Tuesday, January 13, 2015

သကြား တစ်ပန်းကန်၊ ဓာတ်ဗူး တစ်လုံး နဲ့ ဖျာတစ်ချပ်

Carrtoon



(က)
ကျွန်တော်တို့ လူသိုက် ကို ရွှေကွယ် ရွာသူကြီး ကိုယ်တိုင် ရွာပြင်ထွက် ကြိုခဲ့သည်။ 


ကျွန်တော်တို့နှင့် အတူ လိုက်ပါလာ သည့် တလိုင်း ကရင်ရွာသူကြီး ဦးအောင်က လမ်းလျှောက် စကားပြောစက် ကတစ်ဆင့် ရွှေကွယ် ရွာသူကြီး ထံ ကြိုတင် အကြောင်းကြားခဲ့ သဖြင့် အခုလို ရွာပြင်ထွက်ပြီး ကြိုဆိုခဲ့ ခြင်း ဖြစ်သည်။ 

ထို့ပြင် မာနယ် ပလော ဗဟို ဌာနချုပ် အသံလွှင့် ဌာနမှ သတင်းထောက် တစ်ဦးလည်း လိုက်ပါ လာသည်ဆိုသည့် သတင်းကြောင့် အခုလို ရွာသူကြီး ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်တန်ရာသည် ဟု ကျွန်တော် တွေးမိသည်။
 
ကျွန်တော်တို့ လူသိုက် ရိုးတစ်ခု အကျော် သစ်ပင်တောတန်း တစ်ခု အတွင်း ၀င်လိုက်စဉ် လူသုံးယောက် ကို တွေ့ရ၏။ လူတစ်ယောက် က အရပ်ပုပု။ မဲညစ်ဟောင်းနွမ်း လျက်ရှိပြီဖြစ်သော တဘက်ဖြူ တစ်ထည် ကို ခေါင်းတွင် ပတ် ထား၏။ 

ပုဆိုးစ က ဒူးဆစ် အထိ တက်လျက်။ ခါးပုံစ က အပြင် ကို တံတောင် သာသာ ကျ လျက်။ ပါးစပ် က ကွမ်းကို ပလုပ် ပလောင်း ၀ါးလျက်။ စွပ်ကျယ် လက်ပြတ် အသစ်ကျပ်ချွတ် ကို ကိုယ်ကျပ် ၀တ်လျက်။ 

 ရွှေကွယ် ရွာသူကြီး ၏ ရုပ်ပုံလွှာ မှာ သိသာ ထင်ရှား လွန်းသည်။ သူ့နောက် တွင် ရပ်နေသူနှစ်ဦး က အရပ်မြင့်မြင့်။ အဝတ် အစားညှိုးနွမ်း လျက်။ ကျွန်တော်တို့ လူသိုက် ကိုတွေ့တော့ ရွှေကွယ် ရွာသူကြီးက ကရင် လို ပြောဆိုနှုတ်ဆက်သည်။  သူ စကားပြောတော့ စကားထစ်သူဖြစ်သည် ကို တွေ့ရသည်။



ကျွန်တော့်ကို မူ အကဲခတ် သလို မကြာခဏ ကြည့်နေ၏။ ကျွန်တော်တို့ အထဲ က တလိုင်း ကရင်ရွာသူကြီး ဦးအောင်နှင့် ကရင် လို တစ်ခွန်းနှစ်ခွန်းပြောပြီး ကျွန်တော်တို့ လူသိုက်ကို သူကပဲ ဦးဆောင်ကာ ရွာဘက်ကို ထွက်သည်။ (တလိုင်း ကရင်ရွာ သူကြီးဦးအောင် မှာ လွန်ခဲ့သည့် တစ်ပတ်က မှ သူ့ရွာ တွင် တပ်စွဲထား သည့် နအဖ စစ်တပ်ရန် ကိုကြောက်ပြီး ကျွန်တော်တို့နှင့်အတူ တောထဲတွင် ယာယီ လာရောက်နေရ သူ ဖြစ်သည်။)

