Showing posts with label ၀တ္ထုတို ကဏ္ဍ. Show all posts
Showing posts with label ၀တ္ထုတို ကဏ္ဍ. Show all posts

Tuesday, June 25, 2019

အ န်​ တီေ အး ( ၀တ္ထုတို)



(၁)
"ဒန်​အိုး​ပေါက်​​​ ဒယ်​အိုး​ပေါက်​ ​ရေသန့်​ဘူးခွံ ဘီယာဘူး ပလပ်​စတစ်​ပစ္စည်း​တွေ ဝယ်​တယ်​"

မနက်​ ၁၁ နာရီ​လောက်​ အိမ်​​ရှေ့မှာ ဒီအသံကြားရပြီဆိုရင်​ ​သေချာပြီ အန်​တီ​အေး ပင်​ဖြစ်​သည်​။ အန်​တီ​အေးသည်​ ကျွန်​​တော်​တို့အိမ်​​ရှေ့​ရောက်​ရင်​ တစ်​​ခေါက်​နားပြီး ​မေ​မေ့အား ...

"အမ ကျွန်​မရေ​သောက်​အုံးမယ်​" ဟု​ပြောကာ ရေ​သောက်​ပြီး​ မေ​မေနဲ့ ခဏစကား​ပြောကြ သည်​။ ကျွန်​​တော်​၏ ညီအငယ်​ဆုံးကိုလည်း အန်​တီ​အေးက အရမ်းချစ်​သည်​။ မေ​မေနဲ့စကား​ပြောပြီးလို့ပြန်​ခါနီးလျှင်​ ကျွန်​​တော့်​ညီ​လေးအား ငယ်​​လေး ဘာ​ရောင်းစရာရှိ​သေးလည်းဟု​ မေးတက်​သည်​။ ညီ​လေးကလည်း ​ရောင်းစရာ​တွေရှိရင်​ သူများ​တွေကိုမ​ရောင်းဘူး။ အန်​တီ​အေးလာမှ​ ရောင်းတတ်သည်​။ 

အန်​တီ​အေးသည်​ ဒီအလုပ်​ လုပ်​​သော်​လည်း ဆင်းရဲသူတစ်​​ယောက်​မဟုတ်​ပါ။ ရင်​ဝ​လောက်​ရှိတဲ့ ဆွဲကြိုးကြီးနဲ့ လက်​​ကောက်​​တွေနဲ့ ပိုက်​ဆံရှိသည်​။ အလုပ်​ မလုပ်​ရရင်​ မ​နေတက်​​သော​ကြောင့်​ ရတဲ့ အလုပ်​​လေး ထွက်​ခြင်းဖြစ်​သည်​။ 

အန်​တီ​အေးသည်​ ဒီအလုပ်​ကို ကျွန်​​တော်​​ကျောင်းသားဘဝထဲက လုပ်​ခြင်းဖြစ်​သည်​။ အန်​တီ​အေးတွင်​ သား နှစ်​​ယောက်​ သမီးတစ်​​ယောက်​ရှိသည်​။ အားလုံးက အိမ်​​ထောင်​သည်​​တွေဖြစ်​သည်​။ အန်​တီ​အေးက သူ့သမီးနဲ့သူ​မြေး​လေးနဲ့ အတူ​နေသည်​။


Thursday, December 7, 2017

လယ်သမား နဲ့ မြေခွေး


 
တစ်ခါက မြေခွေး တစ်ကောင်ဟာ လယ်သမား တစ်ယောက်ရဲ့ ကြက်ခြံထဲက ကြက်တွေကို အမြဲ လိုလို  ၀င်ဆွဲလေ့ ရှိတယ်။ အဲဒီလို လုပ်နေတဲ့ အတွက် လယ်သမားဟာ မြေခွေးကို အင်မတန်မှ မုန်းတီး စက် ဆုတ်ခဲ့ပါသတဲ့။

 မြေခွေးကို အမိ ဖမ်းမိရင်တော့ ကောင်းကောင်း လက်စားချေဖို့အတွက် တေးမှတ်ထားတယ်။ တစ်နေ့တော့ လယ်သမားဟာ မြေခွေးကို ထောင်ချောက်ဆင်ပြီး အမိ ဖမ်းလိုက်နိုင်တယ်။

အဲဒီ အခါမှာတော့ သူဟာ ကြိုးတစ်ချောင်းကို ဆီအိုးထဲမှာ ရွှဲနစ်နေအောင်စိမ်လိုက်တယ်၊ ပြီးတဲ့အခါ မြေခွေးအမြီးမှာ ပူးချည်ပြီး မီးရှို့လိုက်တော့တယ်။ မီးလောင်နေတဲ့မြေခွေးဟာ လယ်သမားရဲ့ ရိတ်သိမ်းလု ဆဲဆဲ ဂျုံခင်းထဲကို ဖြတ်ပြေးခဲတယ်။

အဲဒီအခါမှာတော့ လယ်သမား တစ်ရာသီလုံး ကြိုးစား စိုက်ပျိုးလာခဲ့ရတဲ့ ဂျုံခင်း တစ်ခုလုံး မီးလောင် သွားခဲ့ရတယ်။
 

Saturday, April 29, 2017

ရေခဲခြစ် နှင့် ရေခဲချစ်



မစိန်မြ က မာဆတ်ဆတ် ခေါ်သည်။ အိမ်ခါးပန်းကို ခေါင်း အုံးပြီး အိပ်နေသော လင်တော် မောင် ကိုရေခဲအား ခပ်စူးစူးကြည့် သည်။
‘‘ဘာလဲဟ’’
ကိုရေခဲ က သူ့လက်ထဲမှ ဆေးလိပ်တို ကို နို့ဆီခွက် လွတ်ထဲ လှမ်းထည့်ရင်း ပျော့နဲ့နဲ့ ထူးသည်။
‘‘ဒီကောင် ဖျားနေတာ ကြာ လှပြီတော့’’
‘‘ဟုတ်လား’’
‘‘ချောင်းကလည်း တစ်ဟွတ် ဟွတ်နဲ့’’
‘‘အေး’’
‘‘လည်ပင်း ကလည်း နာ တယ်တဲ့’’
‘‘ဟုတ်လား’’
‘‘တစ်ခုခု လုပ်မှ ဖြစ်မယ်’’
‘‘ဟေ ဘာလုပ်ချင်လို့လဲ’’
‘‘ဆေးခန်းလေး ဘာလေး သွား၊ ဆရာဝန်လေး ဘာလေး ပြကြည့်ဦးပေါ့’’
‘‘သွားလေကွာ’’
‘‘ဟင်း သွားတာက လွယ် လိုက်တာ၊ ဘယ်မလဲ ပိုက်ဆံ’’
‘‘ဟင် မနေ့က အစိတ်က ကော’’
‘‘ဆန် ဝယ်ရတယ်။ ဆီ ဝယ်ရ တယ်။ အကြီးကောင်ကြီး စာအုပ် ဖိုး ပေးရတယ်။ တော်ပြန်ယူသွား တာက ငါးကျပ်။ မနက်က ဟင်း ချက်ဖို့ ငါးဝယ် ရတာက ခြောက် ကျပ်။ အခု ကျုပ်လက်ထဲမှာ သုံး ဆယ့် ငါးပြားပဲ ရှိတော့တယ်’’
‘‘ဒါဆိုရင်လည်း နက်ဖြန်ကျ မှပဲ သွားတော့ပေါ့ကွာ’’
ကိုရေခဲ ခပ်အေးအေးပြော ကာ မီးငြိမ်း ခါနီးနေသော ဆေး လိပ်တို ကို ပြန်၍ကောက်ယူသည်။ မျက်စိ ကို မှေးပြီး ဆက်တိုက် ဖွာရှိုက်သည်။
‘‘ကိုရေခဲနော် ရှင်က ဖအေ သိရဲ့လား။ ဖအေ ဆိုတာ ဖအေ စကားပြော။ အဖျားအနာ ဆိုတာ နက်ဖြန် သန်ဘက်စောင့်လို့ ရသလား။ တော်ကြာ ဆိုးသည်ထက် ဆိုးလာတော့ ဘယ့်နှယ် လုပ်မလဲ’’
‘‘ဩော်.. မိန်းမရယ်၊ ငါ လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ငါ ရှာလို့ ရသမျှ တစ်ပြား မကျန် အ ကုန် အပ်နေတာပဲ။ ဒီကြားထဲက မလောက်ဘူး၊ ဆေးတိုက်သွား စရာ ပိုက်ဆံ မရှိဘူးဆိုတော့ ငါ ဘာလုပ်ရမလဲ။ ဓားပြ ထွက် တိုက် ရမှာလား’’

ကိုရေခဲ စိတ်ညစ်ညူးစွာ ပြောသည်။ သူ့ကို မျက်စောင်းကြီး ခဲ၍ ကြည့်နေသော မိန်းမ အား ခပ်စွေစွေ လှမ်းကြည့်ရင်း သက် ပြင်းချသည်။

