Monday, January 19, 2015
ကုန်ဈေးနှုန်း ဘယ်လို ထိန်းမလဲနှင့်ပြည်သူ့အသံ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က နိုင်ငံ့ ၀န်ထမ်းများ ၏ လစာ ကို သင့်တင့် မျှတသော တိုးမြှင့်ပေးမှု မျိုးဖြင့် တိုးပေးမည် ဟု ဇန်န၀ါရီ ၁၄ ရက် တွင် ပြုလုပ် ခဲ့သော  ဘဏ္ဍာရေးကော်မရှင် အစည်း အဝေး ၌ ပြောကြား ခဲ့သည်။ 
လာမည့် ဘဏ္ဍာနှစ်သစ် ဧပြီလ တွင် ထပ်တိုးပေးသော လစာ မှာ လက်ရှိ အစိုးရ သက်တမ်း အတွင်း သုံးကြိမ်မြောက် လစာ တိုးပေးမှုဖြစ်သည်။ လစာ တိုးတိုင်း ကုန်ဈေးနှုန်း တက်လေ့ ရှိသောကြောင့် သည် တစ်ကြိမ်တွင် လည်း ကုန်ဈေးနှုန်း တက်မည် ကို ပြည်သူ အားလုံး က စိုးရိမ်လျက်ရှိသည်။  
ဦးခင်မောင်မြင့်
(ဥက္ကဋ္ဌ) မြောက်ဥက္ကလာပ စက်မှုဇုန်
ဝန်ထမ်းတွေ အတွက် အခွင့်အလမ်း တစ်ခုဖြစ်သွားတယ်။ အစိုးရ ၀န်ထမ်းတွေ လစာ တိုးမယ် ဆိုရင် တခြား ၀န်ထမ်းတွေ ပါ တိုးပေး ရလိမ့် မယ်။ စက်ရုံတွေ မှာ ၀န်ထမ်း လစာ အတွက် အခုတောင် လုံးချာ ပတ်ချာ လည်နေတာ၊ အစိုးရ ၀န်ထမ်းတွေ တိုးလို့ လိုက်တိုး ရရင် စက်ရုံဒေ၀ါလီ ခံရဖို့ပဲ ရှိတော့မယ်။ 
လစာ တိုးလို့ ကုန်ဈေးနှုန်း တက်မှာ ကတော့ မြန်မာ နိုင်ငံ မှာ စနစ်ကြီး တစ်ခုဖြစ်နေပြီ။ ဒါကို လိုက်သတ် မှတ်လို့ မရဘူး။ ၀ယ် လို အား များပြီး ရောင်းလိုအား မရှိရင် ကုန်ဈေးနှုန်း က တက်မှာပဲ။ အရာရာ ကို ဘာမှ မသိဘဲ ဈေးတက်ဖို့ စဉ်းစားနေတဲ့ လူတွေရှိတယ်။ 
အခြေခံစား သောက်ကုန် က လှောင်ထားလို့ မရတော့ လိုအပ် တာထက် ပို မ၀ယ်ရင် တော့ ကုန်ဈေးနှုန်း ကပြန်ကျ  မှာပါ။ လစာ တိုးပေးလိုက်ရင် လည်း လာဘ် ပေးလာဘ်ယူ ကိစ္စ ကတော့ ချက်ချင်းပျောက်ဖို့ က မလွယ်ဘူး။ နိုင်ငံတိုင်း မှာဖြစ်နေ တဲ့ ကိစ္စပဲ။ အချိန်တန်လို့ ၀န်ထမ်းတွေ ရင့်ကျက် လာမှ ပျောက် သွားမယ့် ကိစ္စပါ။
                             **************************************
ဒေါ်ညို
(ကုန်စုံဆိုင် ပိုင်ရှင်) ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်