“ကျုပ် နာမည် ရွာချစ်၊ ရွာရွာ ရွာဟိတ် မဟုတ်ဘူးနော် ရွာ ရွာချစ်၊ ရွာက ကျုပ် ကို ချစ်လို့ ကျုပ် ကျုပ်နာမည် ရွာ ရွာချစ်လို့ ခေါ်တာ”
သူက ရွှေကွယ် ရွာသူကြီး ၏ စကားသံ ကိုနားထောင် ကာ မသိ မသာပြုံး မိသည်။ ဦးရွာချစ်ပြောသည့် “ရွာ ဟိတ် ဆိုသူမှာ ကရင်အမျိုးသား အစည်းအရုံး ဘူးသို ခရိုင် ဥက္ကဋ္ဌ ဗိုလ်မှူးရွာဟိတ် ကို ဆိုလိုခြင်း ဖြစ်သည်။ (ဘူးသို ခရိုင် ဆိုသည်မှာ ကရင် အမျိုးသား အစည်းအရုံး က သတ်မှတ်ခေါ်ဝေါ်သည့် နယ်မြေ အခေါ် အဝေါ် ဖြစ်သည်။ ဖားအံမြို့နယ်၊ ဖာပွန်နှင့် သထုံ ဘီးလင်းမြို့ နယ်များ ကို စုစည်းခေါ်ဝေါ်ခြင်း ဖြစ်သည်။)
ရွှေကွယ် ရွာသူကြီး က စကား ထစ်လွန်း သဖြင့် ကျွန်တော့် မှာ မနည်းနားထောင်နေရ၏။ ကျွန်တော်က သူနှင့် စကားပြောချင်သော် လည်း သူက စကား ထစ်လွန်းသဖြင့် အားနာကာ သူပြောသမျှ  အလိုက်အထိုက် လိုက်ပြီး မှသာ စကားပြောနေရ၏။ သူကမူ ကျွန်တော်နှင့် သာ စကားပြောချင်နေပုံရ၏။
ကျွန်တော်နှင့်ဘေးချင်းကပ် လမ်းလျှောက်ရင်း အိမ်ခြေ (၅၀) ကျော်ရှိသည့် သူ့ရွာ ကလေး အကြောင်း ပြောပြ လာခဲ့၏။
“ကျွန် ကျွန်တော့် ရွာက မှောင် မှောင် မှောင်ခို နွား နွားလမ်းကြောင်း ကျကျ လို့ ဒီနား တစ်ဝိုက်မှာ စီးစီး စီးပွားရေး အအ အကောင်းဆုံးပဲ။ လှည်းလှည်း လှည်း သုံးစီးတောင် ရှိ ရှိတယ်။ ဈေးဆိုင် သုံးဆိုင် လောက်ရှိ ရှိတယ်”
ရွှေကွယ်ရွာသူကြီး ပြောသည့် အတိုင်း မှန်ကန်သည် ကို မူ လက်တွေ့ ကျွန်တော် တွေ့ခဲ့ရ၏။ သူကြီးခေါင်း ဆောင်သည့် ကျွန်တော်တို့ လူအုပ် ရွာလည် လမ်းအတိုင်း လျှောက်လာနေစဉ် တစ်နေရာ အရောက်၌ လမ်း ဘေးဈေးဆိုင် သုံးဆိုင်ကို တန်းစီလျက် တွေ့ရ၏။ 

စလူဖက်မိုး၊ လူတစ်ရပ် မလွတ် တစ်လွတ် တဲကလေး သုံးလုံး တန်းစီလျက်။ တဲ ပေါက်ဝတွင် မာမားထုပ် များ၊ ကော်ဖီမစ် ထုပ်များ၊ တခြား ကလေး စားစရာ မုန့်ပဲ သွားရည် စာများ တွဲလျက်ချိတ်လျက်။ ကျွန်တော် က ကျွန်တော်တို့ လူအုပ်ရှေ့မှ ခေါင်းမော့ ခြေဖျားထောက် ကာ လမ်းလျှောက် သွားနေသည့် သူကြီး ဦးရွာချစ်ကို မသိ မသာအပြုံးနှင့် ကြည့်မိသည်။

တကယ်တော့ လည်း သူပြောသည့် စကား မှာ မှန်သင့် သလောက်တော့ မှန်သည် ဟု ဆိုနိုင်ပါလိမ့်မည်။ ဤဒေသကြီး တ၀ိုက်တွင် အများ အားဖြင့် အိမ်ခြေဦးရေ လေးငါး ဆယ် ရှိသည့်ကျေးရွာများသာ ရှိသည်။ တောင်ယာနှင့် အမဲလိုက်ခြင်း လုပ်ငန်းဖြင့် သာ အသက်မွေးဝမ်းကျောင်းကြ ရ၏။ 

ထို့ကြောင့် ဦးရွာချစ်ပြော သလို သူ၏ ရွာက စီးပွားရေး အကောင်းဆုံးရွာ ဖြစ်သည် ဆိုသည့် အချက်မှာ မှန်ကန်ကောင်း မှန်ကန် လိမ့် မည်ဟု ကျွန်တော် တွေးမိသည်။
ရွာလည် တစ်နေရာ အရောက်တွင် မြင့် မား အုပ်ဆိုင်းနေသည့် ကုက်္ကိုပင်ကြီး တစ်ပင် အောက်သို့ ရောက် လာခဲ့ကြ၏။ ကုက္ကိုပင် အောက် ဤနေရာ ကွက်လပ်တွင် ပင် အရိုး ကောက် ပွဲ ကျင်းပရန် စီစဉ်ထားသည်မှာ သိသာသည်။ ကုက္ကိုပင် အရိပ်အောက်တွင် မြေကြီးပေါ်ထုံးဖြူးပြီး စက်ဝိုင်းတစ်ခု ဆွဲထား၏။ 

သည် စက်ဝိုင်း မှာ လက်ဝှေ့ကြိုးဝိုင်း အဖြစ် ရာထားသည့် စက်ဝိုင်းဟု သိရ၏။ ဆိုင်းဝိုင်း အဖွဲ့ကို ရွာမှ လှည်းနှင့် သွားကြိုနေ ဆဲ။ ကွက်လပ်ဘေးတွင် အလောင်းစင် တစ်ခု ကို ၀ါးငုတ်လေးခုပေါ် တင်ထား၏။ အလောင်းစင် ထက်က ခေါင်းတစ်ခုပေါ် တွင် ငှက်ပျောသီး အုံးသီး ပွဲတစ်ခု ပြင် ထား၏။ ရွာသူ ရွာသား တချို့က သစ်ပင်ရိပ်အောက် တွင် ခလေးတွဲလောင်း ခွေးတွဲ လောင်းနှင့် အေးအေးလူလူ ထိုင်နေကြ၏။
“လာ ဆရာကြီး အသုဘ အိမ်မှာ ထမင်း သွားစားကြမယ်။ ပြီးမှ ဒီနေရာ ပြန်လာကြမယ်”
ကွင်းထဲ က ထွက်လာသည့် ကျွန်တော်တို့ လူသိုက်ကို ရွာသားတွေ က လှမ်းကြည့်နေကြ၏။
(ခ)
ဆိုင်းသံ ဗုံသံများဆူညံနေ စဉ် ကျွန်တော် က အသံဖမ်းစက်နှင့် ကင်မရာကို ထုတ်ကာ မိမိ၏ အလုပ်ကို လုပ် ရန်ပြင်ဆင် ၏။ အသံဖမ်း စက် ကို ဖျာပေါ်တွင် ချကာ အသံဖမ်း ခလုတ်ကို ဖွင့်ထားလိုက်သည်။ ခရီး မထွက် မီက ဒီမိုကရက်တစ်မြန်မာ့ အသံ ကြီးကြပ်မှု ကော်မတီဥက်္ကဋ္ဌ ပဒိုကလိုထူး စွန့်ကြဲ လိုက်သည့် မိသားစု အပျော်ရိုက် ကင်မရာလေး ကို ကျောပိုးအိတ် ထဲ က ဟန်ပါပါ ထုပ်လိုက်၏။ 


