Monday, October 13, 2014

B4 ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပြီးနောက် ဦးတေဇ ၏ ကိုယ်ရေး လက်ထောက် ဦးရွှေရင်တော်ကြီး တို့ ကြုံတွေ့ ခဲ့ရသည့် မှတ်တမ်း



စက်တင်ဘာလ (၂၇)ရက်နေ့ (မွန်းလွဲ ၂း၀၀ နာရီ ၀န်းကျင်)
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ သည် တဟွန်ဒန်း ရွာ ၌ ပျောက်ဆုံးတောင်တက် သမား(၂) ဦး ကို ရှာဖွေနေသည့် အဖွဲ့များ ကို ကြီးကြပ် ကွပ်ကဲရင်း ရိက္ခာ ပို့လာမည့် ထိုင်းနိုင်ငံ မှ B4 ရဟတ်ယာဉ် ကို မျှော်နေခဲ့သည်။ 
 
မွန်းလွဲ ၂ နာရီခန့်တွင် နောင်မွန်းမြို့ကို ရဟတ်ယာဉ် ဖြတ်သွားကြောင်း သိရပြီး မွန်းလွဲ ၂း၄၀ တွင် ရဟတ်ယာဉ်နှင့် မြေပြင်အဖွဲ့များ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
 
(မွန်းလွဲ ၂း၄၀ နာရီနောက်ပိုင်း)
B4 ရဟတ်ယာဉ် သည် မတော်တဆမှု ဖြစ် ခဲ့ပြီး ရွှေရင်တော်ကြီး သည် ကံကောင်းထောက်မ စွာဖြင့် ပြင်ပ ဒဏ်ရာ အနည်းငယ် သာ ရသော်လည်း ထိုင်း ရဟတ်ယာဉ် မှူးနှင့် မြန်မာ ရဟတ်ယာဉ်မှူး တို့မှာ ပြင်းထန် သည့် ဒဏ်ရာများ ရခဲ့ကြသည်။
 
 
 
 
ဦးအောင်မြတ်တိုး ဒဏ်ရာ အခြေအနေ မှာ ပိုမိုပြင်းထန် ပြီး လှုပ်ရှား ရန်ပင် အခက်အခဲ ရှိနေ သည်။ ယင်း တို့နှင့် အတူ ပါလာသော ဆက်သွယ်ရေးစက် အားအလုံး မှာလည်း ရဟတ်ယာဉ် မတော် တဆမှုနှင့် အတူ ပျက်စီး ခဲ့သည်။ 
 
ထိုင်း ရဟတ်ယာဉ်မှူး၊ မြန်မာ ရဟတ်ယာဉ်မှူးနှင့် ရွှေရင်တော်ကြီး တို့ (၃) ဦးသည် စက်တင်ဘာ (၂၇) ရက် ၊ ညပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်း သဖြင့် မတော် တဆမှုဖြစ်ပွား ခဲ့သည့် နေ ရာနှင့် မလှမ်းမကမ်း မှာပင် အချမ်းသက် သာစေရန် အ၀တ် များပတ်၍ ပလပ် စတစ် အစ ကို ခေါင်းပေါ်ခြုံပြီး တစ်ည လုံး မအိပ် ဘဲနေခဲ့ ရသည်။
 
 
 
စက်တင်ဘာလ(၂၈)ရက်နေ့
ထိုင်းနှင့်မြန်မာ ရဟတ်ယာဉ်မှူး နှစ်ဦးတို့ သည် ဒဏ်ရာ အသီးသီး ရရှိ ထားသော်လည်း အားတင်း ၍ ရွှေရင်တော်ကြီးနှင့် အတူ တောင်အောက် သို့ ခြုံနွယ်များ အကြား တိုးပြီး ခက်ခက် ခဲခဲ အတူ ဆင်းခဲ့ကြသည်။
 
 ရွှေရင်တော်ကြီး သည် ရှေ့မှ ဦးဆောင် လမ်း ရှာပြီး ရဟတ်ယာဉ်မှူးနှစ်ဦး ကို ပြန်လာခေါ်၍ နံနက် (၁၀:၀၀) နာရီခန့် တွင် ချောင်း ငယ်လေး တစ်ခု သို့ ရောက်ခဲ့ကြ သည်။ သူတို့ သုံးဦး သည် ချောင်း၏ အဆုံး ၌ ရွာရှိနိုင်သည် ဆိုသော မျှော်လင့်ချက်ဖြင့် ချောင်းရိုး အတိုင်း ဆက်လျှောက် ခဲ့ကြသည်။
 