အခြေခံ ၀န်ထမ်းတွေ အတွက်တော့ ကောင်းပေမယ့် ၀န်ထမ်း မဟုတ် တဲ့လူတွေ ဆိုရင်တော့ ဘာမှ မထူး တဲ့ အပြင် ကုန်ဈေးနှုန်း တက်တာကို တောင် ကြုံရ ဦးမယ်။ လစာ တိုးမယ် ဆိုတဲ့ အသံကြား တာနဲ့ ကုန်ဈေးနှုန်း က တက်လာတော့ မယ်။ အဒေါ် တို့က ကုန်စုံဆိုင် ဖွင့်ထားတော့  အဒေါ် တို့ယူရောင်း ရတဲ့ လူတွေကလည်း ဈေးတက်တယ်။ 
အဒေါ်တို့ လည်း ဈေးတက် ရတော့ တာပေါ့။ သူတို့ ကုန်သည်ကြီး ဘက်က ဈေး မတက်ရင် အဒေါ်တို့ လည်း တက်ပြီး မရောင်း ပါဘူး။ ဒီဈေး အတိုင်းသာ ထားပြီး ရောင်းရင် ကိုယ့် အတွက် အမြတ် မကျန်ဘူးလေ။ လစာ တက်တာ နဲ့ ကုန်ဈေး နှုန်း တက်တာ မဖြစ်အောင် အစိုးရ တာဝန်ရှိ သူတွေက သေချာ ထိန်း ပေးသင့်တယ်။ အဲဒီ လိုသာ လိုက်တက်နေမယ် ဆိုရင် ဘာမှ မထူးပါဘူး။ ကြားက ပြည်သူတွေ ပိုပြီး ဒုက္ခရောက် တာပဲ ရှိမယ်။
                                              ***********************************
ဦးဇော်ထွန်း
(မြို့နယ် စည်ပင်သာယာ အဖွဲ့ဝင်)
လစာ တိုးတာတော့ ၀န်ထမ်းတွေ အတွက် ကောင်း တာပေါ့။ များ များ သုံးရတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း မတက် လာဖို့ ပိုပြီး အရေးကြီး တယ်။ လစာ တက်ပြီး ကုန်ဈေးနှုန်းကြီး လာရင် လက်လုပ် လက်စားတွေ ပိုပြီး ဒုက္ခရောက်တယ်။ လစာ ဘယ်လောက် တိုးတိုး ၀မ်းသာပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းက လစာ မတက်ခင် ကတည်း က နည်းနည်းတော့ တက်လာနေပြီ။ 
အစိုးရ ကလည်း ကုန်သည်တွေ ကို  အခွန်ဖြေလျှော့ပေး ထားတယ် ဆိုရင်တော့ ကုန်သည်တွေဈေးတက် တာ မတရား ဘူးပေါ့။ အစိုးရ အနေနဲ့လည်း ပြည်သူတွေ မဖြစ်မနေ သုံးစွဲနေရတဲ့ အခြေခံ စား သောက် ကုန်တွေ ကို ထိန်းညှိပေးမယ် ဆိုရင်တော့ အကောင်းဆုံးပဲ။ 
လာဘ်ပေးတဲ့ သူတွေ ရှိရင် လာဘ်စားတဲ့ သူတွေရှိ မှာပဲ။ ဒီတော့ နှစ်ဦး စလုံး ကို အပြစ်ပေးလို့ ရမယ့် ဌာနကောင်းကောင်းတစ်ခုတော့ ရှိသင့် တယ်။
                                                        **************************
ကိုသန့်ဇော်
မက္ကင်းနစ်၊ လှိုင်မြို့နယ်
လစာ တိုးတဲ့ အကြိမ်တော်တော် များများ မှာ ကုန်ဈေးနှုန်း ကပါ လိုက် တက်တော့ အပြင်က ၀န်ထမ်းတွေ အတွက် ပိုဆိုး တာပေါ့။ ၀န်ထမ်း မဟုတ်တဲ့ အခြေခံ လူတန်းစားတွေ ဆို ကြားထဲ က ဒုက္ခရောက်တယ်။ 
