ကျွန်တော် ငယ်ငယ် က မီးရထား စက်ခေါင်းတွေ ကို တော်တော် သဘော ကျပါတယ်။ ပြောမယ့် သာပြော တာ.. တကယ်တမ်း ကျွန်တော်မွေးဖွား ကြီးပြင်း တဲ့နေရာ နဲ့ ဝန်းကျင် က မီးရထား နဲ့ ဘာမှ ပတ်သက် ဆက် စပ်ခြင်း မရှိပါဘူး။
ကျွန်တော်မွေးတာ က မန္တလေးဈေးချိုတော် အနောက်ဘက် အိမ်တော်ရာ ဘုရားတောင်ဘက်မုခ် က ဆင်းရဲ သား ရပ်ကွက်လေး မှာပါ။ ကျွန်တော့် အသိုင်း အဝိုင်း ထဲမှာလည်း မီးရထား ဝန်ထမ်း၊ မီးရထား နဲ့ ပတ်သက် တာ တစ်ယောက်မှ မရှိပါဘူး။ မီးရထား နဲ့ ခရီးသွားတာ ကလည်း တစ်နှစ် မှ တစ်ခေါက်တောင် အနိုင်နိုင်ပါ။ ဒါကလည်း မိဘတွေ ဇာတိဖြစ်တဲ့ ဘုတလင် ဘက် ကို နွေအခါ မှာပြန်ဖြစ်တာပါ။
ဟုတ်ပါတယ်။ တစ်နှစ် မှ တစ်ခါ ဆိုသလို မီးရထား စီးဖြစ်တဲ့ အချိန် မှာပဲ
မီးရထား စက်ခေါင်းတွေကို စိတ်ဝင် စား သွားတာ ပါပဲ။ ကျွန်တော့် ဖခင် ဟာ
ခရီးထွက်ရင် အလွန် ဝီရိယကောင်းလှပါတယ်။ မန္တလေး-ဘုတလင် လော်ကယ် က နံနက် ၅
နာရီခွဲလောက် မှ ထွက်တာပါ။
ဒါပေမယ့် အိမ်တော်ရာ ဘုရား တောင်ဘက်မုခ် အနီး နေအိမ် ကနေ မိုးမလင်းခင် နာရီပြန်နှစ်ချက်ခွဲ သုံးနာရီ လောက် ကတည်း က ကိုသန်းလေး မြင်းလှည်း နဲ့ ဘူတာ ကို ထွက်ဖြစ်ပါတယ်။ ဒီတော့ ဘူတာ ထဲရောက်နေတာ နံနက် အရုဏ်တက် လေးနာရီ ဆိုတာ နောက်အကျဆုံးပါ။
မီးရထား လက်မှတ် ဝယ်အပြီး မန္တလေး ဘူတာကြီး တောင်ဘက် အစွန် စက်ခေါင်းရုံ နားမှာ
တွဲထိုး ထားတဲ့ ဘုတလင်လော်ကယ် ရထား တွဲဆိုင်းပေါ် ဘယ် ခရီးသည် မှ မရောက်သေးခင်
အမှောင် ထဲမှာ ခြင် တဖျပ် ဖျပ် ရိုက်ရင်း ထိုင်နေရတာပေါ့။ ကျွန်တော် က
ကလေးအရွယ် ဆိုတော့ အမှောင်ထဲ က မီးရထားတွဲထဲ တစ်နာရီလောက်ကြီး
ဘယ်မှာ ထိုင်ချင်ပါ့ မလဲ...။
တွဲအောက် ဆင်းပြီး ဟိုသည်ကြည့်ချင် တာပေါ့။ ဒီတော့ စက်ခေါင်း ရုံနဲ့ အနီးအနား ဆိုတော့ အခြား စင်္ကြန် တွေ မှာ တွဲထိုး ထားပြီး ထွက်တော့မယ့် ရထားတွဲတွေ အတွက် မီးရထား စက်ခေါင်းကြီး တွေပြင် ဆင်နေတာ၊ ရှန်တိန် လုပ်နေတာတွေ ကိုကြည့်ရတာ ပျော်စရာကောင်းလှတယ်။ မည်းမည်း နက်နက် စက်ခေါင်းကြီးတွေ က မီးရဲရဲ၊ ရေနွေးငွေ့တထောင်းထောင်း၊ မီးခိုး တလူလူ နဲ့ ဥသြများ ဆွဲလိုက်ရင် လန့် သွား တာကို က ပျော်စရာပါ။
အသားမည်း သလောက် ဖွေးဖွေး လက်နေတဲ့ ယူနီဖောင်း ကို ကျကျနန ဝတ်ပြီး မီးရထား စက်ခေါင်းကြီး တွေပေါ် ကနေ မောင်းတံကြီးတွေ ဆွဲ၊ သံလက်ကိုင် ဘီးတွေ လှည့်၊ သံကြိုးကြီး တွေဆွဲပြီး စက်ခေါင်းကြီး ကို မောင်းနှင်နေတဲ့ စက်ဗိုလ်ကြီးတွေ ကိုလည်း သဘောကျ တယ်။