ထိုစဉ်အခိုက် တွင် ကျွန်တော် ၏ လှုပ်ရှား မှု အ၀၀ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြ မည့် ရွှေကွယ် ရွာသား များ ကို ကျွန်တော် မေါ့မကြည့် ဘဲ သိနေသည်။ အထူးသဖြင့် ကျွန်တော့်ဘေးတွင် ကပ်ထိုင်နေ သည့် ရွှေ ကွယ်ရွာ ပြည်သူ့စစ်ခေါင်း ဆောင် ဆိုသူက ကျွန်တော့် ကို အသေအချာ လိုက်ကြည့်နေသည် ကို သိသိ သာသာ သတိထား မိသည်။

မာနယ်ပလောဌာနချုပ် မှ ရောက်လာ သည့် အသံလွှင့်ဌာန သတင်းထောက်ကြီး တစ်ဦး၏ ပစ္စည်း ကိရိယာ များကို သူတို့ အားလုံး အာရုံ ကျနေကြခြင်း ဖြစ်သည်။
“သူကြီးကောဗျ ဘယ်ရောက် သွားတာ လဲ။ ဟို ဟို လုံခြုံရေး ကိစ်္စ သေသေချာချာ လုပ်ထားရဲ့လား၊ ကင်းတွေ ဘာတွေ ချတာကော လုပ်ထား ရဲ့လား။ အခုန က ထပ်ပြီး သတိပေး မလို့ဟာ၊ သူကြီး ဘယ်ရောက် သွားလဲဗျ”
ပြည်သူ့ စစ်ခေါင်းဆောင် လုပ်သူက ကျွန်တော်နှင့် အတူ ဘေးဘီ ကို လိုက်ကြည့်သည်။ ထုံးဖြူးပြီး စည်း တား ထားသည့် စက်ဝိုင်း ကွက်လပ်ဘေး တွင် လူတွေ စုပြုံပြီး နေရာ ယူထားကြ၏။ ကျွန်တော်နှင့် ၀ါးတစ် ရိုက် အကွာလောက် တွင် ခြောက်လုံးပတ် ဆိုင်းဝိုင်း ရှိနေသည်။ လူ တချို့က ကျွန်တော် နှင့် နီးကပ်သည့် ကွက်လပ် တွင် တိုးဝင် နေရာယူကြ၏။

ကျကျနန ခင်းထားသည့် သင်ဖြူးဖျာ တစ်ချပ်ပေါ်တွင် ကျွန်တော် ထိုင်သည်။ ကျွန်တော့် ဘေးနားသို့ လူတွေ ကပ် မထိုင်ရန် ရွာသား လူငယ်သုံးယောက်လောက် က တုတ်ကိုယ်စီ ကိုင်ပြီး တားထား၏။ ကျွန်တော့် နေ ရာမှာ သီးသန့်ပွဲကြည့်စင် သဘော ဖြစ် နေသည်။ ကျွန်တော့်ရှေ့တွင် ဓာတ်ဘူး တစ်လုံး၊ ဇွန်းတပ်ထား သည့် သကြားတစ်ပုဂံ၊ အကြမ်းပုဂံလုံးနှစ်လုံး ချထား၏။

ကျွန်တော်က မြို့ပြနှင့်ဝေးလှသည့် ကရင် တိုင်းရင်းသားတို့ ၏ ရိုးရာ အလိုက်ပြုလုပ်သည့် အသုဘ အခမ်း အနား တစ်ခု (ဒေသ အခေါ်အဝေါ် အရိုးကောက်ပွဲ) ကို မှတ်တမ်းယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
“လုံခြုံရေး က လုပ်ထားပါတယ်။ သူကြီး နဲ့ကျွန်တော် တိုင်ပင်ပြီး ကင်းချထားပြီး မှ သူကြီးက ရွာထဲ ခဏပြန် သွားတာပါ၊ ဘာမှ မစိုးရိမ်နဲ့ ဆရာကြီး ဒီကောင်တွေ ဒီနေရာကို သိပ်ပြီးလာလေ့ လာထ မရှိဘူး။ စိတ်ချ လက်ချသာ လုပ်ပါ”