ကုန် ဈေးနှုန်း မတက်အောင် အစိုးရ ဘက်က တာဝန် ရှိသူတွေက သေချာကြပ် မတ်သင့် ပါတယ်။ ဥပမာ ကိုယ့်နိုင်ငံ မှာတောင် လုံလောက်အောင် မပေး နိုင်သေး တဲ့ လျှပ်စစ် ကို ရောင်းစား တာမျိုးတွေပေါ့။ ပြီးတော့ မြန်မာ့ငွေ ကြေး တန်ဖိုး ကို ဒီထက် ပိုပြီး ခိုင်မာအောင် လုပ်ပေးနိုင်ရင်လည်း ကုန် ဈေးနှုန်း တက် တာကို အတန်အသင့်တော့ ထိန်းချုပ်နိုင်ပါ လိမ့်မယ်။  လာဘ်ပေး လာဘ်ယူ မှုက ပျောက်သွား ရင်တော့ အကောင်းဆုံးပေါ့။
                                                     ****************************
ကိုညီညီထွေး
ဆောက်လုပ်ရေး လုပ်ငန်း မန်နေဂျာ၊ မြောက်ဥက္ကလာပမြို့နယ်။
ဝန်ထမ်းတွေ အတွက်တော့ ကောင်းတဲ့ သတင်း ပါပဲ။ ဒါပေမဲ့ ခံစား ခွင့် ရှိသူတွေ သာ အခွင့် အရေး ရပြီး သာမန် လက်လုပ် လက်စားတွေ က တော့ ကုန်ဈေးနှုန်း တက်မှု ဒဏ် ကို ခံရမှာပါ။ လစာ တိုးပြီ ဆိုတာနဲ့ အနည်း နဲ့ အများတော့ ဈေးတက်ကြတာ ပဲလေ။ 
အခြေခံ စားသောက်ကုန်တွေ အဓိက စပြီး တ က်တာ။ ဒီလို မျိုးဖြစ်ရပ်တွေ ကို သက်ဆိုင်ရာ တာဝန် ရှိ သူတွေ နဲ့ စီးပွားရေး ဆိုင်ရာ ကျွမ်းကျင် သူတွေ က သေချာဖြေရှင်းပေးသင့် တယ်။  ကုန်ဈေးနှုန်း မတက်အောင် ၀န်ထမ်းတွေ ကို လစာ တိုး မပေးသင့် ဘူးဆို တာတော့ မဖြစ်သင့်ဘူး။
 ရောင်းသူ ၀ယ်သူ နှစ်ဖက် စလုံးကို ညီမျှတဲ့ ဈေးနှုန်း နဲ့ အမြတ် ရအောင် လုပ်ဆောင်ပေးသင့်တယ်။ လာဘ်ပေး လာဘ်ယူမှု ကို ပပျောက်အောင် ထိထိ မိမိ မလုပ်ဆောင်နိုင်သေးပေမယ့် လစာတိုးပေး လိုက် တယ်ဆိုတော့ ဒီလို မျိုးကိစ္စတွေ အတိုင်း အတာ တစ်ခု အထိတော့ လျော့ကျသွားနိုင် ပါလိမ့်မယ်။
                                                                 ****************************
ဒေါ်တင်နွယ်ဦး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(NDF)
လွှတ်တော် အနေနဲ့ က လစာ တိုးပေးဖို့ ကို တိုက်တွန်း တာပဲ လုပ်နိုင် တာပါ။ အရေးကြီး အဆို တင်ပြီး လစာ တိုးဖို့ တောင်းထားတယ်။ တကယ် လုပ်တာ ကတော့ အုပ်ချုပ်ရေး ပိုင်း ကပဲ လုပ်ရ မှာ။ အခုက အစိုးရ က လည်း ၀န်ထမ်းတွေ ကို လစာ တိုးဖို့ ကို လုပ်နေတယ်။ 