‘‘တော့်ကို ပြောလိုက်ရင် ဒါ မျိုး ချည်းပဲ။ တော်ရှာလို့ ရသမျှ ပိုက်ဆံလေး တစ်ပဲခြောက်ပြားကို မှန်မှန်အပ်နေတိုင်း တော့်ကိုယ် တော် တစ်ကယ့် လင်ကောင်း လင် မြတ်ကြီး ထင်မနေနဲ့’’
မစိန်မြက အော်သည်။ သူ့ ပေါင်ပေါ် ဖက်တက်နေသော အ ငယ်ဆုံးကောင် ကို လက်နှစ်ဖက် ဆွဲပြီး ကြမ်းပြင်ပေါ်သို့ ဆောင့်ချ လိုက်သည်။
‘‘ငါ့မှာ ပေါ့ပေါ့ ပါးပါးမဟုတ် ဘူးဟဲ့။ ဗိုက်ထဲမှာ တစ်ကောင် ရှိ သေးတယ်။ အားတိုင်း ယားတိုင်း ကုတ် ကတ် တက်မနေကြနဲ့၊ တစ်ကတဲ’’
ဟူသော အသံနှင့် အတူ မြီး ညောင်းရိုး အောင့်သွားသော အ ငယ်ကောင် ၏ အသံက ပါ ပြိုင်ပြီး ထွက်လာသည်။
‘‘တော်ကြီးကြောင့် လူဖြစ် လာတဲ့ သတ္တဝါတွေ ကြည့်စမ်း။ အပြင်မှာက လေးကောင်၊ ဟော ဒီက ဗိုက်ထဲမှာ တစ်ကောင်။ တော်ကြီးရတဲ့ လခ က တစ်လမှ သုံးရာ ရယ်၊ ကဲ.. ဒီ ပါးစပ်ပေါက်တွေကို ဝအောင် ဘယ်လိုကျွေးရမှာလဲ’’
ကိုရေခဲ သက်ပြင်းချမိပြန် သည်။
‘‘ဒါကတော့ မင်း စီမံသမျှပဲ မဟုတ်လား မိန်းမရယ်။ ငါလည်း အပိုတစ်ပြား မသုံးပါဘူး။ မင်း ကန်စွန်းရွက်နဲ့ ကျွေးလည်း မျိုချ လိုက်တာပဲ။ ငါးပိရေနဲ့ ကျွေး လည်း မျိုချလိုက်တာပဲ။ အသား စားမယ်၊ ငါးစားမယ် ပြောဖူး သလား။ ငါသိပ်ကြိုက်တဲ့ ဝက် ခေါင်းသုပ်တောင် ငါးမူးဖိုး လောက် ဝယ်ဖူးသလား’’
ကိုရေခဲ သူ့ပုံစံ အတိုင်း ခပ် ပျော့ပျော့ ပြောသည်။ သူ့ကို စူး စူးဝါးဝါးကြည့်နေသော မိန်းမ အား ပြန်မကြည့်ဘဲ သူ့မိန်းမ ၏ စွဲချက် အတိုင်း သူ့ကြောင့် လူဖြစ် လာသော သတ္တဝါလေးကောင်ကို  လှမ်းကြည့်သည်။
(၅)နှစ်ခွဲ အရွယ် အကြီးဆုံး ကောင်က စာရွက်လွတ် တစ်ရွက် ပေါ်တွင် ခဲတံတို တစ်ချောင်းနှင့် အရုပ်ရေးနေ သည်။ သူ့ အနားတွင် ဖျားနေသည် ဆိုသော နို့ညှာ ကောင်က ထိုင်နေသည်။ ခန္ဓာ ကိုယ် အပေါ်ပိုင်းတွင် ဖလန်နယ် အင်္ကျီလေးကို ဝတ်ထားသော် လည်း အောက်တွင်တော့ ဘောင်း ဘီတိုလေးပင် မပါ။ 

အလတ်မလေး ကတော့ (၄)နှစ်ကျော်ကျော် ပင် ရှိသေးသော်လည်း မိန်းက လေးမို့ သိတတ်သည်။ ငိုနေသော မောင်အငယ်ဆုံးလေးကို လာပြီး ချော့နေသည်။ မနိုင့် တစ်နိုင်နှင့် ဆွဲ၍ ချီသည်။
‘‘အင်း နောက်လေးငါးလ ဆို ရင် နောက် တစ်ကောင် ရောက် လာဦးမယ် " "ဘာတတ်နိုင်ပါ့မလဲ ကွာ။ ဘုရားပေးတာ မတား ကောင်းပါဘူး" 

ဒီမိန်းမ ကလည်း လူမဟုတ်ဘဲ ဝက်သာ ဆိုရင် ဘယ်လောက် အဖိုး တန် မလဲမသိဘူး။ သားပေါက်က ကောင်းလိုက်တာ။ တစ်သား နဲ့ တစ်သားကလည်း နီး လိုက်တာ လွန်ရော။ နောက်ပြီး ငါ့ကို ချည်းပဲ တော်ကြီးကြောင့် တော်ကြီးကြောင့်နဲ့ လက်ညှိုးထိုး တော့တာပဲ’’
သူက တွေးရင်း ပြုံးမိသည်။ ထို့နောက် လက်ဝဲ နံတောင်းမှ လက်ယာ နံတောင်းသို့ ပြောင်း ၍ အိပ်ရန် ဟန်ပြင် သည်။ သို့သော် မိန်းမ က ‘‘အဲဒါ ဘယ်လို လုပ်မတုံး တော့’’ ဟု ခပ်ဆောင့်ဆောင့် အော် လိုက်တော့ သူလန့်သွားသည်။ ဘာကို ဘယ်လိုများ လုပ်ချင်လို့ ပါလိမ့်ဟု အပြေးအလွှား စဉ်းစား ရင်း မျက်တောင် ကို တစ်ဖျတ်ဖျတ် ခတ်သည်။


Tuesday, November 29, 2016

ရှင်ကွဲ (နုနုရည် .. အင်းဝ)



အဖေ့ ကို သတိရလိုက်တာ 

တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ ၀င်လိုက်တာနဲ့ အိမ်ရဲ့ အနံ့ ကို ကျွန်မ ရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက် ချထားတဲ့ ကောလိပ်ကျောင်းသူ ဘ၀ နဲ့ ပြန်လာတုန်းကလည်း သည် အနံ့ပါပဲ။ 

လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့ အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မ ပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေး ထဲမှာ နဖူး ဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက် ငါးဆယ်ကျော် မိန်းမတယောက်။ 

အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ် အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီး ရယ် ရှိတယ်။ ၀မ်းနည်း စရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာ နဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မ ရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မ ရင်တွေ တစ်ဒိတ်ဒိတ် ခုန်လာတယ် ။ အမေ ... အမေ့ ကို ကျွန်မ ဘယ် လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ် ဆိုတဲ့ အငယ်ဆုံး သမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာ ပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနား ကနေ မမကြီး ကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့ ။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲ ကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေ နဲ့ အမေ့ အိပ်ခန်း။

' ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့ '

မျက်နှာထား တင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်း နဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မ ရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တစ်နှစ် အတွင်းမှာ ပြောင်းလဲ သွားတာကတော့ မမကြီး ရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။

မနှစ်က အဖေ နဲ့ အမေ ရဲ့ ရှစ်ဆယ့် ကိုးနှစ်ပြည့် မွေးနေ့ အလှူမှာတုန်းက မမကြီး ဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ် မတင်တဲ့ အစ်မနှစ်ယောက် ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့် ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နား နီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'

'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်က ဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့ တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'

ကျွန်မရင်ထဲ တစ်မျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေ ရော မမကြီး ဘယ်လိုလဲဟင်'

အလျင်စလို မေးလိုက်တဲ့ ကျွန်မ ကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေ နဲ့ အမေ အိပ် ခန်း ထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေ နဲ့ အမေ နဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်း အခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူး ကတော့ ဒီလိုပါပဲအေ၊ အမေ က အဖေ့ ကို လုံးလုံး မမှတ်မိတော့ဘူး'

'ဘာရယ်'
အို.... တစ်ကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေ ကလား။ အဖေ့ ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'

အားကိုး တိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မ စကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ ကို သွားခေါ်လိုက်ဦးမယ်၊ ညည်း အဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကို ကြီး တို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီး ခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက် ကုလားထိုင်လေးပေါ်မှာ ကျွန်မ ကိုယ်ခန္ဓာ ကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရား မရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မ ရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။

'ဗုဒ္ဓယဉ်ကျေးမှု အခြေခံ' တဲ့။ စာအုပ် ရဲ့ ပထမစာမျက်နှာမှာ မမကြီး နဲ့ အဖေ တို့ အမေ တို့က မုန်းတဲ့ ကျွန်မချစ်လင် ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေး ရဲ့ အသက် ငါးဆယ်ပြည့် မွေးနေ့ သို့' တဲ့။ ဘုရား ရှိမခိုးတဲ့၊ ဘုရားစာ မရတဲ့၊ တရားလဲ မထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မ ချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့ လက်ဆောင်။ လွန်ခဲ့တဲ့ တစ်ပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မ ရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မ အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ ကျွန်မ ရဲ့ ချစ်လင်။


