Saturday, October 18, 2014

အာဏာရှင် ကို ဖြုတ်ချ ရန် ကြံစည် ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် – ကိုရင်မောင်



မ-ဆ-လ ဦးနေ၀င်း အစိုးရ ကို တပ်မတော် လူငယ် အရာရှိများ စုစည်း ပူးပေါင်းကာ ဖြုတ်ချရန် ကြံစည် ခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့် ကွယ်လွန် ခဲ့သည်မှာ ယခု အခါတွင် နှစ်ပေါင်း ၃၈နှစ် ခန့်ရှိပြီ ဖြစ်ပါသည်။ 

ယခုခေတ် လူငယ်များ သည် ဗိုလ်ကြီး အုန်းကျော်မြင့် အား သိရှိသူ နည်းပါး မည် ဖြစ်ပါသည်။ ယနေ့ လူငယ် များ သိရှိရန် အတွက် ဗိုလ်ကြီးအုန်းကျော်မြင့် ၏ အာဏာရှင် စနစ်ပေါ် တွင် ဖြုတ် ချရန် အားထုတ် မှုကို ရေးသား ဖော်ပြလိုက်ရပါသည်။ 

ကျွန်တော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် ကိုယ်ရေး အရာရှိ တာဝန် ထမ်းဆောင်စဉ် ကာလ က ခင်မင် ရင်းနှီးခွင့် ရရှိခဲ့ပါသည်။ 


ပထမအကြိမ် ပြည်သူ့လွှတ်တော် ကို တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ၏ ဦးဆောင် မှုဖြင့် ဖွဲ့စည်း ခဲ့သော ပြည်သူ့လွှတ်တော် ကို ၁၉၇၄ ခုနှစ် မတ်လ ၂ရက်နေ့ မှာ စတင်ကျင်းပခဲ့ပါသည်။ 

ယင်း လွှတ်တော်ကြီး တွင် နိုင်ငံတော် သမ္မတ အနေဖြင့် ဦးနေ၀င်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစန်းယု ၀န်ကြီးချုပ် အဖြစ် ဦးစိန်ဝင်း ၊ ပြည်နယ်နှင့်တိုင်း မှ နိုင်ငံတော် ကောင် စီ ၀င် ၁၄ဦး လွှတ်တော်အတွင်းမှ နိုင်ငံတော် ကောင်စီ ၁၄ ဦး၊ ၀န်ကြီး အဖွဲ့ဝင် ၀န်ကြီး များ၊ တရားသူကြီး အဖွဲ့၊ ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့၊  လုပ်ငန်း စီစစ်ရေး အဖွဲ့ အစရှိသည် တို့ကို ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း ဖွဲ့စည်းခဲ့ပါသည်။ 

တစ်ပါတီ အာဏာရှင် စနစ် ဖြစ်သောကြောင့် ယင်း တာဝန်ပေးမှု များ အားလုံးသည် ဗဟို ဦးစီး မှု စနစ်ဖြင့် ခန့်ထားပြီး လွှတ်တော် ကိုယ်စားလှယ်များ မှ ထောက်ခံ ခဲ့ကြပါသည်။ 

အရှေ့တောင် အာရှတွင် အဖွံ့ဖြိုးဆုံး နိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံ ဘ၀သို့ ရောက်ရှိ သွားရန် အတွက် ပထမဆုံး စခဲ့သော ခြေလှမ်းကြီး ဖြစ်သည်။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး သူရတင်ဦး သည် အသက် အရွယ်အားဖြင့် ငယ် ရွယ်ပြီး ထာဝစဉ် တက်ကြွ ကာ တပ်မတော် တစ်ခု လုံး၏ လေးစားကြည်ညိုမှု ခံရသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါသည်။ 

၁၉၇၄ခု နောက်ပိုင်း ဖြစ်ပေါ် ခဲ့သော အလုပ်သမား အရေးအခင်း တွင် ဆန္ဒပြရာ တွင် ၀န်ကြီး ချုပ် ဦးစိန်ဝင်း ကျန်းမာပါစေ။ ဗိုလ်ချုပ်ကြီး တင်ဦး ကျန်းမာပါစေ အစရှိသော ပြည်သူ တို့ ကြွေးကြော် မှုသည် ဦးနေ၀င်း အတွက် ထိုပုဂ္ဂိုလ်နှစ်ဦး အား ၄င်းထက်ကျော်သွားမည် ကို စိုးရိမ်ပြီး အခွင့် အရေး ပေါ်လာသော အခါတွင် ဦးစိန်ဝင်း အား ၀န်ကြီးချုပ် ဘ၀ မှ လုပ်ပိုင်ခွင့် မရှိသော နိုင်ငံတော် ကောင်စီဝင် အဖြစ်သို့ ၎င်း ဗိုလ်ချုပ်ကြီး သူရတင်ဦး အား အင်္ဂလန် တွင် ဆေးဝါး သွားကုသော သားနှင့် ပတ်သက်ပြီး စစ်ရုံး မှ ထောက်လှမ်းရေး အစီရင်ခံစာဖြင့် ၄င်း ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ ရပ်စဲခဲ့ ပါသည်။ 

