Monday, October 13, 2014

တက္ကစီကား ဒရိုင်ဘာ

10660263_830497196970541_5362966175704989136_n 

တက္ကစီ စီးရေ ၇၀ လောက် ရှိသည်။ ဗြိတိန်နိုင်ငံ ပလိုင်းမောင့်ဒေသ တွင် စီတန်းလျက် စစ်ရေးပြ သလို ကားမောင်း ထွက်နေကြသည် ။ ဒရိုင်ဘာ များရော လမ်းဘေးမှ ကြည့်ရှုနေသူ အားလုံး မျက်ရည်များ ဝဲလျက်။ 

 အဘယ့်ကြောင့် တက္ကစီ ဒရိုင်ဘာများ က ထိုကဲ့သို့ စီတန်း ကားမောင်း နေကြသနည်း။ ကွယ်လွန် သွားရှာပြီဖြစ်သော ၎င်းတို့ မိတ်ဆွေ ကားသမား တစ်ဦးကို ဂုဏ်ပြုနေကြခြင်း ဖြစ် သည်။ 

အဆိုပါ ဗြိတိန်နိုင်ငံသား သည် ဗြိတိန်နိုင်ငံ မှ မိုင်ပေါင်း များစွာ ဝေးကွာသော ဆီးရီးယားနိုင်ငံ သူပုန်နယ်မြေ တစ်နေရာ တွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။ မစ္စတာ အလန်ဟန်း နင်း သည် တက္ကစီ ကားဆရာ တစ်ဦး ဖြစ်ခဲ့သည့် အတွက် လုပ်ဖော်ကိုင်ဖက် များက ဂုဏ်ပြုပေးနေခြင်း ဖြစ်၏။ 


သူသည် အရှေ့အလယ်ပိုင်းဒေသ သို့ စစ်ပွဲ တိုက်ရန် သွားခဲ့ခြင်း မဟုတ်ပါ။ ဗြိတိန်မှ သူမောင်းနေ ကျ တက္ကစီ ကားလေးနှင့် ဇနီးသည်၊ ကလေးနှစ်ယောက် ကို ခေတ္တ ထားခဲ့ရင်း လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီပေးရေး ယာဉ်တန်း များကို စေတနာ့ ဝန်ထမ်းအဖြစ် ကားသွားမောင်း ပေးနေခြင်း ဖြစ်သည်။
 
အမေရိကန် သတင်းထောက်နှစ်ဦး ကို ဆီးရီးယား ရှိ အစ္စလာမ္မစ် စစ်သွေးကြွ IS လက်နက်ကိုင် တစ်ဦး က ခေါင်းဖြတ် သတ်ခဲ့ပြီးနောက် တွင် ဗြိတိန်မှ လူသားချင်း စာနာမှုဆိုင်ရာ လုပ်သား တစ်ဦး ကိုလည်း အလားတူ ခေါင်းဖြတ် သတ်ခဲ့ပြီး ဗီဒီယို ကို အွန်လိုင်း ပေါ်တင်ခဲ့သည်။ 

အဆိုပါ လူသားချင်း စာနာမှု ဆိုင်ရာ လုပ်သား မှာ မစ္စတာ အလန်ဟန်းနင်း ဖြစ်ပါသည်။ မစ္စတာဟန်းနင်း သည် အလုပ်ကြိုးစားပြီး မိသားစု ကို တွယ်တာကာ ပြည်တွင်း စစ်ဒဏ် ခံနေ ရသော ဆီးရီးယား ပြည်သူ များကို ကိုယ်ချင်းစာ စိတ် ပြည့်ဝ သူလည်း ဖြစ်သည်။

အသက် ၄၇ ခုနှစ် အရွယ် အဆိုပါ စေတနာ့ ဝန်ထမ်း သည် ဆီးရီးယား ဒုက္ခသည်များ ရှိ ရာ ဒေသ သို့ အကူအညီပေးရေး ပစ္စည်း များ သွားရောက် ပို့ဆောင်ပေးသည့် ယာဉ်တန်းကို ကားလိုက်မောင်း ပေးလေ့ရှိသည်။

 ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် တူရကီ ဆီးရီးယား နယ်စပ် တစ်နေရာတွင် အဖမ်း ခံလိုက်ရသည်။ အင်္ဂလန် မြောက်ပိုင်း မှ တက္ကစီ ဒရိုင်ဘာ ဟန်းနင်း သည် မိတ်ဆွေ တစ်ဦးနှင့် အတူ ဆီးရီးယား နယ်ထဲသို့ အကူ အညီပေးရေး အရေးပေါ် ရိက္ခာများ သယ်ပို့ပေးနေခြင်း ဖြစ်သည်။ 