Friday, November 11, 2016

တုတ် တစ်ချောင်း ၏ နောက်ဆက်တွဲ

                                                          ကာတွန်း ဖေသိန်း


ကျနော့်  ငယ်နာမည် "ဘိုနီ" အနေနှင့် ကျောင်းစနေခဲ့ သော်လည်း အမျိုးသား ကျောင်းသို့ ပြောင်းသော အခါ ဇာတာ နာမည် အတိုင်း " ဖေသိန်း " ဖြစ်လာ ပါသည်။

မြူနီစီပါယ် ကျောင်းသည် အင်္ဂလိပ် အစိုးရ၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိ၍ အမျိုးသားကျောင်းမှာ မြန်မာ အမျိုးသား တို့၏ ကိုယ်ပိုင် ဖြစ်ပြီး နယ်ချဲ့ စနစ်ကို ဆန့်ကျင်သော ကျောင်း ဖြစ်ပါသည်။ မြူနီ စီပါယ် ကျောင်းတုန်းက "God Saves The King" ဗြိတိသျှ ဘုရင် ဧကရာဇ် မင်းမြတ်၏ ဘုန်းတော်ဘွဲ့ သီချင်း ကို မြန်မာလို "ကော်ပီ" သီဆို ခဲ့ရသည်။ အမျိုးသားကျောင်း ရောက်လာ သောအခါ …....
"အရှေ့က နေ၀န်း ထွက်သည့် ပမာ ပ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ တို့ … ဗမာ" ဟု အစချီပြီး ….
"ကမ္ဘာ မကြေ၊ ဗမာတွေ၊ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ" ဟူသော အမျိုးသား သီချင်းကို သီဆို ကြရသည်။
သီချင်း ဆိုလျှင် မထစ်သော ကျနော့် အဖို့ အမျိုးသား သီချင်း ကို အားမာန် အပြည့်နှင့် သီဆို ရသည်မှာ ကြက်သီး မွှေးညင်းပင် ထပါသည်။

ကျောင်းဆရာကြီးမှာ ဦးရွှေကျော် ဖြစ်၏။ ကျနော် တက်ရသော အတန်းမှာ (Special Class) ဖြစ်၍ အင်္ဂလိပ်စာ ကိုသာ အဓိက သင်ကြား ပါသည်။ အတန်းပိုင် ဆရာမှာ ဦးသိန်းဖေ ဖြစ်ပါသည်။ ဤတွင် ဆရာ "သိန်းဖေ" နှင့် တပည့် "ဖေသိန်း" တို့ တွေ့ကြလေပြီ။ ထိုစဉ်က ကျောင်းတိုင်းတွင် ကျောင်းသားများ "စကောက်" အဖွဲ့ (Boy's Scout) ၀င်ရ၏။ သို့သော် ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း (Pinni Boys) ပင်နီတပ် ကို ဖွဲ့စည်း ပါသည်။

ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း ကျောင်းသား များအား ကာကီ ယူနီဖောင်း ကို ဆန့်ကျင်၍ ပင်နီ ယူနီဖောင်း ကို ၀တ်ဆင် စေပါသည်။ ဆရာကြီး သည် အိုင်ယာလန် နိုင်ငံမှ အင်္ဂလိပ် ကို ဆန့်ကျင်သော အ၀ါရောင် လူငယ်တပ် (Yellow Boys) ကို နမူနာ ယူခြင်း ဖြစ်သည်ဟု ဆို၏။

ကျနော်သည်ပင် ပင်နီဘွိုင်း ဘင်ခရာ အဖွဲ့တွင် ဘေးစောင်း ပလွေ မှုတ်ရသူ ဖြစ်၍ အမျိုးသား သီချင်း၊ စစ်ချီသီချင်း၊ တီးမှုတ်ရသည်။ အမျိုးသား အောင်ပွဲနေ့ သည် ကျနော် တို့ "ပင်နီဘွိုင်း" တပ် ၏ စိတ်ဓာတ် အတက် ကြွ ဆုံးနေ့ ဖြစ်ပါသည်။ တစ်ကျောင်းလုံး၏ ၀တ်စုံမှာ လုံချည်စိမ်းနှင့် ပင်နီ အင်္ကျီဖြစ်၏။

"ပင်နီဘွိုင်း" တပ်၏ ခေါင်းဆောင် တပ်မှူးး မှာ ဆရာ ဦးသိန်းဖေ ဖြစ်ပါသည်။ သူသည် ယခင် က (Scout Master) စကောက် နည်းပြ ဆရာ ဖြစ်ခဲ့သောကြောင့် "ပင်နီဘွိုင်း" တပ်ဖွဲ့ကို ကိုင်တွယ်ရာတွင် ကျွမ်းကျင် လှသည်။ ဆရာ သည် နေ့စဉ် ကျောင်းတက်ရာတွင် ပင်နီ ယူနီဖောင်း (ဘောင်းဘီတိုနှင့်) အမြဲ တက်ပါ သည်။ ကျနော် သည် ဆရာ ဦးသိန်းဖေ ၏ (Special Class) သို့ ရောက်ပြီး မကြာမီပင် ၊ ဆရာ (သိန်းဖေ) နှင့် တပည့် (ဖေသိန်း) တို့ ရင်ဆိုင် တွေ့ခြင်း ဖြစ်ပါသည်။

(သိန်းဖေ) နှင့် (ဖေသိန်း) ဟူသော အမည် များမှာ ဗေဒင် သဘော အရ ကက်ကင်း ဓာတ်ပြန် ဖြစ်၍၊ ဓာတ် ချင်း မတည့် ဟု ဆို၏။ အရပ်စကား အရ ပြောရလျှင် "ဖင်ပြန်၊ ခေါင်းပြန်" နာမည်များ ဖြစ်သည်။ သူဖြူ လျှင် ငါမည်း၊ သူမည်း လျှင် ငါဖြူ ဓာတ်ချင်း မတူဟု ဆိုကြမည်။ 

မည်သို့ပင် ဖြစ်စေ ဆရာ သိန်းဖေနှင့် ဖေသိန်း  တွေ့ကြပုံမှာကား အင်္ဂလိပ်စာ အချိန်တွင် ဆရာ ဦးသိန်းဖေသည် ကျောင်းသားများအား အင်္ဂလိပ်ဖတ်စာ ကို ထဖတ် ခိုင်း၏။ တစ်ယာက်ပြီး တစ်ယောက် ဖတ်ပြပြီးနောက်၊ ကျနော့် အလှည့် ရောက်သောအခါ ထစ်နေ ပါတော့သည်။ ထိုအခါ ဦးသိန်းဖေ သည် ချက်ချင်းပင် အမိန့် ပေးလိုက်၏။

ငါးမရ ရေချိုးပြန်ပါမည်




“ရွှေဘ ဘယ်သွားလဲ မိလုံး”

ကိုညိုဒင် ငါးမျှားတံ များကို အိမ် အဖီဘေးတွင်ထောင်ရင်း မလုံးကို မေးလိုက်သည်။ မလုံးက မကြားဟန်ဖြင့် မီးခိုးအူနေသည့် မီးဖိုကို မီးပြောင်းနှင့် တစ်ဟူးဟူး မှုတ်နေသည်။

“ငါမေးတာလည်း ဖြေစမ်းအုန်းဟ မိလုံး” မလုံ်းချက်မော့ကြည့်ပြီး ထမင်းအိုးဖုံးဖြင့် မီးဖို ကို ယပ်ခပ်နေပြန်သည်။ မီးခိုး မွှန်၍ ကျလာသည့် မျက်ရည်ပူ တို့ကို ထမီ အနားနှင့် ကောက်ပွတ် လိုက်ရင်း -

“ထုံးစံ အတိုင်းပဲ ကိုညိုဒင်။ တော့်သား အကြောင်း တော်က ကျုပ်ထက် ပိုသိမှာပေါ့။ တောက်ခုံ မှာလား  ။ ဂေါ်လီ လှိမ့်တဲ့နေရာ မှာလား တော်သွားရှာကြည့်။ ခုတစ်လော အိမ်မှာကို ကပ်တယ် မရှိဘူး”

ကိုညိုဒင့် မျက်ထောက်နီ က မလုံး မီးဖိုထဲက မီးတောက်နှင့် အပြိုင်။ မျှား၍ ရလာသော ငါးဇင်ရိုင်း တစ်ထုပ်ကို ထမင်းစားပွဲပေါ် ပစ်တင် လိုက်ခါ လုံကွင်း အဟောင်းတစ်ထည်ကို ပုခုံးပေါ်တင်ပြီး လမ်းထိပ် ထွက်လာခဲ့သည်။


ကိုညိုဒင် ရွှေဘ ကို လိုက်ရှာသည်။ သူ့ အပေါင်း အဖော်တွေ မေးကြည့်တော့လည်း ခုတစ်လော သူတို့ဘက် ကို ရွှေဘ မလာဘူးတဲ့။ ဘယ်သွားတယ်ထင်လဲ လို့ မေးတော့လဲ သိဘူးလေတဲ့။ ကိုညိုဒင် ဒေါသ ထွက်လာသည်။ ဘာကို ဒေါသ ဖြစ်နေမှန်း ဂဃ နဏ မသိ။ ကိုညိုဒင် ဒေါသထွက်နေပေမယ့် ရွှေဘ ကို စိုးရိမ်စိတ်က တစ်မှောင့်။ 