ထိုအခါ ကျမှသာ ပြည်သူ့စစ်ခေါင်းဆောင် ၏ မျက်နှာကို ကျွန်တော် ကြည့်မိသည်။ ပေါင်ဒါ လိုလို သနပ်ခါး လိုလို လိမ်းကျံ ထားသည့် သူ့မျက်နှာပေါ်တွင် အဖြူ ကွက် များ ထင်ထင်ရှားရှားတွေ့နေရ၏။
ကွင်းဘေးတွင် တိုးဝှေ့ပြီးရပ်နေကြသူ လူ အတော်များများမှာ မျက်နှာတွင် ပေါင်ဒါများ လိမ်းချယ် ထားကြ သည်ကို တွေ့ ရ၏။
“လက်ဝှေ့ပွဲက ဘယ်တော့ စမှာလဲ။ အခုပဲ ကိုးနာရီထိုးပြီ”
ဆိုင်းသံ ဗုံသံများကြောင့် ကျွန်တော် က ပြည်သူ့စစ်ခေါင်းဆောင် ကို အသံမြှင့်ပြီး ပြောနေရ၏။ ဆိုင်းသမား တွေ ကလည်း ဆိုင်းသံ ကို မြှင့်သ ထက်မြှင့်ပြီး တီးနေကြသည် ဟု ထင်ရ၏။ အထူးသဖြင့် ဗိန်းဗောင်း တိုက် တီးသံ မှာ တစ်ရွာလုံးကို  လွှမ်းမိုးသွားနေ၏။
“ဟော ပြောရင်း ဆိုရင်း လာကုန်ပြီ ဆရာကြီး။ ရှေ့ဆုံး က အဖိုးကြီးက ဒိုင်လူ ကြီးပဲ။ သူက အရင်တုန်း က လက်ဝှေ့ သမား ကြီးပဲ။ ဒီနယ် တစ်ဝိုက်မှာ သူ့ကို မီတဲ့ လက် ဝှေ့သမား အခု ထက်ထိ မရှိသေးဘူး။ သူက ဖားအံ အထိ တက်ထိုး ခဲ့ဖူးတယ်။ ဆုလည်း ရတယ်”
သစ်ပင်အောက် ကွက်လပ် ထဲသို့ လူ (၁၀)ယောက်ခန့် ၀င်လာ သည်။ လူတွေ လက်ခုပ် လက်ဝါးတီးပြီး အားပေး လိုက်ကြ၏။ ရှေ့ဆုံး က အသက်(၅၀) ခန့် အရွယ် ကိုယ် လုံး ကိုယ်ထည် ကြံ့ခိုင်ပုံ ရသည့်ပုဂ်္ဂိုလ်က ကွက်လပ် အလယ်တွင် ရပ်သည်။ အပေါ်က ပုဆိုးချွတ်သည်။ အောက်က ဘောင်းဘီ ပွပွကြီးကို ပေါင် တစ်ဖက် အနည်းငယ် လိပ်တင်သည်။ လက်ခမောင်း တဖြောင်းဖြောင်း ခတ်သည်။
ဆိုင်းသမားတွေ ဘက်သို့ လက် တစ်ဖက်မြှောက်ပြီး ဆိုင်းတီး ရပ်ခိုင်းသည်။ ထို့နောက် ဆိုင်းမဆင့် ဗုံမဆင့် လက်ဝှေ့ ထိုးသတ်မည့် သူနှစ်ဦး၏ အမည်ကို အော် ခေါ်လိုက်သည်။ စည်းဝိုင်း ထဲက လူတွေ အပြင်ထွက် သွားတော့ အသက်၁၂ နှစ် ၁၃ နှစ်သာသာ လူငယ်နှစ်ဦး စည်းဝိုင်း ထဲတွင် ကျန်နေရစ်ခဲ့သည်။
နှစ်ယောက်စလုံး မျက်နှာ တွင် ပေါင်ဒါ များ ဖွေးဖွေးဖြူလျက်။ နှစ်ယောက် စလုံး ခါးတောင်းမြှောင်အောင် ကျိုက်လျက်။ မည်သူမျှ  အင်္ကျီ ဝတ်ထားခြင်း မရှိ။ ကျွန်တော်က အရိုးပြိုင်းပြိုင်းနှင့် လူ မမာ ရုပ်ပေါက်နေ သော လက်ဝှေ့ သမား လူငယ် လေးနှစ်ယောက် ကိုကြည့်ကာ စိတ်မချမ်း မသာ ဖြစ်နေမိသည်။ သူတို့ တကယ် လက်ဝှေ့ထိုးသတ် ကြမှာလား။ ထိုးကော ထိုးနိုင် ကြပါ့မလား။ 

ဒိုင်လူကြီး က လက်ဝှေ့သမား နှစ် ယောက် ကို မျက်နှာချင်းဆိုင်စေပြီး တစ်စုံ တစ်ရာပြော၏။ ဆိုင်းသံကြောင့် ဘာတွေ ပြောနေသည်ကို မူ မသိနိုင်။ ထို့နောက် ဆိုင်းသံ က ရုတ်တရက် ပိုမိုဆူ ညံမြည်ဟိန်းလိုက် စဉ် လက်ဝှေ့သမားများလည်း စတင် ထိုးသတ်ကြတော့၏။ လက်ခုပ် သြဘာပေးသံ ညာသံ များကြားတွင် လက်ဝှေ့ သမားများ သူ တစ်ပြန် ကိုယ်တစ်ပြန် ထိုးသတ်နေကြ၏။

