Sunday, January 11, 2015

ရွှေတိဂုံ ကို မြင်လျှင်




 ရန်ကုန်မြို့ကြီး ရဲ့ အချက်အချာ နှလုံး သည်းပွတ် ကို ပြပါ ဆိုရင် လူတော်တော် များများ ကမြို့လည်ခေါင် ဗဟို ချက်က ဆူးလေစေတီကြီး ကို ပြကြ မှာ ဖြစ်ပေမယ့် ကိုယ် ကတော့ မြို့ထဲ နဲ့ မလှမ်း မကမ်း က ရွှေတိဂုံစေတီတော်မြတ်ကြီး ကို ပြချင်တာပါပဲ။ 

စက်ဝိုင်း တစ်ခု ရဲ့ ဗဟိုချက် ကိုပြချင် တာမှ မဟုတ်တာ။ သည် အရပ် သည်ဒေသ မှာ ရန်ကုန် ရယ် လို့ မြို့ကြီးပြ ကြီး တည်ဆောက်နေဖြစ်အောင်မြန်မာ လူမျိုးတွေ ရဲ့ နှလုံး သည်းပွတ် ကို နှောင်ဖွဲ့ ရစ်တွယ် ထား တဲ့ သာသနိက အဆောက် အဦကြီး တစ်ခုမဟုတ်လား။ 

ရန်ကုန်မြို့ ရဲ့ သမိုင်းကြောင်း ကို ပြန်ကောက် တိုင်း ရွှေတိဂုံစေတီတော်ကြီး ရဲ့ ဗုဒ္ဓဝင် ဇာတ်ကြောင်း က မပါ မဖြစ် ပါလာ ရဦးမှာပဲ။ ဒါပေမယ့် လည်း ကိုယ်နဲ့ ဘာသာ မတူတဲ့ လူတွေကို ပြောပြတဲ့ အခါမှာတော့ မယ်လမု မင်းသမီးလေး နဲ့ ဘိုးတော် သိကြားမင်း က ဥက္ကလာပ မင်းကြီး ကို ဖွားမြင်တယ် ဆိုတဲ့ အပိုင်း ကျရင် သူတို့ က Legendary တွေ ပါလာပြီ လို့ ပြော စရာဖြစ်တယ်။

 နိုင်ငံခြားသား ဧည့်သည်တွေ ရင်သပ် ရှုမောအံ့သြရတဲ့ အပိုင်း ကတော့ ထူးခြားတဲ့ ပိသုကာ လက်ရာ နဲ့ ရွှေ တန် ချိန်ပေါင်း များစွာ ကပ်လှူပူဇော် ထားတာရယ်၊ အဖိုးတန် ကျောက်မျက် ရတနာတွေ စီခြယ် ထားတဲ့ စိန် ဖူးတော် ငှက်မြတ်နားတော်မြတ်တွေရယ် ပဲရှိမှာပေါ့။ 


ဘုရားပေါ် မှာ မြင်တွေ့နိုင် တဲ့ မြန်မာမှု အနု ပညာ လက်ရာတွေ ကတော့ ဓမ္မစေတီ မင်းကြီးခေတ်လောက် က အစောဆုံး ရှိလိမ့် မယ်။ တော်တော် များများ က ကုန်းဘောင်ခေတ် လက်ရာ နဲ့ ကိုလိုနီခေတ် လက် ရာတွေ ပါ။ 

 ငွေကြေး အားဖြင့် ရေတွက်နိုင်တဲ့ တန်ဖိုး၊ ယဉ်ကျေးမှု လက်ရာ၊ သမိုင်းအမွေ အနှစ်အားဖြင့် အဖိုး မဖြတ်နိုင် တဲ့ တန်ဖိုးတွေ ထက် နှိုင်းယှဉ် မရအောင် အထွတ် အမြတ် ထားသင့်တာ ကတော့ ကိုယ်တို့ ကိုးကွယ်တဲ့ ဘာသာရေး အရ အစားထိုး မရနိုင်တဲ့ တစ်ခု တည်းသော သာသနိက အဆောက်အဦး  ဖြစ်နေတာပါပဲ။ 

သိလွန်းအားကြီး လို့ဟုန်နေ တဲ့ အဲသည် အကြောင်း ကလေး ကို သည် တစ်ခါတော့ သေသေ ချာချာ မှတ်မှတ် သားသား ရှိအောင် ပြောပြချင် ပါတယ်။ ကိုယ့် သမီး အပါအဝင် နှောင်း လူတွေ နားမျက် စိလျှံနေ မှာ စိုးလို့။ 