ဒီကောင် ငါ မပါဘဲ မြစ်ထဲသွား နေလား။ ငပျော့ တို့  ဘူကြီးဝိုင်းဘေးထိုင်ပြီး လက်ဘက်သုတ် ဂျင်းသုတ် ၀ယ်ပေးနေသလား။ မြို့ မြောက်ဖျားက ညွန့်မောင် တို့ ဘက် အလည်လွန်နေသလား။ ဈေးပိုင်း ဘက်မှာ ရန်သွားဖြစ်နေလား။ လားပေါင်း များစွာဖြင့် ကိုညိုဒင် နည်းနည်း စိတ်ပူ လာသည်။ ဒီကောင့်ကို ပြောရ ငေါက်ရတာလည်း အခက်သား။ စိတ်က ကြီးကြီးကောင်။ 

တစ်ခါက သူ့ အမေ မိလုံး ဆူတာကို ကောက်ပြီး ဓာတ်တော်ကုန်းစေတီပေါ် တက်အိပ်နေလို့ ကိုညိုဒင်တို့ ဓာတ်မီးဆွဲ ရှာခဲ့ရပြီးပြီ။ “မင်းနဲ့ ပြဿ      နာ တက်လို့လား” လို့ မိလုံး ကို မမေးမိခဲ့မိတာကိုပဲ နောင်တ ရချင်ချင်။ ရွှေဘ က ခုဆို ရှစ်နှစ်ထဲဝင်ပြီ မဟုတ်လား။ ပြာသိုဖွား။ ကိုညိုဒင် ခေါင်း ငိုက်စိုက်နှင့် အိမ်ဘက် ပြန်လှည့်လာခဲ့သည်။ ခွေးမသား တွေ့လို့ကတော့ ကောင်းကောင်းတွယ် ပေးလိုက်ဦးမည်ဟု စိတ်ထဲမှာ ကြိမ်းဝါးနေမိပြန်သည်။

တစ်လမ်းလုံး ကိုညိုဒင် စဉ်းစားလာသည်။ မတွေးတတ်အောင်လည်း ဖြစ်နေ၏။ ဒီကောင် ငါ့မပြောပဲ ဘယ်ကိုမှ မသွားတတ် မလာတတ်ပါဘူး။ လောင်းကစားတွေ ဘာတွေလည်း စိတ်ဝင်စားတဲ့ကောင် မဟုတ်။ ရပ်ကွက်ထဲက ခလေးတွေ သရေကွင်း ပစ်တာဖြစ်ဖြစ်၊ မျောက်ပန်း လှန်တာဖြစ်ဖြစ် ကစားရင်တောင် ၀ိုင်းဘေးက ထိုင်ကြည့်တဲ့ကောင် မဟုတ်။ ဗွီဒီယို ရုံ ကလည်း ညမှ ပြတာဆိုတော့ ကိုညိုဒင် စဉ်းစားရ တော်တော် ကျပ်နေသည်။ တွေ့သေးတာပေါ့ကွာလို့ ညည်းရင်း တောက် တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။

“ညိုဒင်... ဟေ့ကောင် ညိုဒင် ဘာဖြစ်နေတာလဲဟ၊ မင်းဥစ္စာ ကလည်း သောက်ခွက်ကြီး ပုတ်သိုးနေလိုက်တာ ခွန်နှစ်ရက် နေလို့ မှ ပေါ်တဲ့ ရေထဲ က မသာလိုပဲ။ လာစမ်းပါ။ ခုမှ တို့ ၀ိုင်းစတာ”
ငပျော့ အိမ်ထဲ မှ သိန်းဆောင် အော်ခေါ်သဖြင့် စိတ်မပါ လက်မပါဖြင့် ကိုညိုဒင် ၀ိုင်းထဲ ၀င်ထိုင်လိုက်သည်။ 

“ငပျော့ ရွှေဘ တွေ့မိလား”

“ကြည့်မနေအားပေါင် ကိုညိုဒင်ရာ။ မိုးကျခါစ ရှိသေး ထင်းတွေက ထိုင်း တယ်ဟ။ မီးကိုကောင်းကောင်းမတက် ဘူး။ မီး မတက်တော့ မီးတောက် အရက်ကလည်း တစ်စက်ချင်း အထွက်နှေး။ လကြေးပေးဖို့တောင် ဆိုင်းပါဦးလို့ နယ်ထိန်းကို မျက်နှာချိုသွေးရတာ အလုပ်တစ်ခု။ ဒါတောင် တစ်လုံးတော့ ထိုးထည့်ပေးလိုက်ရသေးတယ်ကွ”

ငပျော့ အရက် တစ်လုံး လာချပေးရင်း ....

“နို့ နေစမ်းပါအုန်း။ မင့်ကောင်ကို လိုက်ရှာနေရအောင် ဘယ်တုန်းကများ မင့်သားက မင်း ကို ကူဖော်လောင်ဖော် ရလို့တုန်း။  ကလေး ပဲကွာ။ သူ့အဖော် အသင်း နဲ့ တစ်နေရာရာ သွားလည်ပတ် ကစားနေတာဖြစ်မှာပေါ့။ နေ့ လည်နေ့ခင်းပါကွာ။ အချိန်မတော် ညကြီး မိုးချုပ်ဆိုလည်း ထားပါတော့”
ငပျော့ ငှဲ့ပေးသည့် အရက်ခွက်ကို ပက်ကနဲ ကိုညိုဒင် မော့သောက်ချလိုက်၏။

“ငါက ရက်ပိုင်းပဲ ကျန်တော့တာကွ ညိုဒင်ရ။ လွန်ရော ကျွံရော ရက် နှစ်ဆယ်ပဲ”
“ဘာ ရက်နှစ်ဆယ်လဲ”
ကိုညိုဒင် သိန်းဆောင်ပြောတာကို နားမလည်။

အုန်းခင် က
“ဒီလိုကွာ ဒီကောင်က မနှစ်က ဒီမှာ မရှိဘူးလေကွာ။ အနောက်ရွာ ဘက်ကို အိမ်သွားဆောက်နေတယ်မို့ လား။ အဲဒီရွာက ရသေ့ လိုလို ယောဂီ လိုလို ဘိုးတော် လိုလို လူက သူ့ကို ရေမန်း တိုက်သတဲ့။ ၀ါတွင်း သုံးလ အရက်ရှောင်ရင် သိန်းပါ ဆောင်ရရုံ မကဘူး။ သန်းပါ ကုဋ္ဋေပါ သပိတ်ဝင် အိပ်ဝင် အထုက်ကြီး အထည် ကြီးနဲ့ ကြီးပွားမှာလို့ မိန့်တော် မူထားတယ်ကွာ။ မင်းမှ သူ့အိမ် ဘက် မရောက်တာ။ ပွဲနဲ့ နန်းနဲ့ ဆရာ။ မသိ ရင် လည်း မေး၊ ဟုတ်ပလား”

“အော်”

ကိုညိုဒင် သိန်းဆောင် ကို သတိထားကြည့်လိုက်တော့ ရွှေလက်စွက် တစ်ဝင်းဝင်း။ ရွှေဆွဲကြိုး တစ်လက် လက်၊ အရက်ခွက် ကတောင် ရွှေရောင်တောက်နေသလား ထင်မှတ်မှားရသည်။ ကိုညိုဒင် တွေတွေငေးငေး ဖြစ်သွားသည်။ ငါ့အလုပ်က အကုသိုလ် အလုပ်။ ဘယ်အချိန် ဘယ်ကာလမှ ကျွတ်လမ်းမြင်ရမလဲ မသိပါလားလို့ တွေးနေမိ ပြန်၏။

“ဟေ့ကောင် အုန်းခင်... မင်းမယုံကြည်ရင် လွတ်လွတ်နေ။ ငါ့ကိစ္စကို ဘာမှ ဝေဖန်စရာမလိုဘူး။ ငါယုံကြည်တာ ငါလုပ်တာ။ အနည်းဆုံးတော့ကွာ သုံးလလောက်တော့ အရက်ဖိုး မကုန်ဘူးပေါ့ ဟုတ်လား၊ ဟားဟား.....”