ဒါပေမဲ့ လစာ တိုး လို့ ၀န်ထမ်းတွေ သိသိ သာသာ ခံစား လာရတာ သိပ် မရှိဘူး။ တိုးတက် ခံ စားလာရတဲ့ ပမာဏ ကလည်း မပြောပလောက် ပါဘူး။ လစာ တိုးရင် ကုန်ဈေးနှုန်း ကလည်း တက်လာတယ်။ လွှတ်တော် ကလည်း ကုန်ဈေးနှုန်း ကို ထိန်းပေး ဖို့ လုပ်လို့ မရဘူး။ 
လွှတ်တော် ရဲ့ အဓိက တာဝန်က ဥပဒေပြု   ဖို့ ပဲ။ ဒီတော့ ကုန်ဈေးနှုန်း မတက်အောင် ထိန်းပေးဖို့ ကလည်း အုပ်ချုပ်ရေး ပိုင်းနဲ့ပဲ ဆိုင်တယ်။ အုပ်ချုပ်ရေး ပိုင်းက ထိထိရောက်ရောက်လုပ်ပေးရမယ်။ ၀န်ထမ်းတွေ ကို လစာ တိုးပေးတယ် ဆိုတာ ကောင်းပါတယ်။ 
ဒါပေမဲ့ အဲဒီ လို တိုးပေးဖို့ လုံ လောက်တဲ့ ဘတ်ဂျက် ရှိရမယ်။ အခုက ဘတ်ဂျက်တွေက လိုငွေတွေပြနေ တယ်။ အဲဒီတော့ သေချာ စိစစ်ဆောင်ရွက်ဖို့ လိုပါ တယ်။ ၀န်ထမ်း အရေ အတွက် တိုးပေးမယ့် လစာ ပမာဏ ကို သေချာ တွက်ချက် ဖို့လိုတယ်။ တိုးပေးမယ် ဆိုရင်တော့ လုံလုံလောက်လောက်ဖြစ်အောင် တိုးပေးသင့် ပါ တယ်။
                                                 ******************************
မသူဇာခိုင်
စားသောက်ဆိုင် မန်နေဂျာ
သမ္မတကြီး လက်ထက် မှာပဲ ၀န်ထမ်းတွေ ဒုတိယ အကြိမ် လစာ ထပ် တိုးတော့မယ် ဆိုတာ ကြားရတော့ ကိုယ့် မိသားစု ထဲက အစိုးရ ၀န်ထမ်း တွေ အတွက်လည်း ၀မ်းသာတယ်။ အစိုးရ ကတော့ ၀န်ထမ်းတွေ အတွက် ကြည့်ပေးပေမယ့် လည်း ကုန်ဈေးနှုန်း ကတော့ ပြည်သူတွေ ကို မညှာတာဘူး။ 
လစာ တိုးတိုင်း ဈေးနှုန်း တက်တာတွေ က အနည်း နဲ့ အများ ပဲကွာ တယ်။ ပြည်သူတွေ အတွက် လစာက တကယ် မတိုးသေးဘူး။ ကျွန်မ တို့ ကိုယ်တိုင် ကလည်း ပြည်သူတွေ နဲ့ တိုက်ရိုက် ဆက်ဆံနေရတော့ သူတို့ တွေ ကို ထောက်ထားပြီး ဈေးနှုန်းတွေ လိုက် မတင်ပါဘူး။ 
တစ်ဖက် မှာ ခံ ရ မှာက ပြည်သူတွေဖြစ်နေ လို့ပါ။ ကုန်ဈေးနှုန်း မတက်အောင် ၀န်ထမ်း တွေကို လစာ မတိုးပေးနဲ့ ဆိုတာမျိုး ကလည်း မဖြစ်သင့် ဘူးလေ။ အဓိက ကတော့ ၀န်ထမ်းတွေ ကို လောက်ငအောင် လစာတွေပေးထားမယ် ဆို ရင် လာဘ်ပေးလာဘ် ယူတွေ နည်းပါး သွားမယ်လို့ ထင်ပါတယ်။
                                                 ********************************
ကိုသိန်းဇံ
ဝန်ထမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊
ဝန်ထမ်းတွေ လစာ က ဘယ်လောက် တိုးမယ်မှန်း မသိသေးဘူး။ ကုန်ဈေးနှုန်း က အသေအချာ ကို တက်နေ တာ။ ထပ်ပြီး တက်ဖို့ ကလည်း စိုင်းပြင်းနေတယ်လေ။ လစာ တိုးတာ ကတော့ ကောင်းပါတယ်။ တိုးသင့် ပါ တယ်။ ဒါပေမဲ့ လစာ က တိုးလိုက်၊ အသုံးစရိတ် က တိုးလိုက် ဆိုတော့ ဘာထူးမလဲ။
 ငွေကြေးဖောင်းပွ တာပဲ အဖတ် တင်မယ်။ အစိုးရ က ပြည် တွင်းဖြစ် ပစ္စည်းတွေ ကို များများ ထုတ်ပေးပြီး ကုန်ဈေးနှုန်း ကို ထိန်းချုပ် သင့်တယ် လို့ ထင်ပါတယ်။ လုပ်အားခတွေ ကို လည်း သိသိ သာသာတိုး ပေး၊ ကုန်သည်တွေ နဲ့ ညှိနှိုင်းပြီး ပြည်သူတွေ အတွက် အဆင်ပြေအောင် လုပ်သင့်ပါတယ်။
                                          ****************************************
ဒေါ်ခင်စန်းကြည်
ကုန်သည်
အန်တီ ကတော့ ၀န်ထမ်းတွေ လစာ ထပ်တိုး လာရင် ကုန်ဈေးနှုန်း တွေလည်း ထပ်မြင့် လာဦးမယ် လို့ ထင် တယ်။ အဲဒီတော့ အစိုးရ ၀န်ထမ်း တွေ လစာ တိုးပေးတာ မကောင်းဘူး လို့ပဲမြင်တယ်။ အခုတောင် မှ တ ချို့ ကုန်ပစ္စည်းတွေ ဆိုရင် ဈေးတွေ တက်နေပြီ။ အန်တီ က ဆိုင်ကြီး က မဟုတ်တော့ အန်တီ တို့လို ဆိုင် အသေး စားလေး ဆိုရင် ဈေး က လိုက် တက်လို့လည်း အဆင်မပြေပြန်ဘူး။ 
အဓိက ကတော့ ကုန်ဈေးနှုန်းတွေ ထပ်မတက်အောင် လို့တော့ သေသေချာချာ အစိုးရက လုပ်သင့်နေပြီလို့  ထင်ပါတယ်။ ဒီ အတိုင်း အစိုးရ ၀န်ထမ်း လစာတိုးမယ် ဆိုရင်   ဈေးတွေ လိုက်တက်နေတာတော့ မကောင်း ပါဘူး။ အန်တီ ကတော့လာဘ်ပေး လာဘ်ယူ လုပ်တာတွေတော့ သိပ်မသိပါဘူး။ ဒါပေမဲ့ ကုန်ဈေးနှုန်း က တော့ ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်တော့ သင့်တင့် မယ့် ဈေးနှုန်းလေးတွေနဲ့ သတ်မှတ်ပေးစေ ချင်တယ်။
                                                            *********************************
ကိုကျော်ဌေးနိုင်
ကွန်ပျူတာပြုပြင်သူ
အစိုးရ ၀န်ထမ်းတွေ လခ တိုးတော့မှာ ကိုတော့ သဘောကျတယ်။ တစ်ခု ပဲ ၀န်ထမ်းတွေ လခ တိုးရင် ကုန်ဈေးနှုန်းတွေ ပါ အဆင်သင့် လိုက် တက် ပြီးသားဖြစ်နေတာ ကတော့ မကောင်းဘူး။ အခုဆို လခတိုး မယ့် အသံ ပဲ ကြားရသေးတယ်။ တချို့ ကုန်စိမ်းတွေ ဈေး အရင် တက်နှင့်နေကြပြီ။ 
