Friday, January 2, 2015

ထူးဆန်းသော ရွာကြီး ရဲ့ နောက်ကွယ် က တစ္ဆေ ကလဲ့စား



ရန်ကုန်မှ ထွက်လာသော ရထား သည် အရှိန် အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည် များမှာ တစ်ယောက် တစ်ပေါက် စကားပြောနေသော သူကပြော၊ အနား ယူနေသူ ကယူ၊ စာ ဖတ်နေသော သူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါ လာကြသည်။ 

ထို ခရီးသည် များထဲတွင် ဆရာဝန် များ ဖြစ်သော ဒေါက်တာ ဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ် ၊ နောက်ပြီး ဆေးကျောင်းသား များ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူ နာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။ 

၎င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော ဒေသသို့ ခရီးထွက် လာရခြင်းကြောင့် ရင်ခုန်စွာ တက်ကြွပျော် ရွှင်နေကြသည်။ ရထားပြတင်း မှ တဟုန်ထိုး ဖြတ်ဝင် လာနေသော လေတိုက် သံ၊ ရထား သံလမ်း ပွတ်သံ တို့နှင့် အပြိုင် ၄င်းတို့ ၏ စကားသံ များကလည်း မြိုင်ဆိုင် ကြည်မွေ့နေကြသည်။

ရွှေအိုရောင်။  ။ ဟဲ့.. ခု ငါတို့ သွားရမယ့် ရွာက ဘယ်လိုကြီးတုန်း

ထက်မြက်။  ။ ခု သွားရမှာ က ဆင်တောင်စုရွာ တဲ့

ဉာဏ်လင်းအောင်။  ။ ဘာလို့ ဆင်တောင်စု လို့ခေါ်လဲ မသိဘူးနော်။ ဆင်နဲ့ တူတဲ့ တောင်စုကြီးတွေ များ ရှိလို့လား မသိဘူး

ရဲရင့်။  ။ သူ့ဟာ သူ ဘာလို့ခေါ်ခေါ်ပေါ့။ သိပ်စပ်စု တာပဲ

ထက်မြက်။ ။ အာ.. ဒီရဲရင့် ကလည်း တစ်မှောင့်

ရဲရင့်။ ။ အယ်.. ငါ့ကို အဲဒီ နာမည်ကြီး မခေါ်စမ်း ပါနဲ့ဟယ်။ ကြားရတာ အသည်းယားလွန်း လို့။ နင်တို့က ဘယ်လောက်ပြောပြော လည်း အမှတ် မရှိကြဘူး။ ငါ့ ဘို နာမည် ခေါ်လေ။ Grace.. Grace..  အဲ့လိုခေါ်။ ဟွန့်..

ရွှေအိုရောင်။ ။ အေးပါ။ သိပါတယ်။ နင် ကလည်း အရေး ထဲ ကြောငြာဝင်နေပြန်ပြီ ။

ရွှေအိုရောင် ပြောပြောဆိုဆိုဖြင့် ဒေါက်တာမင်းထင်ကျော်တို့ဖက် လှည့်လိုက်ပြီး

ရွှေအိုရောင်။ ။ ဆရာ ဆေးရုံအုပ်ကြီး က ဘာလို့ အဲဒီရွာ ကို လွှတ်လို က်တာလဲဟင်။ အဲဒီမှာ ဆရာဝန် တစ်ယောက် မှ မရှိဘူးလား။ ရွာသား ဦးရေရော တော်တော်များလား..

ဦးမင်းထင်ကျော်။ ။ အင်း.. ဒီလို သမီးရဲ့။ ခုသွားမယ့် ရွာက မော်လမြိုင်ကနေ တစ်ဆင့် ကားနဲ့ ထပ်သွားရ မယ်။ မြို့နဲ့ လည်း အတော် လှမ်းတော့ ကားဂိတ် ကနေ တစ်ခါလှည်း နဲ့ ထပ်သွားကြရမှာ။ အဲ့လိုမြို့နဲ့ အတော် အလှမ်းဝေး လို့လည်း ဗဟုသုတ အသိတရား က နည်းပါးကြရှာတယ်။ 


အခု သူတို့ သောက်ရေ အဖြစ် အသုံးပြုကြတဲ့ ရေကန် က သူတို့ လည်း သောက်တယ်၊ ကျွဲတွေ နွားတွေ လည်း သောက်တယ်။ အဲ့ဒီ ကန်နား မှာပဲ ရေချိုး၊ အဝတ်လျှော် တာတွေ လုပ်ကြတော့ ဒီမကောင်းတဲ့ ရေတွေ က ကန်ထဲကို ပြန်စီးတယ်။ 

အဲ့ဒီတော့ ရေမသန့်တော့ဘူးပေါ့ကွယ်။ လူတိုင်းက ကျိုချက်ပြီးတော့ မသောက်တော့ ရောဂါပိုးတွေ ကူးစက်  ခံရတယ်။ အနာတွေ ဖြစ်ကြတယ်။ ဝမ်းလျှောကြ တယ် လို့ ကြားတယ်။ ကြာလေ ပွါးလေ ပြင်းထန်လေနဲ့ ခုတော်တော် များများ ကူးစက် ခံရပြီး သေဆုံးတဲ့ အထိတောင် ဖြစ်ကြတယ်။

 ဦးရေ များလာတော့ အဲဒီရွာ ရဲ့ အနီး တဝိုက်က ကျေးလက် ကျန်းမာရေးမှူးလေး တစ်ယောက်တည်း နဲ့ မနိုင်တော့ ဘူးပေါ့။ ခရီးဝေးလွန်းတော့ သူလည်း အမြဲ သွား မကြည့်ပေးနိုင် ဘူးပေါ့။ ဆေးရုံဆေးပေး ခန်းနဲ့ အလှမ်းဝေး လွန်းတာရယ်၊ ငွေကြေး မတတ်နိုင်ကြ တာရယ် တွေကြောင့် ဆရာတို့ကို အဲ့ဒီကို လွှတ်တာ။ 

ဆရာ တို့က အခြေအနေ သွားစစ်ဆေးပေးပြီး အလျင်ကုသပေးရ မယ်။ အဆင်မပြေ လို့ အခြေအနေ ပိုဆိုးလာမှသာ မြို့ဆေးရုံကို အကြောင်းပြန်ကြားရမယ်။ ဒီလို ဒေသလေးတွေ ဆိုတာက ဆရာဝန် တကယ် လိုအပ်နေတဲ့ နေရာလေ။ 

သမီးတို့ အတွေ့ အကြုံလည်း ရမယ်၊ လက်တွေ့အတွက်လည်း အမှတ်တိုးပြီးသား ဖြစ်တာပေါ့။ အိမ်ခြေ ကတော့ သုံးလေးဆယ် ဝန်းကျင်လောက်ပဲ ရှိမယ်ထင်တယ်။ တကယ့်ကို ရွာသေးသေးလေး ။ တော်တော်ခေါင်ပြီး တော အရမ်းကျတယ်။

ထက်မြက်။ ။ သြော်.. အဲ့ဒီလိုကိုး.. သနားစရာပဲ

ကေသွယ်။ ။ ကေသွယ် သတင်းကြား တာတော့ အဲဒီ ရွာကိုရောက်သွားတဲ့သူမှန်သမျှ အကုန်ရောဂါ ကူးစက် ခံရတယ်တဲ့။ တစ်ယောက်မှ မလွတ် ဘူးတဲ့။ တစ်ရွာလုံး နီးပါး ကူးစက် ခံနေရတော့ အဲ့ရွာကို ဘယ်သူမှ အဝင်အထွက် မလုပ်ရဲတော့ဘူး။

ရဲရင့်။ ။ ဟယ်... တကယ်ကြီးလား။ အမလေး ကြောက်စရာကြီး။ အဲဒါကြောင့် ဆေးရုံအုပ်ကြီးကိုပြောတာပေါ့ မလာချင်ပါဘူးဆိုနေမှ။ မပြောကောင်း ပြောကောင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မတုန်း။ သူများ ကို မွေးထုတ်ထားတဲ့ အမေ ရင်ကျိုးရချည်ရဲ့။ သူများရဲ့ လှတပတ မျက်နှာလေးတော့ အထိခိုက် မခံနိုင်ပေါင်

ဉာဏ်လင်းအောင်။ ။ ဟေ့ကောင်ရဲရင့် တော်စမ်းကွာ။ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့မနေနဲ့။ မင်းဒီလိုမျိုး နှစ်ပိုင်း တစ်ပိုင်း ဂျော်တကီး စဖြစ်ကတည်းက မင်းအမေ ရင်ကျိုးပြီးသား။ ပြီး မင်းဝမ်းရောဂါဖြစ်မှတော့ မင်းမျက်နှာ တင် မဟုတ်ဘူး။ မင်းတစ်ကိုယ်လုံး ချုံးချုံး ကျပြီး မာလကီးယားမှာပဲ။ ဒါနဲ့များ ဆေးကျောင်းတက်ပြီး သူနာပြု လာလုပ်နေသေးတယ်

ရဲရင့်။ ။ ဟယ်.. ကောင်စုတ်။ သူများကို ပြောလိုက်မှဖြင့် ချိုးချိုးဖဲ့ဖဲ့။ ထဖက်နမ်းလိုက်ရ ဟွန့်..။  သူနာပြုဘာလို့ လုပ်လဲ ဆိုတော့ ငါ့လို နုနုချောချောနဲ့ သိမ်သိမ်မွေ့မွေ့လေး က သူနာပြုနဲ့မှ လိုက်ဖက်တာ ကိုးဟဲ့။ ငါ့အမေ ကလည်း ဒါပဲလုပ်ရမယ် ဆိုလို့..

ဉာဏ်လင်းအောင်။ ။ တော်စမ်းပါကွာ။ စိတ်လေတယ်။ မင်းနဲ့ စကားပြောရတာ သရဲခြောက်ခံရတာ ထက် ကျောချမ်းတယ် ။

ရဲရင့်။ ။ အမလေး.. အပိုတွေ.. အပိုတွေ။ ရွှေအိုတို့.. ကြားတယ်နော်.. အဲ့ကောင်စုတ် ဟိုရောက် မှ တောက ဥစ္စာစောင့် မနဲ့ ထိပ်တိုက် တိုးလို့ ကြောက်သေးပါပြီး Grace တို့နား လာပြေးကပ်မှာ မြင်ယောင်သေး ၊

ဉာဏ်လင်းအောင်။  ။ အောင်မာ.. အဲ့ကျရင် မင်းက သတိလစ်ပြီး ပါးစပ်ကအမြှုပ်တောင် ထွက်နေလောက်ပြီ

ရဲရင့်နှင့်  ဉာဏ်လင်းအောင် တို့ အချေအတင် စကားကြောင့် တစ်ဖွဲ့လုံး မရယ်ဘဲ မနေနိုင်ကြ။ ဒေါက်တာ မင်းထင်ကျော် ကတော့ ကလေးတွေ စကားဝိုင်းကို နားထောင်လိုက်ပါ လာရင်း ပြုံးတုံ့တုံ့ ဖြင့် အဝေးဆီက မှိုင်းညို့ညို့ တောင်ကုန်းများ ကို ငေးစိုက်ကြည့် နေသည်။ 


ဤသို့ဖြင့် မော်လမြိုင်သို့ ရောက်ကြလေသည်။ အသင့် လာစောင့်နေသော ပုဆိုးခေါင်းပေါင်းနှင့် ရွာသားကြီး တစ်ဦး က ပြုံးရွှင်စွာ နှုတ်ဆက်ဦးကြိုပြီး ကြပ်ညပ် လှသော လိုင်းကားလေး တစ်စီးဆီသို့ ဦးတည်ခေါ်ဆောင် သွားသည်။ ထိုကားငယ်ဖြင့်ပင် ၁နာရီ သာသာ ခရီးဆက်ခဲ့ပြီး ဖုန်ထူထူ မြေလမ်း တစ်လမ်းပေါ် တွင် သူတို့  ဆင်းကြရသည်။ 

ထိုမှ တစ်ဆင့် နွားလှည်း တစ်စီးဖြင့် ဆင်တောင်စု ရွာ အထိ လိုက်ပါသွားကြရသည်။ ကျောင်းသားများ အားလုံး မှာ တစ်ခါမှ ခရီးဝေးမသွားဖူးကြသဖြင့် နွမ်းနယ်ဟန် ပေါက်နေကြသည်။ ရဲရင့်၏ မျက်နှာမှာ ရှုံ့တွထားရလွန်းသဖြင့် သားရေဖတ်ဖြင့် လုပ်ထားသော မျက်နှာဖုံးတစ်ခုနှင့်ပင် ဆင်နေ သေးတော့သည်။ 

ဆင်တောင်စုရွာနားသို့ ရောက်ကြသော အခါ ရွာသူကြီးနှင့် ရွာသား တစ်စုက ထန်းပင် ကုက္ကိုတို့ဖြင့် စိမ်း လန်းဝေဆာနေသော ရွာအ၀င်ဝတွင် စောင့်နေကြလျက် ခရီးဦးကြိုပြုသည်။ ရွာသူကြီးမှာ အသက် ၅၀ကျော် ခန့်ရှိပြီး မျက်လုံးတစ်ဖက် ကွယ်နေသူဖြစ်သည်။

ရွာသူကြီး။ ။ ဆရာတို့ ရောက်လာတဲ့ အတွက် အတိုင်းမသိ ကျေးဇူး တင်ပါတယ် ဆရာတို့ရယ်။ ကျုပ်တို့ရွာ ကလူတွေ တော်တော် များများ ရောဂန္တရ ကပ်ဆိုက်နေတာ ကြည့်တောင်မကြည့်ရက် ဘူးတော့ဘူးဗျို့။