ကိုယ် တို့ ဗုဒ္ဓ ဘာသာဝင်တွေ အတွက် စေတီ ပုထိုးတွေ ဘယ်လောက်ပဲ တည်ထား ကိုးကွယ် ပလေ့စေ။ သည်ရွှေတိဂုံစေတီတော်မြတ်ကြီးလောက် အဦး အဖျား ရှေ့သွား ပထမ ဖြစ်တာ မရှိဘူး။ ဘာဖြစ်လို့  ဆိုတော့ သက်တော် ထင်ရှား မြတ်စွာဘုရား အမှတ်နဲ့ နောင်လာနောက်သား များ ရှိခိုးကော်ရော် ဖူးမြှော် စရာ ဌာပနာတော်မြတ် ဖြစ်တဲ့ ဆံတော် ရှစ်ဆူ ကို ကုန်သည် ညီနောင် လက်ခံရ တဲ့ အချိန် တုန်းက သာသနာတော် မှာ ကိုးကွယ် စရာ ရတနာ ၃ ပါးတောင် မပြည့်သေးဘူး။ 

ပဉ္စဝဂ္ဂီ ငါးဦး ကို တရားဦး မဟောရသေးတဲ့ အတွက် သံဃာ ရယ် လို့ မရှိသေးဘူး။ ဘုရားဖြစ်တော် မူပြီးနောက် ၇ နေရာ မှာ ၇ ရက် တိုင်တိုင် မဂ်ဖိုလ် ချမ်းသာ ခံစားတဲ့ သတ္တဌာန ထဲက လင်းလွန်းပင် သတ္တာဟ မှာ စံတော် မူစဉ် ပေါက္ခရဝတီမြို့က လာတဲ့ကုန်သည် ညီနောင်က ဖူးမြင် မိပြီး ကြည်ညိုလွန်းလို့ ပျားမုန့် ဆွမ်းတွေ ဆက်ကပ်ပြီး ဥပသိကာ အဖြစ် ကိုးကွယ်တဲ့ အချိန်မှာ ဘုရားရှင် က သူတို့ကို တရား မဟောနိုင်သေးဘူး။ 

အတိတ်ရှေး ဘဝ က ဆုပန် လာတဲ့ ဧတဒဂ် ဥပသိကာတွေ မို့ သူတို့ ဟာ မြတ်စွာဘုရား ကို မြင်ရုံနဲ့ အတိုင်း မသိ ကြည် ညိုတယ်။ နောင်ကို လည်းကိုယ်စားတော် အဖြစ် ရည်စူး ကိုးကွယ် စရာ တောင်းတဲ့ အခါ မြတ်စွာ ဘုရား က မဏိတော် ကို လက်တော် နဲ့ သပ်လိုက်တော့ ဆံတော် ၈ ဆူ ပါလာသတဲ့။ 

ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ  နဲ့ ဘုရားရှင် က ပေးသနား လိုက် တဲ့ ဆံတော် ၈ ဆူ ဆိုတာ ကိုယ်ပွားတော် ၈ ဆူ အလား တန်ဖိုး ရှိပေတယ်။ ကိုယ်တို့မြတ်စွာ ဘုရား ဆင်း တုတော်တွေ မှာ ရဟန္တာ မထေရ်မြတ် များလို ဦးပြည်း ဆံချ မဟုတ်ပဲ ဘီးဆံထုံး ကလေး ထိပ်က တင်ထား သလို ထုလုပ် ပူဇော်ကြတယ် မဟုတ်လား။ 

အဲ့ဒါ ဘာဖြစ်လို့လဲ ဆိုတော့ အနော်မာမြစ်ကမ်း ကို ဖြတ်ကူးပြီးတဲ့ အခါ သျှောင်တော်မြတ် ကို လက်က ကိုင်ပြီး သံလျက်တော် နဲ့ဖြတ် လိုက်တော့ အဓိဋ္ဌာန် ရှိတဲ့ အတိုင်း ဆံတော်တွေ က ကောင်းကင်မှာ ပန်းဆိုင်း နဲ့ ဆွဲထား သလိုတည်နေ သတဲ့။ 

မဏိတော် မှာ ကျန်ရစ် တဲ့ ဆံတော် များ ဟာလည်း အထက်ကောင်းကင် သို့သာ ညွှတ်လျက် လက်တော်နဲ့ စုစည်း ထားတဲ့ အတိုင်း တည် သတဲ့။ အဲသည် ကျမ်းဂန်တွေ ထဲမှာ ပါတဲ့ အတိုင်း ရုပ်ပွားတော်တွေ ထုလုပ် ကိုးကွယ်ကြတော့ သည် ကနေ့ ကိုယ်တို့ ဖူးမြင်ရတဲ့ ဆင်းတုတော်တွေ အတိုင်းတွေ့ရတာပေါ့။

အဲ့ဒီတော့ ကိုယ် တို့ ဗုဒ္ဓဝင် သမိုင်း မှာ ဗုဒ္ဓ နဲ့ ပတ်သက် လာရင် ဆံတော် ဟာ အထွဋ် အမြတ် ထိပ်ခေါင် ပဲ။ ပထမ ဦးဆုံး ချီးမြင့်တော် မူခဲ့တာ ဖြစ်သလို နောက်ထပ် တခြားသူတွေ ကို ထပ်ပြီးချီးမြင့် ခဲ့တယ်လို့ ဘယ် ကျမ်းဂန် မှာမှ မဖတ်မိဘူး။ 

