Wednesday, January 7, 2015

တရုတ်နှင့် ထိုင်း စာပါ စားသုံးရန် မသင့် တားမြစ် ထားသည့် စားသောက်ကုန် များ မန္တလေးမြို့တွင် ထုတ်လုပ်နေ ဟု ဆို

နေပြည်တော် (မဇ္ဈိမ)။ ။ စားသုံးသူရေးရာ ကော်မတီနှင့် FDA (အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန) တို့က စားသုံးရန် မသင့် ဟု တားမြစ် ထားသော အစား အသောက်များ ထဲတွင် ပြည်တွင်းမှာ ပင် အတု ထုတ်လုပ် သည့် တရုတ်စာနှင့် ထိုင်းစာ များ ရိုက်နှိပ် ထားသည့် စားသောက်ကုန် အချို့လည်း ပါ ၀င်နေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ဦးစီး ဌာန တွဲဖက် အတွင်းရေးမှူး (၂)၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော် က မဇ္ဈိမကို ပြောသည်။

Market
မုန့်မျိုးစုံရောင်းချသည့် ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

“ဈေးကွက်ထဲ စစ်ဆေးတဲ့ အချိန်မှာ တရုတ်စာတွေ ပဲ ရိုက်နှိပ်ဖော်ပြ ထားတဲ့ အစား အသောက်တွေ ကို တွေ့ ရတယ်၊ အဲဒီ အစားအသောက် ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေ ဖော်ပြ ထားတာ မရှိဘူး၊ ထောက်ခံချက်တွေ ဘာမှ ဖော်ပြ ထားတာ မပါဘူး” ဟု ၎င်းက ပြောသည်။

ယင်း ကဲ့သို့ တရုတ် စာများဖြင့် ဖော်ပြ ထားသည့် စားသုံးရန် မသင့်ဟု တားမြစ် ထားသော မုန့် အများစု ကို မန္တလေးမြို့ တွင် ထုတ်လုပ် လျက် ရှိနေသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူ အငြင်းပွား မှုဖြေရှင်းရေး အဖွဲ့က သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ဥပဒေအရ အရေးယူခြင်း များကို ဆောင်ရွက်လျက် ရှိ ကြောင်း လည်း ၎င်းက ဖြည့်စွက်ပြောသည်။


 
“အားလုံး မဟုတ်ပေမယ့် အများစု ကတော့ မန္တလေးမြို့ မှာ ထုတ်လုပ်နေတယ်၊ နယ်စပ်တွေ ကနေ တရား မဝင် သွင်း တာလည်း ရှိကောင်း ရှိမှာပေါ့၊ နယ်စပ် ဂိတ်တွေ ကနေ တရားဝင် သွင်းမယ် ဆိုရင်တော့ သက် ဆိုင်ရာ ဓာတ်ခွဲခန်းတွေ ကို ပေးပို့ စစ်ဆေးပြီး ထောက်ခံချက် လက်မှတ် ရမှ တင်သွင်းခွင့်ပေး ပါတယ်” ဟုလည်း ဦးခင်ဇော် က ရှင်းပြသည်။

ထို့အပြင် ထိုင်းနိုင်ငံ ထုတ် အချိုရည်၊ ငံပြာရည်၊ စားသုံးဆီ များလည်း အတု များ ထွက်ရှိနေပြီး မြန်မာပိုင် နယ် စပ်မြို့များ ကပင် ယင်း စားသောက်ကုန် အတုများ ထုတ် လုပ်လျက် ရှိနေကြောင်း၊ သို့ရာတွင် စစ်ဆေးဆဲ ကာလ တွင် သတင်း ထုတ်ပြန်ခြင်း မပြုရန် ကော်မတီ စည်းကမ်းချက် များကြောင့် ဇန်န၀ါရီလကုန် မှသာ လချုပ် သတင်း အဖြစ် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဆိုသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တွဲဖက် အတွင်းရေးမှူး ဦးခင်ဇော် က ငံပြာရည် အတုနှင့် စားသုံးဆီ ထုပ် အတု တို့ကိုပြ၍ “ဒါတွေ က ထိုင်း နိုင်ငံနဲ့ နီးတဲ့ နယ်စပ်မြို့တွေ မှာ စစ်ဆေး လို့ တွေ့ရှိ ခဲ့ တာပါ၊ တကယ့် အစစ်နဲ့ မခြား လုပ်ထားပေမယ့် ကျွန်တော်တို့ မှာ အတု အစစ် ခွဲဖို့ ဓာတ်ခွဲ ခန်းတွေ စက် ပစ္စည်းတွေ လုံလောက်စွာ ရှိပါတယ်” ဟု ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးက ဥက္ကဋ္ဌ၊ ၀န်ကြီးဌာန အားလုံး၏ ဒုတိယ ဝန်ကြီးများ၊ စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ် ဖွဲ့စည်းထားသည့် စားသုံး သူ အကာ အကွယ်ပေးရေး ကော်မတီ သည် အစားအသောက် ၊ဆေးဝါး ၊အလှကုန် များသာမက အ၀တ် အထည်၊ အိမ်သုံး ပစ္စည်းနှင့် ငွေကြေး ဆိုင်ရာ ဘဏ် လုပ်ငန်းများ ကိုပင် ကိုင်တွယ်ဖြေရှင်းမှု များ ဆောင် ရွက်လျက်ရှိ သည် ဟု ဆိုသည်။



 Written by  အောင်သူရထွန်း 
mizzima daily
From... http://www.searchmyanmar.com/link/frame/cid/45705


No comments:

Post a Comment