ဦးမင်းထင်ကျော်။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့မှာ ရောက်လာရမယ့် ဝတ္တရား ရှိပါတယ်။ မပူပါနဲ့။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပါ့မယ် ။

ရွာသူကြီး။ ။ ဟုတ်ကဲ့ပါဆရာ။ ခု ဆရာတို့လည်း ပင်ပန်းလာတယ်ဆိုတော့ ကျုပ်အိမ်မှာပဲ တည်းကြနားကြပါနော်။ ဆရာတို့ကို လူဒီလောက်နဲ့ပဲ လာကြိုရလို့ ဗွေမယူပါနဲ့ဗျာ။ ရွာသူရွာသားတွေက ဆရာတို့ကို လာကြိုချင်ပေမယ့် သူတို့ကိုယ်တောင် သူတို့မနိုင်လို့ မလာနိုင်ကြပါဘူး

ဦးမင်းထင်ကျော်။ ။ ဟာ.. ရပါတယ် ဗျာ ရပါတယ်။ ကျွန်တော်တို့ က အရေးမကြီးပါဘူး။ ခုလောလောဆယ် အရေးကြီး တာက ရောဂါပိုး ကူးစက် ခံနေရတဲ့ လူနာတွေ ပါ။ ကျွန်တော် တို့ တခါတည်း သွားကြည့်ချင်လို့ လိုက်ပို့ပေး ပါလား ။

ရွာသူကြီး။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆိုလည်း သွားကြရအောင် ။

ရွာလယ် ရှိ လူနာများ ထားရာ ယာယီ အဆောက်အဦး သို့ ရောက်သွားသော အခါ မကြည့်ရက် စရာ မြင် ကွင်း များက အပြည့်အနှက် စောင့်ကြို နေကြသည်။ 


အဘယ်ကြောင့် ဆိုသော် ရောဂါ ပိုး ကူးစက် ခံရသော လူနာ များ ၏ ကိုယ်ခန္ဓာပေါ် တွင် အစက် အပြောက် များမှ တဆင့် အဖု များဖြစ်လာပြီး နောက်ဆုံး အဖု များပေါက် ကုန်ကာ အထဲ မှ ပြည်ပုပ် များနှင့် အတူ သွေး စိမ်း ရှင်ရှင် ထွက်လျက် ရှိသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။ အချို့မှာလည်း အနာများ အမည်း အကွက် အကွက်ဖြင့် တစ်ကိုယ်လုံး မြင်မကောင်းချေ။

ဦးမင်းထင်ကျော်။ ။ အတော် စိုးရိမ်ရတဲ့ လက္ခဏာ ပဲ။ ကဲ.. အခုချက်ချင်း ပဲ အလုပ် စလိုက်ကြရအောင်။

ဒေါက်တာ ဦးမင်းထင်ကျော် က ပြောပြော ဆိုဆိုဖြင့် ဆေးအိတ် ကို ဆွဲကာ လူနာများ ထံသို့ ရောက် သွား သဖြင့် ကျန်သော သူများ လည်း အမြန် ပြင်ဆင်ကြတော့ သည်။ ဤသို့ဖြင့် လူနာ များအား အနာများကို ဖန်ရည်ဆေးကြော၊ ဆေးထည့်ပြီး ၍ နာကျင်ခြင်းမှ သက်သာစေရန် အရောင်ကျဆေးတချို့နှင့် penicillin စပ်ထိုး ပေး လိုက်ပြီး သောက်ဆေး antiseptic များလည်း ဝေငှပေးရ သည်။ 


 ရောက် ကကည်းက ဒေါက်တာ အုပ်စု အလုပ် များနေခဲ့ကြ သည်မှာ ညဦးပိုင်း သို့ ရောက်မှန်း မသိ ရောက် လာ ခဲ့သည် ကိုပင် သတိမပြုမိတော့။ ရွာမှ သောက်ရေ မှန် သမျှကိုလည်း စနစ် တကျ ကျိုချက်ခိုင်း သူကိုခိုင်း၊ လက် အိတ်၊ နှာခေါင်းဖုံး အဝတ်စ များ လိုက်ဝေ သူကဝေ၊ သုံးရေကအစ မြို့မှပါလာသည့် ကျောက်ချဉ် များ ခတ်၊ ပိုးသန့်ဆေးရည် များ လိုက်ဖျန်းခိုင်း သူခိုင်းဖြင့် အားလုံး အလုပ်ရှုပ်နေခဲ့ကြသည်။

ရွာသူကြီး။ ။ ဆရာတို့... ဆရာတို့ ထမင်းစားချိန်ရောက်နေပြီ။ ခဏနားပြီး ရေမိုးချိုး ထမင်းစား လိုက် ဦးနော်။ နောက်ပြီး ခရီးလည်း ပန်းလာကြတာ မဟုတ်လား။ ခဏတဖြုတ်တော့ နားကြပါဦးဗျာ ။

ဦးမင်းထင်ကျော်။ ။ ဟုတ်ပါရဲ့... အချိန်တောင် တော်တော် လင့်နေပြီပဲ။ ကဲ..ကဲ.. သားတို့ သမီး တို့ ရေမိုး ချိုးပြီး ထမင်း သွား စား ကြရအောင်။ လူနာတွေ ကို ဆေးစည်းပေး ခဲ့နှင့်။ ထမင်းစားပြီးမှ တစ်ခေါက် ပြန် လာကြရအောင် ။

အားလုံး လည်း ပင်ပန်းနွမ်းလျပြီး ဆာလောင်နေကြပြီဖြစ်သဖြင့် ခေါင်းညိတ် သဘောတူလိုက်ကြသည်။ တစ်ဖွဲ့ လုံး သူကြီးအိမ်မှာပင် ရေမိုးချိုးပြီး ထမင်းစားသောက်ကြ၏။ တောရွာဓလေ့အတိုင်း ရွာသူရွာသားများ တစ်အိမ် ကို အနည်းဆုံး ဟင်းတစ်ခွက်စီ လာပို့ကြသည် ဖြစ်သောကြောင့် ဆရာဝန်လူစု အတွက် ဟင်း အမယ် များ လောက်ငရုံ မက ပိုလျှံ၍ပင် နေတော့သည်။ 


မိမိ တို့ အိမ်သား များ နေမကောင်း သည့်ကြား၊ ကိုယ့် အပူနှင့်ကိုယ် မနား ရသည့်ကြားထဲ ဟင်းတစ် ခွက်လောက်တော့ မဖြစ်ဖြစ်အောင် ချက်ပြုတ် လာကြသော ရွာသူရွာသားတို့၏ စေတနာကို အားလုံးက အထူးကျေးဇူးတင်နေကြသည်။ ထိုသို့ ထမင်းစားသောက်ပြီး တအောင့်လောက် အကြာတွင် သူကြီးအိမ်သို့ ရွာသား သုံးလေးယောက်ခန့် ပြေးလာပြီး...

ရွာသား။ ။ သူကြီး... သူကြီးရေ.. ဗျို့... သူကြီး

ရွာသူကြီး။ ။ ဟေ့.. ဘာဖြစ် လာကြတာလဲကွ

ရွာသား။ ။ ရွာမြောက်ပိုင်း က ဒေါ်အေးကြွယ် ရဲ့သား ဖိုးတုတ်လေ.. ရောဂါကူးစက် ခံရပြီနဲ့ တူတယ်။ ကိုယ် လုံး မှာ အစက်တွေ ပေါ်လာပြီး နာတယ်နာတယ် လို့ အော်လို့ လည်းပြီးရော တစ်ခါထဲ သတိပါ လစ် သွား လို့.. အဲဒါ သူကြီး အိ မ်မှာ ရောက်နေတဲ့ ဆရာ တို့ကို လာပင့်တာ ၊

ကေသွယ်။ ။ ဒါဆို လည်း ခုပဲ သွားကြရအောင်။ ရွာလယ်ပိုင်း လည်း ကြည့်ရဦးမယ် ဆိုတော့ လူခွဲလိုက်ကြ မယ်။ ကျွန်မ ရယ် ရွှေအိုရောင် နဲ့ ဉာဏ်လင်းအောင်ရယ် က ရွာမြောက်ပိုင်း ကို လိုက်သွားကြမယ်။ ရွာလယ် ပိုင်းမှာတော့ ဦးမင်းထင်ကျော်နဲ့အတူတူ ထက်မြက်နဲ့ ရဲရင့်နေခဲ့ကြ။ အဆင်ပြေလား ဆရာ ။

ဦးမင်းထင်ကျော်။ ။ အင်း ကောင်းပြီလေ ကျွန်တော် တို့ ရွာလယ်မှာ ရှိနေမယ်။ ကေသွယ်တို့ အကူအညီ လိုရင် ရွာသားတစ်ယောက် ယောက်ကို လွှတ်ပြီး ခေါ်ခိုင်းလိုက်နော် ။

ကေသွယ်။ ။ ဟုတ်ကဲ့ ဆရာ။ ကဲ.. တို့လည်း သွားကြရအောင်ဟေ့

ပြောပြော ဆိုဆိုဖြင့် ဒေါက်တာကေသွယ် ဦးဆောင်သော လူတစ်စု ရွာမြောက်ပိုင်း သို့ ခပ်သုတ် သုတ် ထွက် သွားကြသည်။ ဦးမင်းထင်ကျော် တို့လည်း စားလက်စ ကို လက်စသတ်ပြီး ရွာလယ်ပိုင်း၌ လူနာသွား ကြည့် ရန် ထွက်လာခဲ့ကြသည်။ 


ထို့နောက် လူနာ များကို ဆက်လက် စမ်းသပ်၊ ဆေးတိုက်တန် တိုက်၊ ဆေး ထိုးတန် ထိုးဖြင့် ကိစ္စအလုံး စုံ ပြီးစီး သွားတော့ မှ ပင်ပန်း လှသဖြင့် ၄င်းတို့ အတွက် နေရာ ချ ထားပေးသော ကွပ်ပျစ်ပေါ် တွင် ထိုင်လျက် ခဏ တဖြုတ် နားကြရသည်။

ဦးမင်းထင်ကျော်။ ။ လူနာတွေ အခြေအနေက သိပ်တော့ မဟန်ဘူး ထက်မြက်ရေ.. နာနေတာတွေ သက် သာအောင် ခဏပဲ ထိန်းထားပေး နိုင်မယ်လို့ ဆရာ ထင်တယ်။ အခုဟာက ဆရာ ထင်ထားသလို ကာလ ဝမ်းပျက် ရောဂါ မဟုတ်တော့ဘူး။ အနာကြီးရောဂါလည်း မဟုတ်ဘူး။ 


အနာကွက်တွေ က အမည်းရောင် အိုင်းအိုင်းကြီးတွေ၊ နောက်ပြီး မထိ မကိုင် ဘဲနဲ့လည်း ယားယံပြီး အလို လို ပြည်တည် ဖုတွေ ထနေတယ်။ ဒီ့ထက် ပိုဆိုး ဖို့ပဲရှိတယ်။ ဒီလို ရောဂါလက္ခဏာ မျိုး ဆရာ တစ်ခါမှ မတွေ့ ဖူးဘူး။ တနည်းပြောရရင် ရောဂါနာမည် ကို တိတိကျကျ ဖော်ဖို့ ခက်နေတယ်။ အဆိပ်သင့်တာ လိုလို၊ တစ်ခုခု အစားမှား မိလို့ ဖြစ်သလိုလိုပဲ။ တွေးရတော်တော် ခက်တယ်ကွာ။ အင်း.... ကေသွယ်တို့ အဖွဲ့ရော အဆင်မှ ပြေကြရဲ့လား မသိဘူး ။

ထက်မြက်။ ။ အဆင်ပြေလောက် မှာပါ ဆရာ။ မကေသွယ် လည်း အရမ်းတော် တဲ့ ဆရာဝန်ကောင်း တစ်ယောက်ပါ။ သူပါသွားရင်တော့ လူနာ့ အခြေ အနေလည်း သိပ်ဆိုးဆိုး ၀ါးဝါးကြီး မဟုတ်ရင် ဆရာ့လိုပဲ သူထိန်းထားနိုင်မှာပါ။ ရောဂါတွေကလည်း တစ်နေ့တစ်ခြား ဆန်းကျယ်လှပါတယ် ဆရာရယ်.. ကုန်ကို မကုန်နိုင်ဘူး ။

ရဲရင့်။ ။ ဒါနဲ့လေ Grace တစ်ခုလောက်မေးချင်လို့။ ဟိုလေ.. Grace လူနာတွေကို လိုက်ပြီး ဆေးတိုက်နေတုန်း တစ်ယောက်ယောက် က စောင့်ကြည့်နေသလို ခံစား ရတယ်။ ရှေ့က လိုလို နောက်က လိုလို ဘေးက လိုလိုနဲ့ သိလား။ လှည့်ကြည့်တော့ လည်း ဘယ်သူမှ မရှိဘူးရော...

ဦးမင်းထင်ကျော်။ ။ နေရာဒေသ အပြောင်းအရွှေ့ကြောင့် ဒီပတ်ဝန်းကျင်နဲ့ စိမ်းနေသေးလို့ နေမှာပါကွာ။ မဟုတ်တာတွေ တွေးပူမနေပါနဲ့။ ကိုယ့်ကိုယ်ကို သာ ဂရုစိုက်။ ရောဂါပိုး အကူးစက် မခံမိစေနဲ့ ။

ထက်မြက် သည် ဦးမင်းထင်ကျော် ပြောစကားကို နားထောင်ရင်း ခေါင်းညိတ် လိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူသည် လည်း ရဲရင့် လို ခံစားနေရသည် မှာ အမှန်ပင်။

ခဏအကြာ လူနာတစ်ဦးကို  အနာသွားဆေးပေးသော ရဲရင့် ၏အော်သံ ကို ကြားလိုက် ရသဖြင့်  ကမန်း ကတန်း ပြေးသွားကြည့် ရာ လူနာဘေး တွင် မျက်စိမျက်နှာ ပျက်စွာဖြင့် ရပ်နေသော ရဲရင့် ကို တွေ့ လိုက် ရသည်။ သူ၏ ခန္ဓာကိုယ်သည် လည်း ကြောက်ရွံ့မှုဖြင့် တုန်တက်နေသည်။

ထက်မြက်။ ။ ဟေ့ကောင်ရဲရင့်.. ဘာဖြစ်တာတုန်း...

