
 
 
ပင်လယ် ခရုခွံ ကို နားမှာ ကပ်ပြီး နားထောင်ရင် ပင်လယ်လှိုင်း သံတွေ ကြားရသည်။ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ် နားထောင်ရင် ပင်လယ်လှိုင်း သံ ကြားရသည်။ ထိုသို့ ဘာကြောင့် ကြားရသနည်း။ 

ခရုခွံ ထဲမှာ ပင်လယ်ကြီး ရှိနေလို့လား မေးစရာ ဖြစ်သည်။ အမှန် မှာ ထိုသို့မဟုတ်။ ပင်လယ် ခရုခွံ သည် ကိုယ့်ဘေးဝန်းကျင် က အသံ များကို စုစည်း ကာ ပြန်ထုတ်ပေးခြင်း ဖြစ်သည်။ 

ထွက်လာသော အသံ သည် တိုက်ဆိုင်စွာ ပင် ပင်လယ်သံနှင့် ဆင်တူနေခြင်းဖြစ် သည်။ ဘေး ၀တ်ဝန်းကျင် က အသံ အတော် များများ (အထူး သဖြင့် သေးငယ်သော အသံ အမှုန် အမွှားလေး များ) ကို လူသား သည် ဂရုပြု နားဆင်ခြင်း မရှိလျှင် မကြားသလို ဖြစ်နေတတ် သည်။ 


 
ခရုခွံ ၏ အတွင်းပိုင်း ဖွဲ့စည်းပုံ က ရှိသမျှ အသံများ ကို စုစည်း ပေါင်းစပ်ပေး နိုင်စွမ်းရှိပြီး တစ်ခု တည်းသော အသံ အဖြစ် ပြန်ထုတ်ပေးရာ ထို အသံသည် ပင်လယ်သံနှင့် ဆင် တူနေခြင်း သာ ဖြစ်သည်။

လူသား အနေဖြင့် ဘေးပတ်ဝန်းကျင် က အသံ မှုန်မွှားလေး များ ကိုပါ ကြားလိုပါက အသံကို ချဲ့ပေးမည့် ကိရိယာ တစ်မျိုးမျိုး လိုအပ်သည်။ ငွေ မကုန်ဘဲ အသံချဲ့စက် နမူနာ တစ်ခု စမ်းသပ် လိုပါသလား။

 နှုတ်ခမ်း ကို အင်္ဂလိပ် အက္ခရာ “အို”ပုံစံ ဖြစ်သွားအောင် ခပ်ဖွင့်ဖွင့် ဟပြီး ပါးစပ် ကို ဖောင်း ထားပါ။ ဖောင်းထားသော ပါးနှစ်ဖက် ကို လျှာနဲ့ ခပ်သွက်သွက် ထိုး ကလော်ကြည့်ပါ။ ဂီတ နုတ်သံ တစ်ခုကို ကြားရလိမ့်မည်။

 နှုတ်ခမ်း“အို”ကို အကျဉ်း အကျယ် အမျိုးမျိုး ချိန်ပြီး လျှာကို အလားတူ လုပ်ကြည့်ပါ။ နောက်ထပ် ဂီတ နုတ်သံကွဲ များ ထပ်ကြားရဦးမည်။ တစ်ပေါက်သာ ဖွင့်ထားသော အလုံပိတ် ရပ်ဝန်းထဲ တွင် လေများ လှုပ်ရှား တုန်ခါခြင်းကြောင့် ထွက်လာသည့် အသံသည် အခြေခံ နုတ်သံများ ဖြစ် သည်။

ပင်လယ် ခရုခွံ ၏ အတွင်းပိုင်း တွင် အသံများ အမျိုးမျိုး ရိုက်ခတ် တုန်ခါစေမည့် ဖွဲ့စည်းပုံရှိ သည်။ ပတ်ဝန်းကျင် မှ အသံ အသေးအမွှားလေး များသည် ပင်လယ် ခရုခွံ ထဲ ၀င်သွားပြီး အလုံပိတ် ရပ်ဝန်း ထဲတွင် အမျိုးမျိုး တုန်ခါ ရိုက်ခတ်ကာ ပို၍ ကျယ်လောင် လာသည်။ 

ထိုအခါ လူသည် အလွယ် တကူ ကြားနိုင်သော အဆင့် သို့ ထို အသံများ ရောက်လာပြီး နားက ကြားရခြင်း ဖြစ်သည်။ ပင်လယ်ခရုခွံ ၏ အတွင်းပိုင်း ဖွဲ့စည်းပုံ သည် အသံချဲ့စက် အလား ရှိသည်။ 

ပင်လယ် ခရုခွံ များ၏ အတွင်းပိုင်း ဖွဲ့စည်းပုံ ကွာခြားချက် အလိုက် အသံလှိုင်းတို လှိုင်းရှည်များ ကွာခြားနိုင်ရာ ထွက်လာသည့် အသံက နည်းနည်းစီ ကွာသွားနိုင်သည်။ ပင်လယ် ခရုခွံ ကို နားနဲ့ ကပ်ပြီး နားထောင် ကြည့်လျှင် ပင်လယ်သံ ကြားရခြင်း ကား ခရုခွံများ ထဲတွင် အသံများ တုန်ခါ ကျယ်လောင်ပြီး ပြန်ထွက် လာသော အသံသည် တိုက်ဆိုင်စွာပင် ပင်လယ်သံနှင့် ဆင်တူနေခြင်း သာ ဖြစ်သည်။ 

အသံ အသေး အမွှားများပါ ပြန်ကန် ကာ ကျယ်လောင်စွာ ထွက်လာအောင် ဖွဲ့စည်းထားသော ခရုခွံ အတွင်းပိုင်းကို အသာထား။ ဖန်ခွက် ကို နားနား ကပ်ပြီး နားဆင် လျှင်ပင် ကျယ်တက် လာသော အသံသေးမွှားများ ၏ အသံကို ကြားရလိမ့်မည်။ 

ထို့ထက် ပိုရိုးရှင်း လိုလျှင် လက်ကို ခွက်ပြီး နားမှ ကပ်ထားပါ။ အသံသေးမွှားလေး များ ပိုကျယ် လာတာ သေချာ ကြားရမည်။ ဖန်ခွက်၊ လက်ခွက် တို့ကား ခရုခွံလောက် အတွင်းပိုင်း ဖွဲ့စည်းပုံ မရှုပ်ထွေး သဖြင့် အသံ ပြန်ကန်နှုန်း နည်းကာ ခရုခွံ လောက်တော့ အံ့လောက်စရာ ပင်လယ် သံမျိုး ကြားရမည် မဟုတ်။


Ref: Why Shells Sound Like the Ocean by Matt Soniak (Mental Floss)
messenger
From...Search Myanmar


 

No comments:

Post a Comment