ကျွန်တော် က အသံဖမ်းစက် ကလေးကို ငုံ့ကြည့်ရင်း သေသေချာချာ အသံဖမ်းမိ၊ မမိကို စစ်ဆေးရပြန်သည်။ လက်ဝှေ့ သမားနှစ်ယောက် ရင်ဆိုင် ထိုးသတ်နေစဉ် အချိန်ကိုက် ဓာတ်ပုံရိုက်နိုင် ရန် ကင်မရာ ကိုလည်း အသင့်ချိန် ထားလိုက်၏။
“ပယော် ပယော် ပယော်၊
ပွဲကြည့် ပရိသတ်မှာ ထိုင်ရာ မှ ရုတ်တရက် ထရပ်လိုက်ကြ၏။ ဘယ်သူက စပြီး အော်လိုက်သည် မသိ၊ အားလုံး လိုလို ၀ူးဝူးဝါးဝါးအော်ဟစ်  ကာ သစ်ပင်ရိပ်အောက် မှ တ၀ုန်းဝုန်း ထပြေးကြတော့၏။ ကျွန်တော် က ကင်မရာကို ကိုင်ရင်း ကြက်သေသေပြီး ရပ်နေမိသည်။ လူတွေက အရပ်မျက်နှာ တစ်ဖက်ထဲ သို့မပြေး ဘဲ ဥဒဟို နေရာ အနှံ့ ထပြေးနေကြ၏။
ထိုစဉ် မှာပင် ကျွန်တော့်ဘေး က ပြည်သူ့စစ်ခေါင်းဆောင် က ခါးတွင် ပတ်ထားသည့် ပုဆိုး အပိုကို ဆွဲဖြုတ် ကာ ကျွန်တော့်ရှေ့သို့ ဖြန့်ခင်း ချ လိုက်၏။ ဆိုင်းသံ များ ရုတ်တရက် တိတ်ဆိတ် သွားသည်။ အော်သံဟစ် သံများ သာ ဆူဆူညံနေတော့၏။
“ဆရာကြီး ပစ္စည်းတွေ ဒီမှာ ထည့်။ ဆရာ ကြီးပစ္စည်းတွေ ဒီမှာထည့်။ ကျွန်တော့် နောက်ကသာ လိုက်ပြီး ပြေး”
ကျွန်တော် က ကင်မရာနှင့် အသံဖမ်းစက် ကို ရှေ့တွင် ဖြန့်ချ လိုက်သည့် ပုဆိုးထဲ ပစ်ထည့်လိုက်၏။ ပြည်သူ့ စစ်ခေါင်းဆောင် က ခင်းထားသည့် ပုဆိုးကို ဆွဲစုကာ လူ အုပ်နှင့်ရောပြီးပြေး၏။ ကျွန်တော် ကလည်း သူ့ပု ဆိုးစ ကို ဆွဲမထားရုံ တမယ် သူ့နောက် မှ ကပ်ပြီး ပြေးလိုက်ရ၏။ 

ဆယ့်ငါးကိုက် မျှပြေး ပြီးကာမှ ပြည်သူ့စစ် ခေါင်းဆောင် က ဘာစိတ်ကူးပေါက်သည် မသိ၊ နောက်သို့ တဖန် ပြန်လှည့်ပြီးပြေးပြန်၏။
ကျွန်တော် ကလည်း သူ့ နောက်မှ ထပ်ချပ်မကွာ လိုက်ရပြန်၏။ ကျွန်တော့် မှာ နားထဲတွင် သေနတ် သံများ ကြားလာလေ မလား စိတ်နှင့် ပြေးရင်း လွှားရင်း နားစွင့် ထားမိ၏။ သို၊သော် အော်သံ ဟစ်သံ ခွေးဟောင် သံများ သာ ကြားနေရ ၏။ ပြေးသာပြေးနေ ရသော် လည်း ဘေးဘီ ကို လှည့်မကြည့်အား။ 

ကိုယ် မကျွမ်းကျင် သည့်ဒေသ ဖြစ်သည် မို့ ရှေ့ကပြေးနေသည့် ပြည်သူ့စစ်ခေါင်းဆောင် ကိုသာ မျက်ခြေ မပြတ် ကြည့်ရင်း ပြေးလိုက်နေရ၏။ ဘယ်နေရာက ထပြီး သေနတ်ပေါက်လေ မလဲဆိုပြီး ပြေးရင်းလည်း နားစွင့် ထားရ၏။
 

နီးစပ်ရာတောထဲ သို့ ကျွန်တော်တို့ တိုး ၀င်လာခဲ့ကြသည်။ တောင်ပေါ် တက်သည့် လမ်းအတိုင်း တက်လာ ခဲ့ကြသည်။ ကျွန်တော် တို့နှင့် အတူ ပြေးလိုက်လာ သူများ နှင့်ပင် ဝေးလာခဲ့၏။ တစ်နေရာ အရောက်တွင် ကုန်းမော့ တစ်ခုကို မော့ပြီး အတက်၊ ကျွန်တော်တို့ ကို ငုံ့ပြီးကြည့်နေသည့် မျက် နှာပြင် တစ်ခုလုံး ပေါင်ဒါမှုန့် များ ဖွေးဖွေး ဖြူနေသည့် ရွာသူကြီး ဦးရွာချစ်နှင့် ရွာသား တချို့ ကုန်းထိပ်တွင် ရပ်နေသည် ကို တွေ့ ရလေ တော့ သည်။

(ဂ)
“ဘာ ဘာ ဘာဖြစ် ဖြစ်ကြ ကြတာ လဲဗျ၊”

ကျွန်တော် က မြေကြီးပေါ်တွင် ဆောင့် ကြောင့်ထိုင် ကာ အမောဖြေနေစဉ် သူကြီး ဦးရွာချစ် က ကျွန်တော့် ကို မေးခွန်းထုတ် လိုက်ခြင်း ဖြစ်သည်။
“ဟင် မသိဘူးလေဗျာ။ လူတွေ အ ကုန်လုံး ထပြေးကြတာပဲဟာ။ ရန်သူ လာလို့ ပြေးတာဖြစ်မှာပေါ့၊။ ဟုတ် ဟုတ် ဟုတ် ရဲ့လား၊ ကျ ကျ ကျွန်တော်တော့ ဘာ ဘာ ဘာမှ မ မတွေ့ ခဲ့ပါ ပါဘူး”၊  ကျွန်တော် က သူကြီး ကို နားမလည် သလို ကြည့်သည်။ 