အဲသည် ရှားတောင့် ရှားပါး ဆံတော် များကို တည်ထား ကိုးကွယ်တဲ့စေတီ ဆိုတာ ကိုယ်တို့မြန်မာပြည် မှာပဲ ရှိတယ်လေ။ ရန်ကုန် မှာ ပဲ ရှိတယ်လေ။ ရွှေတိဂုံ မှာပဲရှိတယ်လေ။ အဲ့ဒါ ကိုယ်တို့ ရထားတဲ့ ဗုဒ္ဓ ရဲ့အမွေ အနှစ် စစ်စစ် ပဲ။ သာသနာ ဦး ကတည်းက ဆက်ခံ ထိမ်းသိမ်း လာခဲ့ တာသည် ကနေ့ထိ တိုင်အောင် တင့် တယ် စွာ စံပယ်လျက် ရှိတုန်းပဲ။ 

ဆံတော် အမွေတွေ ခံယူ ခဲ့တဲ့ တဖုဿ         နဲ့ ဘလ္လိ  က ကုန်သည် ညီနောင် ဟာ မြန်မာပြည်သားတွေ ပါလို့ မှတ်ပုံ တင် မပြနိုင်ပေမယ့် ဆံတော် များကို လက်ခံ ယူပြီး စေတီ တည်ထား ကိုးကွယ်မယ့် ဘုရင် မင်းမြတ် ကတော့ ဒဂုံနေပြည်တော် က ဥက္ကလာပ မင်းကြီး ဖြစ်တယ်။ 

သူဟာ လည်း သာသနာတော် မှာ ပထမဦးဆုံး ဘုရား ဒါယကာ ဥပသိကာကြီးမို့ လို့ ရှေးဘဝ ဆုတောင်းနဲ့ လာတာ ပဲ။ သိကြားမင်း နဲ့ မယ်လမု ကို မယုံချင်နေ၊ ရွှေတိဂုံစေတီကြီး ရဲ့ မူလ ပထမ ဘုရား ဒါယကာကြီး ဆို တာတော့ မယုံလို့ မရဘူး။

သမိုင်း အထောက် အထားတွေ အရ ကိုယ်တို့မြန်မာပြည် မှာ ဗုဒ္ဓဘာသာ ထွန်းကား လာတာက အနော်ရထာ မင်းနဲ့ ရှင်အရဟံ တို့ သုဝဏ္ဏဘူမိ က ပင့်ဆောင် လာတယ် ဆိုပေမယ့် သမိုင်း မတင်မီခေတ်က ဥက္ကလာပ မင်းကြီးရွှေတိဂုံစေတီ တည်ခဲ့တယ် ဆိုရင် အဲသည် အချိန် ကတည်းက သူတို့က ဗုဒ္ဓဘာသာ ဝင်တွေ ဖြစ်ပြီးနေလို့ပေါ့။ 

ဒါပေမယ့် လည်း စာတွေပေတွေ နဲ့ ကျောက်စာရေးထိုး မှတ်တမ်း တင်နိုင်တာ ပျူ၊ ဟန်လင်း၊ သရေခေတ္တရာ၊ ပုဂံခေတ်လောက် ရောက်မှ ဆိုတော့ သူ့ရှေ့က ဟာတွေကို ပါးစပ် ရာဇဝင် မှာပဲ ထားတယ်။ ဘာသာရေး အထွဋ် အမြတ် ပစ္စည်းမို့လို့ ဆံတော် ကို ကာဗွန် သက်တမ်း စစ်ဆေးတယ်တို့။ 

ဒီအန်န်အေ စစ်တယ် တို့  ဘာတို့ မကြား  မိဘူး။ မယုံချင်  တဲ့သူတွေ  မယုံနဲ့ပေါ့။ အတင်း မယုံခိုင်း ပါဘူး။ ဒါပေမယ့် ကိုယ်တို့ ကတော့ ယုံတယ်။ မယုံပါနဲ့ လို့ပြောချင် သလိုပြော။ သက်သေတွေ ပြချင် သလိုပြ။ ယုံမှာ ပဲ။ အဲ့ဒါ ကို သရဏဂုံ လို့ခေါ်တယ်။ 

ဗုဒ္ဓ ဘာသာဝင်ဖြစ်ဖို့ ဆိုတာ စကြာဝဠာ အနန္တ ကို မယုံလည်း ရတယ်။ ရတနာသုံးပါး ကိုသာ မမှိတ် မသုန် ယုံကြည်ဖို့ လိုတာ။ မဇ္ဖိမ မှာ အုတ်ပုံ ကမူ အဖြစ် အထောက် အထား အခိုင် အမာရှိနေတဲ့ ဗုဒ္ဓဝင် သာသနိက အဆောက် အဦး များလိုပဲ ကိုယ်တို့မြေပေါ် မှာတော့ ရွှေတဝင်းဝင်း နဲ့ မညှိုး မမှိန် ဂုဏ်ရှိန် တဝင့်ဝင့် လက်ညှိုး ထိုးပြ စရာ စေတီတော်ကြီး ရှိတယ်။