ရဲရင့်။ ။ ဒီ... ဒီ လူနာကို အနာဆေးပေးနေရင်း  သူ့အနာ က တဖြည်းဖြည်း မည်း လာပြီး သွေးတွေပါ ပိုထွက် လာတယ်။ အဲဒါ... ဂွမ်းနဲ့ ထပ်သုတ် မလို့ ဂွမ်းကို ဟိုဖက် လှည့်ယူပြီး ဒီဖက်ပြန် အလှည့်မှာ သူ့.. သူ့.. သူ့အနာ ထဲက မျက်လုံးကြီး Grace ကို စိုက်ကြည့်နေတာ တွေ့လို့...

ထက်မြက်။ ။ ဟာကွာ.... ငါက ဘာများလဲလို့။ သိပ္ပံခေတ် မှာ လူလာဖြစ်ပြီးတော့ များကွာ မင်းမို့ ဒီလို ပေါက် တတ် ကရတွေ လျှောက်တွေး ရတယ်လို့ အံ့ရော..။ ဘယ်မှာတုန်း.. ငါကြည့်တာ မရှိပါဘူး။ မင်းဟာမင်း အကြောက် လွန်ပြီး မျက်စိမှောက်တာ နေမှာပေါ့...

ရဲရင့်။ ။ ဟင့်အင်း ဟင့်အင်း.. Grace တကယ်ပြောတာ.. ဒီမှာ မနေရဲတော့ဘူး ကြောက် တယ်.. ကြောက်တယ်..

ထက်မြက်။ ။ ဟေ့ကောင်.. မင်းယောကျာ်း မဟုတ်ဘူးလား....

ရဲရင့်။ ။ မဟုတ်ဘူး အဟင့်အဟင့်... (ငိုသံ)

ထက်မြက်။ ။ ဟာကွာ ငါဆွဲထိုးလိုက်ရ။ စိတ်တိုလာပြီနော်

သူတို့နှစ်ဦး ကိုကြည့်ပြီး ဦးမင်းထင်ကျော် စိတ်ပျက်စွာ ခေါင်း ယမ်း လိုက်သည်။ ထို့နောက်..

ဦးမင်းထင်ကျော်။ ။ ကဲ ကဲ.. တော်ကြ ပါတော့ကွာ။ မင်းတို့ ကလည်း ဒီလူန့ဲဒီလူလေး ရှိတာကို မတည့်နိုင်ကြ ဘူး။ စကားများနေ ရမယ့် အချိန်မဟုတ်ဘူးလေ...

ထက်မြက်။ ။ ကျွန်တော် တောင်းပန်ပါတယ် ဆရာ... အဲ့ကောင် ကို အားမလို အားမရ ဖြစ်လွန်းလို့ပါ....

ရဲရင့် သည် ဦးမင်းထင်ကျော်နောက် သို့ ပြေးကပ်လိုက်ပြီး...

ရဲရင့်။ ။ ဆရာ.. Grace အိမ်ပြန်ချင်တယ်။ မနေချင်တော့ဘူး။ အရမ်းကြောက် တာပဲ...

ဦးမင်းထင်ကျော်။ ။ ဘာကြောက်စရာ ရှိလို့ တုန်းကွာ။ ဘာမှ မဖြစ်ဘူး ဆရာတို့ ရှိတယ်။ နော်.. တကယ်လို့ မင်းပြော သလို ဖြစ်တယ် ပဲထား..။ မင်းရဲ့ကြောက်စိတ် တစ်ခုတည်း နဲ့ ဒီရွာက လူတွေ အားလုံး ရဲ့အသက် ကို မင်းလဲမှာလား....

ဦးမင်းထင်ကျော် ၏ စကားကြောင့် ရဲရင့် တစ်ချက်မျှ တွေဝေ သွားသည်။

ဦးမင်းထင်ကျော်။ ။ ရဲရင့်.. မင်းသေချာပြန်စဉ်းစား။ နောက်ဆုံး မင်းပြန်ချင်တယ် ဆိုလည်း ဆရာတို့ မတား ပါဘူး... ဟုဆိုကာ တခြား လူနာများဘက် သို့ ပြန်ထွက်သွားလေသည်။ ထက်မြက်သည် လည်း ဦးမင်း ထင်ကျော်နောက် သို့ ခပ်သုတ်သုတ် လိုက်သွားသောကြောင့် ရဲရင့်တစ်ယောက် တည်း နေရာ ၌ ကြောင်၍ ရပ်ကျန်ရစ်ခဲ့လေသည်။ 


ထိုကဲ့သို့ ခပ်ပေါ့ပေါ့တွေးကာ ရဲရင့်ကို တစ်ယောက်တည်း ထား သွားခြင်း သည် နောင် ဘယ်တော့ မှ တွေ့ ရတော့မည် မဟုတ်ဟု.. ဦးမင်းထင်ကျော် တို့ အဘယ် သို့ တွေးခဲ့ မိပါ လိမ့်မည်နည်း။

ရဲရင့် တစ်ယောက် ကြောက်ကြောက် လန့်လန့်ဖြင့် ချောင် တွင် ထိုင်ငိုနေတော့သည်။ ငိုရင်း ကြောက်ရွံ့ မိန်းမော စွာဖြင့် ဘာမှ တွေးတောမနေနိုင်တော့ဘဲ စားပွဲပေါ်တွင် တွေ့သည့် ရေခွက် ကို ယူသောက် လိုက် သည်။


 ရေသောက်ပြီး ခဏအကြာ မှာပင် သူ့ တစ်ကိုယ်လုံး အစက် အပြောက် များ ထလာသည် ကို ထိတ်လန့် စွာ တွေ့လိုက်ရ သည်။ သူ အစွမ်းကုန် အော်ဟစ်သော်လည်း ပါးစပ်မှ အသံမထွက်။ ဖြစ်ပျက်ပုံမှာ လျှပ် တပြက် အလား မြန်ဆန်လွန်းလှသည်။
 

ထို အစက်အပြောက် များမှ အနာများ အမည်းကွက်ကြီး များ ဖြစ်လာပြီး ထို အမည်း ကွက်များ မှ သွေးများ စို့ ထွက် လာသည်။ လည်ချောင်းမှ သည် ဗိုက်.. ထို့နောက် လက်၊ ခြေထောက်နှင့် မျက်နှာတို့တွင် ပါ ပွား လာ ကြပြီး မျက်စိနှင့် နှာခေါင်း စသဖြင့် ရှိသမျှ အပေါက် တို့မှ သွေးများဒရဟော ကျဆင်းလာကာ ရဲရင့် သည် မြေပြင်ပေါ် သို့ ပစ်လဲ ကျသွားပြီး ချက်ချင်း အသက်ရှူ ရပ် သွားလေတော့သည်။ 

ထို့နောက် မည် သည့် အရပ်က ရောက်လာမှန်း မသိသော ခါချဉ် အကြီးစား ကဲ့သို့ နီကျင်ကျင် အကောင် ငယ်ပေါင်း မြောက်မြားစွာ တို့က ရဲရင့်၏ အလောင်းကို ကိုက်ချီ ဆွဲခေါ် သွားတော့သည်။ ယင်းအကောင် ငယ် မြောက်မြားစွာနှင့် အတူ ပျောက်ဆုံးသွား သည်မှာ ကား ရဲရင့် ၏ ရုပ်အလောင်းပင်ဖြစ်သည်။ ထိုအဖြစ် အပျက် အလုံးစုံ ကို မည်သူမျှ မမြင်လိုက်ကြ။

ဦးမင်းထင်ကျော် တို့လည်း ကျန်သည့် လူနာများ ကြည့်ပေးပြီးနောက် ဆေးပစ္စည်း များ လိုက်လံ သိမ်းဆည်းနေ စဉ် ထက်မြက်က..

ထက်မြက်။ ။ ရဲရင့် ကို မတွေ့တော့ ဘူးနော် ဆရာ။ ဒီကောင် သူရဲဘောကြောင်ပြီး သူကြီး အိမ် ပြန်ပြေး သွားလောက်ပြီ ထင်တယ်...

ဦးမင်းထင်ကျော်။ ။ အင်းကွ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်နေရာရာမှာ များ သွားစိတ်ကောက်နေ လား မသိဘူး...

ထိုသို့ စကားပြောနေရင်း သူတို့ အနောက်ဖက်မှ ခြေသံများ ကြားလိုက် ရသဖြင့် အနီးရှိ မီးတုတ်များ ကို ကောက်ကိုင်လိုက်ကြသည်။ တစ်ခုခု ဆိုလျှင် အရေးအကြောင်း ကာကွယ်နိုင်ရန်ဖြစ်သည်။ သို့သော် အတော် နီးနီးရောက်လာမှ ဒေါက်တာကေသွယ် တို့မှန်း သိပြီး သက်ပြင်းပြိုင်တူ ချလိုက်ကြသည်။ သူတို့ ကိုယ် သူတို့ လည်း ဘယ်အရာ ကို စိုးထိတ် လန့်ဖြန့် နေကြမှန်းမသိပေ။ သို့သော်လည်း ဆုံးအောင် သက်ပြင်း မချ ရသေးမီမှာပင်...

ကေသွယ်။ ။ ဆရာ.. ဆရာရေ... လုပ်ပါဦး ကယ်ကြပါဦး

ဦးမင်းထင်ကျော်။ ။ ကေသွယ်.. ကေသွယ် ဘာဖြစ်လာတာလဲ.. ဉာဏ်လင်း.. မင်းတို့ ဘာဖြစ်လာကြ တာလဲ.. ရွှေအိုရောင် ကိုရော မတွေ့ပါလား။ ဘာဖြစ် လာကြတာလဲ ပြောစမ်းကွာ..

ဒေါက်တာကေသွယ် သည် ဦးမင်းထင်ကျော်ကို ဖက်ကာ မပြော မဆို ငိုချ  လိုက်လေသည်။ ဉာဏ်လင်းအောင် က တုန်တုန် ယင်ယင်ဖြင့် ပြန်ဖြေသည်။

ဥာဏ်လင်းအောင်။ ။ ဆရာ ... ရွှေ... ရွှေအိုရောင်.. မရှိတော့ဘူး.. ဆုံးပြီ....

ဦးမင်းထင်ကျော်။ ။ ဘာ.. ဘယ်လို ဘယ်လို.. ဘာဖြစ်တယ်.. ငါ့ကို သေချာပြောစမ်း

ဉာဏ်လင်းအောင်။ ။ ကျွန်တော် တို့ ဟို ရွာသားတွေ နောက် လိုက်ပြီး ရွာမြောက်ပိုင်း ကို ဆေးလိုက် ကု ပေးကြ တယ်။ ပြီးတော့ ပြန်ခါနီးမှာ ရွှေအိုရောင် က အပေါ့သွားချင်တယ် ဆိုလို့ ဒေါ်အေးကြွယ် က အိမ်သာ လိုက် ပို့တယ်။ ခဏကြာတော့ ဒေါ်အေးကြွယ် တစ်ယောက်ပဲ အိမ်ပေါ်ပြေးတက် လာပြီး ကျွန်တော် တို့ကို ဟို ဆရာမလေး မရှိတော့ဘူး လို့ အမောတကော လာပြောတယ်။ 


ကျွန်တော် က ဘာဖြစ်တာလဲ လို့ မေးတော့.. ရွှေအိုရောင် တစ်ယောက် အပေါ့ သွားတာကြာ လို့ အိမ်သာရှေ့ လိုက် သွားပြီးခေါ်တာ အထဲ က ထူးသံ မကြားရဘူးတဲ့။ အဲ့ဒါ နဲ့ သူ အိမ်သာ တံခါးကို တွန်း ဖွင့်ကြည့် လိုက်တော့ အထဲမှာ ဘယ်သူ မှ မရှိတော့ ဘူးတဲ့။ 

အဲ့ဒီလို ကြားတော့ ကျွန်တော်တို့ လည်း ကမန်းကတန်း သွားကြည့်ပြီး အနီးအနား ပတ်ပတ်လည် ကို လိုက် ရှာကြ တာပေါ့။ တစ်နေရာ အရောက်မှာ တစ်ခုခုကို ဆွဲသွား သလို စွပ်ကြောင်းကြီး ဖြစ်နေတာ ကို တွေ့ ရတယ်။ အဲဒါ နဲ့ စွပ်ကြောင်း အတိုင်း လိုက်ကြည့်ကြတော့.. လမ်းအဆုံးက ချုံထဲမှာ ရွှေအိုရောင့် ကို တွေ့ တယ်။ သူ.. အသက် မရှိတော့ဘူး ဆရာ။ 

ပိုပြီး ထူးဆန်းတာက ရောဂါ ကူးစက်နေ တဲ့ လူတွေမှာ တွေ့ရ သလိုမျိုး အမည်းကွက်ကြီးတွေ သူ့ကိုယ်ပေါ်မှာ ရှိနေတာပဲ။ အဲဒါတွေကြောင့် ကျွန်တော် တို့လည်း ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိဘဲ ဆရာတို့ဆီ တန်းပြေး လာတာ။ လုပ်ပါဦး ဆရာရယ်.. ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး.. ကျွန်တော် တော်တော် လန့်နေပြီ..