 ချောင်းငယ်လေး ၏ဘေးရှိ ဌက်ပျောပင် များ ပေါက်ရောက်နေသော ချိုင့် အတွင်း သုံးဦး စလုံး ထိုနေ့ည အိပ်စက် ခဲ့သည်။ အိပ်စက် ရာတွင် အခင်း အဖြစ် အသုံးပြုနိုင်ရန် ရွှေရင်တော်ကြီး က ဌက်ပျောရွက် များ ကို သွားဖြင့် ကိုက်ဖြတ်ပြီး ရဟတ်ယာဉ်မှူး နှစ်ဦး အတွက် ခင်းပေး ခဲ့သည်။
 
 
စက်တင်ဘာလ (၂၉)ရက်နေ့
ယင်းနေ့ မနက်ခင်း တွင် မြန်မာ ရဟတ်ယဉ်မှူး ဦးအောင်မြတ်တိုး ၏ ဒဏ်ရာ အခြေအနေ မှာ ဆိုးရွား လာပြီး လမ်း လုံးဝ မလျှောက်နိုင်သည့် အခြေအနေ သို့ရောက် ခဲ့သည်။ ထို့ကြောင့် ရွှေရင်တော်ကြီး က အားတင်းပြီး သုံးယောက် အတူ ဆက် သွားကြရန် ဦးအောင်မြတ်တိုး အား အားပေးပြောဆို ခဲ့သည်။ 
 
 သို့သော်လည်း ဦးအောင်မြတ်တိုး က လမ်း လုံးဝ မလျှောက်နိုင်တော့ သဖြင့် ၎င်းအား ထားခဲ့ ရန်နှင့် ကယ်ဆယ်ရေး အဖွဲ့များ ထံ အကြောင်းကြားပြီး အမြန် ဆုံး ပြန် လာခေါ်ရန် ပြောကြား ခဲ့သည်။

ထို့ကြောင့် ရွှေရင်တော်ကြီး သည် ကယ်ဆယ်ရေး အဖွဲ့ များအား ဦးအောင်မြတ်တိုး စောင့် ဆိုင်းနေ ရန် အတွက် လုံခြုံ သည့် နေရာ တစ်ခု ရှာဖွေ ခဲ့ရာချောင်း ငယ်ဘေး တွင် ကျောက်ဂူ တစ်ခု တွေ့ရှိပြီး ဦးအောင်မြတ်တိုး အား ဂူအတွင်း သို့ ပြောင်းရွှေ့ ထားပေးခဲ့သည်။ ထို့အပြင် လက်ဝယ်ရှိ သမျှ ရိက္ခာ အားလုံး ကိုလည်း ဦးအောင်မြတ်တိုး အားပေး၍ ရွာရောက် သည်နှင့် ချက်ချင်းပြန် လာခေါ်မည်ဟု ရွှေရင်တော်ကြီးက ပြောခဲ့သည်။ 
 
ထိုနောက် ဦးအောင်မြတ်တိုး အား ပြန်လည်ခေါ်ဆောင်နိုင် ရန် အဆိုပါ ကျောက်ဂူအား အမှတ် အသား များပြုလုပ်ခဲ့သည် ။ ထိုနောက် ထိုင်း ရဟတ်ယာဉ်မှူးနှင့် ရွှေရင်တော်ကြီး တို့သည် နံနက် ၆:၃၀ တွင် လမ်း ရှာရန် ချောင်းရိုး အတိုင်း ဆက်လက် ထွက်ခွာခဲ့သည်။ 
 
သို့သော် အချို့နေရာ များတွင် ချောက်ကပါးများ ရှိနေသဖြင့် တောင်ပေါ်သို့ ခက်ခက် ခဲခဲ ပြန် တက်ကြရပြန် သည်။ ထိုသို့ တက်ရောက်ရာ တွင် ရွှေရင်တော်ကြီး က ရှေ့မှ လမ်းရှာ တက်ပြီး မှ ထိုင်း ရဟတ်ယာဉ်မှူး ကို ပြန်လာခေါ်ဆောင် ရခြင်းဖြစ်သည်။ 
 
ယင်း ချောင်း နဘေး ၌ ၄င်းတို့နှစ် ဦး ညအိပ် ခဲ့ရသည်။ ည အိပ်ရာ တွင် အခင်းနှင့် မိုးရွာ ပါက ကာရန် အတွက် ဌက်ပျောရွက် များကို ရွှေရင်တော်ကြီး က သွားဖြင့် ကိုက်ပြီး ထိုင်း ရဟတ်ယာဉ်မှူး အားပေးခဲ့သည်။ 
 
အိပ်သည် ဆိုသော်လည်း နှစ်ယောက် စလုံးသည် ထိုင်လျှက် အနေအထားဖြင့် သာ ကြက်အိပ်ကြက်နိုး အိပ်ကြ ရခြင်းဖြစ်သည်။ ထို အချိန်တွင် ရိက္ခာ အနေဖြင့် သူတို့နှစ်ဦးတွင် ၀ီစကီ တစ်ပုလင်းနှင့် ရေဆူဆေးပြား တစ်ဘူး သာ ရှိသည်။
 
