Wednesday, January 28, 2015

အဆင့်မြင့် အိမ်ရာဈေးကွက် ဆပ်ပြာပူဖောင်းပေါက် ကွန်ဒိုဈေးများ ၂၅ ရာခိုင်နှုန်းကျ

ရန်ကုန်မြို့တွင်း ဆောက်လုပ်နေသော အဆင့်မြင့် အိမ်ယာ ဈေးကွက်မှ ကွန်ဒို အခန်း ဈေးများသည် ၂၀၁၅ နှစ်ဆန်း မှစပြီး ၂၅ ရာခိုင်နှုန်း အထိ ဈေး ကျဆင်းသွားကြောင်းနှင့် အိမ်ရာမြေ ဈေးကွက် ဆပ်ပြာ ပူဖောင်း စတင် ပေါက်ကွဲနေပြီ ဟု ဆောက်လုပ်ရေး အသိုင်း အ၀ိုင်း က သုံးသပ်ချက်များ အရ သိရသည်။

ယင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ မှ အိမ်ရာမြေ လုပ်ငန်း ရင်းနှီးမြုပ်နှံ သူ တစ်ဦး ကလည်း “မြန်မာနိုင်ငံ မှာ မြေဈေးတွေ မိုးထိုးနေတယ်။ အထူး သဖြင့် ရန်ကုန်နဲ့  မန္တလေးက မြေဈေးတွေ က တိုကျို   နဲ့ နယူးယောက် ထက် များနေတယ်။ 

 ဒါ သက်သက်မဲ့ ဈေးဝင် ကစားသူတွေကြောင့် ဖြစ်တယ်။ ကျွန်တော် ဆိုရင် ရန်ကုန် မှာ မြေနေရာ တစ်ခုကို ရင်းနှီးမြုပ်နှံ ဖို့ တင်ဒါ ၀င်ပြိုင်တယ်။ ကျွန်တော်တို့ က MIC က သတ်မှတ်တဲ့ နှုန်းထား နဲ့ ၀င်ပြိုင် တာပဲ။ 

ဒါပေမဲ့  ရသွားတဲ့ ပြည်တွင်း လုပ်ငန်းရှင် တစ်ယောက် က မဖြစ်နိုင်တဲ့ ဈေးဖြစ် တဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၄သန်း မြေငှားခပေးပြီး ရသွားတယ်”ဟု Tomorrowသို့ သူ၏ အတွေ့အကြုံ ကို ပြောပြ သည်။



ရန်ကုန် အင်းယားလမ်း တွင် မြေဈေး မှာ တစ်စတုရန်းပေ လျှင် ကျပ် ငါးသိန်း ကျော်နေပြီး မန္တလေး သိပံ္ပလမ်း ရှိ အိမ် တစ်လုံး ရောင်းဈေးမှာ လည်း ကျပ်သိန်းလေးသောင်း (အမေရိကန် ဒေါ်လာ ၄သန်း) ဖြစ်နေသည်ကို အဆို ပါ ဂျပန် လုပ်ငန်းရှင်က ထောက်ပြသည်။ 

ထို့အပြင် ကွန်ဒို ၀ယ်ယူသူ တို့သည် အခန်း သာ ပိုင်ပြီး မြေ မှာ အစိုးရထံ မှ နှစ်ရှည် ငှားရမ်း ထားသည့် အတွက် မြေကို ၀ယ်သူ က မပိုင်ခြင်းမှာ လည်း အနာဂတ် ကာလ ကို တွက်တတ်သော ရင်းနှီးမြုပ်နှံသူ များ ထည့်သွင်း စဉ်းစား သည့် အချက်တစ်ခု ဖြစ်လာသည်။

“အခုကွန်ဒိုတွေ ဘယ်နှစ်ခန်း ပဲ ကျန်တော့တယ် လို့ ကြေညာတာတွေ အလိမ် အညာတွေ၊ တစ်ချို့ဆိုရင် တစ်ခန်း မှ ရောင်း မထွက်ဘူး။ ကွန်ဒိုတွေ ရဲ့ ဈေးနှုန်း က သိန်းလေးထောင်  ကနေ သိန်း တစ်သောင်း အထက် ရှိနေတယ်။ ဒီငွေ နဲ့ နယူးယောက် လို နေရာ မှာ လုံးချင်း အိမ်တောင် ၀ယ်နိုင်တယ်။ 

ပြီးတော့ မြန်မာနိုင်ငံ မှာ ဒီလို အဆင့်မြင့် ကွန်ဒိုတွေ ၀ယ်နိုင် တာက လက်တစ်ဆုပ်စာ လူတစ်စုပဲ ရှိတယ် ။ မြန်မာ့ အိမ်ယာမြေ ဈေးကွက် ကို လာပြီး ဈေးကစားနေတာ က တရုတ်တွေပဲ။ အခုနိုင်ငံရေး အခြေ အနေနဲ့ တရုတ် ဆန့်ကျင်ရေး အယူဝါဒတွေ မြန်မာနိုင်ငံမှာ ခေါင်းထောင် လာတော့ တစ်ချို့က ပြန်သွားကြတယ်။ 