ကျွန်တော့်ဘေးတွင် အမော မပြေနိုင်သေး ဘဲ ရပ်နေ သည့် ပြည်သူ့ စစ် ခေါင်းဆောင် ကိုကြည့်သည်။ သူတို့နှင့် စကားပြောရင်း က ပတ်ဝန်းကျင်ကို သတိ ထားမိသည်။
ကျွန်တော်မှ လွဲ၍ လူတွေ အားလုံး ပေါင်ဒါ များ ဖွေးဖွေးဖြူအောင် လိမ်း ထားသည့် မျက်နှာကိုယ်စီနှင့်။ ချွေး စီးကြောင်း များက ပါးပြင်နှင့် နဖူးပြင်ပေါ်တွင် အထင်အရှား တွေ့နေရ၏။ ကျွန်တော်က မကျေနပ်ချက်ကို ထုတ်ပြောမိသည်။

“ဒါဖြင့် သူကြီး ကကော ဘာပြုလို့ ဒီကို ပြေးလာ တာလဲ”
“မ မ မသိဘူးလေ။ ကင်း ကင်း သမားတွေတွေက ကျုပ် ကျုပ်ဘေးက ထ ထ ထပြေးတော့ ကျုပ်ကျုပ်လည်း လိုက်ပြေးပြေးလာရ ရတာပေါ့”၊
သူကြီးရဲ့အဖြေ က ကျွန်တော့် အဖို့ ငိုရ အခက် ရယ်ရ အခက်။ ကျွန်တော် က ဆောင့် ကြောင့် ထိုင်ရာ က မြေကြီးပေါ် ခြေပစ် လက် ပစ် ဖင်ချ ထိုင်လိုက်ရတော့သည်။ သည်ကြားထဲ သူကြီးနှင့်သူ့ဘေးက ကင်း သမား ဖြစ်ဟန် တူသူ ရွာသားများ ရဲ့ မျက်နှာများ ကို ကြည့်ပြီး ကျွန်တော့် မှာ ရယ်ချင်စိတ်ကို မနည်း အောင့် ထားရ၏။ သူတို့ မျက်နှာများပေါ် က ပေါင်ဒါများ မှာ ချွေးစီးကြောင်းများ ကြားမှ ဖွေးဖွေးဖြူလျက်။
“ရန်သူ လာလို့ ရန်သူမြင်လို့တော့ မဟုတ်ဘူး နဲ့ တူတယ်။ ရန်သူ လာတာဆိုရင် ပစ်ပြီ ခတ်ပြီပေါ့။ ခုဟာက တစ်ယောက်ယောက် က လန့်ပြီးအော်ရာ က အကုန်လုံး ထွက်ပြေး ကုန်တာပဲ ဖြစ်မယ်”
ကျွန်တော် ကတော့ ဘာမျှ ထပ်ပြီး ထင် ကြေး မပေးနိုင်တော့ပါ။ ရွာခံများ ကိုယ်တိုင်က အခုလို ထွက်ပြေး လာကြပြီမို့ ကျွန်တော်သည် လည်း ထွက်ပြေးရုံမှ တစ်ပါး အခြား မရှိတော့ဟု တွေးမိ၏။
“ခုမှတော့ မထူးဘူး။ အရိပ် အခြေ စောင့်ကြည့်ရဦးမယ် ထင်တယ်။ အတီး လ ည်း ပါလာတဲ့ ကင်းသမားနဲ့ ခဏ ဒီမှာ စောင့်နေဦးပေါ့။ ဟော ဆရာကြီး နဲ့ အတူ ပါလာတဲ့ လူတွေတောင် ရောက်လာပြီ”
ကျွန်တော်နှင့် အတူ ပြေးလာသည့် ပြည် သူ့စစ်ခေါင်းဆောင် က အောက်ဘက် ကို ငုံ့ကြည့်ရင်းပြောလိုက် ၏။ လူ ဆယ်ယောက်ခန့် ကုန်းပေါ်သို့ အမော တကော ရောက် လာကြပြန်သည်။ တလိုင်း ကရင်ရွာသူကြီး ဦးအောင် က လူအုပ်ထဲမှ ထွက်ကာ ကျွန် တော့်ကို ပြုံးပြ၏။
“ဆရာကြီး အတွက် စိတ်ပူနေတာ တော်ပါသေး ရဲ့ ဒီအထိ ပါလာလို့။ ကျွန်တော်တို့ က ရွာထဲ မှာပဲ ရှိနေသေး တာ။ ပွဲလန့်ပြီး သူများတွေပြေးမှ ကိုယ်လည်း လိုက်ပြေး ရတာ။ ဘာဖြစ်မှန်းလည်း မသိဘူး၊ ရန်သူ လာတာ ကောဟုတ်ရဲ့လား”
“ဘယ်ကလာ ဟုတ်ရမှာလဲ၊ စိတ်ပူ လို့ သာပြေးရတာ။ ရန်သူလာတာ ဆိုရင် ဒီလို ထွက်ပြေးပုံ မျိုးနဲ့ အပစ်ခံရ တာ အနည်းဆုံး တစ်ယောက်တော့ သေမှာ သေ ချာတယ်”
သူတို့ အချင်းချင်း အချီ အချ ပြောဆိုငြင်းခုန်နေကြစဉ် ကျွန်တော် ကတော့ လူ သွားလမ်းဘေးတောစပ် တွင် လဲလျောင်း အမောဖြေနေရတော့၏။ အမောဖြေနေ စဉ် အရိုးကောက်ပွဲ ကျင်းပရာ ကွင်းထဲ စိတ်ရောက် သွား၏။
“အော် ဒါထက် ကျွန်တော်တို့ ထပြေးတုန်းက ဖျာတွေ၊ ဓာတ်ဘူးတွေ၊ ပန်းကန်တွေ ဒီအတိုင်း ထားခဲ့ရတာ လူတွေ တက်နင်းမိကုန် မလား မသိဘူးဗျ” ကျွန်တော်က စိုးရိမ်စိတ်နှင့် ပြောမိသည်။
“ဟာ ဒါတော့ မပူနဲ့ ဆရာကြီး ပစ္စည်းပိုင်ရှင်တွေ က သူ့ပစ္စည်း သူယူပြေးကြမှာ သေချာတယ်။ ဒီအတွက် ဘာမှ စိတ်မပူနဲ့ အောင်မယ်လေး ဒါမျိုးက ကျွန်တော်တို့ အဖို့ ရိုးနေပြီ။ စိတ်ချ ဘာမှမဖြစ်ဘူး”
ကျွန်တော့်ဘေးနား ကပ် ထိုင်နေသည့် ပြည်သူ့စစ်ခေါင်းဆောင် က ဂုဏ်ယူ သလို ဖြေလိုက်သည့်စကားကို ကျွန်တော် စဉ်းစားသည်။ 