ဆရာသမားများ ၏ ပြောပြချက် အဆို အရ ဗိုလ်ချုပ်ကြီး တစ်ဦး ၏ ဇနီးသည် ၄င်းတို့ ဆောက် လုပ်သော အိမ် အတွက် နံရံကပ် မီးသီး များ မီးလုံး များ အစ ရှိသည် တို့ကို ၀ယ်ယူခြင်း သာဖြစ်ကြောင်း သိရှိ ရပါသည်။ 

သို့သော် သိုးငယ်နှင့် ၀ံပုလွေ ပုံပြင် ကဲ့သို့ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်ကြီး တင်ဦး မှာ နုတ် ထွက်ခဲ့ ရပါသည်။ အခြား အကြောင်းအရာ တစ်ခု မှာ က.က.လှမ်းညွှန် မှူးဖြစ်သော မျက်မှန် ကြီး သည် ဗိုလ်ချုပ်ကြီး တင်ဦး အပေါ်တွင် အမြင် မကြည်လင်မှုများ ရှိပါသည်။ ပြောရလျှင် အဆင်း တွင် ဘီး တပ်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထိုစဉ် ကာလက နိုင်ငံတော် အကြီး အကဲ များ၏ ညစာ စားပွဲများကို နိုင်ငံတော် အဆင့် မဟုတ် လျှင် ၁၄ အင်လျား တွင် ကျင်းပလေ့ ရှိပါသည်။ ၄င်း ၁၄ အင်းယား မှာ က.က.လှမ်း ၏ ပိုင်ဆိုင် မှု အောက်တွင် ရှိပါသည်။ 

တစ်ခုသော ညစာ စားပွဲတွင် လူကြီး များ ၀ိုင်းဖွဲ့ပြီး ပြောဆိုနေသော အချိန်တွင် ဗိုလ်ကြီး အုန်းကျော်မြင့် မှ ကျွန်တော် တို့၏ ကိုယ်ရေး အရာရှိများ အား အစား အသောက် များကို စားသောက်စေခဲ့ ပါသည်။ ထိုသို့ စားသောက်နေသော အချိန် တွင် မျက်မှန်ကြီး သည် ၀င်ရောက် လာပြီး လူကြီးများ မစားမီ စားသောက်သည့် အတွက် ကြိမ်းမောင်း ပါတော့သည်။ 

သူ၏ ကြိမ်းမောင်း မှုမှာ “မင်းတို့ အိတ်ဆွဲ တံခါးဖွင့်တွေ ဘာ လူပါးဝ တာလဲ” အစရှိ သဖြင့်  ကြိမ်းမောင်းခြင်း ဖြစ်ပါသည်။ တော်တော် များများ မှာ ယင်း အဖြစ်အပျက် အား မေ့မေ့ပျောက် ပျောက်ဖြစ်သော်လည်း ဗိုလ်ကြီး အုန်းကျော်မြင့် မှာ ဤကိစ္စ ကို အထူးပင် နာကျည်းနေကြောင်း ပြောဆိုပါသည်။ 

ထိုစဉ်က ဗိုလ်ချုပ်ကြီး တင်ဦး မှာ ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်လျက် ရှိပါသေး သည်။ ဗိုလ်ချုပ်ကြီး တင်ဦး တာဝန် မှ ရပ်စဲ ခံရပြီး နောက်ပိုင်း တွင် ဗိုလ်ချုပ်ကြီး သူရကျော်ထင် သည် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပါသည်။ 

ဗိုလ်ကြီး အုန်းကျော်မြင့် သည် တိုင်းပြည် တွင် ဖြစ်ပေါ်နေသော အခြေ အနေ အရပ်ရပ်သည် တစ်ပါတီ အာဏာရှင် စနစ်ကြောင့် ကျဆုံးနေသည် ကို ထောက်ပြပြီး၊ ဗိုလ်ကြီး အုန်းကျော်မြင့် သည် ၄င်းနှင့် နီးစပ်သော တိုင်းမှူး များ၏ ကိုယ်ရေး အရာရှိများ၊ စစ်ရုံးမှ ၄င်းနှင့် ရင်းနှီးသော ဦးစီး အရာရှိ များကို ရင်ဖွင့် ပါတော့သည်။

