Friday, January 2, 2015

ဗေဒင် ဆရာ များဟောတဲ့ ၂၀၁၅ နိုင်ငံရေး ၊ စီးပွားရေး



၂၀၁၅ တွင် အထွေထွေရွေးကောက် ပွဲကို ကျင်းပရန်သေချာသော် လည်း ပြည်သူ များမျှော်လင့်ထားသည် တရားမျှ  တ၍ လွတ်လပ်သော ရွေးကောက်ပွဲ အခြေအနေမျိုး မရောက်နိုင်ကြောင်း နက္ခတ်ဗေဒင် ဆရာ များက တွက် ချက်ပြောကြား လိုက်သည်။

‘‘ရွေးကောက်ပွဲ ကတော့ ကျင်းပ မှာပဲ။ ရလဒ် ကတော့ ဘ၀င် မကျစရာ ကွဲလွဲ မှုတွေဖြစ်နိုင် တယ်’’ဟု  မြန်မာနိုင်ငံ နက္ခတ်သိပ္ပံ အဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို ကပြောသည်။

ပြည်သူ အများ က မဖြစ်နိုင်ဟု ယူဆနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မှု၊ ၅၉ (စ) ပြင်ဆင်မှုများ ကို ဗေဒင် ဆရာများ ၏ တွက်ချက်မှု တွင် ၂၀၁၅ ၌ ပြင်ဆင်ရေးဖြစ်လာနိုင် စရာရှိနေသည် ဟု တွက်ချက် ရကြောင်း ဆရာစံဇာဏီဘိုနှင့် ဦးဇေယျာကို တို့က ခန့်မှန်းသည်။ 


အင်အားကြီး ပါတီနှစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကြီးနှစ်ခု အတွင်း အားပြိုင် မှုများကြောင့် ကြား မှညွန့်ပေါင်း ပါတီတစ်ခု အားကောင်း လာပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည် ဟု ဆရာစံဇာဏီဘို ကပြောသည်။

‘‘ရွေးကောက်ပွဲ ကတော့ အသေအချာ ကျင်းပမှာ။ ဘယ်သူမှ နောက် မဆုတ်ချင်ဘူး’’ဟု၎င်းက ပြောကြား သည်။

ရွေးကောက်ပွဲပြီး လျှင် မည်သူ သမ္မတဖြစ်မည် ကို ဗေဒင်ဆရာများ က ခန့်မှန်း ရာတွင် စံဇာဏီဘို က  ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မည် ဟု ပြောကြားသည်။ ဦးဇေယျာကို က ကြာသပတေးသား (သို့) စနေသား မှာ သမ္မတဖြစ် မည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာ လွှတ်တော် ဥက္ကဋ္ဌ (သို့မဟုတ်) ဒုသမ္မတ သာ ဖြစ်နိုင်သည် ဟု ၎င်း၏ တွက်ချက်မှုကို ပြောသည်။ 

တပ်မတော် သည် ၂၀၁၅တွင် အာဏာသိမ်း မည့် အခြေအနေ တွင် မရှိကြောင်း၊ တပ်မတော်၏ အနေ အထား သည် တိုက်ရေး၊ ခိုက်ရေး ထက် ငြိမ်းချမ်းရေး ဘက်ကိုသာ ဦးတည်နေကြောင်း ဆရာစံဇာဏီဘို ကပြောသည်။

‘‘တပ်က သူ ရထားတဲ့နေရာ ကနေ ရှေ့လည်း မတိုးသလို နောက်လည်း ဆုတ်ပေးမှာ မဟုတ်ဘူး’’
မြန်မာ့ တပ်မတော် ၏ အခြေအနေ သည် ယခုနှစ် တွင် အတိတ် က အာဏာရှင် များကြောင့် မှေးမှိန်ခဲ့ ရသည့် ဂုဏ်သိက္ခာ များ ကို လက်ရှိ ဗိုလ်ချုပ်ကြီး များက ပြန်လည် အဖတ်ဆယ်ရန် ကြိုးစားနိုင်ပြီး ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ ၏ ငြိမ်းချမ်းရေး တပ်ဖွဲ့များ တွင် ပါဝင် လာလိမ့်မည်ဟု ၎င်းက တွက်ချက်ပြောသည်။ 