 ဒါကြောင့် ကမ္ဘာ အရပ်ရပ် က ဗုဒ္ဓဘာသာဝင် များ အတွက် အလေး အမြတ်ပြု စရာ၊ မြတ်နိုး ကိုးကွယ် ဖူးမျှော် စရာ၊ အံ့ဖွယ် ရာ အမွေ အနှစ်ကြီး ဖြစ်နေတာ။ဘုရား တည် သူ  ဥပသိကာ ဒါယကာတော်ကြီးများ ကသာ ရှေးဘဝဟောင်း က ဆုတောင်း ပါရမီ နဲ့ လာခဲ့ကြတာ မဟုတ်ဘူး။ 

ဘုရား တည်ရာ မဟာ ပထဝီမြေကြီး ကလည်း ကိုယ်တို့ မြန်မာပြည်ပေါ် မှာ ဘူမိနက်သန် မှန်လို့ တည်နေ တာ။ သည်မြေ သည်နေရာ မှာ ရှိကို ရှိရမယ် ဆိုပြီး လာတာ ဂေါတမမြတ်စွာ ဘုရားရှင်ရှေ့ ပွင့်တော် မူပြီးသော ကကုဿ         န်၊ ကောဏဂုံ၊ ကဿ       ပြ မတ်စွာဘုရားရှင် တို့ရဲ့ တောင်ဝှေးတော်၊ ရေသနုတ်တော်၊ သင်းပိုင်တော် များကို ပါပြန်လည် တူးဖော်ဌာပနာထားတယ်။

 နောင်ပွင့်တော် မူမယ့် အရိမတ္တေးယျ ဘုရားရှင် လက်ထက် ကျရင် လည်း သည်နေရာမှာ ပဲ စေတီ တည် ထား ဦးမှာ။ အဲ့ဒါ ကတော့ သိင်္ဂုတ္တရ ကုန်းတော် တဲ့။ ဘဒ္ဒကမ္ဘာ အဦးအစ က ကြာနိမိတ်ပေါ် တဲ့နေ ရာဗြ ဟ္မာကြီးတွေ လာကြည့်တဲ့နေရာ လိုပဲ ဘုရားရှင် အဆူဆူ တို့ရဲ့ ဓါတ်တော်မွေတော် များ ကိန်းအောင်း ရာနေရာဆိုတာ ကမ္ဘာပေါ်မှာ တခြား ဘယ်နေရာမှာမှ မရှိဘူး။ 

ကိုယ်တို့ မြန်မာပြည်မှာ ပဲ ရှိတယ်။ ရန်ကုန်မှာပဲ ရှိတယ်။ ရွှေတိဂုံစေတီတော်ကြီး နဲ့ မရှေးမနှောင်း မှာပဲ ရန်ကုန် မှာ အမှတ်တရ တည်ထား ခဲ့တဲ့ ဘုရားစေတီတွေ ရှိသေးတယ်။ 

ဥက္ကလာပ မင်းကြီး ဗိုလ်ခြေ တစ်ထောင် နဲ့ စစ် အင်္ဂါလေးပါး ခင်းပြီးမြစ်ထဲ ရင်ခေါင်းမြုတ်သည့် တိုင်အောင် ဆင်းကြိုတဲ့ သန်လျက်စွန်း အနား က ကမ်းနား မှာ ဆံတော်ကြိုစေတီ တစ်ဆူ တည်ပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ လို့ တည်ထားတယ်။ 

အဲသည် ဘုရား က ဆံတော်ကြုပ် ထဲ မှာ ဗုဒ္ဓရဲ့ ဆံတော် ကို မျက်ဝါး ထင်ထင် ဖူးမြင်နိုင် တယ်။ ဆံတော် ကို မင်္ဂလာ ဆင်တော် နဲ့ ပင့်လာတော့ လမ်းမှာ ဆင်တော်က ၀ပ်ပြီး ဆံတော်ကြုပ်ပွင့် လို့ ရောင်တော် ကွန့်မြူး တယ် ဆိုတဲ့နေရာ မှာရွှေဘုန်းပွင့်စေတီ ဆိုပြီး တည် ထားတာ ရေကျော် အရပ်မှာ။ 

သိင်္ဂုတ္တရ ကုန်းတော် ဆိုတာ ဘယ်နားမှန်း မသိလို့ နတ်သက် အရှည်ဆုံး ဘုမ္မစိုး နတ်မင်းကြီးတွေ ကို ပင့် ဖိတ်ပြီး မေးမြန်း ဖို့ ဗိုလ်တထောင် ဘိုးဘိုးကြီး က ဤနေရာ ၌ စုလေ ဆိုပြီး လက်ညှိုး ညွှန်တဲ့ အရပ်မှာ စေတီ တည်တာ က အခုတော့ ဆူးလေစေတီ တဲ့။ 

ဒါကြောင့် ဗိုလ်တထောင် ဘိုးဘိုးကြီး က ဆူးလေဘက် လက်ညှိုး ညွှန်ပြီး ဆူးလေ ဘိုးဘိုးကြီး က ရွှေတိဂုံဘက် လက်ညှိုး ညွှန်တာ။ (ရွှေတိဂုံ ဘိုးဘိုးကြီး ကတော့ ငါ့ဟာတွေ အဲ့သည်ကောင်တွေ ဆီ ပါသွားပြီ ဆိုပြီး ဒဂုံ စီးတီး ရှိတဲ့ဘက် လက်ညှိုး ထိုးတယ် ဆိုလား။) 