ရယ်ရယ်မောမော ပြောနေသည့် သိန်းဆောင် ၏ အမူအယာ က ပေါ့ပါး ပျော်ရွှင် နေပုံရသည်။
“ဒီမှာ ညိုဒင် ကြီးပွားလား မလားလားတော့ ငါမသိဘူး၊ မိန်းမ ကတော့ ကြည်ညိုနေတာပဲကွာ။ မင်း က အရေး မကြီးပါဘူးကွာ။ အကုသိုလ် နဲ့ အကျိုးပေးတဲ့ကောင်ပဲ။ တံငါချင်း တူရင်တောင် ငါးကြီး ငါးကောင်း ရတဲ့ကောင်။ အကျိုးပေး ဆိုတာက မတူကြဘူး လေကွာ။ ဘာ ဘိုးတော်မှ မင်းကို မ မလည်း မင်းအလုပ် က မင်းကို ဆောင်မနေတာပဲ မဟုတ်လား။ အမှန်တော့ အမှန် ဆိုတာ ကလည်း အမှန် ဟုတ်ချင်မှ ဟုတ်တာပါကွာ”

အရက် နှစ်လုံး ကုန်တော့ သိန်းဆောင် ၀ိုင်းဘေးမှာ ခွေအိပ်နေပြီ။
ကိုညိုဒင်လည်း ရွှေဘ ကို သတိပြန်ရလာသည်။ 

“ငါ ပြန်အုန်းမယ်ကွာ ငပျော့။ ညနေကျရင် တစ်လုံးတော့ ပို့လိုက်။ ဒီမှာပိုက်ဆံ”
ကိုညိုဒင် လုံကွင်း ကို ခါးစီးပြန်လာခဲ့သည်။

“တစ်အောင့်ဆို ထွက်သွားလိုက်တာ။ တော်တို့ ၀ိုင်းက ပေတော်တော် ရှည်ကြတာပဲ”
ရောက်မဆိုက် မလုံးက ဆီးကြို၍ ငေါ့သည်။
“ထမင်းခူးရမလား”

“ခူးကွာ၊ ရွှေဘပြန်ရောက်ပြီလား”
“တော့်သား ကဖြင့် အိမ်မေ့ ယာမေ့၊ တစ်နေ့ တစ်နေ့ ဘယ်သဝေ ထိုးနေမှန်းကို မသိပေါင်။ တော်လည်း နည်း နည်းပါးပါးတော့ ဆိုဦး၊ ပြောဦး။ သေစာ ရှင်စာတောင် မဖတ်တတ်တဲ့ကောင်ကို တော် ဒီလိုပဲ လက်ပိုက် ငါးထောင်ပြီး ကြည့်နေတော့မှာပဲလား ” မလုံး စကားက ကိုညိုဒင့် နဖူး ကြောတွေ တင်းသွားအောင် ရိုက်ချက်ပြင်းဟန် တူသည်။ 

ဖ ဦးထုပ်



မြန်မာ အက္ခရာတွင် ဗျည်း (၃၃) လုံး ဟူ၍ ရှိပါသည်။ အဆိုပါ ဗျဉ်း (၃၃) လုံး အနက် ဖ  ဦးထုပ် (ဖ) ၏ နေရာ သည် နံပါတ် ဘယ်လောက်မှာ ရှိသလဲ ဆိုလျှင်တော့ ရုတ်တရက် ဖြေနိုင်သူ ရှားလိမ့်မည် ထင်ပါသည်။

ထိုအခါ ကျနော့် ကို တွေ့သည့် နေရာတွင် အချိန် မရွေး ကောက်ကာငင်ကာ မေးကြည့်လိုက်ပါ။ ဖ ဦးထုပ် နံပါတ်(၂၂) ဟု ဒက်ခနဲ မဆိုင်းမတွ ဖြေလိုက်မည်။ ထို့အတွက် တယ်ဟုတ် ပါလားဟု ကျနော့်ကို အလွယ်တစ်ကူ မထင် မကြီး လိုက်ပါနဲ့ဦး။


ဖ ဦးထုပ်နှင့် ကျနော် ဆက်နွယ် ပတ်သတ်ခဲ့ပုံကို သိရလေအောင် ဦးစွာ စောင့်ကြည့်လိုက်ပါဦး။
 ကျနော် ရယ် ….. ဖ ဦးထုပ် ရယ် … ဆရာမကြီး ဒေါ်စန်းရီ ရယ် ….......................... ။

ယခုခေတ် ကလေးများ မူလတန်း အဆင့်တွင် ပညာ သင်ကြားရသည့် ကာလ (၅) နှစ်ရှိသည် ဆိုပါလျှင် ကျနော်တို့ ခေတ် အခါက (၆) နှစ်တာ သင်ကြားရ ပါသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမ တန်း ၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း တို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူငယ်တန်း မှာ (၂) နှစ် နေရခြင်း ဖြစ်၏။ သူငယ်တန်းလေး (၁) နှစ်နေ၊ အောင်ပြီးမှ သူငယ်တန်းကြီး မှာ နောက်တစ်နှစ် ထပ်နေရပါ သည်။

ကျနော် သူငယ်တန်းကြီး ကျောင်းသား ဘ၀ ဆိုတော့ အသက် (၇) နှစ် အရွယ်ပေါ့။ တစ်နေ့တော့ ဆရာမ က အတန်းရှေ့ သင်ပုန်းကြီးတွင် မြေဖြူဖြင့် ရေးထားသော ဗျည်း (၃၃) လုံးကို ကြိမ်လုံးနှင့် ထောက်၍ တစ်ေ ယာက်ပြီး တစ်ယောက် ရွတ်ဆို ခိုင်းပါ သည်။ ကျနော့် အလှည့်တွင် ကကြီး၊ ခခွေး၊ ဂငယ်ဖြင့် အစပိုင်းတော့ ဖြူးနေလေ၏။ သို့ရာတွင် မည်သို့ ဖြစ်သည် မသိ၊ တစ်နေရာ အရောက် အက္ခရာ ကို ကျွန်တော် အစရှာ၍ မရအောင် ဖြစ်နေပါသည်။

ဆရာမကြီးကလည်း ဆိုလေ ဆိုလေဟု သတိပေးနေ၏။ ထိုသို့ဖြစ်လေ ကျနော့်မှာ စဉ်းစား မရလေ ဖြစ်ရတော့သည်။ အတန်း တတန်းလုံးကလည်း ငြိမ်သက်နေ၏။ ကျနော့်ကိုပဲ အာရုံစိုက် နေကြသည်။ ဆိုလေဟု ဆရာမကြီးက ပြောပြန်ပါသည်။ ကျနော် ချွေးပျံလာသည်။ တစ်ကိုယ်လုံး ထူပူလာသည်။ 

ကျနော့် စိတ်ထင် နာရီဝက်လောက်တောင် ကြာသွားပါသည်။ ကျနော် ဘယ်လိုမှ အစဖော်၍ မရ။ ဒါလေးတောင် မေ့ရ ပါမည်လားဟု ဆရာမကြီး ဒေါကန်သွား ပါသည်။ သူငယ်တန်းကြီး ရောက်နေ သည့်တိုင် ဗျည်း (၃၃) လုံးကိုသော်မှ ကြေညက်မှု မရှိလေသော ကျနော်ကို ဆရာမကြီး ဒေါကန်မည် ဆိုလည်း ကန်ထိုက်ပါလေ သည်။ သို့အတွက် ဆရာမကြီး ကျနော့်ကို သူ့ထက်ထဲမှ ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း မပြုခဲ့ပါ။ ကျနော့ ဘ၀ တစ်သက်တာ သင်ခန်းစာ ရစေမည့် အပြစ်ပေးခြင်း မျိုးဖြင့် အပြစ်ပေးခဲ့ပါသည်။
`မောင်ကျော် … လွယ်အိတ်ယူ။ သူငယ်တန်းလေး ပြန်ဆင်း၊ ဒါကိုမှ မင်း မသိသေးတော့ မင်းနဲ့ သူငယ်တန်းကြီး နဲ့ မတန်သေးဘူး´ တဲ့။ ပြီးတော့ အတန်းသားများဘက် လှည့်၍လည်း ပြောပါသေးသည်။ `အဲဒါ ဘာအက္ခရာ လဲ´ ပြောပြလိုက် ကြစမ်းတဲ့။ `ဖ ဦးထုပ်ပါ ဆရာမ´ ဟု တစ်တန်းလုံးက ၀ိုင်းအော်ကြသည်။ 

ထိုနေ့ က သူငယ်တန်းလေးမှာ ကျနော် သွားထိုင် ရပါသည်။ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးက ဒူး   ပိတ်ဟု ခေါ်သော အရံ အတားလေး တစ်ခုသာ ခြားထားပါသည်။ ဆရာမကြီးက အတန်းနှစ်ခု အလယ်ထိပ်မှာ ထိုင်ပြီး နှစ်တန်းလုံး ကို သင်ရပါသည်။ ရှက်လိုက်သည်မှာ ပြောဖွယ်မရှိ။ ကျနော် ခေါင်းကို မဖော်တော့ပါ။ သူငယ်တန်းကြီး မှာ ကျန်နေခဲ့သော ကျနော့် သူငယ်ချင်းတွေ ကလည်း ကျနော့်ကို မျက်လုံး အမျိုးမျိုးနှင့် လှမ်းကြည့် ကြပါသည်။ ဂရုဏာ သက်သော၊ လှောင်ပြောင်လိုသော၊ အထင်အမြင်သေးသော မျက်လုံးများ ဖြစ် လိမ့်မည်ဟု ယခု အချိန်မှာ ကျနော် စဉ်းစား ကြည့်မိပါသည်။