ဦးမင်းထင်ကျော်။ ။ ဘုရားရေ.. ထူးဆန်း လိုက်တာကွာ ဒါ.. သွေးရိုး သားရိုးတော့ မဖြစ်နိုင်ဘူး။ တစ်ခုခုပဲ။ ကဲ.. လာ.. လာ.. ရွာသူကြီးအိမ် ကို အကြောင်းသွားကြားမယ်..

ပြောပြော ဆိုဆိုဖြင့် ဒေါက်တာကေသွယ် ကို ချော့မော့ ဖျောင်းဖျကာ ရွာသူကြီးအိမ် သို့ ချက်ချင်းသွားကြ သည်။ ရွာသူကြီး အိမ်သို့ ရောက်သော အခါ လူတစ်ယောက်မျှ မရှိပေ။ အိမ် အနံှ့ လိုက်ရှာသော်လည်း မတွေ့။

ဦးမင်းထင်ကျော်။ ။ တောက်.. အရေးအကြောင်း ဆို တစ်ယောက်မှ မရှိဘူး။ ရွာသူကြီး ဘယ်ရောက်နေလဲ။ ဒီအိမ် က လူတွေရော..။ ဟာ.. ရဲရင့် ကိုလည်း ဒီမှာ မတွေ့ ပါလား။ ဒီကောင်ပျောက်နေတာ သေချာပြီ။ ဒုက္ခပဲ။ ခု ချက်ချင်း လိုက်ရှာကြမှ ဖြစ်မယ်ဟေ့..

ဉာဏ်လင်းအောင်။ ။ မိုးတော်တော် ချုပ်နေပြီဆရာ... လိုက်ရှာ လို့ ဖြစ်ပါ့မလား...

ဦးမင်းထင်ကျော်။ ။ မိုးအလင်း ထိ စောင့်နေရင် ငါတို့ တစ်ယောက်မှ ကျန်တော့ မှာ မဟုတ်ဘူး။ ဒီကိစ္စတွေ ဟာ လုံးဝသွေးရိုး သားရိုး မဟုတ်ဘူး။ ဆရာ ဒါတွေပြောတာ မင်းတို့ ကို ခြောက်နေတာ မဟုတ်ဘူး။ ဆရာ ကိုယ် တိုင်လည်း အယုံအကြည် မရှိပေမယ့် ခုအခြေအနေက ဒါတွေ ငြင်းခုံနေ ရမယ့် အချိန် မဟုတ်တော့ ဘူး။ 


အရမ်းအရေးကြီးနေပြီ။ ကဲ.. ကေသွယ်က ဒီမှာပဲနေခဲ့။ နားလိုက်တော့။ ဘာမှမကြောက်နဲ့။ ဆရာတို့ ခုချက်ချင်း ပြန်လာခဲ့မယ်။ ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့

ထို့နောက် ဦးမင်းထင်ကျော် ဦးဆောင် သည့် လူ ၅ ယောက် အုပ်စုသည် မီးတုတ်များ ကိုင်ဆောင်၍ ရဲရင့် ကို အော်ခေါ် လိုက်ရှာ ကြတော့သည်။ သို့သော် နေရာ အတော် စုံနေပြီဖြစ်သည့်တိုင် လုံးဝရှာမတွေ့ချေ။ လူနာများ ထားရှိရာ ယာယီ တဲလေးများတွင်လည်း မရှိ။ 


အနီးဝန်းကျင်မှာလည်း ရဲရင့် အရိပ်အယောင်မျှ မတွေ့ရဘဲ ရှိလေသည်။ ထိုစဉ် လူနာဆောင်တွင် ထူးဆန်း သည့် အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ကြရသည်။ သူတို့မပြန်ခင်က ထားရစ်ခဲ့ကြသော လူနာများမှာ တစ်ယောက် မျှ အသက်မရှိတော့ချေ။ 

တချို့မှာ ပျောက်ဆုံးကုန်ပြီး တချို့မှာ အနာမှပြည်ပု ပ်များ၊ သွေးများ ယိုစီးကျကာ ရုပ်ပျက် ဆင်းပျက် ပင် ဖြစ်နေ ကြသည်။ အနံ့ အသက် များမှာ လည်း ဆိုးရွား လွန်းလှ သဖြင့် တဲများ အပြင်သို့ ချက်ချင်း ပြန် ထွက်လာ ခဲ့ကြရသည်။ ရဲရင့် ကို လည်းမတွေ့၊ လူနာများလည်းသေ၊ ရွာသူကြီးကိုလည်း ရှာမရတော့သည့် အဆုံး အားလုံး လက်လျှော့လိုက်ကြပြီး သူကြီးအိမ်သို့ သာ ပြန်လာခဲ့ကြတော့သည်။ ဦးမင်းထင်ကျော် မှအပ ကျန်သူများ မှာ တုန်လှုပ်သွေးပျက်နေကြလေပြီ။

ကေသွယ်။ ။ တွေ့ခဲ့ကြလားဟင်..

ထက်မြက်။ ။ မတွေ့ပါဘူးဗျာ။ ဟိုမှာ လည်း လူနာတွေ တစ်ယောက်မှ အသက် မရှိတော့ဘူး။ အခြေအနေ က တော်တော် ဆိုးနေပြီ။ ရဲရင့် ကိုလည်း ဘယ်လိုမှ ရှာမရဘူး။ နေရာလည်း စုံနေပြီရှာတာ။ ဒီကြားထဲ ကျန်တဲ့ ရွာသားတွေလည်း ဘယ်ရောက်ကုန်ကြလဲ မသိဘူး။

ဦးမင်းထင်ကျော်။ ။ ထူးဆန်း လိုက်တာ လူတွေ ဘယ်ပျောက်သွား တာလဲ။ ရဲရင့် တောထဲ ၀င်သွားဖို့လည်း မဖြစ်နိုင်ဘူး။ ဒီကောင် ဒီလောက် သတ္တိ မကောင်းဘူး။ အိမ်ပြန်ပြေးမယ် ဆိုရင်လည်း ဒီအချိန်ကြီး မဖြစ်နိုင် ဘူး။ ဖြစ်နိုင်တယ်ထား.. သူ့အ၀တ် အိတ်တော့ အနည်းဆုံး ယူသွား ရမှာပေါ့။ 


ဘုရားဘုရား.. ရွှေအိုရောင့် လို အဖြစ်ဆိုးမျိုး နဲ့တော့ ရဲရင့် တစ်ယောက် မတွေ့ကြုံပါစေနဲ့။ စဉ်းစား စရာပဲကွ... ခုဟာ က ရွာသူကြီး ကိုယ်တိုင် ပျောက်နေတာ။ ဒီရွာ မှာ လူရော ကျန်သေးရဲ့လား မသိဘူး။ တစ်ခုခုတော့ အကြီး အကျယ် မှားနေပြီဟေ့...

ကေသွယ်။ ။ ကျွန်မ.. ကျွန်မ အိမ်ပြန်ချင်ပြီဆရာ.. ဒီရွာမှာ မနေရဲတော့ဘူး အရမ်းကြောက် ဖို့ ကောင်းတာပဲ။..

ထိုစဉ် ရွာသူကြီး၊ ရွာသူကြီး ကတော်နှင့် ရွာသူရွာသား တစ်စုတို့ ထင်မှတ် မထားဘဲ မျက်စိပျက် မျက်နှာ ပျက်ဖြင့် အိမ် သို့ပြန်ရောက် လာကြသည်။

ဦးမင်းထင်ကျော်။ ။ ဟာ.. သူကြီး.. ခင်ဗျားတို့ ကလည်းဗျာ အရေး အကြောင်းဆို ဘယ်ရောက်နေကြတာလဲ။ ဒီမှာ ကျုပ်တပည့် တစ်ယောက် ဆုံးသွားပြီ၊ တစ်ယောက်ကလည်း ပျောက်နေတယ်...

ရွာသူကြီး။ ။ အောင်မလေးဗျာ.. ကျုပ်တို့တစ်ရွာလုံး ကပ်ကြီးဆိုက် ပြီး ပြုတ်ပြုတ်ပြုန်းတော့ မယ်။ ဆရာက ဆရာ တပည့်အကြောင်း လာပြောနေသေးတယ်။ ကျုပ်တို့တောင် ဒီမှာ မသေအောင် မနည်း ထွက်ပြေးခဲ့ ရတာ။ ရွာမှာ ကျုပ်တို့ ဘဲ ကျန်တော့တယ်။ အကုန် ရောဂါပိုး ကူးစက်ပြီး သေကုန်ကြပြီ။ ကျုပ်တို့ အကုန် လိုက်စစ် ပြီးပြီ။


 ပျောက်တဲ့လူ ကပျောက်၊ ပုပ်ပွပြီး ရုပ်ပျက် ဆင်းပျက် ဖြစ်တဲ့ လူ ကဖြစ်နဲ့။ ဆရာ တို့လည်း ကုနိုင်တော့မယ် မဟုတ်ဘူး။ ကျုပ်တို့ အထုပ် အပိုးတွေနဲ့ ပစ္စည်းပစ္စယတွေ လာသိမ်း ဆည်းတာ။ မနက် လင်းတာနဲ့ ဒီရွာ ကနေ မြန်မြန် ထွက်သွားကြမှ ကို ဖြစ်တော့မယ်။ ဆရာတို့ လည်း ပြန်ချင်ပြန်ကြတော့။ ဒါမှ မဟုတ် ကျုပ်တို့နဲ့ မနက်ဖြန်ကျ တစ်ခါတည်း လိုက်ခဲ့။ ဟုတ်ပြီလား..

ဦးမင်းထင်ကျော်။ ။ နေပါဦး သူကြီးရဲ့။ ဒီရောဂါကပ်ကြီး က သောက်ရေကန် က ဖြစ်တာ ဆို။ သောက်ရေ ကန် ကို ကျွန်တော်တို့ မနက် ကျရင် သွားစစ်မှ ကိုဖြစ်မယ်။ ကျွန်တော့်အထင် ရွာသားတွေသေကုန် တာလည်း သွေးရိုး သားရိုးမဟုတ်ဘူး။ ပြီးတော့ ကျွန်တော် အားထား ရတဲ့ တပည့်နှစ်ယောက်လည်း ဆုံးပါး သွားတာ ကျွန်တော် ဘယ်နည်းနဲ့ မှ ဒီအတိုင်း မပြန်နိုင်ဘူး။ အဖြေ ရှာကို ရှာရမယ်။ သိကို သိရမှဖြစ်မယ်။ ဒါနဲ့ နေပါဦး.. ဒီရောဂါ စဖြစ်တာ ဘယ်လောက်ရှိပြီလဲ..

ရွာသူကြီး။ ။ နှစ်ပတ်လောက်တော့ ရှိပြီ..

ဦးမင်းထင်ကျော်။ ။ အဲ့ဒီနှစ်ပတ် မတိုင်ခင် က ရွာမှာ ဘာတွေဖြစ် ခဲ့သေးလဲ...

ရွာသူကြီး မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ သူ၏ တစ်ဖက်တည်းသော မျက်လုံး မှာလည်း ဂဏာမငြိမ်ချေ။

ရွာသူကြီး။ ။ ဘာမှ မဖြစ်ပါဘူး။ သူ့ဟာ သူ သောက်ရေ မသန့်လို့ ရောဂါ ကပ်ကြီး ဆိုက်တာ။ မနက်ဖြန်ကျ ကျုပ်တို့ ဒီရွာကပြောင်းမယ်..

ဦးမင်းထင်ကျော် ရွာသူကြီး ကို မသင်္ကာ သလို ကြည့်လိုက်သည်။ သို့ရာ တွင် နောက်ထပ် စကားမဟတော့။

ရွာသူကြီး။ ။ ကဲ.. မကြာခင် အရုဏ်ပျို့တော့မှာ။ ဆရာတို့လည်း တစ်ရေးမှ မအိပ်ရသေးဘူးမှတ်လား။ အားရှိအောင် တစ်ရေး နှစ်ရေးတော့ မှိန်းလိုက်ကြဦးလေ။ မိုးလင်းကျ ခရီး ဆက်ရဦးမှာ...

ဥာဏ်လင်းအောင်။ ။ ဟုတ်တယ်ဆရာ။ ကျွန်တော်တို့ အရမ်းကို ပင်ပန်းချိနဲ့နေပြီ။ ကျွန်တော်တော့ အိပ်ပြီ

ပြောပြော ဆိုဆိုဖြင့် မကြာခင်မှာ ပင် ဉာဏ်လင်းအောင်နှင့် ထက်မြက် တို့ ခွေခွေလေးတွေ အိပ်ပျော် သွားကြ သည်။ ကျန် လူများ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်၍ အိပ်ရာကိုယ်စီဝင်ကာ အိပ်စက် အနားယူကြသည်။ 


ဦးမင်းထင်ကျော် သည် အိပ်ရာ ထက်၌ လဲလျောင်းနေသော် လည်း ကောင်းစွာ အိပ်မပျော်။ ဤဆင်တောင်စု ရွာ ၏ ထူးဆန်းလှသည့် ရောဂါကပ် အကြောင်းနှင့် အခြား အခြားသော မယုံကြည်နိုင် စရာ ပဟေဠိဆန်ဆန် အဖြစ်အပျက် များကို ဆက်စပ်တွေးကြည့်နေမိသည်။ မိမိသည် ဤ အဖွဲ့တွင် အသက်အကြီးဆုံး။ တာဝန် အရှိဆုံး။ 

မိမိ တာဝန်ယူစောင့်ရှောက် လာခဲ့ရသည့် နောက်လိုက် တပည့် များသည် ယခု ကဲ့သို့ ကြမ္မာဆိုးနှင့် ကြုံရ သည်ကို မိမိ အနေနှင့် တာဝန်မကင်း သလို စိတ်မကောင်း မဆုံးလည်း ဖြစ်နေမိသည်။ ထို အဖြေကို ရအောင် ရှာမည်ဟု တေးထား လိုက်ရင်း တခဏ မှေးခနဲဖြစ်သွားမိသည်။

ထိုအချိန်မှာ ပင် စကားပြောသံ ခပ် သဲ့သဲ့ကြားလိုက် သဖြင့် ဖျက် ခနဲနိုးသွားပြီး အခန်း တံခါးနားကပ်ကာ ခပ် မဆိတ် နားစွင့် ကြည့်နေမိသည်။ သူကြီး လင်မယား လေသံဖြင့် စကားပြောနေသည် ကို ကြားရသည်။

သူကြီးကတော်။ ။ တော် စ,ထား တဲ့ပြဿ          နာလေ ဟင်..။ ခုတော့ ကိုယ်ကျိုး  နည်းကုန်ပြီ  မဟုတ်လား....