တစ်ချို့က အခြေအနေ စောင့်ကြည့်နေကြတယ်။ ဒါကြောင့် အိမ်ယာဈေးတွေ ထိုးကျ လာတာ” ဟု မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယင်းမှ ဆက်လက်ပြောကြား ရာတွင် “အခုဆောက်နေ တဲ့ ကွန်ဒိုတွေ တစ်လုံးချင်း သုံးမဲ့ လျှပ်စစ် မီးက ဓါတ်အားခွဲ ရုံ တစ်ရုံ စာလောက်စီ ရှိနေတယ်။ အဲဒီ လျှပ်စစ် ကို ဘယ်လို သွယ်တန်းမှာလဲ၊ အစိုးရ ကရော ပေးနိုင် မှာလား။ မီးပျက်ရင် ဒီလောက်ကြီး တဲ့ ကွန်ဒို အတွက် မီးစက် က ဘယ်နေရာ မှာ ထားမှာလဲ။ 

အဆင့်မြင့် ကွန်ဒို ဆို ကတည်းက အခန်းတိုင်း မှာ လေအေးပေးစက် သုံးလုံး အထက်ပါမယ်။ လျှပ်စစ်မီးဖို၊ အ၀တ်လျှော်စက်၊ ကွန်ပျူတာ၊ တီဗီတွေ သုံးမယ်။ ဓာတ်လှေကားတွေ အများကြီး ပါလာမယ်။ မြန်မာနိုင်ငံ ရဲ့ လျှပ်စစ် ဓာတ်အားဖြန့်ဝေမှု အခြေအနေ က ဒီလောက် လုံလောက်ပြီလား ဆိုတာ စဉ်းစားရမယ်။

 နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ကတော့ နှစ် ၅၀ ‘၁၀’ ၁၀ နဲ့ နှစ် ၇၀ ပဲ ရတာ။ နှစ် ၇၀ ပြည့် ရင် ပြန်အပ်ရမယ် ဆိုတာ ပြည်သူတွေ သဘောပေါက် လာကြပြီ”ဟုဆိုသည်။

စီးပွားရေး ပညာရှင် တစ်ဦးက မူ “အစိုးရ က မြေတွေ ကို ပုဂ္ဂလိက ပိုင်ပြုရေး ဆိုပြီး လက်သင့်ရာ ရောင်း တယ်။ ၀ယ်ခွင့် ရသူတွေက အစိုးရ ကို ငွေနည်းနည်း ပဲ သွင်းပြီး ဂရံထုတ်၊ အဲဒီ ဂရံ ကို ဘဏ်မှာပေါင်၊ ပြီး တာနဲ့ ဘာမှ မလုပ် တတ်တော့ အဆင့်မြင့် ကွန်ဒို ဆိုပြီး ဆောက်ကြတယ်။ 

ရပ်ကွက် ထဲက မုန့်ဟင်းခါး ဆိုင်တွေလို ပါပဲ။ ခပ်ညံ့ညံ့ အစိုးရ နဲ့ တစ်နပ်စား စီးပွားရေး သမားတွေ ပေါင်း မိကြ တာပေါ့။ တစ်ချို့ စီးပွားရေး သမားလေးတွေ ဆိုရင် နို့နံ့တောင် မစင်သေးဘူး။ ဒါပေမဲ့ သူတို့ ရထားတဲ့ လုပ်ငန်းတွေ မြေတွေ ကြောက်ခမန်း လိလိပဲ။ သူတို့ မှာ ဘာအတွေး အခေါ် ဘာအတွေ့အကြုံမှ မရှိသေးတော့ ပြန်ရောင်းစားကြတာပဲ။ 

ဘယ်လောက်တောင် ရှက်ဖို့ကောင်း သလဲ ဆိုရင် ဒီနေ့ သူတို့ လုပ်ပိုင်ခွင့်ရတယ်။ နောက်နေ့ လိုက်ရောင်းနေ ပြီ။ ဒီတော့ ပေါချောင်ကောင်း ကွန်ဒိုတွေ ဆောက်ရင်း ဈေးကွက် ပျက်တော့တာပဲ။ တကယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ က မြန်မာ နိုင်ငံ ရဲ့ မိုးထိအောင် တက်နေတဲ့ ဆပ်ပြာ ပူဖောင်း မြေဈေး ကွက်ကို စိတ်တောင် မ၀င်စားဘူး။ 

စိတ်ဝင်စား တာက တရုတ်၊ ထိုင်း၊ ထိုင်ဝမ် နဲ့ ဟောင်ကောင် က တရုတ်တွေ။ ကြာရင် မြန်မာနိုင်ငံ ရဲ့ မြေတွေ က အဲဒီ တရုတ်တွေ လက်ထဲပဲ ရောက်သွားကြတော့ မှာ။ အခုလဲ ရောက်နေ ပါပြီ” ဟု ပြောပြ ခဲ့သည်။


 Submitted by Zay Thu
 Tomorrow Journal
From... http://www.searchmyanmar.com/link/frame/cid/46593

No comments:

Post a Comment