 ရွှေတိဂုံစေတီတော်ကြီး ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ဘုရားရှင် ပွင့်တော် မူတဲ့ အချိန် ကာလ ကတည်း က တည်ရှိ ခဲ့တယ် ဆိုပေမယ့်လည်း သမိုင်း အထောက် အထား ပြစရာ လိုချင်ရင် ဆံတော် တွင်းထဲ ဆင်းမှ ရမယ်။ 

ဒါပေမယ့် ဘုရားကြီး ကို ပြုပြင် ခဲ့တဲ့ မင်း အဆက်ဆက် ဘယ်သူ က မှ အဲသည် ထဲ ဆင်းတယ် ဘာတွေတွေ့ တယ် လို့ မပြော ဖူးဘူး။ ကိုရင်လေး တစ်ပါးပဲ ရောက်ဖူး သလိုလို။ အာမေးနီးယန်း လူမျိုး တစ်ယောက်ယောက် ပဲ ဆင်းဖူး သလိုလို မရေရာတဲ့ ပုံပြင်တွေ ပဲ ကြားဖူးခဲ့တယ်။ 

ဒါပေမယ့် ကိုယ်တို့မြန်မာ ရာဇဝင်တွေ ထဲမှာ ဘယ်ရှင် ဘုရင် ပဲဖြစ်ဖြစ် ဥက္ကလာ ဒဂုံတိုင်း ကို ရောက်လာရင် တိဂုံ ဆံတော်ရှင်စေတီကြီး ကို အထွဋ် အမြတ် ထား ဝင်ဖူး ရတာချည့်ပဲ။ သာသနာတော် ဟာ ပုဂံခေတ် မတိုင်မီ သမိုင်း မှတ်တမ်း မရှိတဲ့ ကာလ ကတည်းက မြန်မာပြည် ကို ရောက်ခဲ့တယ် ဆိုပေမယ့် အဲသည်နောက် မှာ အချိန် အတိုင်း အတာတစ်ခု အထိ ညိုးမှိန်ပျောက်ကွယ်နေခဲ့ ပုံရတယ်။ 

ဒါပေမယ့် ရှိတော့ ရှိနေဆဲပဲ။ ဘာဖြစ်လို့ ဆိုတော့ ပဲခူးရွှေမောဓော ဘုရား သမိုင်း မှာ မွန်မင်း သမီး ကလေး ဟာ ဗုဒ္ဓဘာသာ မို့ မိစ္ဆာ အယူ ရှိသော မင်းနှင့် ပ ရိသတ် အပေါင်းကို အယူ ဝါဒ စင်ကြယ်စေခဲ့တယ် ဆိုတာ ပါတယ်။ 

ဟံသာဝတီ ပဲခူး ကို စတည်တော့ ကျေးကုလား များ နဲ့ အငြင်းပွားပြီး မှ အဲသည်ကျွန်းနုမြေ အရပ်ဟာ မွန်တွေ အပိုင်ဖြစ်ကြောင်း သက်သေပြ ရတာ။ ရွှေတိဂုံ ဘုရားကြီးနဲ့ ပတ်သက်လို့ လည်း အစောဆုံး သမိုင်း အထောက် အထား ကို ရှာချင်ရင် မွန် ရာဇဝင်တွေ ထဲမှာ လေ့လာမှရမယ်။ 

ရာဇာဓိရာဇ် ဖြစ်လာမယ့် အပသုန်ဗန်စက် ဟာ သူ့ခမည်းတော် ကို ပုန်စားတော့ ဒဂုံဘက် ဒလဘက် ဆင်းပြီး တိမ်းရှောင် ရသတဲ့။ ဟိုဘက် မှာ မြောင်းမြစားလောက်ဖျား တို့ သန်လျင်စား၊ မုတ္တမ စားတွေက သူ့ အတွက် ရန်သူတွေလေ။ 

ငယ် မယား တလမေထော ကို ပစ်ပြီး ဘုရားစောင်းတန်း က ပန်းသည် မလေး မွေမနိတ်ကို ယူတယ် ဆိုတော့ သူတို့ ချင်း ရွှေတိဂုံဘုရား မှာ တွေ့ကြတာ လားတောင် မသိ။ ဒီ အထိ က မသိချင် လည်း ထား လိုက်တော့။ သက်သေ မရှိဘူး။ 

ဒါပေမယ့် ရာဇာဓိရာဇ် ရဲ့ သမီးတော် ရှင်စောပုမင်း သမီး အင်းဝ က ထွက်ပြေး လာတော့မောင်ဖြစ် တဲ့ ဟံသာဝတီ ဘုရင် က လက်မခံ ရဲလို့ ကြခတ် ဝါးရံမြို့ သန်လျင် မှာ၊ (တချို့ ကလည်း ဒလ မှာ တဲ့) နန်း တည်ပြီး စံမြန်း ရတယ် လို့ဆိုတယ်။ 