ဗိုလ်ကြီး အုန်းကျော်မြင့် ၏ ကြံစည်မှု များသည် လက်တွေ့ မပါသော သဘော တရားများ သာ ဖြစ် ပါသည်။ ၄င်း၏ စွန့်လွှတ်မှု၊ အနစ်နာခံမှု တို့သည် နောက်ဆုံး တွင် ကြိုးစင်ပေါ်တွင် နိဂုံး ချုပ်သွား ရသည် မှာ အလွန်ကြေကွဲ စရာ ကောင်းလှပါသည်။ 

ဗိုလ်ကြီး အုန်းကျော်မြင့် သည် ဦးနေ၀င်း အား ဖြုတ်ချရန် ကြံစည်ခြင်း သည် ၄င်း၏ ကိုယ်ကျိုး အတွက် မဟုတ်ပါ။ နိုင်ငံရေး နယ်ပယ် တွင် ဗိုလ်ချုပ် တင်ဦ်း (မျက်မှန်ကြီး) အပေါ်တွင် လည်း အမြင်ကြည်လင် ရှင်းလင်းခြင်း မရှိပါ။ ထိုစဉ် ကာလက မျက်မှန်ကြီး အား ၁၁/၂ ဟုခေါ်ကြ ပါသည်။

 ပြောရလျှင် ဦးနေ၀င်း ပြီးလျှင် အာဏာ အရှိဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ် ထားကြပါသည်။ အရာရာ အားလုံး သည် ၁၉၇၆ တပ်မတော်နေ့ ညစာ စားပွဲတွင် ၄င်း စီစဉ် သလို ဖြစ် မလာသော အခါ ဗိုလ်ကြီးအုန်းကျော်မြင့် သည် ထိုစဉ် က လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် စောဖြူး အား သွားရောက် တွေ့ဆုံပြီးနောက် အမေရိကန် သံအမတ် အိမ်တွင် နိုင်ငံရေး ခိုလှုံရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

 နောက်ဆုံး တွင် သက်ဆိုင်ရာ သို့ လွှဲပြောင်းပေးခြင်း ခံလိုက် ရပါသည်။ ၁၉၆၂ မတ်လ ၂ရက် အာဏာ သိမ်းပြီးသော ကာလမှ စ၍ ပထမဦးဆုံး အကြိမ် ဦးနေ၀င်း အား တပ်မတော် အရာ ရှိငယ် များမှ အာဏာသိမ်း ရန် ကြံစည်သော အမှုကြီးသည် ပထမဆုံး ပေါ်ပေါက်ခြင်း ဖြစ်ပါ သည်။ 

ဗိုလ်ချုပ်မှူးကြီး စောမောင် ထံမှ ဗိုလ်ချုပ်ကြီး သန်းရွှေ အာဏာသိမ်းခြင်း မှာ ဒုတိယမြောက် ဖြစ် ပါသည်။ 

ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် ပါဝင် ခဲ့သော အရာရှိ ငယ်များ မှာ ဗိုလ်ကြီး ၀င်းသိန်း၊  အနောက် ပိုင်း တိုင်းမှူး (ဗိုလ်ချုပ် မင်းဂေါင် ၏ ကိုယ်ရေး အရာရှိ)၊ 
ဗိုလ်ကြီး ဟန်ဇော် (မြောက် ပိုင်း တိုင်းမှူး ဗိုလ်မှူးကြီးလှဖေ ၏ ကိုယ်ရေးအရာရှိ)၊ ဗိုလ်ကြီးဝင်းမောင် (အရှေ့တောင်တိုင်းမှူး ဗိုလ်မှူးကြီး ထွန်းကြည် ၏ ကိုယ်ရေး အရာရှိ)၊ ဗိုလ်ကြီးဘချစ် (ဗိုလ်ချုပ်သန်းတင် ၏ ကိုယ်ရေး အရာရှိ)၊ 
ဗိုလ်ကြီး ၀င်းထိန် (က.က.ကြည်း) ယခု NLD ပါတီ မိတ္ထီလာ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးစိန်သောင်း (ဗိုလ်မှူးကြီး မျိုးအောင် ၏ ကိုယ်ရေးအရာရှိ)၊ 
ဗိုလ်ကြီးမြင့်သိန်း (ဗိုလ်ချုပ် ချစ်လှိုင် ၏ ကိုယ်ရေး အရာရှိ)၊ ၄င်း ဗိုလ်ကြီး မြင့်သိန်း မှ ဗိုလ်ကြီး အုန်းကျော်မြင့် ၏ အကြံ အစည်ကို လုံးဝ မသိဘဲ။ မေမြို့ရှိ ဗိုလ်ချုပ်ကြီး တင်ဦး ၏  ကိုယ်ရေး အရာရှိဟောင်း ဗိုလ်ကြီး စံကြည်ထံ သို့ OK ဆိုသော စကား ကိုပြောမိ၍ တပ်မှ ထုတ်ပယ် ခံ ရခြင်း ဖြစ်ပါသည်။ 