ရွာသူကြီး။ ။ ဟ.. ငါလည်း အဲဒီကောင်မ ဒီလောက်ပြန်လုပ်မယ် မှန်း မသိလို့ပေါ့ကွ။ အစက ငါလည်း မဖြစ်နိုင် ဘူးပဲ ထင်တာ။ ဒါပေမယ့် ခု အခြေအနေ က မယုံလို့ မရတော့ဘူး။ မဟုတ်ရင် အားလုံး ဒုက္ခရောက် ကုန်မယ်။

သူကြီးကတော်။ ။ ဘာပဲဖြစ်ဖြစ်တော်.. အခုဖြစ်လာပြီ ပဲ။ ဒီတော့ ရှင် ဘာဆက်လုပ် မလဲ...

ရွာသူကြီး။ ။ ငါလည်း မစဉ်းစား တတ်တော့ ဘူးကွာ။ မနက်ဖြန်ကျ   ဒီက   ထွက်သွားကြမှာပဲ။ ဟူး... ကဲ..ကဲ.. တော်ပြီ.. အိပ်ကြ စို့ ငါအရမ်း ပင်ပန်းနေပြီ...

ခဏအကြာ စကားသံ များ တိတ်ဆိတ် သွားသည်။ ၄င်း တို့သည် အားလုံး အိပ်ကုန်ကြပြီ အထင်နှင့် တစ်စုံ တစ်ခု ကို ကြိတ် တိုင်ပင် နေကြခြင်း ဖြစ်သည်။ သို့ရာ တွင် သူတို့ပြောသော စကားများ အားလုံး ကို ဦးမင်း ထင်ကျော် ကောင်းစွာ ကြားလိုက်လေ သည်။ ချက်ချင်း ပင် ငေါက်ခနဲ ထထိုင်ကာ တစ်စုံ တစ်ခုကို အတည်ပြု လက်ခံ ဖို့ အကြံ တစ်ခု ရလေသည်။ 


ထိုအရာ ကို သူလုပ် ကို လုပ်မှ ဖြစ်ပေလိမ့်မည်။ အိပ်ရာထဲ မှ အသာ ထလာ ခဲ့ပြီး အိမ်ရှေ့ သို့ ခြေဖျားထောက် ထွက် လာခဲ့သည်။ ထို့နောက် မီးတုတ်၊ မီးခြစ်၊ အနီးတွင်တွေ့သော ပုဆိန်တစ်လက်၊ အခြား လိုအပ်မည် ထင်သော ပစ္စည်း အနည်းငယ်ကို ယူ၍ ခြံထဲသို့ ဆင်းလာခဲ့သည်။ 

အအိပ် ဆတ်သော ဉာဏ်လင်းအောင် မှာ အိပ်ရာမှ ချက်ချ င်းနိုး လာခဲ့ပြီး ဆရာထွက်သွား မှန်း သိ သည်နှင့် နောက်မှ အသာပြေး လိုက်ကာ  လေသံ ခပ်အုပ်အုပ်ဖြင့်...

ဉာဏ်လင်းအောင်။ ။ ဆရာ..ဆရာ.. ဘယ်သွား မလို့လဲ ဒီ အချိန်ကြီး ကို..

ဦးမင်းထင်ကျော်။ ။ ဉာဏ်လင်း မင်း မအိပ်သေး ဘူးလား။ ဆရာ လုပ်စရာလေး တစ်ခု ရှိလို့ အပြင်ခဏ သွား လိုက်ဦးမယ်။ ဆရာ သွားတာ ဘယ်သူမှ မသိစေနဲ့...

ထက်မြက်။ ။ ဟာ.. ဘယ်သွား မလို့လဲ ဆရာ။ မသွား ပါနဲ့လား ဆရာရယ်.. မနက်လင်း မှ သွားပါလား။ ဒီရွာက ဘာမှန်း မသိ ညာမှန်း မသိ အန္တရာယ် က များပါဘိနဲ့...

ဦးမင်းထင်ကျော်။ ။ ရတယ် ရတယ်.. ဆရာ မသွားလို့ မဖြစ်ဘူး။ ဒီနားလေး တင်ပဲ သိပ်မကြာပါဘူး..

ဉာဏ်လင်းအောင်။ ။ ဒါဆိုလည်း ကျွန်တော်ပါ လိုက်ခဲ့မယ်လေ။ ဆရာ တစ်ယောက်တည်း စိတ်မချဘူး...

ဦးမင်းထင်ကျော်။ ။ နိုး နိုး.. မင်းလိုက် လို့ မဖြစ်ဘူး။ ဆရာ တစ်ယောက်တည်း သွားမှ ရမှာ။ မင်းနေရစ်ခဲ့။ ဆရာ မကြာဘူး။ သွားကြည့် စရာလေး ရှိတာ ကြည့်ပြီးရင် ပြန်လာ ခဲ့မယ်။ သွား.. ပြန်အိပ်ချေ.. ဒါမှ မဟုတ် လည်း ပစ္စည်းတွေ သိမ်း စရာရှိတာ သိမ်း ထားတော့။ သူများတွေ လုံးဝ မနိုးစေနဲ့နော်..။

ဉာဏ်လင်းအောင်။ ။ ဟုတ်ကဲ့ ဆရာ။ ဒါဆိုလည်း ဆရာ သတိဝီရိယ နဲ့တော့ သွားနော်။ မြန်မြန် လည်း ပြန် လာခဲ့ဦး

ဦးမင်းထင်ကျော်။ ။ အေးအေး.. ဆရာသိတယ်။ သွားပြီ..

ထိုသို့ပြောပြီး ဦးမင်းထင်ကျော် တစ်ဦးတည်း ထွက်လာခဲ့သည်။ သူ့ခြေလှမ်းများက ရောဂါပိုး ကူးစက်ခံ ရသည် ဆိုသော ရေကန်ကြီး ဆီသို့ ဦးတည်လျက်...။ ညဥ့်ပိုင်းက ရဲရင့်ကို လိုက်ရှာကြရင်းနှင့် ဟိုးခပ် လှမ်း လှမ်းမှ လရောင်ဖြင့် လဲ့နေသည့် ရေကြပ်ခွပ်များကို မြင်ခဲ့ရသည် မဟုတ်လား။ ထိုနေရာကို ဦးမင်း ထင်ကျော် သေသေ ချာချာ မှတ်ထားသည်။


 ရေကန်ကြီးသည် ထင်ထားသည်ထက် ပိုမို ကျယ်ပြန့်ပြီး ရေ၏ အရောင်အဆင်းမှာ ပကတိ နက်မှောင်နေ သည်ဟု ထင်ရသည်။ ရေကန်ပတ်လည်တွင် နေပြောက်မထိုးနိုင် လောက်သည့် ထူထဲကြီးမား လှသော နှစ် ရှည် ပင်ကြီးများစွာ ပေါက်ရောက်လျက်ရှိသည်။ တောအုပ်ကြီးတစ်ခုနှင့်ပင် တူနေသေးတော့ သည်။ ကြာရိုး ကြာစွယ်များမှာ ရေလယ်တွင် ညွတ်ခွေ သေဆုံးနေကြ၏။

ဦးမင်းထင်ကျော် ပတ်ဝန်းကျင် ကို သေချာ လိုက် အကဲခတ်နေသည်။ မည်သည့် ထူးခြားသော အရိပ် အယောင် မျှမတွေ့။ ထိုစဉ် မှာပင် သူ၏ မျက်လုံးများ က သစ်ပင် တစ်ပင် ခြေရင်းတွင် အရောင်တလက်လက် ထနေသော အရာတစ်ခုကို မြင်တွေ့သွားလေသည်။


 ကောက်ယူ ကြည့်သော အခါ မိန်းမ ၀တ် ရွှေနားကွင်း တစ်ဖက်။ ထိုအနီး တဝိုက်တွင် သေချာထပ်မံ လိုက်ကြည့် ရာ.. ညှိုးနွမ်း ခြောက်သွေ့ လုပြီဖြစ်သော သစ်ရွက်ပုံ တစ်ပုံပေါ်၌ သွေးစက် များကို တွေ့ရသည်။

 ကြီးကြီး မားမား တစ်စုံတစ်ရာ ကို လောင်ကျွမ်း ထားသော ပြာပုံကြီး တ စ်ခုကိုလည်း တွေ့ရသည်။ ထိုအနီး တွင်ပင် ထိုင်ချလိုက်ကာ ဤအဖြစ် အပျက်များ သည် သွေးရိုး သားရိုး မဟုတ်နိုင်ဘဲ လူသတ် မှုပေလော ဟု တွေဝေ စဉ်းစားနေခိုက် ရုတ်တရက် မိန်းမော သလိုဖြစ်သွား၏။

 စိတ်များ လေးလံ ထိုင်းမှိုင်း လာကာ အနံ့ တစ်ခုခုကြောင့် အိပ်မွေ့ချ ခံရသူလို ဖြစ်သွားမိသည်။ ထိုစဉ်မှာပင် သူ၏ အမြင် အာရုံထဲဝယ် ရေကန် ထဲမှ အမျိုးသမီး တစ်ဦး တက်လာပြီး သူ့ဆီလျှောက်လာ သည်ကို ၀ိုးတိုး ၀ါးတား မြင်ရသည်။ တဖြည်းဖြည်း ပုံရိပ်ပီပြင်လာသောအခါ ထို အမျိုးသမီး ၏ ကိုယ်ခန္ဓာ အနှံ့အပြား တွင် မြင် မကောင်းသော ဒဏ်ရာဒ ဏ်ချက်ကြီး များ အပြည့်အနှက်။ 

မီးလောင် အမာရွတ်များ အပြင် ရိုက်နှက် ခံထား ရသလို အရှိုးရာ ဗရပွဖြင့်...။ သူ့ကို စိုက်ကြည့်နေသည့် မျက်လုံး တစ်စုံတွင် မုန်းတီးခြင်း စက်ဆုပ်ခြင်းနှင့် နာကျည်း ဒေါသ မီးလျှံများ ကို အတိုင်းသား မြင်တွေ့နေ ရ၏။ 

အိပ်မက် ပင်လော၊ တကယ်ပင်လောဟု ဦးမင်းထင်ကျော် တွေးတော အံ့သြ မဆုံးမီပင် ထို အမျိုးသမီး သည် ဗြုန်းခနဲ အနီးသို့ရောက်လာပြီး သူ့လည်ပင်း ကို ဆွဲညှစ်လေသည်။ သူဆွဲဖယ်သော် လည်း မရ။ အေးစက် ရှုံ့တွနေသော လက်တစ်စုံ က အလွန် အားပါလှသည်။ 

အသက်ရှူ    ရသည်မှာ တဖြည်းဖြည်း  မွန်းကြပ်လာပြီး မျက်လုံး များ ပြာဝေလာတော့သည်။ ထိုစဉ်မှာပင် လူသံ များ ကြားလိုက်ရပြီး သူ့ရှေ့မှ အမျိုးသမီး သည် မကျေနပ်သလို သူ့အား တစ်ချက် စိုက် ကြည့် ပြီးနောက် ရေထဲ သို့ ခုန်ဆင်း ပျောက်ကွယ်သွားလေ၏။
 


ဉာဏ်လင်းအောင်။ ။ ဆရာ... ဆရာ.. ဆရာဘာဖြစ်နေတာလဲ

ဦးမင်းထင်ကျော်။ ။ အဟွတ် အဟွတ်.. အော့... ဟို ကောင်မလေး... ကောင်မလေး

ဥာဏ်လင်းအောင်။ ။ ဘယ်ကကောင်မလေးလဲဆရာ။ ကျွန်တော် ဆရာ့ကိုပဲတွေ့တာ။ ဆရာ့လက်နှစ်ဖက် ကိုယ့်လည်ပင်း ကိုယ်ညှစ်နေတာတွေ့လို့။ တော်သေးတာပေါ့ ဆရာရယ်.. ကျွန်တော် ဆရာ့ကို စိုးရိမ်ပြီး ဒီကောင်လေး အကူအညီနဲ့ နောက်က လိုက်လာမိပေလို့ပေါ့

ဦးမင်းထင်ကျော်က အဖြစ်အပျက် အလုံးစုံကိုပြောပြလိုက်ရာ

ဥာဏ်လင်းအောင်။ ။ ဆရာပြောသလိုဆို တော်တော် ထူးဆန်းတာပဲ။ ဒီလိုအဖြစ်မျိုးတွေ တကယ်ရှိနေတာပါလား

ဦးမင်းထင်ကျော်။ ။ အေးကွာ ငါလည်း စာအုပ်တွေ ထဲမှာပဲ ဖတ်ဖူးတာ ခု ဒီ အသက်အရွယ်ရောက် မှ ကိုယ်တွေ့ကြုံ  ရဖူး တာပဲ။ ငါ့နှယ်.. သေပြီတောင် မှတ်တာကွာ။ 


သန်လိုက် တဲ့ တစ္ဆေမ။ ဒါနဲ့.. ဒီကိစ္စ နှုတ်လုံ ပါစေနော်။ ကေသွယ် တို့ကို ပေး မသိစေချင်ဘူး။ သူတို့ သိရင် ပိုကြောက် သွားကြမယ်။ အထူးသဖြင့် ရွာသူကြီး.. ငါ သူ့ကို သိပ်ပြီး မသင်္ကာ ဘူးကွ။ ဟို ကလေးလည်း ဆရာ တို့ကို ကူညီပါကွာ..။ ဒီကိစ္စ မပေါက်ကြား ပါစေနဲ့။ နောက်ပြီး မင်း ကိုမေးစရာရှိတယ်။ ဒီရွာ အကြောင်း မင်းသိ သလောက် ဆရာ့ကိုပြောပြစမ်းပါ...