စက်တင်ဘာလ (၃၀)ရက်နေ့ 
 
 ရွှေရင်တော်ကြီးနှင့် ထိုင်း ရဟတ်ယာဉ်မှူး တို့သည် ချောင်းရိုး အတိုင်း ဆက်လက် သွားခဲ့ကြ သည်။ ယင်းနေ့ တစ်နေ့လုံး ချောင်းရိုး အတိုင်း ကြိုးစားပြီး ခရီး ဆက် ခဲ့ကြရသည်။ တစ်ချို့နေရာ များတွင် ချောင်းရိုး အတိုင်း ဆက်လျှောက် ရန် လမ်း မရှိသောကြောင့် တောင်ပေါ် သို့ တက်ကြ ရပြန်သည်။
 
 တောင်စောင်း အတိုင်း ခက်ခက် ခဲခဲ သွားကြရပြီး လမ်းပြန်မြင်ရချိန် မှ ချောင်းဆီ သို့ ပြန်ဆင်း ကြရခြင်းဖြစ် သည်။ ထို့အပြင် ချောက်ကမ်းပါး များကိုလည်း သစ်ကိုင်းများ ထိုး၍ ခက်ခဲ စွာ ဖြတ်ကြ ရပြန်သည်။ 
 
ည အိပ်ချိန်ရောက်သော အခါ ချောင်း အထိ ပြန်ဆင်းရန် အလှမ်းဝေး သဖြင့် တောင်စောင်း၌ ဌက်ပျောပင် များကို ခြေကန် ၍ မှီအိပ် ခဲ့ကြရသည်။ 
 
  အောက်တိုဘာလ (၁)ရက်နေ  
 
 အောက်တိုဘာ (၁) ရက်နေ့ တွင် လည်း လမ်း ရှာရန် ရွှေရင်တော်ကြီး က ဦးဆောင်၍ ထိုင်း ရဟတ်ယာဉ်မှူး ကို ခေါ်ယူကာ တောင်စောင်း အတိုင်း ဆက်လက် ထွက်ခွာခဲ့သည်။ ယင်းနေ့ မွန်းတည့် (၁၂:၀၀) နာရီ တွင် ၄င်းတို့နှစ်ဦး သည် တောင်ကုန်း တစ်ခု အပေါ်ရောက်ခဲ့ကြပြီး မိနစ်(၃၀) ခန့် နား ကာ မီးဖိုပြီး အချက်ပြနိုင်ရန် ကြိုးပမ်း ခဲ့သည်။ 
 
ထိုင်း ရဟတ်ယာဉ်မှူး ကလည်း အရေးပေါ် အချက်ပြရန် ကြိုးပမ်းသည့် အနေဖြင့် မီးဖို ရန်ပြောခဲ့သည်။ ထိုနောက် ဆက်လက် ထွက်ခွာ ခဲ့ရာ ချောင်း ငယ်နဘေးနား သို့ ပြန်ရောက် ခဲ့ကြ သည်။ ညပိုင်း အရောက်တွင် ချောင်းဘေး ၌ အိပ်ခဲ့ကြသည်။ ယင်း ညက မီးဖို ရန်ကြိုး စားသော် လည်း မည်သို့မျှ မရဖြစ်ခဲ့သည်။ 
 
အချမ်း သက်သာစေရန် သစ်ကိုင်းခြောက် များနှင့် ဌက်ပျောဖက် များကို အသုံးပြု၍ အိပ်ခဲ့ကြ ရသည်။
 
   အောက်တိုဘာလ (၂)ရက်နေ့
ယင်းနေ့ နံနက် ပိုင်းတွင် ထိုင်း ရဟတ်ယာဉ်မှူး က ဒဏ်ရာ နာကျင်သည် ဟု ပြောသဖြင့် ရွှေရင်တော်ကြီး က အနာ ကျက် ဆေးဖြင့် လိမ်းပေးခဲ့သည်။ ထိုနောက် ဆက်လက်လျှောက် ခဲ့ကြရာ ထိုင်း ရဟတ်မှူးက တောင် အတက်အဆင်း ပြုလုပ်ရန် မိမိ မတတ်နိုင်တော့ကြောင်း ရွှေရင်တော်ကြီး အား မွန်းလွဲ (၁)နာရီခန့် တွင် ပြောခဲ့သည်။
 
 ရှေ့ဆက် ခရီးဆက် ရန် တောင်စောင်း ဘက်သို့ တစ်မိုင်ခန့် တက်ပြီး မှ ချောင်းဆီ သို့ ပြန်ဆင်းရ မည်ဖြစ်သည်။ ထိုင်း ရဟတ်ယာဉ်မှူး သည်လည်း မတတ်နိုင်တော့ပြီဖြစ် ၍ ရွှေရင်တော်ကြီး က တနည်း စဉ်းစား ရပြန်သည်။ ချောင်းတစ်ဘက်ကို ကူး၍ ခရီးဆက်ရန် အကြံပေါ် သဖြင့် ရွှေရင်တော်ကြီးက သစ်ကိုင်းခြောက်များ သုံး၍ ပထမဆုံး စမ်းသပ်သည့် အနေဖြင့် ကူးကြည့်ခဲ့သည်။ 
 