သူငယ်တန်းလေးမှာ ယခုနှစ်မှ ကျောင်းသို့ ရောက်လာသူတွေ ကြားထဲ ထိုင်နေခဲ့ရသည်။ ကျောင်းဆင်း ခေါင်းလောင်း ထိုး၍ အိမ်ပြန်ရသည့်အခါ ယခင်နေ့တွေကလို ကျနော် မပျော်တော့ပါ။ ဖေဖေနှင့် မေမေ သိသွားမှာလည်းကြောက်။ ငါတော့ တနှစ်လုံး သူငယ်တန်းလေး ဆင်းနေရ တော့မယ်ဟု တွေးပြီး အလွန်အမင်း ထိတ်လန့် မိပါသည်။

Tuesday, September 20, 2016

ကြယ်စင်သစ် နှင့် ကောင်းကင်ပြာ



ကျမ က အတွေးသမား ဆိုတော့ ငယ်ငယ်ကဆို နယ်နိမိတ် မရှိ အဆုံးအစ မရှိတဲ့ ကောင်းကင် ကိုငေးမောရင်း တွေးနေရတာကို သဘောကျတယ်။ အဲဒါကိုက လွတ်လပ်ခြင်း တစ်မျိုးပဲ။ အခုကျတော့ ကောင်းကင်ကို ကြည့်မိရင် အတွေး ဆိုတာထက် မေးခွန်းတွေက များသည်ထက်များလာတယ်။

ဒီကောင်း ကင်ကြီးရဲ့  အောက်မှာပဲ လူသား အားလုံး နေထိုင် ကြပြီးတော့ ဘာ့ကြောင့် မတူ ကွဲပြား မှုတွေ ဖြစ်နေရ တာလဲ။ ပိုဆိုးတာက တစ်မိုး အောက်မှာ ရှိတဲ့ မိသားစုတွေ ဘာ့ကြောင့် နှစ်ရှည်လ များ မဆုံတွေ့ နိုင် ဖြစ်ရတာလဲ။ မွေးရပ် မြေကို ပြန်လို့ မရအောင် ဘယ်သူတွေက မိုးကုတ်စက်ဝိုင်းကို နယ်နမိတ် မျဉ်းဆွဲလိုက်သလဲ။

ဒီလိုမျိုးမေးခွန်းတွေကို တွေးလိုက်မိရင် ကောင်းကင် မမြင်ရတဲ့ ကိုယ့်ရဲ့ အခန်းကျဉ်းထဲကို ၀င်ပြီး အတွေးစကို ရပ်ချင်စိတ်ပေါ်လာတယ်။ ဒီ အပြုအမှုဟာ ကိုယ့်ရဲ့ လွတ်လပ်ခြင်းကို ရိုက်ချိုး မိတာလား။ ဒါမှမဟုတ်ကိုယ့် အတွေးရဲ့ စိန်ခေါ်မှု အပေါ် ရင်မဆိုင်ရဲလို့ ရင့်ကျက်မှု မရှိသေးလို့ပဲ ဖြစ်မယ်။ ဒီတော့ ကိုယ့်မေးခွန်းကို ကိုယ်ရင်ဆိုင်ဖြေရှင်းနိုင်ရမယ်။

ကိုယ် ကိုယ်တိုင်လည်း ကျောင်းဆရာမ ဆိုတော့ နေ့တိုင်း ကလေးတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနေရတယ်။ ဒီလိုဖြေရှင်းတဲ့နေရာမှာ အချို့ ကျတော့ ဖြေရှင်းလို့ ရပေမဲ့ အချို့ပြဿ        နာကျတော့ ဖြေရှင်း လို့မရ ညှိနှိုင်းလို့မရ စိတ်မကောင်းစွာနဲ့ လက်လျှော့ရတာတွေရှိတယ်။

ကျမတို့ ကျောင်းကလေးက အခြေခံပညာ မူလတန်း အဆင့်ထိ ပဲရှိတယ်။ ကျောင်းကနေ လေးတန်း အောင်ရင် အထက်တန်း ကျောင်းကို ပို့ပေးမယ်။ (၂၀၀၅) ခုနှစ်မှာ စပြီးကျောင်းမှာ အခမဲ့ ပညာရေး စနစ်ကို ကျင့်သုံးတယ်။ ဒီ စနစ်ကြောင့်ရယ် ကျောင်းခန်းနေရာ အခက်အခဲကြောင့် ကျောင်းသားဦးရေ ကိုလည်း (၁၂၀)လောက် ပဲ ကန့်သတ်ထားရတယ်။ ကျောင်းရှိ ကလေး အများစုက အရမ်းကို ချို့တဲ့တော့ မူလတန်းအောင်ပြီး ကျောင်ကြီး ဆက်တက်ချင်တဲ့ ကလေးဆို ကျောင်းကပဲ သူတို့ကျောင်းစရိတ်တွေကို ဆက်ထောက်ပံ့ပေးသွားတယ်။

ကျောင်းသား မိဘတွေဘက်က သားသမီးပညာရေးကို အားပေးရုံ တစ်ခုပဲ ဘာပိုက်ဆံမှ မကုန်ဘူး။ သို့သော်လည်း ကလေးတွေကပညာရေးကို ဘာကြောင့် ဆုံးခန်းတိုင်အောင် မတက်နိုင်ကြတာလဲ။ ကလေးတွေရဲ့ စိတ်ထဲမှာပဲ `ငါတို့ (၁၀) တန်းအောင်လည်း ငါတို့ အတွက် ဒီနယ်မြေမှာ တက္ကသိုလ် မရှိဘူး။ တွေ့ရာအလုပ်ပဲ လုပ်ရမှာပဲ´ ဆိုတဲ့ အတွေးတွေ ၀င်နေလို့လား။ မိဘတွေကပဲ ပညာရေးရေချိန် နိမ့်ပြီး သူတို့ဘ၀ ရဲ့အနာဂတ် ကို မစဉ်းစား နိုင်လို့လား။

ကျမပြောရင် ယုံမလား မသိဘူး။ ကျမတို့ ပညာသင်ထောက်ပံ့ကြေးပေးထားတဲ့ ကလေးတွေ (၉)ယောက် ရှိတယ်။ သူတို့အားလုံး ဆယ်ကျော်သက်တွေပဲ၊ သူတို့အားလုံး ပန်းရံ လုပ်တတ်တယ်။ ကောက်စိုက်၊ ပဲရိတ် စပါးရိတ် တတ်တယ်။ တံငါ အလုပ်ကို ကျွမ်းကျင်စွာ လုပ်တတ်တယ်။ ဒါတွေဟာ သူတို့ရဲ့ဘ၀ပေး အတတ် ပညာတွေပဲ။ 

ဒီ အတတ်ပညာတွေနဲ့ စာသင်ကျောင်းက ရတဲ့ အသိပညာ ဗဟုသုတ၊ လူမှု့ ပတ်ဝန်းကျင်က ရတဲ့ အတွေ့ အကြုံ။ မိဘဆရာသမား တို့ရဲ့သွန်သင် ဆုံးမမှုအောက်မှာ ပညာရေးသာ ဆုံးခန်းတိုင်အောင် သင်ယူ သွားမယ် ဆိုရင် တစ်ချိန်မှာ လူမှု့အဖွဲ့အစည်းအတွက် ထွန်းလင်းတဲ့ကြယ်ပွင့်လေးတွေဖြစ်ရမယ်လို့ ကျွမက မျှော်လင့်ထားတာ။

ပြီးခဲ့တဲ့ စာသင်နှစ်က (၆) တန်းကျောင်းသား တစ်ယောက် မမျှော်လင့်ပဲ ကျောင်းထွက်သွားတယ်။ ဒီကလေးက ကျောင်းမှာ ရှိတုန်းကဆို သိပ် အားထားရတဲ့ ကလေးပဲ။ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်မလား အနိမ့်ဆုံး အဆင့် နှစ်သိမ့်ဆုတော့ ရခဲ့တာပဲ။ ပန်းချီ ပြိုင်မလား ဒုတိယ ဆုတော့ ၀င်ခဲ့တာပဲ။ သို့သော်လည်း မိဘတွေရဲ့ စီးပွားရေး အကြပ်အတည်းကြောင့် မိဘနဲ့ အတူ ပန်းရံ လုပ်နေရပြီ။

သူတို့ကျောင်းက ဆရာတွေ ကလည်း ကျောင်းပြန် တက်ဖို့ ဖိအားပေးနေပြီ။ ကျမ ကိုယ်တိုင်ကလည်း ကလေး ကိုလည်း ဆုံးမ၊ မိဘ ကိုလည်း စည်းရုံးပြီး နိုင်သလောက်ထောက်ပံ့တဲ့ကြားထဲက ကလေး ကို ကလေးလုပ်သား ဘ၀က မကယ်ထုတ်နိုင်ခဲ့ဘူး။ ကျမ သိလိုက်ပြီ။ `စာတော်တဲ့ ကလေးတိုင်း ပညာတတ်မဖြစ်နိုင်သလို၊ ပညာတတ်ဖြစ်ခဲ့တဲ့ သူတိုင်းလည်း စာမတတ်ခဲ့ကြဘူး´ဆိုတဲ့ အသိ။

Saturday, April 2, 2016

ဇယား


Mg Oaw Lay's photo.