ဉာဏ်လင်းအောင် ကို လမ်းပြ လိုက်ပို့ ခဲ့ပေးသော ရွာသား ကောင်လေး မှာ ကြောက်ရွံ့လှသဖြင့် တစ်ကိုယ်လုံး အလွန် တုန်ယင်နေပြီး ဟန် မဆောင်နိုင်လောက်အောင်ပင် မျက်စိ မျက်နှာ ပျက်နေသည်။ ဦးမင်းထင်ကျော် မေးသည်ကိုပင် ပြန်မဖြေနိုင်။ 


သူစိုက်ကြည့်နေသည် မှာ ရေကန်နံဘေးရှိ ချုံကြီးတစ်ခု ၏  အနောက်ဘက် တစ်နေရာကိုဖြစ်သည်။ ဦးမင်းထင်ကျော် တို့လည်း သူကြည့်ရာ သို့ ကြည့်လိုက်ကြသည်။ လူရိပ် လိုလို တိရစ္ဆာန် တစ်ကောင်လိုလို တစ်စုံ တစ်ခု ရွာဘက် သို့ ဖြတ်ပြေးသွားသည် ကို ဖျက်ခနဲ တွေ့လိုက်ကြရသည်။ တောကောင် တစ်ကောင် လည်း ဖြစ်နိုင်ပါသည်။

ဉာဏ်လင်းအောင်။ ။ ဟေ့ကောင်လေး.. ဘာဖြစ်နေတာလဲကွ...

ရွာသားကောင်လေး။ ။ ဟို.. မ.. မ.. သဲ.. မသဲစုလားမသိဘူး

ဦးမင်းထင်ကျော်  တို့လည်း ကြောင်  သွားကြပြီး..

ဦးမင်းထင်ကျော်။ ။ မသဲစု  ဆိုတာ ဘယ်သူလဲကွ...

ရွာသားကောင်လေး။ ။ ကျွန်တော်.. ကျွန်တော် မပြောရဲဘူး ကြောက်တယ်....

ကောင်လေးမှာ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ရင်း အတော်ကြောက်ရွံ့နေရှာသည်။

ဦးမင်းထင်ကျော်။ ။ မကြောက် ပါနဲ့ကောင်လေးရဲ့။ ဆရာ တို့ကို အားလုံးပြောပြ။ နော်.. ဒါမှ ဒီရွာမှာ ဘာတွေဖြစ်နေတယ် ဆိုတာ ဆရာတို့ သိပြီး အားလုံး ကို ကယ်တင်နိုင်မှာပေါ့ကွယ့်။ မင်း ကို ဆရာတို့ ကာကွယ်ပေးမယ်။ ဟုတ်ပြီလား.. လာ ဒီမှာထိုင်.. မင်း သိ သလောက်ကို ဖြည်းဖြည်းချင်း အကုန်ပြောပြ..

ကောင်လေး က ခေတ္တမျှငြိမ်သက်နေပြီး မှ အဖြစ်အပျက်ကို  ရှင်းပြလေသည်။

ရွာသားကောင်လေး။ ။ ဒီလိုပါ ဆရာ.. အရင်တုန်း က ကျွန်တော်တို့ရွာ ကို အဖွားကြီး တစ်ယောက် နဲ့ ကောင်မလေး တစ်ယောက် ရောက်လာကြ ဖူးတယ်။ ဘယ်ကနေ ပြောင်းလာမှန်း လဲမသိဘူး။ 


ရွာကိုရောက် လာပြီး ရွာစွန်နား မှာ တဲ ထိုးနေကြတယ်ဆရာ။ နောက်ပြီး ကောင်မလေး က တောထဲ က ဆေးမြစ်ဆေးဥတွေ ရှာပြီး ရွာထဲ မှာ လှည့်ရောင်းတယ်။ ဟိုးဘက်  ကရွာတွေကို သွားချင် လည်း သွား တတ်တယ်။ အဖွားကြီး ကတော့ ဘာမှ မလုပ်ဘူး။ တစ်နေ့ တစ်နေ့ ဆေးတွေ ပဲ ထိုင်ဖော်နေတယ်။ 

ရွာသူ ရွာသားတွေနဲ့ လည်း အခေါ် အပြော မလုပ်ကြဘူး။ ဒါပေမယ့် သူတို့ရောက်လာပြီး နောက်ပိုင်း ရွာထဲ ကလူတွေ နေမကောင်း ဖြစ်ကြတဲ့ သူတွေ များများ လာတယ်။ အဲဒါ နဲ့ ရွာက လူတွေက သူတို့မြေးအဖွားကို စုန်းလို့ သတ်မှတ်ပြီး ရွာစွန် ကနေ မောင်းထုတ်ကြတယ်။ ဆိုတော့.. သူတို့မြေး အဖွားလည်း ဒီရေကန် နားမှာ လာနေကြတယ်။

 ဖြစ်ချင်တော့ သူကြီး ရဲ့ တစ်ဦးတည်းသောသား က တစ်ရက် မှာ သူငယ်ချင်းတွေ နဲ့ ဒီရေကန်နား လာ ကစား ရင်း ပိုးထိ လို့ သေသွားတယ်။ အဲဒီ မှာပဲ သူကြီးက ဒေါသတွေ မိုးမွှန်ပြီး အဲဒီ မြေးအဖွား အိမ်ကို ဓါးကြိမ်း သွားကြိမ်း တယ်။ သူတို့ပြုစား လို့ သူ့သားသေရ တယ်ပေါ့။ ဒီနေရာ ကနေ ခုချက်ချင်း မထွက် သွား ရင် မြေးအ ဖွား နှစ်ယောက်လုံး ကို သတ်ပစ်မယ်ပေါ့။ 

သူကြီးက.. သူကြီးက တကယ်တော့ လူယုတ် မာကြီးဗျ။ သူ့ကို တစ်ရွာလုံးက ကြောက်ရတယ်။ သူ့ကို အာခံရင် သစ္စာဖောက် ရင် လုံးဝခွင့် မလွှတ်ဘူး။ သူ့ တပည့်တွေ အား ကိုးပြီး လူမသိ သူမသိ အစဖျောက် ပစ်တတ် တယ်။ သူ့မကောင်းမှုတွေ ကို ကျွန်တော်တို့ သိပေမယ့် မတတ် သာလို့ ငြိမ်နေရတယ်။

မြေး အဖွားနှစ်ယောက်  အဲ့ဒီလို ခြိမ်းခြောက်တဲ့ အပြင် ကောင်မလေး တောထဲဆေးရွက် သွားခူးနေတုန်း သူကြီးက ကောင်မလေး ကို စောင့် ဖမ်းပြီး တောထဲ ဆွဲခေါ်သွားတယ်။ ပြီးတော့ မတရား ကျင့်ဖို့ ကြံ တယ်။ ကောင်မလေး က အတင်းရုန်း ကန်ပြီး သူ့ကို ကုပ်ဖဲ့ ဆွဲကိုက် တာပေါ့။ အဖွားဖြစ်တဲ့ သူက ဒါတွေ ကိုကြိုရိပ်မိနေ လို့ နောက်ကနေ လိုက်လာခဲ့ တယ်။ 


သူဖော်စပ် ထားတဲ့ ဆေးမှုန့် တချို့နဲ့ သူကြီး မျက်နှာကို ပက်ပစ် လိုက်တယ်။ အဲ့ဒါကြောင့် သူကြီး မျက်လုံး တစ်ဖက် ကန်း သွားတာပဲ။ ကောင်မလေး သူကြီး လွတ်က လွတ်သွားပေမယ့် အဲ့ဒီည မှာပဲ သူကြီး နဲ့ သူ့ တပည့်တွေ က မြေးအဖွားနှစ်ယောက်လုံးကို  လာရိုက်နှက်တော့ တယ်။ အရမ်း ရက်စက်တာပဲဗျာ။ 

ကျွန်တော်တောင် အဲ့ဒီနေ့တုန်း က နွားကျောင်းနောက် ကျလို့ အပြန် ဒီရေကန်ကြီးနားက ဖြတ်သွားရင်း အားလုံး ကို မြင်လိုက်ရတာ။ ပြီးတော့ သူတို့ မြေးအဖွား အိမ်ကို မီးနဲ့ တိုက်တယ်။ ကောင်မလေး က မီးလောင် ဒဏ်ရာ ကွက်ကြီးတွေ နဲ့ လွတ်သွားပေမယ့် အဖွားကြီး ကတော့ မပြေးနိုင်တော့လို့ အိမ်ထဲမှာပဲ မီးအလောင် ခံရပြီး သေသွားတယ်။ 

ဒါပေမယ့် မီးထဲက လွတ်လာတဲ့ ကောင်မလေး လည်း သူကြီးက အရှင် မ ထားတော့ဘူး။ အရှင် ထားရင် သူနောက်ကြောင်း မအေး ဖြစ်ရမယ်လေ။ အဲ့ဒါနဲ့ ကောင်မလေး ကို ကြိုးတုပ်ပြီး ဟောဒီ့ရေကန်ကြီး ထဲ အရှင် လတ်လတ် ပစ်ချပြီး သတ် လိုက်တယ်။ အဲ့ကောင်မလေးနာမည် က မသဲစု တဲ့..။ 

တစ်ရွာလုံး ကို ကျတော့ သူကြီးက လိမ် ထားတာပေါ့။ သူတို့ဟာ သူတို့ ဆေးကျို  ရာ ကနေ တဲမီး စွဲပြီး နှစ်ယောက် လုံး မီးထဲပါသွားတယ်လို့ အသိပေးထားတယ်။ သူကြီးပြောစကားတွေကို ရွာကလူတွေ သိပ် မယုံကြပေမယ့်လည်း အစကတည်း က ဒီမြေးအဖွားနဲ့ သိပ် အဆက်အဆံ မရှိခဲ့ကြလို့ ဘယ်သူမှလည်း အရေးတယူ လုပ်ပြီး စပ်စု မနေတော့ဘူး။ 

ဒီအတိုင်းပဲ ပစ်ထားလိုက်ကြတယ်။ အဲ့ဒီက စပြီး အခုလို အဖြစ်ဆိုးတွေ ဆက်တိုက် ကိုဖြစ်ခဲ့တော့တာပဲ ဆရာ..။ သူတို့ များ မကျွတ်မလွတ်ဖြစ်ပြီး တစ်ရွာလုံး ကို အငြိုးကြီးကြီး နဲ့ လိုက်သတ်နေတာလား မသိ ဘူးနော်။ အခုတောင် ရွာကပျက်နေပြီလေ..

ကောင်လေး မှာ ရှည်လျားစွာ ဂဃနဏ ရှင်းပြပြီးမောပန်းကာ သူ့ကိုယ်သူ လည်း မလုံမလဲ ဖြစ်နေဟန် ရှိသည်။ ဦးမင်းထင်ကျော် က ရေကန်ထဲ မှ သူ့ကို လည်ပင်း ထညှစ်သော မိန်းကလေးကို သတိရသွားသည်။ အားလုံး ကို ဆက်စပ်မိပြီး သဘောပေါက် သွားသည်။

ဦးမင်းထင်ကျော်။ ။ ဒီရွာမှာ ဘုန်းကြီးကျောင်းတွေ ဘာတွေ မရှိဘူး လားကွ

ရွာသားကောင်လေး။ ။ ဘယ်ရှိ မလဲဗျာ ဒီလောက် ရွာသေးသေးလေးကို။ ဟိုးဘက် နှစ်ရွာကျော်လောက် မှာတော့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ရှိတယ် ဆရာ။ တော်တော်ဝေးတယ်။ ဘာဖြစ်လို့လဲဟင်..

ဦးမင်းထင်ကျော်။ ။ မကျွတ် မလွတ်သေး တာ တကယ် မှန်ရင် ဘုန်းကြီးတွေ ဘာတွေ ပင့်ပြီး ပရိတ်ရွတ် တရားနာတာ တို့ အမျှဝေပေးတာ တို့ လုပ်ရမယ်လေ...

ရွာသားကောင်လေး။ ။ ကျွန်တော်တို့ အဲ့ဒါတွေ တစ်ခါ မှ မစဉ်းစားဖူးဘူး။ လုပ်ဖို့ လည်း စိတ် မကူးကြပါဘူး။ ကိုယ်နဲ့ မဆိုင်သလို ပဲ ဒီလို ပဲနေခဲ့ကြတာ။ နောက်ပြီး သူကြီးကိုလည်း ဘယ်သူမှ ပြန်မလှန်ရဲကြဘူး...

ဦးမင်းထင်ကျော်။ ။ အင်း.. အဲ့ဒါတွေကြောင့် အခုတော့ ဒုက္ခ များကြပြီ မဟုတ်လား...