ထို့နောက် ချောင်းတစ်ဘက်ကမ်းသည် မြေပြန့်ဖြစ်နေပြီး ရွှေရင်တော်ကြီးက ထိုင်း ရဟတ်ယာဉ်မှူး ကို တွဲကာ နှစ်ယောက် အတူ ချောင်းကို ကူးခဲ့သည်။
 
 
ထို့နောက် ချောင်း ၏ မြေပြန့် ရှိသည့် ဘက်မှ ချောင်းရိုး တစ်လျောက် သူတို့နှစ်ဦး ဆက်လျောက် ခဲ့ကြ သည်။ ထိုနောက် မြေပြန့် အဆုံးတွင် ချောက်ကမ်းပါး များ ခံနေပြန် သဖြင့် ချောင်း တစ်ဘက်သို့ နှစ်ယောက်သား ခက်ခက် ခဲခဲ ပြန် ကူးကြရလေသည်။ 
 
ထို့နောက် ထိုင်း ရဟတ်ယာဉ်မှူး က နားချင်သည် ဆို၍ ခေတ္တနားချိန် တွင် ရွှေရင်တော်ကြီး သည် အိပ်ရန် အတွက် သစ်ပင်ကြီးကြီး ရှာပြီး ထိုင်း ရဟတ်ယာဉ်မှူးအား ပြန်လာခေါ် ခဲ့သည်။
 
 အောက်တိုဘာလ(၃)ရက်နေ့
နံနက် (၆) နာရီတွင် ရွှေရင်တော်ကြီး သည် ထိုင်း ရဟတ်ယာဉ်မှူး အား တွဲခေါ် ၍ ခရီးဆက် ခဲ့ကြသည်။ သုံးနာရီ ခန့် လမ်းလျောက် ခဲ့ကြပြီး ထိုင်း ရဟတ်ယာဉ်မှူး မှာ ပင်ပန်း လွန်းသဖြင့် နားမည် ဟု ဆိုသည်။ ရွှေရင်တော်ကြီး က လမ်းဆက် ရှာရာ တောင်စောင်း မှ ပြုတ်ကျ  ခဲ့ပြ န် သည်။ 
 
သို့သော် ကံကောင်းထောက်မ စွာဖြင့် ဒဏ်ရာကြီးကြီး မားမား မရဘဲ ထိုနေ့ အတွက် နားရန် သင့်တော် သည့် နေရာတွေ ချိန်တွင် ထိုင်း ရဟတ်ယာဉ်မှူး ကို ပြန် လာခေါ်နိုင်ခဲ့ သည်။ ထိုနောက် တောင်စောင်း အတိုင်း ပြန်ဆင်း ခဲ့ကြပြီး မြေပြန့် ရှိ ၀ါရုံတော တစ်တောတွင် အိပ်ခဲ့ကြ သည်။ ယင်း ညတွင် ၀ါးရုံတောဖြစ် ၍ အချမ်း သက်သာစေရန် မီးဖို ရာတွင် အဆင်ပြေ ခဲ့သည် ။ 
 
 အောက်တိုဘာလ(၄)ရက်နေ့
ဒဏ်ရာ ရရှိ ထားသည့် အပြင် တောင်ဆင်း ၊တောင်တက် ခရီး များကြောင့် ထိုင်း ရဟတ်ယာဉ်မှူး မှာ အလွန် ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် ရွှေရင်တော်ကြီး က ထိုင်း ရဟတ်ယာဉ်မှူး ကို ကူညီဖေးမ ၍ နံနက် (၆) နာရီ တွင် ခရီးဆက် ထွက်ခဲ့သည်။ လမ်းခရီးတွင် ထိုင်း ရဟတ်ယာဉ်မှူး ဆက်မလျှောက်နိုင်တော့ သဖြင့် ခေတ္တ အမောဖြေစေပြီး ရွှေရင်တော်ကြီး က လမ်းကြောင်းရှာ ထွက်ခဲ့သည်။ 
 
အဆင်ပြေမည့် လမ်းကြောင်းတွေ့ ၍ ထိုင်း ရဟတ်မှူးကို ပြန်လာခေါ် ရာ လူချင်း ကွဲနေသဖြင့် (၂) နာရီ ခန့် ရှာခဲ့ ရသည်။ ချောင်း အတိုင်း သွားကြ ရာတွင် အချို့နေရာ များ၌ ချောက် ကမ်း ပါး၊ ရေတံခွန် စသည့် အတား အဆီးများကြောင့် လမ်း အခက်အခဲ ရှိသဖြင့် တောင်စောင်း များ အတိုင်း နှစ်ဦးသား အတက် အဆင်း လုပ်ကြရသည်။
 