သို့သော် သင်္ကြန်စာ တွင် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ၌ စစ်ပွဲများမည် ဟု ဟောကိန်း ထုတ်ထားသည်။
၂၀၁၅ မြန်မာနိုင်ငံ ၏ စီးပွားရေး မှာ တိုင်းပြည် တွင် အနိမ့်ဆုံးနှင့် အမြင့်ဆုံး လူတန်းစား များ အခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်သည်။

 မြန်မာနိုင်ငံ မှ ခရိုနီ သူဌေးကြီးများ ချမ်းသာမှု များလျော့မည် ဟု စံဇာဏီဘို ကပြောသည်။ ကုန်ဈေးနှုန်းကြီးမြင့် မှုကို ဇန်န၀ါရီ ၂၁ မှ ဖေဖော်ဝါရီ ၂၀ ရက်ကြား စတင်ပြီး ဧပြီ ၂၀ ရက် အထိ ကြုံရမည် ဟု ဆက်လက်ပြောသည်။

ပြည်တွင်း သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ ၀င်ရောက် မှုသည် ၂၀၁၅ တွင် များနိုင်ပြီး ပြည်တွင်း လုပ်ငန်းရှင် များ အားနည်းမည် ဟု ဗေဒင် ဆရာများက ဗေဒင်ပညာ အရပြောကြသည်။ စီးပွားရေး ကဏ္ဍတွင် ဘဏ်နှင့် စတော့ရှယ်ယာ ဈေးကွက်ဈေး များ အားကောင်း လာမည်ဟု ဦးဇေယျာကို ကပြောကြားသည်။ 

သို့သော် မြန်မာနိုင်ငံ တွင် တံခွန် လွှင့်ခဲ့သော အိမ်ခြံမြေဈေးကွက် မှာ အကျဘက် တွင် ရှိနေကြောင်း  ၎င်း ကပြောကြားသည်။ ထို့အပြင် ကုန်သွယ်ရေး လုပ်ငန်းများ မှာလည်း ၂၀၁၅ တွင် အခြေအနေ မကောင်းနိုင်ကြောင်း သင်္ကြန်စာ ၌ ဖော်ပြထားသည်။

 မြန်မာနိုင်ငံ တွင် ၂၀၁၅ ၌ ကြုံတွေ့နိုင်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက် ၍ ဗေဒင်ဆရာ များက မြေငလျင် ကို အထူး သတိပြုရန် လိုအပ်ကြောင်း သတိပေးသည်။ ဇူလိုင် ၁ ရက်ဝန်းကျင်၊ သြဂုတ် ၇ ရက်အနီး ၀န်းကျင်၊ အောက်တိုဘာ ၇ နှင့် ၂၆ ရက်တို့တွင် သဘာဝဘေး အန္တရာယ်ကို  အထူး သတိထားရန် လိုကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

မုန်တိုင်းနှင့် ပတ်သက်၍ လည်း သတိပြုရန် ဗေဒင် ဆရာ များက ဧပြီ ၂၃ ရက်မှ ဇူလိုင် ၁၆ ရက်၊ စက်တင်ဘာနောက်ဆုံး ပတ်နှင့် အောက်တိုဘာ ပထမပတ် တို့တွင် သတိထားရန် ပြောကြားထားသည်။ 

ထို့အပြင် ယခုနှစ် သည် ကမ္ဘာပေါ် တွင် မီးဘေး အန္တရာယ် အများဆုံးကြုံတွေ့နိုင် သဖြင့် အထူးဂရုပြုဖို့ လိုအပ်သည် ဟု ဗေဒင်ပညာ တွက်ချက်မှုဖြင့် ၎င်းတို့ကပြောကြသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ တွင် ဇန်န၀ါရီ ၂၁မှ ဖေဖော်ဝါရီ ၁၉ ရက်ကြား၊ မေလ ၂၁ မှ ဇွန်လ၂၀ ရက်၊ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၀ကြားတွင် တိုင်းပြည်၌ အနှောင့်အယှက်များနှင့် ကြုံတွေ့နိုင်ကြောင်း ကာလသုံးခု ကို ပိုင်းခြားပြီး စံဇာဏီဘိုက ပြောကြားသည်။