ထိုစဉ် မှာပင် ရုတ် တရက် ရွာထဲ ဘက်မှ ကြောက်ခမန်း လိလိ အော်ဟစ် သံများ ကြားရတော့သည်။ အမျိုး သမီး သံ စူးစူး ဝါးဝါးနှင့် အခြား ရုန်းရင်း ဆန်ခတ် လူသံများ ပါ ကြားနေရ သည်။ ဦးမင်းထင်ကျော်တို့ ချက်ချင်း ပင် ရွာထဲသို့ ပြန်ပြေး ကြရသည်။ 


ရွာစွန်နားမှ ပင်လျှင် ည အမှောင်ယံ နောက်ခံတွင် ရဲရဲ ထနေသော မီးတောက်မီးလျှံကြီးများ ကို မြင်နေရ သည်။ ရွာလယ် သို့ သူတို့ရာက်သွားသော အခါ လုံးဝထင်မှ တ်မထား သော မြင်ကွင်းဆိုး ကို မြင်လိုက် သဖြင့် သုံးဦး သား ကြက်သေ သေကုန်ကြ၏။  

သူကြီးအိမ် တစ်အိမ် လုံး မီးစွဲနေပြီဖြစ်သည်။ အနီးအနား မှ စပါးကျီများ၊ ချုံ များနှင့် သစ်ခြောက်ပင် တချို့ ပင် စွဲလောင်နေပြီဖြစ်သည်။ 

အိမ်အတွင်း မှ လူများမှာ ခြံဝိုင်း အပြင်ဘက် အတော်လှမ်းလှမ်း သို့ ရောက်နေကြပြီး မီးကို ဝိုင်းပြီးငြိမ်း သက်ရန် ကြိုးစားနေကြသော်လည်း လူအုပ်နှင့် လောင်သည့် မီးအားမှာ မတန် တဆ ခြားနား လွန်းနေ သည်။ 

ထိုစဉ် ရွာသူကြီး ကို မီးလျှံများ အနီးတွင် တွေ့လိုက်ရသည်။ သူရူး တစ်ယောက်နှယ် အော်ကြီးဟစ်ကျယ် အသံပြုလျက် တစ်စုံတစ်ဦး ကို စကားလှမ်းပြောနေ သကဲ့သို့ရှိသည်။ လက်ထဲတွင် လည်း ရေနံဆီ ပုံကြီးနှင့် မီးတုတ် တစ်ချောင်း ကိုင်လျက်။ သို့ရာ တွင် အမျက်မာန် တဝင်းဝင်းဖြင့် ကြွေးကြော်မြည် ဟဲနေသော မီးတောက်ကြီး များကြောင့် ကောင်းစွာ မကြားရပေ။

ဦးမင်းထင်ကျော်။ ။ ထက်မြက်.. ဟေ့.. ဘာဖြစ်ကြတာလဲ..

ထက်မြက်။ ။ ဆရာ.. ဟာ.. ဆရာရေ.. လုပ်ကြပါဦး.. ဒေါက်တာကေသွယ် အိမ် ထဲမှာ.. ကျွန်တော်တို့ အားလုံး လွတ် လာပြီး သူတစ်ယောက်တည်း ကျန်နေခဲ့တယ် ဆရာ.. ဉာဏ်လင်း.. ဒေါက်တာကေသွယ့် ကို ကယ် ပါဦး.. လုပ်ကြပါဦးဗျာ..

ဉာဏ်လင်းအောင်။ ။ ဟင်.. ဟုတ်လား..။ ဘယ်ကနေ ဘယ်လိုစဖြစ်ကြတာလဲ.. ဒုက္ခပဲ

ထက်မြက်။ ။ သူ.. သူ.. သူကြီးက..

ထက်မြက် ၏ အဖြေမှာ တစ်ဝက် တစ်ပျက်နှင့် ပင် ဆွံ့အ သွားရတော့သည်။ အဘယ်ကြောင့် ဆိုသော် ဦးမင်းထင်ကျော် သည် အပေါ် အင်္ကျီ ကို ချွတ်လိုက် ကာ ရေနှင့် စိမ်ပြီးနောက် မီးဟုန်းဟုန်း ထနေသော ခြံ ဝိုင်းတွင်း သို့ တဟုန် ထိုး ပြေးဝင် သွားခြင်းကြောင့် ဖြစ်သည်။ 


အားလုံးမှာ ဦးမင်းထင်ကျော် ကို ထိတ်လန့် တကြား အော်ခေါ်လျက် ရှိပြီး ပြန်ထွက် လာရန်သာ အမျိုးမျိုး အသံပေး ၍ တောင်းပန်နေကြသည်။ ဉာဏ်လင်းအောင် မှာ ဆရာ့ ကို အနောက်မှ လိုက်ဆွဲရန် ကြိုးစားသေးသော် လည်း အားလုံးက ဝိုင်းတားကြ သဖြင့် အရာမရောက်ခဲ့။ 

သို့သော် ဦးမင်းထင်ကျော် သည် ဒေါက်တာကေသွယ့် ကို မီးထဲ ၌ မရ မက အော်ခေါ် လိုက်ရှာ သည်။ ဒေါက် တာကေသွယ် အိပ်နေခဲ့သောနေရာ သို့ တန်းပြေးသွားသော် လည်း မတွေ့။ အခြားနေရာများ တွင်လည်း မတွေ့ပေ။

 ဒေါက်တာကေသွယ် မီးထဲ ပါသွားပြီလား ဟူသော စိုးရိမ် စိတ်သည် ဦးမင်းထင်ကျော် ကို အသိစိတ် ပျောက် ကွယ်စေ၏။ သူ၏ တပည့်ရင်းနှစ်ဦး ကို ရင်နင့်စွာ ကြေကွဲ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ယခု တဖန် သူ အား ထားရသော ဆရာဝန်ကောင်း တစ်ဦးကို ထပ်မံ အဆုံးရှုံး မခံနိုင်တော့။ 

ထို့ထက် သူတို့ ဆေးကျောင်း အတူ တက်စဉ် ကတည်းက ဂျူနီယာ ညီမငယ်လေး တစ်ဦးလို ကြာရှည်ခင်မင် ရင်းနှီးခဲ့ ရသော ကေသွယ့် ကို သူ ဘယ်နည်းနှင့်မျှ မီးထဲတွင် ပေးမသေရက်ချေ။ မရရအောင် ကယ်မည်ဟု စိတ်ပိုင်းဖြတ် ကာ ထိုဇောဖြင့်ပင် အရှိန်ရနေပြီဖြစ်သော မီးစုန်းများအောက် တွင် ကေသွယ့်ကို အိမ်တွင်း အနှံ့ လိုက်ရှာနေတော့သည်။ 

မည်သို့မျှရှာမရ ဟု သတိဝင် လာချိန်သည် ဦးမင်းထင်ကျော် အဖို့ နောက်ကျသွားပေပြီ။ အိမ်ကြီး မှာ ကြီးမား လှသည့် အလျောက် သစ်သား တိုင်လုံးကြီး များနှင့် ထုပ်တန်း အသီးသီးမှာ လည်း အလွန်လေးလံကာ အိကျပြိုဆင်း လာခဲ့ပေပြီ။ ဦးမင်းထင်ကျော် သည် အရှင် လတ်လတ် မီးသဂြိုလ် ခံလိုက် ရလေတော့သည်။

ရွာသူကြီးမှာ အမှန် တကယ်ပင် သွက်သွက် ခါအောင် ရူးသွပ် သွားပြီဖြစ်သည်။ စင်စစ် သူ၏ အမြင်အာရုံ ထဲတွင် သူ့ဇနီး သည် မှာ ရုတ်တရက် မသဲစု အသွင် သို့ ပြောင်းလဲ သွားခဲ့ပြီး သူအိပ်နေစဉ် သူ့ကို တက်ခွကာ လည်ပင်း ထညှစ် ခဲ့သည်။ 


သူသည် အစဉ် အားဖြင့် ကြောက်လန့်တတ်သူ မဟုတ်သော် လည်း သူ့မိုက်ပြစ် များ၊ သူ့မကောင်းမှု များကြောင့် သူ့ကြမ္မာ ဆိုး သူဖန် သွားခြင်းသာဖြစ်မည်ဟုဆိုက ဆိုနိုင်သည်။ အဘယ် ကြောင့်ဆိုသော် သူ၏ တစ်ဖက်တည်းသော မျက်လုံး တွင် တစ္ဆေခြောက်လှန့်နေသော  တောကြီးမျက်မည်း ထဲ၌ သူရောက် ရှိနေ သည်ဟု မြင်နေခဲ့သည်။ 

ထိုစဉ် ရေကန်ထဲ သို့ သူပစ်ချ သတ်ခဲ့သော မသဲစု မှာ သူ့အား အတင်း ပြန်ကလဲ့စားချေ သတ်ဖြတ်ရန် ကြိုးစား ၏။ မသဲစု၏ အနောက်၌ အဖွားဖြစ်သူ က ရပ်လျက် သူ့ကို မုန်းတီး စက်ဆုပ်လှသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ဆေးမှုန့်၊ ဆေးမြစ် များဖြင့် အဆိပ်ခတ် သတ်ပစ်ရန် ကြိုးစားသည်။ 

တဖြည်းဖြည်း သူ့အနား သို့ ကပ်လာ ကြသဖြင့် ရွံရှာဖွယ် ကောင်းလှသော ၄င်းတို့ ၏ အညိုအမည်း စွဲနေသည့် မျက်နှာများ၊ လောက်တက်နေ သည့် ပုပ်ပွပွ ရှုံ့တွတွ အနာ ကွက်ကြီးများ၊ မြင်မကောင်းသော မီးလောင် ဒဏ်ရာများ၊ အလုံးလိုက် ကျွတ်ထွက်နေပြီဖြစ်သော နီဆွေးဆွေး မျက်လုံးရွဲကြီးများကို သူကြီးမှာ အတိုင်းသား မြင်နေရလေသည်။ 

ထို့ အတွက် အလွန် အမင်း စိတ်ခြောက်ခြား ကာ အသိစိတ် ကင်းလွတ် သွားပြီး မသဲစု တဖြစ်လဲ သူ၏ဇ နီး သည်ကို ကိုယ်တိုင် ဓါးနှင့် ခုတ်သတ် ခဲ့ခြင်းဖြစ်သည်။ 

 နှုတ် မှ လည်း အယုတ္တ အနတ္တ များဖြင့် ဆဲရေး တိုင်းထွာ ကျိန်ဆဲ ကာ မသေသေအောင် သတ်မည်ဟု ကြုံးဝါး လိုက်၊ သူ့ကိုမခြောက်လှန့်ပါရန် တောင်းပန်လိုက်၊ ဤရွာမှ အပြီးထွက်သွားပါရန် အမိန့်ပေးလိုက်ဖြင့် သူ၏ ဇနီးသည်ကို ဓါးဖြင့် ခုတ်ထစ်နေခဲ့ခြင်း ဖြစ်သည်။ 

သို့သော် အသိစိတ် ပြန်ကပ် လာမိသော တစ်ခဏ ၌ တစ်ဖက်လပ် သူ့မျက်လုံး ထဲတွင် သူသိပ် ချစ်ရသော ဇနီးသည် ကို ပြန်မြင်ယောင် မိသည့်အခါ သူကြီးမှာ ယူကျုံးမရ ပူဆွေးသောက ကြီးစွာဖြစ်ကာ မြင်မြင်သမျှ မသဲစုနှင့် အဖွားအိုသာ ဖြစ်နေခဲ့သည်။ 

ထို့အတွက် ဒုတိယ အကြိမ် ၄င်းတို့ကို မသေသေအောင် မီးရှို့သတ်မည် ဟု ဆိုကာ ရေနံဆီလောင်းလျက် သူ့အိမ် ကို သူ မီးမြှိုက်ခဲ့ခြင်းဖြစ်သည်။ 

သူ့အမြင် တွင်တော့ သေဆုံးသူ မြေးအဖွား တို့သာ ဖြစ်နေခဲ့တော့သည်။ နောက်ဆုံး သူကိုယ်တိုင် မီးစွဲလောင် ကာ မရှု  မလှ ဇာတ်သိမ်း သွားခဲ့ ရပေတော့သည်။


ဒေါက်တာကေသွယ်။ ။ တင်ပါ့.. တပည့်တော်မ ဒီ ခရီးစဉ် အတွက် အားလုံး စီစဉ်ပြီး ပါပြီဘုရား။ ဟိုမှာလည်း အနီးဆုံး ရွာက လူတွေ ကို ကြိုတင် အကြောင်းကြားထားပြီးသားပါ။ ဦးဇင်းလေးနဲ့ လိုက်ပါဖို့ အတွက် ကိုလည်း တပည့်တော်မ ရဲ့ ကျောင်းသား တချို့ကို  အကူအညီ တောင်းထားပြီးပါပြီ။ နောက်ပြီး အလှူ စားရိတ် နဲ့ ဝေယျာ ဝစ္စ ကုန်ကျ စားရိတ်ကို လည်း တပည့်တော်မပဲ လှူဒါန်း ပါရစေဘုရား...

ရှင်တေဇ။ ။ အင်း.. သာဓုပါဗျာ သာဓု သာဓု။ ဒကာမကြီးကိုလည်း လိုက်စေချင်ပေမယ့် ဒကာမကြီးက အခု ဆေးရုံမှာ ဌာနအုပ် တစ်ယောက် ဖြစ်နေပြီ မဟုတ်လား။

ဒေါက်တာကေသွယ်။ ။ တင်ပါ့ဘုရား

ရှင်တေဇ။ ။ ဆေးရုံမှာ ဒကာမကြီး တစ်ပတ်လောက် မရှိရင် အားလုံး ကမောက်ကမ ဖြစ်ကုန် မှာပေါ့။ ဒါတွေ ဦးဇင်းနား လည်ပါတယ်။ ဦးဇင်း တို့လည်း ဒီဘဝတွေ ကို ဖြတ်သန်း ခဲ့ဖူးတာပဲလေ။ ပြီးတော့ ဒကာမကြီး မလိုက် တာ ကပဲ ပိုကောင်းပါလိမ့်မယ်။ အဟောင်းတွေ အသစ်ဖြစ်ပြီး ဒကာမကြီး စိတ်ဒဏ်ရာတွေ ထပ်ရနေ မှာစိုးလို့ပါ...