(၁)
မြူတို့ရစ်ဆိုင်းနေသည်။ ဆိတ်ဖလူး ရနံ့ တစ်ချို့က ထိုင်နေသော လဖက်ရည် ဆိုင်လေး နံဘေး လူးလား ရှက်ပြေးနေ၏။ ချမ်းစိမ့် လေပြည် များက ကျွန်တော့်  မျက်နှာပေါ် ဝေ့ကနဲ ၊ဝေ့ကနဲ။ အရိုး ထိအောင် ချမ်းနေသော်လည်း ကျွန်တော် မမှု နိုင် ။သူမ ကို မတွေ့ရ မချင်း မထ ဟု စဉ်းစားထားမိသည်။ 


လဖက်ရည်ဆိုင် က ဖွင့်ကာ စမို့ ကျရည် ကြို တုံး။ ကျွန်တော် လည်း ရေနွေး ပူပူ ကိုသာ ငှဲ့ ရင်းေ၇ှ့ တူရှူ မှ မိုးမခ လမ်း ထိပ်ကို မျော်တငေးငေး ကြည့်နေမိသည်။ ထို အရာသည်ပင် ကျွန်တော့် မျော်လင့်ချက် မီးလင်း ဖိုဖြစ်သလို၊ ကျွန်တော် ၏ မနက်ခင်း တစ်ခု လည်းဖြစ်ပါသည်။

  ဆောင်း..။ ကျွန်တော် နိုးထ ခဲ့ရသော မနက် ခင်း များ၏ ပန်း တစ်ပွင့်၊ ကျွန်တော် မက်ခဲ့သော အိပ်မက် များ၏ သရုပ်ဆောင် မင်းသမီး။ ကျွန်တော့် မျော်လင့်ချက်များ၏ ဘူတာရုံ ။ ဆောင်း သည် ကျွန်တော်နှလုံး သား ကို တုတ်တုတ်မျှ မလှုပ်နိုင်အောင် ချိန်ထားသော ချွန်မြအောင် သွေးထားသည့် ဓါး တစ်လက် ဆိုလျှင် မမှားပါ။
 

 ဆောင်း ဆိုသည်မှာ ကျွန်တော် မနက်ခင်းတိုင်း ၊ည သန်းခေါင်ယံ အချိန်တိုင်း သည် အားမာန် လဖက်ရည် ဆိုင် ကလေးမှ ငေးကြည့် ရင်ခုန်နေခဲ့ရသော ကောင်မလေးဖြစ်ပါသည်။ ရင်ခုန် သည်ဟု ဆိုခြင်း ထက် မေ့ ရန် ခက်သော၊ မတွေးပဲ မစိုးရိမ်ပဲ မနေနိုင်အောင် တပ်မက် မိသောသူ ဆိုလျှင်ပိုမှန်ပါလိမ့်မည်။

 ဆောင်း ကို ကျွန်တော် (ဘယ်သူ မှ မသိအောင်) တိတ်တခိုး ချစ်မိနေသည်မှာ ယခုဆို လေးလ၊ ၁၀ ရက် နဲ့ ၄ နာရီ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ တစ်ဖက်သတ် ဆိုသည်မှာ တစ်ဖက် တည်း သေဆုံး တက်သည့် အရာ တစ်ခု ဖြစ်လင့် ကစား ကျွန်တော် ကတော့ မျော်လင့်သည်။ ဖြူစင်စွာ ချစ်မည်။  ဆောင်းသည် ကျွန်တော့် နတ်သမီးလေး ဟု တင်စားမည် ဆိုပါက လွန်မည် မထင်တော့ပါ။


ကျွန်တော့် အတွေး မဆုံးခင်မှာပဲ မိုးမခ လမ်းထိပ် သို့ ဟွန်ဒါ ဖစ် အနက်ရောင် ကားတစ်စင်း ထိုးဆိုက်သည် ။ ဆင်းလာသူက ကျွန်တော် မျော်နေသော ဆောင်း။ ဆောင်း ၏ လက်ထဲတွင် ထုံးစံ အတိုင်း စလင်းဘတ် အ၀ါရောင် တစ်အိတ်နှင့် ခေါက်ဆွဲကြော် တစ်ထုပ် ပါလာသည်။ 



Tuesday, January 20, 2015

အဖေ နဲ့ ပတ်သက် တဲ့ အမှတ်တရတွေ





ယခု တစ်ပတ် ၀တ္ထုတို အသစ် ကဏ္ဍ အတွက် Nyein Thwin ဟု အမည် ရသည့် Facebook Account ပိုင်ရှင်ပေးပို့ လာသည့် အဖေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ အက်ဆေး ကိုရွေးချယ်ဖော်ပြလိုက်ပါသည်။ 

အဖေနဲ့ ပတ်သတ်ပြီး ပထမဆုံး ကျွန်တော် မှတ်မိတာ အိမ်ခန်းထဲ က စစ်ခြင်ထောင်ကြီး တစ်ခုထဲမှာ ။

ကာ လ အားဖြင့် ၈၈ ၀န်းကျင် လို့ ထင်ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ မိသားစု တစ်စုလုံး ၀ဲခြောက်တွေပေါက်ကြ တယ်။ အဲဒီ ၀ဲတွေ ကုတ် ရတာလည်း ဇိမ် တစ်မျိုးပဲ ။ ဒါပေမယ့် ရေချိုးတဲ့ အချိန် အင်မတန် စပ်တယ်။

 နောက်ပြီး ပုစွန်တို့ ၊ အမဲသား တို့ ရှောင်ရတော့ ဟင်းကောင်းကောင်း မစား ရဘူး ။ ဒီလို နဲ့ ဇိမ်ရှိရှိ ကုတ် ရပေမယ့် ကြာတော့ အဲဒီရောဂါ ကို ပျောက်ချင် လာတယ် ။ အဖေ က ကျွန်တော် သိသလောက် ငှက်ပျော ရွက် အခြောက် ကို မီးရှို့ပြာချပြီး ပင်နီဆီလင် နဲ့ ရောတယ် ။  နောက် အုန်းဆီ နဲ့ ဆတူလောက် စပ်ပြီး ကျွန်တော်နဲ့ အစ်ကိုကြီး ကို ဘီးနဲ့ခြစ်ခြစ်ပြီး ဆေးလိမ်းပေးတယ်။ 

ကျွန်တော် တို့ကို လိမ်းပေးပြီး အမေ့ ကိုပါ ဆက်လိမ်းပေးတယ်။ ခြေထောက်တွေ ၊ပေါင်ခြံတွေ ပါမကျန် လိမ်းပေး တယ် ။ ဆေးလိမ်း လိုက် ၊ ယပ်တောင် နဲ့ ယပ်ခတ်လိုက် ၊ မီးခွက် နဲ့ မြှောက်မြှောက်ကြည့်လိုက် နဲ့ အဖေ့ ရဲ့ပုံရိပ် ကိုကြည့်ရင်း အားအင်တွေ ပြည့်နေ သလို ၊ လုံခြုံနေသလို ခံစားရတယ်။ 

ကျွန်တော်တို့နေတဲ့နေရာ က တိုက်နယ်ကျေးရွာကြီး တစ်ခု နဲ့ ချောင်းတစ်ချောင်း သာခြားတဲ့ ရွာကလေး တစ်ရွာပါ ။ အဖေ က ရွာမှာ ပေါ်တာလိုက် ချန်ပီယံ ။ ပေါ်တာလိုပြီဆို ရွာ မှာ အလှည့်ကျ သွားရတယ် ။ မသွားချင်ရင် အဖေ့ကို လာငှား ။ သွားရမယ့် နယ်မြေ ကိုကြည့်ပြီး ဈေးကွာ တတ်တယ် ။ 

Monday, January 19, 2015

တံဆိပ်ကပ် မှားတဲ့ ခေါင်းစဉ်



 လောကကြီး မှာ တစ်ခါ တစ်လေ ကိုယ်က လိမ္မာလှ လို့ မဟုတ်ပေမဲ့ မိုက်ဖို့ အခြေအနေပေး မလာတဲ့ အခါ ... ။ ကိုယ့်ရဲ့ လူမိုက် အကြံ ကို ဘယ်သူမှ မသိလိုက် ဘဲ လူလိမ္မာ လို့ အထင်ခံရတဲ့ အခါ...။ အကြောက် လွန်ပြီးတွေဝေနေရာ က စဉ်းစားဥာဏ် ရှိသူလို့ မတော် တဆ အချီးကျူး ခံရပြီးတဲ့ အခါ...။ 

ပတ်ဝန်းကျင် က ကပ်လိုက်တဲ့ တံဆိပ် တစ်ခုအောက် မှာ အလိုက်သင့် အလျားသင့် နေမိတဲ့ သူတစ်ယောက် ကို ဘယ်လို ခေါင်းစဉ် တပ်ရင်ကောင်းမလဲ။