မောင်းတံကြီးများ ဆွဲလိုက် ရင် ရေနွေးငွေ့တွေ မှုတ် ထုတ်ပြီး ဧရာမ မီးရထား ဘီးလုံး ကြီးတွေက မောင်း တံ ကြီး တွေ အ လှုပ် အရှားနဲ့ လည်ပတ်ပြီး စက်ခေါင်းကြီး ထွက်သွားတာ... နောက်ပြန် ဆုတ်သွား တာ။ ခေါင်းပေါ် က သံကြိုးလေး ဆွဲလိုက်ရင် 'တူ'ခနဲ ဥသြသံကြီး မြည်ဟည်း သွား တာတွေလည်း စိတ်ဝင် စားစရာကောင်းတယ်။
ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ မီးရထား စက်ခေါင်းကြီး ရဲ့ ပုံပန်းသဏ္ဌာန်၊ စက် ပစ္စည်းများ အလုပ်လုပ် ပုံတွေ ကို ကြည့်မဝ၊ ရှုမဝဖြစ်ရတယ်။ ဒီ မီးရထား စက်ခေါင်းကြီးတွေ ရဲ့ ပုံသဏ္ဌာန်တွေ ကို သဘောကျလို့ မှတ်သားဖန် များ လာတော့ ပန်းချီ ဝါသနာပါစ၊ ကျွန်တော့် ပန်းချီလေ့ကျင့်ခန်း ဟာ အခြား သူတွေ နဲ့မတူဘဲ မီးရထား စက်ခေါင်းကြီး ရဲ့ ရှေ့တည့်တည့် အမြင်၊ ဘေးတိုက် အမြင်၊ ဘေးတစောင်း အမြင် ပုံတွေများတယ်။
ရေနွေးငွေ့စက်ခေါင်းကြီး က ဥသြသံ ပေးရင်း မီးခိုးတွေ မှုတ်ထုတ် ကာ နောက်ပြန် ဆုတ်ခုတ်မောင်း လာ ရင်း ကျွန်တော် တို့ စီးမယ့် ဘုတလင်လော်ကယ် ရထားတွဲဆိုင်း ကို 'ဂျိမ်း'ခနဲ တွန်းလိုက်ပြီး မီးရထား အလုပ် သမားတွေ က တွဲကို ချိတ်ဆက် လိုက်မှပဲ ကျွန်တော့် ကို ရထားတွဲပေါ် အဖေ ကပြန်တက် ခိုင်းတယ်။
ဒါပေမယ့် စက်ခေါင်း ချိတ်ပြီး အနည်းဆုံး နာရီဝက်လောက်ကြာ မှ ရထား ထွက်မှာ မို့ ကျွန်တော်က တွဲပေါ် မတက် ချင်သေးဘူး။ မီးရထား စက်ခေါင်းကြီးကို ကြည့်ချင်နေသေး တယ်။ နောက်ဆံ တငင်ငင် နဲ့ပေါ့။
တွဲပေါ်ကျန်ရစ်တဲ့ အမေ က စိတ်ပူ လို့ တွဲပေါက်ကခေါင်းပြူပြီး တွဲပေါ်တက် ဖို့ တစာစာအော်ခေါ်နေ ပြီလေ...။
မီးရထား တွဲပေါ်ရောက် မီးရထားထွက်ပြီ ဆိုရင် မြို့ဟောင်း ဘူတာ က အထွက်ရောက်တော့ ကိုယ်စီးတဲ့ ရထား တွဲရဲ့ ညာဘက်ခြမ်း ကနေ ပြတင်း ပေါက်မေးတင်ပြီး အနောက်ဘက်ကွေ့ဝိုက် သွား တဲ့လမ်း အတိုင်း ရှေ့က မီးခိုး တလူလူ နဲ့ ခုတ်မောင်း သွားတဲ့ မီးရထား စက်ခေါင်းကြီး ကို မမေ့မလျော့ ကြည့်ရသေး တယ်။
မြို့ဟောင်း ဘူတာ က အထွက် မှာ တည့်တည့် သွားတာ က ရန်ကုန်လမ်း မဟုတ်လား။ ဘုတလင်-မုံရွာ သွားတဲ့ လမ်း က အနောက်ဘက် ကွေ့ဝိုက် ချိုးသွားတာလေ။ အဲဒီ လို လမ်းအကွေ့ကို ပဲ အမရပူရ ဆိပ်ကမ်း ဘူတာက အထွက် စစ်ကိုင်း တံတား အဝင် မှာလည်း ရှိတော့ အားမရသေးဘဲ ထပ်ကြည့်ရပြန် တယ်။
စစ်ကိုင်း တံတား သံမဏိ ခုံးကြီးအောက် မီးရထား စက် ခေါင်းကြီး ဝင်သွားတာ က ပိုကြည့် ကောင်းတာကိုး ...။ စစ်ကိုင်း က ကျော် တော့ ကျွန် တော် မ ကြည့် နိုင် တော့ ဘူး။ ရ ထား တောက် လို့ အမေ့ ရင်ခွင် ကြား ခေါင်းတိုး ဝင် ပြီး အိပ်ရပြီလေ...။