ကာလသုံးခု တွင် ပထမလ မှာ တိုင်းပြည်တွင်း ပဋိပက္ခ များနှင့် ကုန်စည် စီးဆင်းမှု၊ ကုန်ဈေးနှုန်းပြဿနာများနှင့် ကြုံတွေ့ရမည်။ ဒုတိယ ကာလ တွင် ရာသီဥတုဖောက်ပြန်မှု၊ ရိက္ခာပြဿ      နာနှင့် တတိယ ကာလ တွင် ပဋိပက္ခအသွင်ဆောင်သော ရှုပ်ထွေးမှုများကြုံတွေ့နိုင်ကြောင်း ပြောကြားသည်။

လယ်ယာ စိုက်ပျိုးရေးတွင် ၂၀၁၅ သည် ပိုးမွှားရောဂါအန္တရာယ်ကျရောက်မှုများသော နှစ်တစ်နှစ်ဖြစ်ပြီး ကျိုင်းကောင်၊ ပိတုန်းကဲ့သို့ အတောင်ရှိသော သတ္တ၀ါများ၏ ဖျက်ဆီးခြင်းကို ခံရမည်ဟု ဗေဒင်ဆရာများက တွက်ချက်သည်။

မြန်မာနိုင်ငံ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ၂၀၁၅ သည် နိုင်ငံတော် အစိုးရက ဘတ်ဂျက်ငွေများ တိုးမြှင့်ချထားပေး လာနိုင်သည်။ ပညာရေး တွင် နိုင်ငံ တကာတက္ကသိုလ် များက ပြည်တွင်းသို့ လာရောက် ဖွင့်လှစ်မှုများ ရှိမည်ဟုပြောသည်။ 

သို့သော် ကျန်းမာရေး ကဏ္ဍတွင် ဆေးဝါး ကုသမှု စရိတ်များ၊ ဆေးဝါးဈေးနှုန်းများ မြင့်မားမှုနှင့် ကြုံတွေ့ရ မည်ဟု ပြောကြားထားသည်။

ကုန်လွန် ခဲ့သော ၂၀၁၄ တွင် နိုင်ငံကျော် ဗေဒင် ဆရာ များက မြန်မာနိုင်ငံ၏ အခြေအနေကို ကြို တင်ပြောကြား ရာ၌ ပဋိပက္ခ အခြေအနေနှင့် စီးပွားရေး တို့တွင် မှန်ကန်မှုများရှိခဲ့သည်။ 

လူမျိုးရေး ပဋိပက္ခ အခြေအနေနှင့် ၂၀၁၄ တွင် မန္တလေး၌ကြုံတွေ့ ခဲ့ရပြီး စီးပွားရေးကဏ္ဍ တွင် ငွေကြေးဖောင်း ပွပြီး ကုန်ဈေးနှုန်း များ ကြီးမြင့်မည်ဟု ပြောကြားချက် မှာလည်း မှန်ကန်မှုများရှိနေ သည်။

သို့သော်နိုင်ငံရေး အရ ပြောကြားမှု များ မှာ ကွဲလွဲမှု အချို့ ရှိခဲ့သည်။ ၂၀၁၄ တွင် မြန်မာနိုင်ငံ ၏ ဖွဲ့စည်းပုံ ကို ပြင်ဆင်မည် ဟု ပြောကြားထားသော် လည်း ဖြစ်မလာခဲ့ပေ။ ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှု များ အောင်မြင်မည် ဟု ပြောကြား ထားသော်လည်း ယနေ့ အထိ အောင်မြင် မှုမှာ မှုန်ဝါးနေဆဲရှိနေသေးသည်။


ပြည်သိမ်း
From... 7Day Daily
 http://7daydaily.com/story/28331#.VKaVzsmZHhk


No comments:

Post a Comment