သူပြောတာ ဟုတ်ကောင်း ဟုတ်နိုင်သည်ဟု တွေးသည်။ ယခု ကျွန်တော် တို့ ရောက်နေ သည့် တောင်ခြေတောတွင်း တောင်ကုန်းဆီ ကို သူတို့အားလုံး လာစုမိ သည်ကို ကြည့်ပါက သည်လိုပဲ ထွက်ပြေးတိမ်းရှောင်ရသည့် အချိန်တိုင်းလာပုန်းနေကြသည့် နေရာတစ်ခုဖြစ်မည်ဟု ကျွန်တော် သဘောပေါက် လာခဲ့၏။
(ဃ)
“ဟော ဆိုင်းသံလားလို့”

တောင်အောက်ခြေ ရွာဘက်ဆီ က ဆိုင်းသံ ကို အတိုင်းသားကြားလိုက် ရသည်။ လူတွေ အားလုံး ခေါင်း ထောင် လာကြသည်။ တချို့က ထိုင်ရာက လူးလဲပြီး ထရပ်ကြ၏။
“ပွဲပြန် ပြန် စ စ နေပြီဟ။ ကဲ ဆ ဆရာကြီး အခြေအနေကောင်း ကောင်းသွား ပြီ။ ကျွန်တော်တို့ သွား သွား ကြရအောင်”
ကျွန်တော် ကတော့ စိတ်မချနိုင်သေးပါ။
“ပြန်သွားလို့ ဖြစ်ပါ့မလား သူကြီးရာ တော် တော်ကြာ တကယ် ထပ်လာနေ ဘယ်လိုလုပ်မလဲ။ ခဏထပ် စောင့်ကြည့်တာ မကောင်းဘူးလား”
“ဘာ ဘာမှ မဖြစ်တော့ပါဘူး။ ဒီ ဒီတစ်ခါ ကျွန်တော် ကိုယ်တိုင် ကင်း ကင်း လိုက်ချမယ်။ ဒီကောင်တွေ အရမ်း ရမ်းကာရောတော့ မလာရဲ ပါဘူး။ စိတ် စိတ်ချ၊ ကျွန် တော်က စိတ် စိတ်မချရရင် ဘယ်ဆရာကြီး ကို ခေါ်ခေါ်ပါ့မလဲ။ ကျ ကျွန်တော့်မှာ တာ တာဝန်ရှိတာပဲဟာ”
ကျွန်တော်တို့ အားလုံး တောင်အောက် ကို ပြန်ဆင်း လာခဲ့ကြသည်။ ကျွန်တော် ကတော့ လူအုပ်နှင့် ရောပြီး လိုက်လာ ရသည့် တိုင် ခြေလှမ်းများ က တုံ့ဆိုင်းလျက်။ ရွာအ၀င် တွင် သူကြီးဦးရွာချစ်နှင့် ကင်းသမားတချို့ ကျွန်တော်တို့နှင့် လမ်းခွဲကာ ရွာထဲသို့ဝင်၏။ 

ကျွန်တော်တို့ ဧည့်သည် လူအုပ် ကို ပြည်သူ့ စစ်ခေါင်းဆောင် က ရှေ့ဆောင် ကာ အရိုး ကောက်ပွဲကွင်းထဲ ၀င်လာခဲ့ကြ၏။ လူတွေ အရင်ကထက် ပိုများနေသည် ကို သိသိသာသာ တွေ့ နေရ၏။ “အောင်မယ် တခြား ရွာ က ဧည့်သည် တွေတောင် တော်တော်စုံတာပဲ”
ပြည်သူ့စစ်ခေါင်းဆောင် က ကွင်းထဲက လူတွေ ကိုကြည့်ကာ တက်ကြွပျော်ရွှင်နေ ၏။ စည်းဝိုင်းဘေးတွင် လူတွေ သူ့ ထက်ငါ တိုးခွေ့ နေရာ ယူထားကြ၏။ ကျွန်တော်တို့ မူလနေရာ ယူခဲ့ရာနေရာတွင် ဖျာတစ်ချပ် အဆင်သင့် ခင်းလျက်။ ဓာတ်ဗူး တစ်လုံး ထောင်လျက်။ ဇွန်းတပ် သကြား တစ်ပုဂံက နေရာမပျက်။
ကျွန်တော် အံ့သြသွားရသည်။ သည်လို ကျတော့လည်း အဟုတ်သားပါ ကလားဟု ချီးကျူးမိသည်။