ဒါပေမယ့် ရှင်စောပု ရဲ့ အသက် ဟာ ဒဂုံဆံတော်ရှင် မှာ တည်တယ်။နေ့တိုင်း မပြတ် ဖူးမျှော်ပြီး နန်းတော် ကိုတောင် စေတီတော်ကြီး ကို မြင်နေရတဲ့ အရပ် မှာဆောက် သတဲ့။ 

ရှင်စောပု ရဲ့ မောင်တော်၊ တူတော်တွေ အချင်း ချင်း ပြန် သတ်ပြီး တိုင်းပြည် မငြိမ် မသက်နဲ့ ဟံသာဝတီ မင်းဆက် ပြတ် မလိုဖြစ်တဲ့ အခါ မူးတွေမတ်တွေက မြန်မာရာဇဝင်မှာ တစ်ခါမှ မရှိ ဖူးတဲ့ ဘုရင်မကြီး အဖြစ် ရှင်စောပု ကို နန်းတင်ကြတယ်။ မွန်ဘာသာ နဲ့ မင်းအို လို့ ဘွဲ့တော် ခံသတဲ့။ 

အသက်ခြောက်ဆယ်ကျော် မှ နန်းစံ ရတဲ့ ရှင်စောပု က တိုင်းပြည် ငြိမ်သက်ရေးတွေ တဘက်က လုပ်သလို စိတ်ရော ကိုယ်ပါ အဓိကပြုသွား တဲ့ကောင်းမှုတော် ကတော့ ရွှေတိဂုံစေတီတော်ကြီး ပါပဲ။ 

ရှင်စောပု လွန်တဲ့ အခါ သူ့ကို အင်းဝ ကနေလှေ တစ်စင်း နဲ့ ကယ်ထုတ် ခဲ့တဲ့ မွန် ပဉ္ဇင်း လူထွက် ကလေးက ဓမ္မစေတီ ဘွဲ့ခံပြီး နန်းတက် တယ်။သူ ကိုယ်တိုင် စာတတ်ပေတတ် ရဟန်း ဘဝ က လာတာမို့ သူရှင် ဘုရင်ဖြစ်တဲ့ အခါ သူ့ အလေးချိန်၊ ရှင်စောပု အလေးချိန်၊သူ့ မိဖုရားကိုယ် အလေးချိန် အတိုင်း ရှိတဲ့ ရွှေ ကိုယ်လေး များ ကို အရည် ကျိုပြီး လုံးတော်ပြည့်ရွှေ သင်္ကန်း ကပ်သတဲ့။ 

 (မြန်မာ ရှင်ဘုရင်တွေ ဟာ နန်းတက် တာနဲ့ ရွှေ ကိုယ်လေးငွေကိုယ်လေးတွေ ထု လုပ်ပြီး နန်းဆောင်နဲ့ ကိုးကွယ် ရတဲ့ ဓလေ့ ရှိတယ် လို့ ကုန်းဘောင် ရာဇဝင်တွေ ထဲမှာလည်း ပါဖူးတယ်။) ရှင်စောပု လှူခဲ့တဲ့ ဝတ္တကမြေတွေ က ကျယ်လွန်း အားကြီးလို့ ရေရှည် မှာ ထိမ်းသိမ်းဖို့ မဖြစ်နိုင်တာကြောင့် ဝိနည်းတော်နဲ့ အညီ စီမံပြီး ဘုရားကြီး ကို ရွှေတွေ ပုံလှူခဲ့တာ လို့ပြောတယ်။ 

 ဘုရားကြီး လက်ရှိ ဥာဏ်တော် အမြင့် ကို တည်ခဲ့ တာ လည်း သူ့လက်ထက် မှာပဲ။ ဘုရားကြီး ရင်ပြင်တော်ပေါ် ကဒေါ်ငွေဇင် တန်ဆောင်းဘေး မှာ ဓမ္မစေတီ မင်း ကိုးကွယ်တဲ့ နန်းဦး ရုပ်ပွားတော် နဲ့ စေတီ ရှိတယ်။ 

 သွေးဆေးကန် ဘက် ကနေ ခပ်လှမ်းလှမ်း ဆင်းသွားရင် မျဉ်းပြိုင် လိုဖြစ်နေတဲ့ လမ်းနှစ် လမ်းကို ရှင်စောပုလမ်း နဲ့ ဓမ္မစေတီလမ်း လို့ နံမယ်ပေးထား တာလည်း အကြောင်း ရှိမှာပေါ့။ 

 ရွှေတိဂုံ ဘုရားတောင်ဘက်မုခ်အောက်နား က သခင်ကိုယ်တော်မှိုင်း အုတ်ဂူ တို့၊ ဦးသန့် အုတ်ဂူ တို့ နံဘေး မှာ ရှင်စောပု ဘုရင် မကြီး ရဲ့အုတ်ဂူ ရှိတယ်။