သူသည် တူရကီ ဆီးရီးယား နယ်စပ် ကို အကြိမ်ကြိမ် ခရီးသွားလေ့ ရှိသူ ဖြစ်ကြောင်း လုပ်ဖော် ကိုင်ဖက်များက ဆိုသည်။
“သူဟာ ရွှေနှလုံးသား ပိုင်ရှင် တက္ကစီ ဒရိုင်ဘာ တစ်ဦး ဖြစ်ပါတယ်။ လူတွေကို ကူညီချင်စိတ် ရှိသူ ဖြစ်ပါတယ်” ဟု မာတင်ရှက်ဒ်ဝပ်ခ် ဆိုသူ မစ္စတာ ဟန်းနင်း၏ မိတ်ဆွေ တစ်ဦး က ပြော ကြား သည်။ 

မစ္စတာဟန်းနင်း သည် အင်္ဂလန် အခြေစိုက် အယ်ဖာတီ ဟာဂလိုဘယ် ဟု အမည်ပေးထား သည့် အစ္စလာမ္မစ် ပရဟိတ အဖွဲ့တစ်ဖွဲ့ တွင် စေတနာ့ ဝန်ထမ်း ဝင်လုပ် ခဲ့ပြီး လူသားချင်း စာနာမှု ဆိုင်ရာ ထောက်ပံ့ရေး ကားကို လိုက်မောင်းပေးလေ့ ရှိသူ ဖြစ်သည်။

“သူ့မှာက မိသားစုလည်း ရှိတယ်။ အလုပ် ကလည်း အန္တရာယ် များလှ တာမို့ ဘာဖြစ်လို့ ဝင် လုပ် ပေးတာလဲ ဆိုပြီး မေးခဲ့ ဖူးပါတယ်။ သူက ရိုးရိုးလေးပဲ ပြန်ဖြေသွားတယ်။ ကျွန်တော် လုပ်ချင် တဲ့ အလုပ်မို့လို့ ပါတဲ့” ဟု ၎င်း ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ အော်လန်ဒိုနာ ပိုလီတာနိုက ဆိုသည်။ 

အဖမ်း မခံရခင် ဆီးရီးယား သို့ နှစ်ကြိမ် သွားခဲ့ဖူးသည်။ သူပြန်လာပြီး တိုင်း စစ်ဘေးသင့် ပြည် သူ များ မည်သို့မ ည်ပုံ ဒုက္ခတွေ့နေရသည် များကို ပြန်ပြောလေ့ ရှိသည်။ အန္တရာယ်တော ထဲ တွင် ဘယ်လိုပင် ဖြတ်သန်းနေရ ပါစေ ထိုကိစ္စ ကို လုံးဝ မမှုကြောင်းလည်း လုပ်ဖော်ကိုင်ဖက် များက ပြန်ပြောပြသည်ဟု Manchester Evening News သတင်းစာ က ရေးသားဖော်ပြ ထား သည်။

မစ္စတာဟန်းနင်းနှင့် ဇနီး ဘာဘရာ၊ ဆယ်ကျော်သက် အရွယ် ကလေး နှစ်ဦး တို့သည် မန်ချက်စတာမြို့ နားမှ Eccles တွင် နေထိုင်ကြသည်။ အလွန် ခင်စရာကောင်းသော လူ တစ်ဦး ဖြစ်ကြောင်း အိမ်နီးချင်းများက ပြောကြားကြသည်။ 

“သူနဲ့တွေ့တိုင်း အဝတ် အစား အပိုတွေ လှူမယ့် လူ ရှိလား ချည်းပဲ မေးနေတဲ့ လူပါ” ဟု အိမ်နီး ချင်း ဒက်ဘီအက်ရှ်တန် က ပြောကြားသည်။ “အဲဒီမှာ ကလေးတွေ ကြုံနေရတဲ့ ဘဝကို ခင်ဗျား တို့ကို ပြောပြရင် ယုံနိုင် မှာတောင် မဟုတ်ဘူး” ဆိုသည့် စကား ကိုလည်း လက်ဆုံ ကျတိုင်း အမြဲပြောလေ့ ရှိသည် ဟု အခြား အိမ်နီးချင်း များက ဆိုသည်။

“ကျွန်တော့်ကို စိတ် မပူကြပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် က အကူ အညီပေးရေး လုပ်သား ဆိုတော့ ခဏကြာရင် ပြန်လွတ် လာပါလိမ့်မယ်” ဟု သူ နှင့် အတူတူ အချုပ် ခံထား ရသော ဆီးရီးယား တက်ကြွ လှုပ်ရှားသူ တစ်ယောက် ကနေ တစ်ဆင့်စကား ပါးလိုက်သေး သည်။ အဆိုပါ ပုဂ္ဂိုလ်က ပြန်လည် ပြောပြခြင်း ဖြစ်သည်။

ဗြိတိန် အခြေစိုက် မွတ်ဆလင် အဖွဲ့များ ကလည်း မစ္စတာ ဟန်းနင်းကို ပြန်လည် လွှတ်ပေးပါ ရန် ဝိုင်းဝန်း တောင်းဆိုကြသည်။ ဗြိတိန် မွတ်ဆလင်ကောင်စီ ၏ အထွေထွေ အတွင်းရေး မှူးချုပ် ရှူဂျာရှာဖီ က ဟန်းနင်းသည် ဆီးရီးယား ပြည်သူ များကို ကူညီရန် အတွက် ခရီးသွား လာနေသူ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူအများစု မှာ မွတ်ဆလင် များ ဖြစ်ကြောင်း၊ အဆိုပါ ပုဂ္ဂိုလ် ကို အကျဉ်းချရမည် မဟုတ်ဘဲ ကောင်းချီးပေးရမည် ဖြစ်ကြောင်း အတိ အလင်း ကြေ ညာ ပြောဆိုထားသည်။