 ထို့နေ့ ညနေခင်း တွင် ထိုင်း ရဟတ်ယာဉ်မှူး သည် တောင်အတက် အဆင်း လုပ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ထိုကြောင့် ချောင်း အနီးတွင် အိပ်ခဲ့ကြသည်။ 
 
 အောက်တိုဘာလ( ၅)ရက်နေ့ 
 
 တောင်ဆင်းတောင်တက် လုပ်ရန် အခက် အခဲ ရှိနေပြီဖြစ် ၍ ချောင်းရိုး အတိုင်း ဆက်လက် သွား ခဲ့ကြပြီး ချောက်ကမ်းပါး စသည့် အတား အဆီး များကြုံချိန် တွင် ချောင်း တစ်ဖက်ကမ်း သို့ ကူး၍ ခရီးဆက် ခဲ့ကြသည်။ ယင်းနေ့ တစ်ရက်တည်း အတွင်း ရွှေရင်တော်ကြီးနှင့် ထိုင်း ရဟတ်ယာဉ်မှူး တို့ သည် ချောင်းကို (၇) ကြိမ် ဖြတ်ကူး ခဲ့ရသည်။ ယင်း ညပိုင်း တွင် လည်း ချောင်း ၏ ၀ါးတော အနီး တွင်ပင် အိပ်ခဲ့ကြသည်။
 
 အောက်တိုဘာလ (၆)ရက်နေ့
ယင်း နံနက်ပိုင်း၊ (၆) နာရီခန့် တွင် ချောင်း၏ ၀ါးတော ရှိသည့် ဘက်အခြမ်းမှ တစ်ဖက်ကမ်း သို့ ရွှေရင်တော်ကြီး က ထိုင်း ရဟတ်ယာဉ်မှူးကို တွဲ၍ ကူးခဲ့ကြရာ ထိုင်း ရဟတ်ယာဉ်မှူး က ရှေ့ဆက် ၍ သူ မလိုက်နိုင်တော့ကြောင်း ရွှေရင်တော်ကြီး အား ပြောခဲ့ သည်။
 
 ရွှေရင်တော်ကြီးက ဆက်လိုက်ရန် ကြိုးစားပြီး အား ပေးစကားပြောသော် လည်း ရဟတ် ယာဉ်မှူး ၏ အခြေအနေ မှာ လုံးဝ မလှုပ်ရှားနိုင်တော့ သည့် အနေ အထားဖြစ်နေသည်။ ထို့ကြောင့် ရွှေရင်တော်ကြီး က သင့်လျော့်မည့်နေရာ ကို တတ်နိုင် သမျှရှာ ပြီး နောက်ဆုံး လက် ကျန် ရိက္ခာဖြစ်သည့် ၀ီစကီ လက်ကျန်၊ ရေနှင့် အားဆေး နှစ်တောင့် တို့ကို ပေးခဲ့သည်။ 
 
ထို့ပြင် ရွှေရင်တော်ကြီး သည် ဌက်ပျောဖက် များကို ပါးစပ်ဖြင့် ကိုက်ဖြတ်ပြီး ထိုင်း ရဟတ်ယာဉ်မှူး အတွက် အမိုးနှင့် အခင်း များပြုလုပ်ပေး ခဲ့သည်။

ထိုနောက်ရွှေရင်တော်ကြီး သည် ချောင်းရိုး အတိုင်း ဟိုဘက်၊ ဒီဘက် ကူး၍ ဆက်လက် ထွက်ခွာ ခဲ့သည်။ ချောက်ကမ်းပါး ကဲ့သို့ အတားအဆီး များတွေလျင် ချောင်း ၏ တစ်ဘက်ကမ်း မှ ထို ကဲ့သို့ ရှောင်၍ ကူးရခြင်းဖြစ်ရာ ရွှေရင်တော်ကြီး သည် စုစုပေါင်း အကြိမ်(၄၀)ခန့် အပြန် အလှန် ကူးခဲ့ရပြီး တစ်ကြိမ်လျင် (၂) မိနစ်မှ (၃)မိနစ် အထိ ရေကူးခဲ့ရသည်။
 
 ချောင်းရိုး အတိုင်း ဆင်းလာ ခဲ့သည့် ရွှေရင်တော်ကြီး သည် နေ့လည် (၁၁)နာရီ ခန့်တွင် တံတား တစ်ခုကို တွေ့သည်။ ထိုတံတားမှ လွန်သော အခါ ရွှေရင်တော်ကြီး သည် တောင်ယာ အခင်းဟောင်း တစ်ခုဟု ယူဆရသော နေရာ သို့ ရောက်ခဲ့သည်။ 
 