တကယ် တိုးတဲ့ အခါကျ   ရင်တော့ ဈေးသည် အားလုံး က အပြိုင် အဆိုင် တက်နှင့် ပြီးကြပြီ။ လခတိုး တိုင်း ဈေးနှုန်းတွေ လိုက် မတက်အောင်က တော့ အစိုးရ က ထိန်းချုပ်ပေးသင့်တယ် လို့ ထင်တယ်။ တချို့လာဘ်ပေး လာဘ်ယူမှုတွေ ပပျောက်အောင် လုပ်ဖို့ က မလွယ် ကူပေမယ့်လည်း လခ အရင် တိုးပေးပြီး ဆက် စိစစ်ထိန်းချုပ်မယ် ဆိုရင် ကောင်းပါတယ်။ လခ တိုးတာ နဲ့ ကုန်ဈေးနှုန်း တက်တာက တိုက်ရိုက် အချိုးကျနေ ပြီလေ။
                                             ************************************
ဒေါ်ရီရီပြုံး
ဆေးတက္ကသိုလ်-၂
ဝန်ထမ်း တိုင်း လစာ တိုးတာ သဘော ကျပါတယ်။ လစာ တိုးတာ က နည်းပြီး ကုန်ဈေးနှုန်း တက်လာ တာတော့ ဘယ် သူမှ မကြိုက်ပါဘူး။ လစာ တိုးပြီး ကုန်ဈေးနှုန်း တက်လာမယ် ဆိုရင်တော့ လစာ မတက် တာ ပဲကောင်းတယ်လို့ ပြောရမယ်လေ။ 
ဘာလို့လဲ ဆိုတော့ လစာ နည်းနည်း တက်ပြီး ကုန်ဈေးနှုန်း များ လာရင်တော့ အလကား ပါပဲ။ လက်ရှိ ကုန်ဈေး နှုန်းနဲ့ ၀န်ထမ်း လစာ ကလည်း ၀န်ထမ်း အများစု လုံးဝ မလောက်ပါဘူး။ ရုံးတက်ဖို့ အတွက် လိုင်းကား ခတွေတောင် မှ တစ်လ ကို သောင်း ဂဏန်း လောက်ထိ ကုန်ပါတယ်။ 
လာဘ်စား တဲ့ သူတွေ ကိုတော့ အရေးယူမယ် ဆိုရင် ထိထိရောက်ရောက်ဆောင်ရွက်သင့် ပါတယ်။ အလုပ် က အနား ပေးတာ ထက် သူတို့ ကို အဲဒီထက် ပိုပြီးကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ် သင့်တယ် လို့ထင်တယ်။
                                                ********************************
ဦးခင်မောင်သန်း
သတ္တု အရည်ကျို  လုပ်ငန်းပိုင်ရှင်
အစိုးရ ၀န်ထမ်းတွေ လခ တိုးတော့မယ် ဆိုတာကတော့ ၀န်ထမ်းတွေ ဘက် ကတော့ ကောင်းတယ်။ ဒါပေမဲ့ တစ်ဖက် မှာ ကုန်ဈေးနှုန်းတွေ မြင့် တက် လာတာ ကတော့ ပြည်သူတွေ အတွက် အခက်အခဲ ပိုဖြစ်တာပေါ့။ 
ဝန်ထမ်းတွေ လခ တိုးရင် ကုန်ဈေးနှုန်းတွေ ပါ လိုက်တက်နေကျ  ဆိုတော့ အခုလည်း ကုန်ဈေးနှုန်းတွေ ဘယ်လောက်ထိ လိုက်တက် မလဲဆိုတာ ကို စိတ်ပူတယ်။ ၀န်ထမ်းလစာတွေတိုးတိုင်း ကုန်ဈေးနှုန်းတွေ လိုက် မတက် အောင်တော့ အစိုးရက သေသေချာချာ ထိန်းပေးနိုင်ရင် ကောင်းတယ်။
                                      ******************************************