ဒေါက်တာကေသွယ်။ ။ တင်ပါ့ဘုရား။ တပည့်တော် မလည်း အဲ့ဒီနေ့ ကျရင် အိမ်မှာ ဘုန်းကြီးငါးပါးပင့်ဖိတ်ပြီး မနက် အရုဏ်ဆွမ်း ကပ်မှာပါ။ ဒီကနေပဲ အားလုံးအတွက် စိတ်မှန်းနဲ့ ရေစက်ချ  အမျှ  အတန်းဝေပါ့မယ် ဘုရား။ ဦးဇင်းလေး သာ အစစအရာရာ ဂရုတစိုက် နဲ့ သွားပါဘုရား...

ရှင်တေဇ။ ။ ကောင်းပါပြီ ဒကာမကြီး။ ဒကာလေးတွေ လည်း ပါကြမှာပဲဟာ။ စိတ်မပူ ပါနဲ့

ဒေါက်တာကေသွယ် သည် လမ်းမတော် ရှိ ရှင်တေဇ သီတင်း သုံးသော ဘုန်းကြီးကျောင်း မှနေ၍ ဆေးရုံကြီး ဆီသို့ ဗိုလ် ချုပ်အောင်ဆန်း လမ်းမကြီး အတိုင်း လမ်းလျှောက်ပြန်လာ ခဲ့သည်။ 


လမ်းတွင် တွေးငေးတုံ့နှေးစွာဖြင့် စဉ်းစားရင်း လျှောက်လာခဲ့သည်။ တစ်နှစ် တင်းတင်း စေ့လုပြီဖြစ်သော် လည်း အတိတ် မှ ပုံရိပ် ကွက် တို့သည် ရုပ်ရှင် ပိတ်ကား တစ် ခုနှယ် ထင်ထင် ရှားရှား ကွင်းကွင်း ကွက်ကွက်။

 ပျော်ရွှင် ဖွယ်ရာ ဟု ထင်မှတ် ထားခဲ့မိသော ခရီးစဉ် တစ်ခု၊ ပဟေဠိ ဆန်ဆန် ရောဂါဆန်း တစ်ရပ်..၊  သွေး ပျက် ခြောက်ခြား ဖွယ် ကောင်းလှသည့် ဆင်တောင် စုရွာ..၊ ထိုရွာ ၏ အနှောင့် ပရောကများ..၊ အမှောင် တိုက်များ..၊ ကြမ္မာဆိုးငင်ခဲ့သည့် အဖြစ်အပျက်များ..၊ လူသေအလောင်းများ..၊ တစ္ဆေ ည ၏ မီးတောက် မီးလျှံများ...၊ နောက်ကျ စွာ မိုးသည်းနေခဲ့သော အရုဏ်တက် တစ်ခု၏ ပုံရိပ်များ....။

 ဒေါက်တာကေသွယ် သည် တစ်သက်မေ့ မရတော့မည့် ရဲရင့်၊ ရွှေအိုရောင်နှင့် သူ ထာဝရလေးစား ချစ်ခင်ခဲ့ရသော ဒေါက်တာ ဦးမင်းထင်ကျော် တို့၏ မျက်နှာ များကို အသီးသီး မြင်ယောင်လာမိသည်။

ထိုညက သူကြီး လင်မယား ၏ ရုန်းရင်း ဆန်ခတ် သံများကြောင့် ဒေါက်တာကေသွယ် နိုး လာခဲ့သည်။ ရွှေ အိုရောင် ၏ အ ဖြစ်ဆိုးကို ကိုယ်တိုင် မြင်တွေ့ ခဲ့ရသဖြင့် နှစ်ခြိုက်စွာ အိပ်မပျော်ဖြစ်နေရာ မှ ထိုကြောက် မယ်ဖွယ် အသံ များကြောင့် ထိတ်လန့်ကာ အနီးစပ်ဆုံး နောက်ဖေး တံခါးမှနေ၍ ခြံနောက်ဘက် သို့ ပြေး ထွက် ခဲ့မိသည်။ 


မကြာမီ မှာပင် သူကြီးနှင့် သူကြီးကတော် တို့ သူဆင်း လာခဲ့သော အိမ်နောက် တံခါး မှ ဆူညံလျက် ထွက် လာကြသည် ကိုတွေ့သဖြင့် အနောက်ဘက်တော အစပ်ရှိ ချုံကွယ်တစ်ခု တွင်း ပုန်းနေခဲ့သည်။ သူကြီး ကတော် မှာ သွေး အလိမ်းလိမ်းဖြင့် ငိုယိုတောင်းပန် လျက် အော်ဟစ် အကူ အညီတောင်းနေသည်။ 

သူကြီးမှာ လူစိတ် ပျောက်နေပြီ ထင်၏။ ဇနီးသည်ဖြစ်သူ ကို အရှင် လတ်လတ် ဓါးဖြင့် ခုတ်သတ်နေသည်။ မသေ မချင်း အသံတိတ် မသွားမချင်း ရက်ရက် စက်စက် သတ်ဖြတ်နေသည်။ မြင်ကွင်းမှာ မိမိ မျက်လုံးကိုပင် မိမိ မယုံရဲလောက်အောင်ဖြစ်သည်။ 

အခြေအနေ အားလုံးမှာ လည်း မြန်ဆန် လွန်းလှသည်။ ဇနီးသည် ၏ အလောင်းကို ခွကျော်သွား လျက် ရေနံ ဆီပုံး များ ယူထုတ် လာသော ရွာသူကြီး ကို နောက်ဆုံး အကြိမ်ဖြင့် ကြောက်ရွံ့ တကြီးမြင်တွေ့လိုက် ရပြီးနောက် ဆူညံနေသော အသံဗလံ များကြားတွင် ဒေါက်တာကေသွယ် သတိလစ် သွားခဲ့တော့သည်။

ခန္ဓာကိုယ် တစ်ခုလုံး ကိုင်ရိုက် ထား သလိုနာကျင်နေပြီး တစ်ကိုယ်လုံး ချမ်းစိမ့် တုန်ယင်နေသည့် အသိကြောင့် ဒေါက်တာကေသွယ် သတိပြန် ရ လာခဲ့သည်။ ပတ်ဝန်းကျင်သည် အလုံးစုံ တိတ်ဆိတ်ငြိမ် သက်နေပြီး မိုးက မချိအောင်သည်းနေခဲ့၏။


 မိမိကိုယ် မိမိ ချုံထဲ မှာပင် ရှိနေသေးသည် ဆိုသော အသိကြောင့် ဖျက်ခနဲ မတ်တပ် ထရပ်လိုက်ပြီး ညက အဖြစ် အပျက်များ ကို အကုန်ပြန် မှတ်မိသွားသည်။ ပြာပုံ အတိကျ လုပြီဖြစ်သော အိမ်ကြီး ၏ သစ်သား အပိုင်းအစ များမှာ ဝန်းကျင်တွင် မည်းပြာ ထနေသည်။ ထိုနေရာမှ ထိတ်လန့် မှင်သက်စွာ တလှမ်းချင်း ထွက်လာခဲ့မိသည်။ 

ရွာပျက် ခဲ့လေပြီ။ ထို့အတူ သူတို့ ၏မျှော်လင့်ချက် များ အသက် အိုးအိမ်များ လည်း ပျက်စီး ခဲ့ပြီ။ မိမိ ဘယ် အရပ် သို့ဦး တည်ပြီး အဘယ်သို့သွားနေသည် ကိုပင် မသိတော့။ အသိဉာဏ်ကင်းမဲ့ သူလို ခံစားရပြီး မြင်မြင် သမျှ  သည် မိုးရေ များဖြင့် ထုံကျင်ခါးသက်နေသည်။ ဝေဝါးခြောက်လှန့်လို့နေသည်။ 

ထိုအချိန် မှာပင် ငိုသံလိုလို ကြားလိုက်ရပြီး ခပ်လှမ်းလှမ်းမှ သူ့အမည်ကို အော်ခေါ်နေသံလည်း ကြားရ သည်။ လှမ်းကြည့်လိုက်သော အခါ ဇရပ်တစ်ခု ထဲတွင် မိုးခိုနေကြသော ထက်မြက် တို့ဖြစ်သည်။ သူတို့ သက်ရှိ ထင် ရှား ရှိနေသေးသည် ကို သိရသဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျ လာပြီး ထိုနေရာတွင်ပင် ထပ်မံခွေလဲ ကျသွားပြန်တော့သည်။

ယနေ့ ညနေ ဆင်းရုံ မှ ဒေါက်တာကေသွယ် အချိန် စော၍ ပြန်လာ ခဲ့သည်။ နေလို့ ထိုင် လို့ မကောင်း ချင် သလိုဖြစ်သည်။ စိတ်ထဲ တွင် အဆင်မပြေဘဲ တစ်နေ့လုံး လည်း အလုပ် ထဲတွင် အာရုံ မကပ်နိုင်။


 ပြင်ပ လူနာဆောင်ဌာန၏ ဝရန်တာမှနေ၍ ခပ်ဝေး ဝေးဆီသို့ အဓိပ္ပါယ်မဲ့ ထွက်ထွက်ကြည့်နေမိသည် မှာလည်း အကြိမ်ကြိမ်ဖြစ်သည်။ ထို့ကြောင့်လည်း ဆေးရုံအုပ်ကို အကြောင်းကြား၍ စောစော ပြန် လာခဲ့သည်။ 

ကားကို ခပ်ဖြည်းဖြည်း မောင်းထွက် ခဲ့ ၍ မြို့စွန်ဘက် သို့ ဦးတည် လာခဲ့သည်။ ကားရှင်း သော လမ်း မကြီးပေါ်သို့ ရောက်တော့ မှ သက်ပြင်း အခါခါ ချမိ၍ ကားကို ရပ်ကာ လမ်းဘေး အုတ်ခုံ တစ်နေရာ တွင် ခေတ္တ ထိုင်နေမိသည်။ နောက်နှစ် ရက် ဆိုလျှင် ထိုရွာ ကလေးမှ သူတို့ လွတ်မြောက် ထွက်ခွါ လာခဲ့ သည်မှာ တစ်နှစ်တိတိ ပြည့်လေပြီ။

 သွေးပျက်ဖွယ် အဖြစ် အပျက် များမှ ဝေးလာ ခဲ့သည် မှာလည်း တစ်နှစ်ပြည့် ခဲ့ပြီ။ ရဲရင့်၊ ရွှေအိုရောင်နှင့် ဦးမင်းထင်ကျော်တို့၏ အသုဘ နှစ်ပတ်လည်နေ့ လည်းဖြစ်သည်။ ထို့ပြင် ရှင်တေဇ (ဝါ) မောင်ထက်မြက် သာသနာ့ဘောင်တွင်း သို့ ဝင်ရောက်ခဲ့သည်မှာလည်း တစ်ဝါပြည့်ခဲ့ပြီဖြစ်သည်။ 

ထို့ကြောင့် အဲ့သည့်နေ့တွင် ရှင်တေဇ ဦးစီး ဦးဆောင်ပြုပြီး ထိုဒေသ၊ ထိုရွာလေးသို့ သွားရောက်အလှူပြုကာ သာဓု အနုမောဒနာခေါ်ကြမည်၊ မကျွတ်မလွတ်သေးသူ အားလုံးအတွက် အမျှအတန်း ပေးဝေကြ မည်ဖြစ် သည်။ 

ထို့ထက်.. ထို့ထက်ပေါ့.... ရွာသာကြီး စိတ်ရောဂါ ကု ဆေးရုံတွင် တစ်နှစ် တိတိ တက်ရောက် ကုသခြင်း ခံနေရရှာ သည့် ဉာဏ်လင်းအောင် ကိုလည်း ဒေါက်တာကေသွယ် သွားကြည့်ရှု ရဦးမည်ဖြစ်သည်။ ထို တစ်နှစ် တစ်နှစ်ပေါင်း များစွာ တို့သည် လည်း ရှေ့ဆက်ပြီး မည်သည့် အချိန်တွင်မှ ကုန်ဆုံးသွားနိုင်တော့ မည် မသိပါချေ။

အတွေးနယ် လွန်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။ မိုးချိန်းသံကြားလိုက်မှပင် ဒေါက်တာကေသွယ် သတိပြန်ဝင်လာတော့သည်။ 


ဟိုးခပ်ဝေးဝေး ဆီမှ တရိပ်ရိပ် တက်လာနေသော ဆည်းဆာရောင် တိမ်လိပ် များသည် တစစ မည်းမှောင် လာပြီး မကြာမီ မိုး အဖြစ် ရွာသွန်းချပေတော့မည်။ 

ကားဆီသို့ ပြန်လျှောက်လာခဲ့သော ဒေါက်တာကေသွယ်၏ ခြေလှမ်းတိုင်းတွင် မျက်ရည် အစက်စက် ကပ်ပါ လာခဲ့ပြီး နောင်တ,တရား များသည်လည်း ရင်နှင့်အမျှ..။ 

အခါလွန်မိုး တို့သည်သာ ခပ်စောစော ရွာတတ် ခဲ့ပါလျှင် တခါတရံ ပရိဝေဒ တည်း ဟူသော မီးလျှံ များကို ရာနှုန်းပြည့် ကြိုတင်ငြိမ်းသက်နိုင်ကောင်း ငြိမ်းသက်နိုင်ကြ ပါလိမ့်မည်။ ။

 


ဖိုးသူတော်
Credit: Craton +Jily 


Myanmar Forward
 http://mmforward.blogspot.com/2014/04/blog-post_25.html

No comments:

Post a Comment