လူသူ ရှိမည်လား ဆိုသော မျှော်လင့် ချက်ဖြင့် ရွှေရင်တော်ကြီး က အော်ဟစ် အသံပြု သော်လည်း မည်သည့် အသံဗလံ မှ မကြားရ သဖြင့် ခရီးဆက် ခဲ့ရပြန်သည်။
 
ထိုမှ ရွှေရင်တော်ကြီး သည် ဆက် သွားရာ မွန်းတည့် (၁၂)နာရီ ခန့်တွင် တဲ တစ်ခု ကိုတွေ့သည်။ ယင်း တဲသည် တံခါးများ ဖွင့်ထားသည် ကို တွေ့ရသဖြင့် ရွှေရင်တော်ကြီး က ၀မ်းသာ အားရဖြင့် အော်မိ ခဲ့သည်။ သို့သော် တဲ အတွင်းလူ မရှိကြောင်းတွေ့ ရပြန်သည်။ အဆိုပါ တဲ အတွင်းတွင် အိုးခွက်များ၊ နိုဆီဘူး ငါးလုံးခန့် ပါသည့် ဆန်အိတ် တစ်အိတ်နှင့် မီးဖို တို့သာ ရွှေရင်တော်ကြီး တွေ့ရှိခဲ့သည်။
 
 ရွှေရင်တော်ကြီး သည် အလွန် ပင်ပန်း ဆင်းရဲသော တောတွင်း ခရီးကြမ်းကို ဖြတ်သန်း ခဲ့ရသဖြင့် အလွန် ဆာလောင်နေသည်။ထို့ကြောင့် ဆန် တစ်ခွက် ယူချက် စားရန် အတွေးပေါ် ခဲ့သည်။ 
 
သို့သော် အခုပင် ဒုက္ခ များနှင့် ရင်ဆိုင်နေ ရပြီး သူတစ်ပါး ပစ္စည်း ကို ပိုင်ရှင် မသိဘဲ ယူရန် မသင့် ဟု တွေး မိကာ ရွှေရင်တော်ကြီး သည် အလွန် ဆာလောင်နေ သည့် ကြားမှ ဘာမှ မယူ ဘဲ တဲ ထဲမှ ပြန်ထွက် ခဲ့လေသည်။

အဆိုပါ တဲ ကိုကျော်၍ ရွှေရင်တော်ကြီး သည် နာရီဝက်ခန့် ဆက်သွားရာ အလွန် မတ်စောက်သော ချောက်ကမ်းပါး များသာတွေ့ ရသည်။ ရွှေရင်တော်ကြီး သည် လုံးဝ မရောက် ဖူးသောဒေသ သို့ ရောက်ရှိ သွား ခဲ့ခြင်းဖြစ်ပြီး မိမိ တို့၏ လူကြီး သူမ များပြော စကားအရ တရုတ်နိုင်ငံ ဘက် သွားသော လမ်းဖြစ်နိုင်သည် ဟု မှန်းဆ မိခဲ့သည်။
 
ထို့ကြောင့် ရွှေရင်တော်ကြီး သည် နောက်ကြောင်းပြန်လှည့် ခဲ့လေသည်။ထို သို့နောက်ကြောင်းပြန် လှည့် ရာ တွင် အလာလမ်း တွင် တွေ့ ခဲ့သည် တဲသို့ ရွှေ ရင်တော်ကြီး ပြန်ရောက် ခဲ့ သည်။ 
 
ပင်ပန်း လွန်းပြီး အင်မတန် လည်း ဆာလောင်နေ ပြီဖြစ် သည့် ရွှေရင်တော်ကြီး သည် ယင်း တဲ တွင် ခေတ္တ နားပြီး ဆန် တစ်ခွက် ယူချက် ကာ စားကြည့် သည်။ သို့သော် အစာ မစားသည်မှာ ရက် အတန်ကြာပြီဖြစ် ၍ ရွှေရင်တော်ကြီး တစ်ဇွန်း ထက် ပို မစားနိုင် ခဲ့ပါ။
 
သို့သော် သူတစ်ပါး ပစ္စည်းယူမိသည် ဆိုသော စိတ် ခံစားချက်ဖြင့် မိမိ ဘာပြန်ပေးရမည် လဲကို စဉ်းစား ရာ ရွှေရင်တော်ကြီး သည် မိမိနှင့် အတူပါလာသော ကျောပိုးအိတ် အတွင်းမှ ငွေ ငါးထောင် ကိုတွေ့ ခဲ့သည်။ ယင်းငွေ ငါးထောင် ကို ဆန်အိတ်ထဲ သို့ ပြန် ထည့်ပေးခဲ့လေသည်။
 