ဦးသီဟအောင်
အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ဗဟို)
အခုချိ န် မှာ ၀န်ထမ်း လစာတွေ မတိုးသင့်သေးဘူး လို့ ထင်တယ်။ အစိုးရ ၀န်ထမ်းက တစ်သန်းလေး သိန်းလောက် ပဲရှိတာ။ ပြည်သူ က သန်း ၅၀ ကျော်လောက် ရှိတာ။ ၀န်ထမ်း လစာ တိုးရင် ကုန်ဈေးနှုန်း က တက် လာမယ် ဆိုရင် ပြည်သူ ပဲ ထိခိုက်နစ်နာမယ်။ 
အခုထိ လာဘ်ပေးလာဘ် ယူ ကလည်း မပျောက်သေးဘူး။ ငွေမပေးရင် အချိန်ဆွဲ တဲ့ အကျင့်က ရှိ နေတုန်း ပဲ။ သူတို့တွေ ကို လစာ တိုးပေးရင်လည်း လာဘ်ပေးလာဘ်ယူ က ပျောက်မှာ မဟုတ်သေးဘူး။ လစာ တိုး မယ် ဆိုတိုင်း ကုန်ဈေးနှုန်း တက်တာ မြန်မာနိုင်ငံမှာ က သမား ရိုးကျဖြစ်နေတာဆိုတော့ ၀န်ထမ်း ကို လစာ တိုးတယ်၊ ကုန်ဈေးနှုန်း က တက်မယ်ဆိုရင် ၀န်ထမ်းတွေ အတွက်လည်း ဘဲစား ဘဲချေနဲ့ လစာ တိုးတယ် ဆိုတဲ့ နာမည်ပဲ ကျန်တော့  မယ်။
 နောက်ပြီး အစိုးရ ၀န်ထမ်းတွေ လစာ တိုးရင် ပုဂ္ဂလိက ၀န်ထမ်းတွေ လည်း တိုးပေး သင့်တယ်။ အခုက အဆင်ပြေနေ တဲ့ လုပ်ငန်းရှင် လည်း ရှိတယ်။ အဆင် မပြေ တဲ့ လုပ်ငန်းရှင်လည်း ရှိတော့ အဆင်မပြေဘဲ လစာ တိုးပေး ရရင် လုပ်ငန်းတွေ ထိခိုက်သွားနိုင်တယ်။
                                                          ************************************
မမင်းမင်းခိုင်
အိမ်ရှင်မ၊ ရန်ကင်းမြို့နယ်
လစာ တိုးတိုင်း ကုန်ဈေးနှုန်း တက်နေကျ  လိုဖြစ်နေပြီ။ တိုးလာ တဲ့ လစာ ကကော တက်လာ တဲ့ ကုန်ဈေးနှုန်း နဲ့ အဆင်ပြေပါ့မ လားလို့ စိုးရိမ် တယ်။ ဒီထက်သာ ဆက်ပြီး တက်မယ် ဆိုရင် အခြေခံ လူတန်း စားတွေ ပို ပြီး စားဝတ်နေရေး အခက် အခဲတွေ့လာနိုင်ပါတယ်။ 
အစိုးရ ၀န်ထမ်း မဟုတ်တဲ့ ၀န်ထမ်းတွေ အတွက်တော့ ကုန်ဈေးနှုန်း တက်လာလေ၊ သူ တို့ အတွက် ပိုပြီး ခက်ခဲ လာလေပဲ။ အစိုးရ အနေနဲ့ ကုန်ဈေးနှုန်း မတက် အောင် အခွန် အခတွေ ကို လျှော့ချသင့် တယ်ထင် တယ်။ 
အခွန်ဆောင် ရတဲ့ ပမာဏ များလာလေလေ၊ ကုန်ဈေးနှုန်း ကတော့ တဖြည်းဖြည်း တက်နေ ဦးမယ် ထင် တယ်။ ပြီးတော့ ကုန်ဈေးနှုန်း ကို ချုပ်ထိန်းနိုင်အောင် အစိုးရ အနေနဲ့ ကျွမ်းကျင် တဲ့ စီးပွားရေး ပညာရှင်တွေနဲ့ ပူးပေါင်းဆောင် ရွက်သင့်တယ်။ 