သို့ပါသော်လည်း အကြမ်းဖက် အစွန်းရောက် ဂျီဟတ် မိစ္ဆာများက ပရဟိတ သမား တစ်ယောက် ၏ အသက် ကို ရက်ရက် စက်စက် ခေါင်းဖြတ် သတ်လိုက်ကြပြီး ရုပ်သံကို ထုတ်ပြန်ခဲ့ကြသည်။ 

၂၀၁၄ အောက်တိုဘာ ၃ ရက်နေ့ တွင် ယင်းရုပ်သံ ထွက်ပေါ်လာခြင်း ဖြစ် သည်။ ခေါင်းဖြတ်ခဲ့ သူက အမေရိကန် ဦးဆောင်သော IS ဆန့်ကျင်ရေး ထိုးစစ် များတွင် ဗြိတိန်က ပါဝင်ခဲ့မှုကြောင့် ယခု လို သတ်ခဲ့ခြင်းဟု ပြောကြားသွားသည်။

“ရက်စက် ယုတ်မာတဲ့ အပြု အမူ ဖြစ်ပါတယ်။ IS အကြမ်းဖက် သမားတွေကို တိုက်ဖျက်ဖို့ အတွက် ဘာမဆို လုပ်သွားမှာ ဖြစ်ပါတယ်။ မစ္စတာဟန်းနင်း ဟာ ကြီးကျယ် မြင့်မြတ်တဲ့ ငြိမ်းချမ်းရေး ရဲ့ အမှတ်အသား ဖြစ်သလို ကြင်နာ သနားမှု နူးညံ့မှု တို့ရဲ့ သရုပ်သကန် လည်း ဖြစ် ပါတယ်။ 

တခြား လူတွေကို ကူညီဖို့ အတွက် မွတ်ဆလင် မိတ်ဆွေတွေ နဲ့ လက်တွဲပြီး သူလုပ်ဆောင်ခဲ့ ပါတယ်။ တစ်တိုင်းပြည်လုံး က ကြေကွဲ ပူဆွေးသလို သူ့ရဲ့ မွတ်ဆလင် သူငယ်ချင်းတွေ ဟာ လည်း အစ်ဒ် ကာလမှာ သူ့အတွက် အမှတ် ရအောက် မေ့ဖွယ်တွေ လုပ်ဆောင် နေကြ ပါတယ်” ဟု ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် က ပြောကြားခဲ့သည်။

နေ့စဉ်နေ့တိုင်း အရှေ့ အလယ်ပိုင်း စစ်မျက်နှာ များတွင် ဘာသာရေး အစွန်းရောက်များ၊ အာဏာ ရရေး အစွန်းရောက်များ၊ စီးပွားရေး သောင်းကျန်း သူ အစွန်းရောက် များ၊ မျိုးချစ် အစွန်းရောက် များ စသည့် စသည့် အစွန်းရောက် နည်းပေါင်း စုံဖြင့် အစွန်းရောက် ကြသူ များကြောင့် ကလေးများ၊ ပြည်သူများ မည်မျှ အတိဒုက္ခ ရောက်ကြရသည် ကို သတင်းများတွင် အတွေ့ပင် ဖြစ်သည်။

 ဒုက္ခသည် များ၏ အခြေအနေ ကိုလည်း သတင်းများမှ တစ်ဆင့် သိရပြီး ဖြစ်သည်။ မစ္စတာ ဟန်းနင်း သည် တက္ကစီကား ဒရိုင်ဘာ တစ်ဦးပင် ဖြစ်လင့် ကစား သူလုပ်နိုင်သည့် ကားမောင်း သည့် လုပ်အားဖြင့် နယ်စပ် စခန်းများတွင် သွားရောက် ကူညီပေးခဲ့သည်။

 နောက်ဆုံး အသက်ပင် ပေးခဲ့ ရသည်။ ၎င်း၏ စွန့်လွှတ် စွန့်စား ပရဟိတ စိတ်ဓာတ်က မှတ်တမ်း တင် ထိုက်ပါပေသည်။

မေတ္တာတရားနှင့် သနားကြင်နာ မှုကို အခြေခံသော ပရဟိတ သမား တစ်ဦးကို သတ်ဖြတ် လိုက်သည့် IS သည် လည်း ယင်း အပြစ်ဒဏ်နှင့် ထိုက်တန်သည့် တရား စီရင်မှု ဒဏ်ကို ကျိန်းသေပေါက် တွေ့ကြုံရမည် မှာ မလွဲဖြစ်ပေသည်။


Credit: The Voice Weekly
From...Search Myanmar

 

No comments:

Post a Comment