ထို့နောက် ဆက်လက် ထွက်ခွာခဲ့ရာ အလာလမ်းတွင် ဖြတ်ခဲ့သည့် တံတား သို့ ရွှေရင်တော်ကြီး ပြန်ရောက် ခဲ့သည်။ ယင်း တံတား၏ အနောက်ဘက် ကို ဆက်သွား ရန် ရွှေရင်တော်ကြီး က ဆုံးဖြတ်ခဲ့သည်။ အနောက်ဘက်သည် လည်း တောင်တက် လမ်း ပင်ဖြစ် ပြီး မိုးချုပ် ချိန် ရွာ တစ်ရွာတွေ့နိုင်သည် ဆိုသော မျှော်လင့်ချက်ဖြင့် ရွှေရင်တော်ကြီး ဆက်လျောက် ခဲ့သည်။ 
 
ညနေ (၃:၃၀) နာရီတွင် ရွှေရင်တော်ကြီး သည်တောင်ထိပ် တစ်ခု သို့ ရောက် ခဲ့သည်။ ဤတောင် ကိုကျော်လျှင် ရွာတွေ့ကောင်း ပါရဲ့ဟု တွေးပြီး ရွှေရင်တော်ကြီး နာရီဝက် ခန့် အမောဖြေ ရသည်။ ယင်းတောင် အကျော်တွင် မီးခိုးငွေ့များတွေ့ ၍ ရွှေရင်တော်ကြီး ဆက်လက် ဆင်း လာခဲ့ သည်။
 
ယင်းတောင် အဆင်းလမ်း တွင် နောက်ထပ် တစ်နာရီ ခန့် သွားခဲ့ပြီးနောက် လူ (ရ၀မ်လူမျိုး) တစ်ဦး ကို ရွှေရင်တော်ကြီးတွေ့ခဲ့ သည်။ ယင်း ရ၀မ် လူမျိုးအား ရွှေရင်တော်ကြီး က အကျိုး အကြောင်းပြော ခဲ့သည်။ ယင်း ရ၀မ်လူမျိုး ကို မေးမြန်းပြီး တစ်မိုင်ခန် အဝေးတွင် ရှိသော လန်ဆာထု ရွာ သို့ ရွှေရင်တော်ကြီး ဆက်လက် ထွက်ခွာခဲ့သည်။
 
 အောက်တိုဘာလ (၇) ရက်နေ့ 
 
 ရွှေရင်တော်ကြီး သည် မရပ်မနား ခရီးနှင် ခဲ့ရာ လန်ဆာထု ရွှာသို့ ညနေပိုင်း တွင် ရောက်ရှိ ခဲ့သည်။ လန်ဆာထု ရွာ ဥက္ကဌ မှ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့ထံ ဆက်သွယ်ရေး စက်ဖြင့် ရွှေရင်တော်ကြီး လန်ဆာထုရွာ သို့ရောက်ရှိနေကြောင်း ဆက်သွယ် သတင်းပို့ခဲ့သည်။
 
ထို ညနေပိုင်းတွင် ပ င် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ထူးဖောင်ဒေးရှင်း မှ ကယ်ဆယ်ရေး အဖွဲ့များ လန်ဆာထု ရွာသို့ရောက်ရှိ လာခဲ့သည်။
 
 ရွှေရင်တော်ကြီး သည် ဦးတေဇနှင့် တွေ့ဆုံပြီး ဖြစ်ပျက်ပုံ များကို အကျဉ်းပြောကြား ကာ ကျန် လူနှစ်ဦး ကို ကယ်ဆယ်နိုင်ရန် အကြောင်း ကြားနိုင်ခဲ့သည်။ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့နှင့် ဒေသခံ ရွာသား များ ညတွင်းချင်း တောအုပ် အတွင်း ၀င်ရောက်ပြီး ထိုင်း ရဟတ်ယာဉ် မှူးနှင့် မြန်မာ ရဟတ်ယာဉ်မှူး ကို ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့သည်။
 
 ရွှေရင်တော်ကြီး သည် ကြမ်းတမ်း ခက်ခဲသည့် တောတွင်း ခရီးကို ဖြတ်သန်းခဲ့ ရသော်လည်း အနား မယူဘဲ ထူးဖောင်ဒေးရှင်း မှ ကယ်ဆယ်ရေး အဖွဲ့များ၊ ဒေသခံ ရွာသား များနှင့်အတူ ရဟတ်ယာဉ်မှူးနှစ်ဦး ကို ရှာဖွေ ကယ်ဆယ်ရန် ဆက်လက် လိုက်ပါခဲ့သည်။
 
 အောက်တိုဘာလ (၈)ရက်နေ့
နံနက်ပိုင်း တွင် ထိုင်း ရဟတ်ယာဉ်မှူး အား တွေ့ရှိ ကယ်ဆယ်နိုင် ခဲ့ပြီး ကပ္ပတိန် အောင်မြတ်တိုး အား ကယ်ဆယ်နိုင်ရန် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့နှင့် ဒေသခံ ရွာသား များ တရကြမ်း ခရီးနှင် ခဲ့သည်။ 
 