 မြန်မာ ရာဇဝင် ထဲမှာရွှေတိဂုံစေတီတော်ကြီး အထင်အရှား ပါခဲ့ တာက အလောင်း မင်းတြားကြီး ပထမမြန်မာနိုင်ငံတော် တည်ထောင်တဲ့ အခါ (ထားပါတော့လေ။ သမိုင်းထဲ သည် အတိုင်း ရေးထား လို့ပါ )  ရွှေတိဂုံစေတီတော်ရင်ပြင် မှာ အောင်မြေနင်းပြီး သူ့ အတွက် ရန်တွေ ကုန်သွား လို့ ရန်ကုန်လို့ အမည် တွင်စေ ရမယ်လို့ နံမယ် အသစ်ပေးသွားတာတဲ့။ 

ရန်ကုန်မြစ် ထဲ ခုထက်ထိ ဆည်လို့ မရသေးတဲ့ ခေါင်းလောင်းတော်ကြီး ဆိုတာ သူ့တူတော် စဉ့်ကူးမင်း ရဲ့ ကောင်းမှုတော်လေ။ ဘကြီးတော် လက်ထက် အင်္ဂလိပ် နဲ့ စစ်ဖြစ်တဲ့ အခါ ဟိုင်းကြီးကျွန်း တို့ ရှင်မဖြူကျွန်း တို့နဲ့ အကြောင်း ရင်း ခံ ခဲ့တယ် ဆိုပေမယ့် ခဏခဏ ရန်စ ငဖြိုးဖြစ်ရ တာက ရန်ကုန်မြို့ဝန် နဲ့ အင်္ဂလိပ် စစ်ဗိုလ်တွေနဲ့ပဲ။ 

ဟိုးတုန်း က လို မုတ္တမ၊ ပုသိမ် ကို ဆိပ်ကမ်း မထားတော့ ပဲ ရန်ကုန် ကို ဆိပ်ကမ်း အဖြစ် သုံးလာကြပြီမို့ပါ။ ရန်ကုန် ဟာ အတွင်းရန် သာ ကုန်ချင် ကုန်မယ် အပ ရန်ကိုတော့ မကုန်စေနိုင်သေးပဲကိုး။ 

မင်းတုန်း မင်းကြီး လက်ထက် မှာ အောက်မြန်မာပြည် အင်္ဂလိပ်အောက်ရောက် သွားတော့ ရေမြေ့ရှင် ကြီး ခမျာ အင်္ဂလိပ် ကို ခခယယတောင်းပန်ပြီး ရွှေတိဂုံစေတီတော်ကြီး ကို ထီးတော် တင် ရွှေသင်္ကန်း ကပ် လုပ် ခဲ့သေး သတဲ့။ 

အင်္ဂလိပ် ကိုလိုနီခေတ် မှာရွှေတိဂုံ ဘုရားကြီး ဟာ တစ တစ နဲ့ စည်ပင် လာတာတော့ အမှန်ပဲ။ ဘုရင် မင်းတြားကြီး ကောင်းမှုချည့် မဟုတ်တော့ဘူး။တိုင်းသူပြည်သား အများကောင်းမှုတွေ ပါလာပြီ။ စက်လှေ ကားစောင်းတန်း က တက်ရင် အလှူ    ကမ္ဗည်း  ထိုးထား တာတွေ လိုက်ဖတ်ကြည့်။ 

အဲသည်စောင်းတန်း က တန်ဆောင်းကြီးတောင် မှ နှစ်ပြား တန်ဆောင်း လို့ခေါ်တယ်။ သိမ်ကြီးဈေး ကို လာ သမျှ ဈေး သည်ဈေးဝယ်တွေ ဆီ က တစ်ယောက် နှစ်ပြားကောက်ပြီး ဆောက် ထားလို့။ 

အရင်တုန်း ကတော့ မြောက်ဘက်မုခ် အတက် နားက တန်ဆောင်း တစ်ခု မှာ ကြာပွတ်ကြီး ကိုင်ထားတဲ့ အိန္ဒိယ အမျိုးသား ရုပ်ထု တစ်ခုကိုတွေ့ဖူး တယ်။ အခု မရှိတော့ဘူး။ 

ပထမကျောင်းသား သပိတ် အစပြု  ခဲ့တဲ့ ကျောက်စာတိုင် တစ်ခု လည်း ဘုရားပေါ် မှာ တွေ့ရမယ်။ ထူးခြား တာက ဘာသာလေးမျိုး နဲ့ ထွင်းထု ထားတဲ့ အထဲ မှာ ရုရှား ဘာသာလည်း ပါနေပြီ။ မြန်မာပြည် မှာ ပထမဦး ဆုံး လက်ဝဲဘက် ယိမ်းတယ် လို့ ပြောရမယ့် အထောက် အထားပဲ။ သို့သော် တရုတ် လိုတော့ မပါ။ 

ဂန္ဓာလရာဇ် လက်ရာ တရုတ် နဂါး နဲ့ ခြင်္သေ့ ရုပ်ထုတွေ ကို စနေထောင့် က နေလ ဘုရားနား မှာတွေ့ရ မယ်။ တရုတ် ဗုဒ္ဓဘာသာ လို့ ရေးထား တဲ့ တန်ဆောင်းတွေ ဘုရားပေါ် မှာ တွေ့နိုင် လိမ့်မယ်။ မဇ္ဇိမ အရှိန်အဝါ လွှမ်းတာ ဆိုလို့ ဒဂုန်ခင်ခင်လေး တန်ဆောင်းကြီးပဲ ရှိမယ်။