  “ သမီး ကညာ အခါ မလင့်စေနှင့်” တဲ့။ 
ခုပဲ နွယ့် အသက်က သုံးဆယ်နား ကပ်လာပြီ။ အရိုးများ သလေး ချေးခါး သလေးနဲ့ ချေးများ လာခဲ့တာ...။ ကိုယ် ကပဲ မောင်နှမတွေ အားလုံး ထဲမှာ စဉ်းစားဥာဏ် အရှိဆုံး၊ အလိမ်္မာဆုံး၊ အတွေးအခေါ် အမြင့်ဆုံး ဆိုတဲ့ မိဘဆွေမျိုးတွေ ချီးကျူး စကားနဲ့ပဲ ခြေချုပ် မိနေသလိုလို။ 

တကယ်တော့ အခြေအနေက ကို မပေးလို့ အပျိုကြီး ဘ၀နဲ့ သောင်တင် ကျန်ခဲ့ရတာ။ နောက် ကားတွေ က လည်း ကျော်တက် ကုန်တာ တစ်စီးပြီး တစ်စီး။ နောက်ဆုံး အနီးကပ် ဟွန်းဆင့် တီးနေတဲ့ ကား မြီးကောင်ပေါက် ညီမလေး ကပဲ ဆယ့်လေးနှစ် ရှိလာပြီ။ 

အမေ အထိန်း အသိမ်းတော် လို့ နွယ် က ဒီအရွယ်ထိ အပျိုကြီးဖြစ်နေရတယ် လို့များ ထင် ရင်တော့ မှားလိမ့် မပေါ့။ အသက် ဆယ့်ငါးနှစ်လောက် နဲ့  သားသမီးခုနစ်ယောက် သာ မွေးပြီး သွားတယ်။ ထင်ရာစိုင်း ကလေး ဆန်နေ ဆဲ အမေ့ ကို အမေ့ အစ်ကိုကြီး ကဆို ခုချိန်ထိ မာန်မဲနေရတုန်း။

Friday, January 2, 2015

ထူးဆန်းသော ရွာကြီး ရဲ့ နောက်ကွယ် က တစ္ဆေ ကလဲ့စား



ရန်ကုန်မှ ထွက်လာသော ရထား သည် အရှိန် အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည် များမှာ တစ်ယောက် တစ်ပေါက် စကားပြောနေသော သူကပြော၊ အနား ယူနေသူ ကယူ၊ စာ ဖတ်နေသော သူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါ လာကြသည်။ 

ထို ခရီးသည် များထဲတွင် ဆရာဝန် များ ဖြစ်သော ဒေါက်တာ ဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ် ၊ နောက်ပြီး ဆေးကျောင်းသား များ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူ နာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။ 

၎င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော ဒေသသို့ ခရီးထွက် လာရခြင်းကြောင့် ရင်ခုန်စွာ တက်ကြွပျော် ရွှင်နေကြသည်။ ရထားပြတင်း မှ တဟုန်ထိုး ဖြတ်ဝင် လာနေသော လေတိုက် သံ၊ ရထား သံလမ်း ပွတ်သံ တို့နှင့် အပြိုင် ၄င်းတို့ ၏ စကားသံ များကလည်း မြိုင်ဆိုင် ကြည်မွေ့နေကြသည်။

Saturday, December 6, 2014

လူ ရေးတဲ့ ခွေး ဝတ္ထု





 (၁) လူတွေ ဟာ သိပ်ခက် တယ်ဗျ။  သူတို့ အကြောင်း အကောင်း ဘက်က ချီးမွမ်းပြောဆို ရင်သာ ပါးစပ် ကြီးဖြဲပြီး တဟဲဟဲ နဲ့ သဘောကျနေ တတ်တာ၊ အားနည်း ချို့ယွင်းချက်၊ အလွဲ အမှား တစ်စုံ တစ်ရာ ကိုများ သွားထောက်ပြမိလို့ ကတော့ ကမ္ဘာရန် လို့သာ မှတ်ပေတော့ဗျို့။ 

ရန်ငြိုး သိုတာ ၊ လက်စားချေ  တာ၊ လမ်းမှာတွေ့ရင် တောင် မခေါ်နိုင်၊ မပြောနိုင်ဖြစ်တတ် တာတွေ အများ သား ကလား။ ဒီတော့ လူတွေ အကြောင်း မပြောပဲ ခွေးတွေ အကြောင်းပြောတာ က နောက်ဆက်တွဲပြဿ    နာ ကင်းလောက်မယ်ထင်ပါရဲ့။

 “ငါ့ အကြောင်း မဟုတ်တမ်း တရား၊ အမနာပတွေရေးတဲ့ လူ” ဆိုပြီး လမ်းမှာချောင်းကိုက် မဲ့ ခွေးရယ် လို့တော့ မရှိလောက် ပါဘူး။ ဒီတော့ခွေး အကြောင်းပဲ ပြောကြ ပါစို့ ရဲ့။ 

Friday, December 5, 2014

အဘပြောဘူး တဲ့ အနားယူခြင်း ပုံပြင်


တစ်ခါတုန်း က အလက်ဇင်းဒါး သဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီး တစ်ဦး ရှိခဲ့ ဘူးတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိပ် တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်း နဖူး သဲပြင်ပေါ် မှာ အ၀တ် အစား ဗလာကျင်း တုံးလုံး လှဲအိပ်နေ တဲ့ ဒိုင်အိုဂျင် ဆိုတဲ့ သူတောင်းစား တစ်ဦးကို မြင်တွေ့ရတယ်။

အဲဒီ စစ်သူရဲကောင်းကြီး ကလည်း အဲဒီ သူတောင်းစား ဒိုင်အိုဂျင် ကို သိပါတယ်။ အဲဒီ ဒိုင်အိုဂျင် ဟာ ကိုယ်လုံး ကိုယ် ပေါက် အလွန် လှတယ်။ မျက်နှာ ကလည်း ဥပဓိရုပ် အလွန်ကောင်းတယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်း ဒါးသဂရိတ် က...“ အို.... ဆရာသမား၊ ကျုပ် ဘာ များ ခင်ဗျား အတွက် လုပ်ပေး ရမလဲ ” လို့ ရိသဲ့သဲ့ စကားမျိုး နဲ့ မေး လိုက်တယ်။

အဲဒီ အခါ မှာ သူတောင်းစား ဒိုင်အိုဂျင် က “ အလက်ဇင်းဒါး သဂရိတ် ဆိုတဲ့ လူ ကို ပြောချင် တာက ဘာမှ လုပ်မ ပေးပါ နဲ့။ ဒီနား က နည်းနည်း ဖယ်ပေးစမ်း ပါ။ နေဆာလှုံနေတာ အရိပ်ကွယ် လို့ပါ။ ဒီ့အပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး ” လို့ ပြန်ပြော လိုက်တယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်းဒါး သဂရိတ် က နေရိပ် မကွယ် အောင် နေရာ ဖယ်ပေး လိုက်တယ်။


Wednesday, December 3, 2014

လွမ်းညို့သွေးတဲ့ ဆောင်းလေပြေ



မနက် မိုးလင်းလို့ မျက်စိ ဖွင့်လိုက်ပြီ ဆိုတာနဲ့  မျက်စိရှေ့  မှာ မောင့်ကို  အပြေးအလွှား လိုက်ရှာ တတ်တာ အကျင့်ဖြစ်နေခဲ့ ပါပြီ။ မောင်အေးချမ်း စွာ အိပ်စက်နေတယ် ဆိုတာ ကို မြင်ရတော့ မှ ကျွန်မ အိပ်ယာထဲ ကနေ အသံ မထွက်အောင် ဖယ်ခွာ ခဲ့ပြီး လုပ်ရိုး လုပ်စဉ် ကိစ္စတွေ နဲ့ နေ့ သစ်တွေ ကို နှုတ်ဆက်ရ စမြဲပေါ့။ 

တစ်ခါ က ကျွန်မ ညဘက် စာရေးနေ လို့ အိပ်ယာ ၀င်တာ သိပ်နောက်ကျ သွားခဲ့ပြီး မနက်ကို ပုံမှန် အချိန် မနိုးပဲ အိပ်ပျော် သွားမိတယ်။ ကျွန်မ မျက်နှာပေါ် နေရောင်ခြည်နုနု က လာရောက် တိုးဝင်တော့ မှ ချက်ချင်း ဆိုသလို ရှေ့  မှာ မောင့် ကို အရင်ဆုံး ကြည့်မိတယ်။ 

အိမ်နောက်ဖေး ကို အမြန် ပဲပြေးဆင်း သွားပြီး ဂန္ဒမာ ပန်းခင်းတွေ ထဲ၊ စတော်ဘယ်ရီ ခင်းတွေထဲ၊ မက်မွန် ပင်တွေကြားထဲ မှာ မောင့်ကို အပြေး လိုက်ရှာ မိတယ်။ ရေမွှေးပန်းတွေ ကို ပန်းကိုက် တဲ့ ကပ်ကြေးလေး နဲ့ အသာ အယာ လိုက်ညှပ်နေပြီး လက်ထဲမှာ လည်း ပန်းတွေ တပွေ့  တပိုက် နဲ့ မောင့် ကို တွေ့ လိုက် ရတော့ မှ ကျွန်မ သက်ပြင်း ချနိုင်ခဲ့တာ ပါ။