 အောက်တိုဘာလ (၉)ရက်နေ့
ကယ်ဆယ်ရေး အဖွဲ့များ သည် ဦးရွှေရင်တော်ကြီး ခရီးနှင်ခဲ့ သည့် (၈)ရက် ခရီးကို (၂) ရက်နှင့်ရောက်အောင် တရကြမ်း မရပ် မနား ခရီးနှင် ခဲ့ပြီး အောက်တိုဘာ (၉)ရက်နေ့ ညနေ (၄း၀၀) နာရီခန့် တွင် ဦးအောင်မြတ်တိုး ရှိနေသည့် ဂူသို့ ရောက်ရှိ ခဲ့သည်။ 
 
သို့ရာတွင် ဂူ အတွင်း ဦးအောင်မြတ်တိုး အား မတွေ့ရှိ ဘဲ ချောက် တစ်ခုထဲတွင် ကွယ်လွန် အနိစ္စ ရောက်ပြီး ဖြစ်နေ သည့် ကပ္ပတိန် ဦးအောင်မြတ်တိုး ၏ ရုပ် ခန္ဓာအား ၀မ်းနည်းကြေကွဲ ဖွယ် တွေ့ရှိခဲ့ရသည်။
 
 ရွှေရင်တော်ကြီးသည် ခရီးကြမ်းနှင်ခဲ့သည့် အပြင် အင်အား နည်းနေသည့်ကြားမှ ဦးအောင်မြတ်တိုး အား အချိန်မီ ကယ်ဆယ်နိုင်ရန် အတွက် ကယ်ဆယ်ရေး အဖွဲ့နှင့် ချက်ချင်ြး ပန်လိုက် ခဲ့သည်။ 
 
၎င်းသည် ကယ်ဆယ်ရေး အဖွဲ့ကို ဦးဆောင် လမ်းပြပြီး ဦးအောင်မြတ်တိုး အား ကယ်ဆယ်နိုင် ရန် ခွန်အား မှန် သမျှ အသုံးပြု ခဲ့သည်။ ရွှေရင်တော်ကြီး သည် မောရမှန်း မသိခဲ့ပေ။ သို့ရာ တွင် ကွယ်လွန်နေပြီဖြစ် သည့် ဦးအောင်မြတ်တိုး ၏ ရုပ်အလောင်းအား တွေ့ရှိချိန်တွင် အလွန် စိတ်ထိခိုက် ကြေကွဲ ခဲ့သည်။
 
ပူတာအိုတွင် ရောက်ရှိနေသည့် ကပ္ပတိန် အောင်မြတ်တိုး ၏ ဇနီးနှင့် မိသားစု ထံ ချက်ချင်း အကြောင်းကြား ခဲ့ပြီး ကွယ်လွန်သူ မိသားစု၏ ဆန္ဒအရ ကွယ်လွန်သူ အား တွေ့ရှိ သည့် နေရာ တွင် ပင် အောက်တိုဘာ (၁၀)ရက်နေ့ တွင် သဂြိုလ် ခဲ့ပါသည်။
 
 အောက်တိုဘာ(၁၁)ရက် 
 ရွှေရင်တော်ကြီးသည် ရန်ကုန်မြို့ သို့ အောက်တိုဘာ (၁၁)ရက် ညပိုင်း တွင် ပြန် လည်ရောက် ရှိပြီး ၀ိတိုရိယဆေးရုံ တွင် ကျန်းမာရေး စစ်ဆေးမှုခံယူ ခဲ့ပါသည်။ ရွှေရင်တော်ကြီး သည် ဦးခေါင်း၌ ပြင်ပ ဒါဏ်ရာ တစ်ခုနှင့် ကြွက်သားနာကျင်မှု အနည်းငယ် ရှိသော် လည်း နှလုံး ၊ကျောက်ကပ်နှင့် အသည်း စသည့် အတွင်း အင်္ဂါများ အားလုံး စိုးရိမ်စရာ မရှိကြောင်း သိရှိရပါသည်။

လူသားချင်း စာနာမှုဖြင့် ပျောက်ဆုံးတောက်တက် သမားနှစ်ဦးကို ရှာဖွေသည့် လုပ်ငန်းစဉ် များတွင် ပါဝင်ခဲ့ သလို ရဟတ်ယာဉ် မတော် တဆမှု ဖြစ်ပြီးနောက် ဒဏ်ရာ အပြင်းအထန် ရရှိ ထားသည့် ရဟတ်ယာဉ်မှူး (၂) ဦး၏ အသက် ကို ကယ်ဆယ်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့ သည့် ဦးရွှေရင်တော်ကြီး အား ထူးဖောင်ဒေးရှင်း မှ လေးစားဂုဏ်ပြု အပ်ပါသည်။



From: Htoo Foundation
www.mmdailystar.com 
Myanmar Daily Star

No comments:

Post a Comment