 ပြည် သူ့စစ် ခေါင်းဆောင်ပြောခဲ့သည့် စကား အရ ပစ္စည်း ပိုင်ရှင်များက ကိုယ့်ပစ္စည်း ကိုယ် ကောက် ယူပြေးလွှား သွားခဲ့ကြသည် မှာ သေချာသွားတော့၏။ ကျွန်တော် က ဧည့်သည်တော် အတွက်ခင်းပေး ထားသည့် ဖျာ ပေါ်တွင် ကျကျနနထိုင်သည်။ ပုဆိုးဖြင့် ထုပ်ထားသည့် ပစ္စည်းများကို ဖြေသည်။ အသံဖမ်းစက် ကလေးကို ဖွင့်သည်။ ကင်မရာလေးကို ပြင်သည်။ ထို့ နောက် ဆူဆူညံလျက်ရှိသည့် ဆိုင်းသံကို အသံဖမ်း သည်။
ညာသံပေး အော်ဟစ်သံ များကို အသံဖမ်းသည်။ လက် ဝှေ့သမား များကို မီး တ၀င်းဝင်းနှင့် ဓာတ်ပုံ အမျိုးမျိုး ရိုက်သည်။ ကျွန်တော် က လုပ်စရာ အလုပ် များကို ဆက်တိုက် လုပ်နေရပေသည့် စိတ်ကတော့ မချ။ ဘယ် အချိန် ရန်သူလာ သည်ဟု ဆိုကာ ပွဲပျက် သွားမည်ကို စိုးရိမ် နေသေးသည်။ ထို့ကြောင့် စိတ် တထင့်ထင့် နှင့် အလုပ်လုပ်နေရ၏။ ရွာသူကြီး ဦးရွာ ချစ်နှင့် တလိုင်းကရင်ရွာသူကြီး ဦးအောင် တို့လူသိုက် ဘယ်နေ ရာရောက်နေပါလိမ့်ဟု တွေးနေမိသည်။

ဆိုင်းသံများ ခဏ ရပ်သွားသည်။ လက်ဝှေ့ပွဲ တစ်ပွဲပြီးသွားသည်။ လူတွေ တဝေါဝေါနှင့် ဆူညံ လာပြန် သည်။ နောက်ထပ် လက်ဝှေ့ ပွဲ တစ်ပွဲပြန်စ ရန် ဒိုင်လူကြီး က ကွင်း လယ်မှ ရပ်ကာ အော်ပြောနေသည်။ ဒိုင်လူကြီး ၏ အသံကို ကောင်းစွာ မကြားရ။ 

ကျွန်တော်က လူတွေ ဆူဆူ ညံညံဖြစ်နေသည့် အတွက် စိုးရိမ် စိတ် ပိုဖြစ် လာရ ပြန်သည်။ အရေးထဲ ရွာသူကြီး ဦးရွာချစ်တို့ လူသိုက် ဘယ်သွားနေပါလိ မ့်ဟု စိတ်ထဲက အပြစ်တင်မိ သည်။ ထို့ကြောင့် ကိုယ့်ဘေးနားတ စ် ၀ိုက်တွင် ရှိလိုရှိငြား လိုက်ကြည့်သည်။

ကံအားလျော်စွာ ရွာသူကြီး ဦးရွာချစ်တို့ လူသိုက် ကို ကျွန်တော်နှင့်ဘေးချင်းယှဉ် ရင်ပေါင်တန်း ထိုင်နေကြ သည်ကို တွေ့လိုက်ရ၏။ အစ ပထမတော့ သူတို့လူသိုက်ကို  ကျွန်တော် မမှတ်မိ။ သေသေချာချာ ကြည့်မှ သူတို့မျက်နှာများ ကို ကျွန်တော် မှတ်မိသွားသည်။
ရွာသူကြီး ဦးရွာချစ်ခေါင်းဆောင်သော လူဆယ်ယောက်ခန့် မှာ ကွင်းဘေး လူအုပ်၏ ရှေ့တွင် ဟန် ပါပါ နေရာ ယူထိုင်နေကြ၏။ သူတို့ အားလုံး၏ မျက်နှာများပေါ်တွင် ပေါင်ဒါမှုန့်ရေေ ဖျာ်ပြီး ထူပိန်းနေအောင် လိမ်းကျံ ထားသဖြင့် ကျွန်တော့် မှာ သူတို့ လူအုပ် ကို ရုတ်တရက် မမှတ်မိခြင်း ဖြစ်သည်။ 

ဦးရွာချစ် က ကျွန်တော့်ကို ပြန်ကြည့် သည်။ ထို အကြည့်ထဲ ၌ ဂုဏ်ယူ ၀ံ့ကြွားသည့် အကြည့်များ ပါရှိနေ သည်ကို မူ အထင်အရှား ကျွန်တော် တွေ့လိုက်ရ၏။



 Written by  ငြိမ်းဝေ (ကဗျာအိုးဝေ)
From... http://www.searchmyanmar.com/link/frame/cid/45957

No comments:

Post a Comment