လာဘ်ပေးလာဘ်ယူ မှု မပပျောက်သေးခင် ၀န်ထမ်းတွေ ကို လစာ တိုးတာတော့ သက်ဆိုင်မှု မရှိနိုင်ပါဘူး။ လူတွေရဲ့ ကိုယ်ကျင့် တရားကိုပဲ သေချာပြုပြင်ပေးသင့် တာပါ။
                                                             **********************************
ကိုမင်းမင်း
ဂျာနယ်ရောင်းသူ၊ ကျောက်တံတားမြို့နယ်
ကုန်ဈေးနှုန်းတွေ က အစိုးရ ရဲ့ ထိန်းချုပ်မှု ညံ့တာကြောင့် ထိန်းမနိုင် ဖြစ်တာပါ။ ၀န်ထမ်း လစာ တက်တိုင်း ကုန်ဈေးနှုန်း လိုက်တက်နေတော့  မကောင်းဘူး လို့ပဲ မြင်တယ်။ လစာ မရ တဲ့ လက်လုပ် လက်စားတွေ လည်း ဒီဒဏ် ကို ခံရ မှာပဲလေ။ ကျွန်တော် ကတော့ ဆိုရှယ်လစ်ခေတ် က လိုပဲ ရှင်းရှင်း လင်းလင်းဖြစ် သွားရင် ကြိုက်တယ်။ 
အခုက အစိုးရသာ တကယ် စေတနာ ရှိရင် ဖြေရှင်းပေးလို့ ရတယ်လေ။ ကုန်ဈေးနှုန်းပြဿ           နာ   ကို ဖြေ ရှင်းတာ အစိုး ရအတွက် ဘယ်လောက်တောင် ခက်ခဲနေ လို့လဲ။ သူတို့ကို လည်း တောင်းဆို မနေတော့ ပါဘူး။
 ပြည်သူတွေ လည်း သိနေတာပဲ။ တကယ် ဆို ကုန်သည်တွေ လုပ်ငန်းရှင်တွေ နဲ့ ပူးပေါင်းပြီး ကုန်ဈေးနှုန်း ကို ထိန်းချုပ်သင့်တယ် လို့ မြင်တယ်။
                                                   ************************************
ကိုအောင်မင်းနိုင်
အနှေးယာဉ် လုပ်သား၊ လသာမြို့နယ်
ကျွန်တော်တို့ ကတော့ ၀မ်းသာ ပါတယ်။ လစာ တိုးတော့ ကျွန်တော် တို့လည်း ဈေးပိုတောင်းလို့ရတာပေါ့။ အရင်က ငါးရာတောင်းရင် အခု ခြောက်ရာ ရမယ်လေ။ ဒါပေမဲ့ ရတဲ့ ပိုက်ဆံ က ကုန်ဈေးနှုန်း နဲ့ မကာမိ ရင်တော့ စိတ်ညစ် စရာပဲ။ 
အစိုးရ ကလည်း ဘာမှ ထိန်းချုပ်နိုင်မယ့် ပုံ မပေါ်ဘူး။ ဒီလိုပဲ ကုန်ဈေးနှုန်း တက်လိုက်၊  ဒုက္ခရောက်လိုက် လစာလေး မဖြစ်စလောက် တိုးလိုက် နဲ့ သံသရာ ကို လည်နေမှာ။ 
ကျွန်တော် တို့လည်း ဈေးပိုတောင်းရတော့မယ်လေ။ မတောင်း ရင်လည်း ကျွန်တော်တို့ က မကိုက် ဘူး။ တောင်းပြန်တော့ လည်း စီးတဲ့ လူက မကိုက်ဘူး။ အဲဒီ လိုနဲ့ လက်လုပ်လက်စားတွေ ဒုက္ခ အများကြီးရောက် တယ်ဗျ။
 7DayDaily
From...  http://www.searchmyanmar.com/link/frame/cid/46199
No comments:
Post a Comment