၎င်းအပြင် စခန်းရုံး မှ ဗိုလ်မှူးစိန်မြင့်  Colonel GS ဗိုလ်မှူးကြီး မောင်မောင် အစရှိ သည်ဖြင့် အရာရှိ များ နှင့်တကွ ဗိုလ်ချုပ်ကြီး သူရတင်ဦး တို့သည် ပြစ်မှု စီရင်ခြင်း ခံရပါသည်။

ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် တကွ ဤ အမှုကြီး တွင် ပါဝင် ခဲ့သော အရာရှိ များသည် အနာဂတ် အတွက် ရာထူး တက်လမ်း များ မျှော်လင့်ချက် များစွာ ရှိသော ပုဂ္ဂိုလ် များ ဖြစ်ပါ သည်။ သို့သော် ၄င်း တို့သည် အာဏာရှင် စနစ် ကို ဖျက်သိမ်းရန် ကြံရွယ်ပြီး၊ ၄င်းတို့   ကိုယ် ကျိုး အတွက် မည် သည့် မျှော်လင့်ချက် မျှ မထား ခဲ့ဘဲ လုပ်ဆောင် ခဲ့ကြသူများ ဖြစ်ပါသည်။ 

ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် တကွ ပါဝင်ခဲ့သော အရာရှိ များသည် ဗိုလ်သင်တန်း အပတ်စဉ် ၂၉၊ ၃၀၊ ၃၁ တို့ မှဖြစ် ၍ ၄င်းအမှတ်စဉ် မှ အရာရှိ များသည် တပ်မတော် အစိုးရ လက်ထက်တွင် ၀န်ကြီးများ၊ ဗိုလ်ချုပ်များ ဒုဗိုလ်ချုပ်ကြီး အဆင့်သို့ တိုင် ရောက်ခဲ့သူ များ ဖြစ်ကြပါ သည်။

 နိုင်ငံတော် ဘက်မှကြည့်လျှင် ဥပဒေ ချိုးဖောက် သူများ ဖြစ်ပြီး တပ်မတော်၏ အစဉ်အလာ ကိုလည်း ချိုးဖောက် သူများဟု ယူဆနိုင်ပါသည်။ မိမိ အမြင်ဖြင့် မိမိ ၏ လိုရာသို့ ဆွဲယူမြင်နိုင် ကြ ပါသည်။ 

ဗိုလ်ကြီး အုန်းကျော်မြင့် အား သေဒဏ် ကို အတည်ပြုသော အခါတွင် ဦးနေ၀င်း မှ မှတ်တမ်း တင် ထိုက်သော စကား တစ်ခွန်းကို နိုင်ငံတော် ကောင်စီဝင်များ အား ပြောကြားခဲ့ပါသည်။ 

၎င်းမှာ “ငါ့ အနေနဲ့ ဒီကလေး ကို သေဒဏ် မပေးချင်ဘူး။ ဒါပေမယ့် လည်း တပ်မတော် က ဖြစ်နေတော့ ဒါမျိုး ကို ခွင့်လွှတ်လိုက် လျှင် နောင် တပ်မတော်ကို ထိန်းရ ခက်သွားမည်။ ငါဝမ်းနည်းစွာနဲ့ ပဲ ဒီအပြစ်ဒဏ် ကို အတည်ပြုလိုက် ရတယ်” 

ပို၍ ၀မ်းနည်းဖွယ် ကောင်းသည် မှာ ဗိုလ်ကြီး အုန်းကျော်မြင့်အား ကြိုးပေးခြင်း ကို သူ၏ ဇနီး အား အသိ မပေးခဲ့ပါ။ ထောင်ဝင်စာ သွားတွေ့သော အခါတွင် လည်း မတွေ့ရ သဖြင့် ဗိုလ်ချုပ်ကြီး ကျော်ထင်အိမ် သို့ သွားမေးရာ မှ သူ၏ ခင်ပွန်းကို ကြိုးပေး ကွပ်မျက် သေဆုံး သွားကြောင်း သိခဲ့ရပါသည်။ 

အာဏာရှင် စနစ် ကို တွန်းလှန် ရဲခဲ့သော ဗိုလ်ကြီးအုန်းကျော်မြင့် ကောင်းရာ သုဂတိ လားပါစေ ။

 မြန်မာနိုင်ငံ တွင် အာဏာရှင် စနစ် ချုပ်ငြိမ်းနိုင်ပါစေ။



ကိုရင်မောင်

Tomorrow Journal
From...Search Myanmar

 

No comments:

Post a Comment