Monday, January 26, 2015

ပြည့်တန်ဆာ တစ်ယောက်လဲ ချစ်တတ်တယ် မောင်




‪ ခေါင်းပုံ အထပ်ထပ်ဖြတ်ခံ ပြီးမှ ရလာတဲ့ 
 ရှိစု မဲ့စု ပိုက်ဆံနဲ့ မောင် ပူဆာတဲ့ 
ဟန်းဖုန်း ဝယ်ပေးဖို့ 
ကျမ လက်မတွန့်ခဲ့ ဖူးဘူးမောင် 


အရက် မူးလာတိုင်းတော့ 
ကျမ ကို"အပျက်မ"လို့မဆဲ ပါနဲ့ 
စားဝတ်နေရေး သက်သက် အတွက် 
မိသားစု ကို ဖာခံကျွေးနေပေမဲ့ 
ကျမက အင်မတန် ယဉ်ကျေးချင်သူပါ မောင် 
ဒါဟာ သိပ်ရယ်စရာကောင်းတဲ့ ပျက်လုံးလို့
 မောင်တို့ လူ့ အဖွဲ့စည်းကြီးက 
ဟားတိုက်ချင် တိုက်လိမ့်မယ် 


 "အချစ်နဲ့ လိင်ဆက်ဆံရေး ကို" 
ကျမ တို့လို တိတိ ကျကျ 
ခွဲခြား နားလည်နိုင်လောက်အောင်တော့ 
 မယဉ်ကျေး ကြကြောင်း ဝန်ခံပါမောင်... 


ခပ်ရွတ်ရွတ်ပြောတယ်ပြောပြော 
ကျမတို့က လူမျိုးရေး မခွဲခြားဘူးမောင် 
ဘာသာရေး မခွဲခြားဘူးမောင် 

 
အိပ်ခန်းထဲရောက်ရင် 
အားလုံး ဟာ ဖောက်သည်တွေ အဖြစ်
 သွေးချင်း နီးရပါတယ် 
ကျမတို့လောက်
 မောင်တို့ မယဉ်ကျေးကြောင်း 
ထပ်ဝန်ခံပါမောင် 


လူ့ဂုဏ်သိက္ခာကို 
အပေါ်ယံလူနေမှု အဆင့် အတန်း အလိုက် 
ခွဲခြား ဆက်ဆံမှု တံတိုင်းတွေ နဲ့ 
အထပ်ထပ် ကာရံထားကြပေမဲ့ 
ကျမတို့ အိပ်ခန်း ထဲက 
အဆီ တဝင်းဝင်း ရာဂပြင်းပြင်း 
လူကြီး လူကောင်းတွေ မျက်နှာတွေ ကို 
သိပ်မြင်စေချင်တာပဲမောင် 


သူတို့ ဂုဏ်သိက္ခာ ဆိုတာ 
ကျမတို့ စအိုဝ ကိုတောင် တံတွေးစွတ် 
မဖွယ် မရာ လုပ်ချင်ကြသေးတာမောင် 
ကျမ သိပ်ရိုင်းသွားသလား "


ဟုတ်တယ်မောင် 
 အမှန်တရားတွေ က 
အဲ့သလို ခပ်ရိုင်းရိုင်းတွေ များတယ်" 


ဒီစနစ် ဒီခေတ် ဒီလူတွေနဲ့ 
ဒီ ယဉ်ကျေးမှုတွေ ကြားထဲမှာ 
ကျမလို မိန်းမ အတွက်
 မျှော်လင့်ချက် များများ မရှိဘူးမောင် 


စားဝတ်နေရေးအတွက် 
ပိုက်ဆံနည်းနည်း ရယ်
 မောင့်မေတ္တာနဲ့ စာနာမှုနည်းနည်း ရယ် 
အရည်အသွေးကောင်းတဲ့  
ကွန်ဒုံးတွေရယ် ပဲ လိုပါတယ် 


အဖမ်း အဆီးကြမ်းတဲ့ ကာလတွေ မှာတော့ 
ပိုက်ဆံတွေ ခဏခဏ 
မတောင်းပါနဲ့လားမောင်ရယ်
 မောင်မျက်နှာ မကောင်းရင် 
ကျမ သိပ်စိတ်ညစ် တာပဲ 


တရားဝင် မဟုတ်တဲ့ ကျမတို့ စီးပွားရေးမှာ 
စိန်ခေါ်မှုတွေသိပ်များတယ်
  ခေါင်းကြေးနဲ့ ရဲကြေးနှုတ်ရင် 
မိတ်ကပ် ဖိုးတောင် မကျန်ဘူးမောင်


 ပြည့်တန်ဆာဆိုတာ
 ပျော်လို့ လုပ်တယ်ပြောကြ သူတွေ 
ကျမတို့နေရာ တစ်လလောက်သာ
 နေကြည့်စမ်းစေချင်တယ်မောင် 


အဟာရ ဆာလောင် မွတ်သိပ်မှု 
သက်သက်ကိုပဲ
 ဖြေရှင်းနေရတာ မဟုတ်တဲ့ 
ဘဝမှာ အရင်းကြီးကြီး ရယ်လို့ 
 ခန္ဓာကိုယ် တစ်ခုသာ ရှိတော့လဲ ပြတ်ပြတ် သားသား 
ချခင်း ရတော့တာပေါ့မောင် 


လိုအပ်ချက်တွေများသလောက်
 ရွေးချယ်စရာ အခွင့်အလမ်းတွေ 
နည်းပါးလွန်းလှ ပါလားရယ် လို့မှ 
 နားမလည်နိုင်အောင် နုံအတဲ့ သူတို့ကို 
ကျမအများကြီး
ရှင်းမပြချင်တော့ဘူးမောင်
 မောတယ်.... 


ဒီလိုလူတွေဆီကတော့ 
လူသားချင်းစာနာထောက်ထားမှု 
အကာကွယ်တွေ 
မမျှော်လင့်ရဲပါဘူးမောင်
 မောင်အနိုင်မကျင့်ရင်နေပျော်ပြီ 

သစ္စာမလိုဘူးမောင် 
ချစ်ပေးနေရုံနဲ့ ကျေနပ်ပြီ
 မေတ္တာကိုနားမလည်ရင်နေပါစေ


 ပြည့်တန်ဆာတစ်ယောက်လည်း 
ချစ်တတ်ပါတယ်လို့ မောင့်ကိုပဲ 
အခါခါရှင်းမပြရတောင် 
လူဖြစ်ကျိုး နပ်ပြီမောင် 



Naung Naung Naing
 credit to Vi Ra
From... လူဗိုလ်ဟူသည်
 

4 comments:

  1. အရမ်း​ကောင်းတဲ့စာသား​လေးပါ

    ReplyDelete
  2. အရမ်း​ကောင်းတဲ့စာသား​လေးပါ

    ReplyDelete
  3. တန်ဖိုးထားအပ်သော ဘဝသရုပ်ပေါ် အတွေးအခေါ်ပါ။လေးစားပါတယ်။

    ReplyDelete