 တော်တော် များများ က မြန်မာမှု မြန်မာဟန်တွေချ ည့်ပဲ။ သိသာမြင်သာ တဲ့ စေတီရံတွေ ထဲမှာ ဂဠုန် ဦးစောကောင်းမှု လည်း တစ်ခု ပါတယ်။ သူ့ထက် သိသာတဲ့ အလှူရှင် ဘဘကြီးတွေ ရဲ့ ကမ္ဗည်းမော် ကွန်းတွေ ကတော့ သည် ကနေ့ပဲ နဖူး စည်း ထိပ်တန်း ဗြန်းဗြန်းကွဲ အထင် ကရ ရှိနေပေမယ့် မနက်ဖြန်ကျ နံမည် တစ မှ မကျန်စေနဲ့ ဆို အကုန်ဖြုတ်သိမ်း ပလိုက် ရတာတွေလည်း ရှိတယ်။ ဒါလည်း အင်မတန် ထူးခြား တဲ့ မြန်မာ့ ရိုးရာ။

 “ချစ် အမျှ” ဇာတ်ကား ထဲမှာ ဆို လင်မယား ချင်း ကွဲသွား ပြီးနောက် ဘုရားစောင်းတန်း က သူ့နံမယ် မပါတော တဲ့ အလှူ    ကမ္ဗည်းလေး လက်ညှိုးထိုး ငိုပြီး အသက် ထွက်သွားတယ် မဟုတ်ဘူးလား။ သူတို့ လူကြီးချင်း ကွဲရင် အင်မတန် ကို စိတ်နာတတ်ပုံ ရတယ်နော်။ 

 ရွှေမော်ဓော ဘုရား ကအောင်မြေ မှာ မင်းသားတွေ တက်တက်ပြီး ထီးနန်း အဓိဋ္ဌာန်ကြ လွန်း လို့ ဗောလော ကျန်းထော ဆုတောင်းပြီးတဲ့နောက် ဘယ် မင်းသား မှ အတက် မခံခဲ့ဘူးလို့ ဆိုကြတယ်။ 

 ရွှေတိဂုံ ဘုရားကြီး ရဲ့ အောင်မြေ အထင်ကရ ဆုတောင်းပြည့် ဘုရားတွေ ဆီမှာလည်း လူကြီးတွေ တက် တက်ပြီး ယတြာချေကြ လွန်းလို့ ဘယ်သူတွေ ဘာလာလုပ် သလဲ သိရအောင် စီစီတီဗီ ကင်မရာတွေ တပ်ထား ရတယ် လို့ လည်း ကောလာဟလတွေ ကြားဖူး မိသား။

 တောင်ဘက် မုခ်က ဂေါပက ရုံးခန်းရှေ့မှာ ဗီအိုင်ပီ တန်ဆောင်း ဆိုပြီး ရာဇယတြာ စီရင်ဖို့ အထူးသီးသန့် ထားတဲ့ နေရာ တစ်ခုလည်း ရှိသတဲ့။ရောက်တဲ့ အခါ အပြင်က ချောင်းကြည့်လိုက် ကြတာပေါ့နော်။ ဟိုးတုန်း ကတော့ရွှေတိဂုံ ဘုရား ဟာ ပွဲတော်ရက် မဟုတ်ရင် ကြိတ်ကြိတ်တိုး စည်ကားနေလေ့ မရှိဘူး။ ကျားတွေ ဘာတွေတောင် တက်ဖူးတယ်။

 “ရွှေတိဂုံ ရွှေတိဂုံ ဘုရားမှာ လ ကျားတက်တာ ငါးရက်ကြာ။” လို့ လူပြက်တွေ သီချင်း လုပ်ဆို တယ်လေ။ အခု များတော့ ကျားတက်ဖို့နေနေ သာသာ ကြက်ပျံတောင် မကျဘူး။ ဘုရား ဝတ်ပြုစရာ ကြက်မ တဝပ် စာလောက်နေရာ လပ်သွားရင် သူများ မထိုင်ခင် ဦးအောင် ဝင်ထိုင်ပြီး ပုဆိန်ပေါက်ရတယ်။ 

ဆယ်တန်းအောင်ကာစ တုန်းကလို တန်ဆောင်း တကာလှည့် အဓိဋ္ဌာန် ပုတီးစိတ်၊ ရင်ပြင်တော်ပေါ် စိတ်အေး လက်အေး ထိုင်တယ် ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘုရား လာတာ ဘာလုပ်ဖို့လဲ။ 

“ရွှေ ကပ်မလား။ ရွှေသင်္ကန်း ကပ်မလား ။ ကိုယ်တိုင် ကိုယ်ကျ ရွှေ ချလို့ ရပါတယ်။”ဆိုတဲ့ ဆီမှာ ရွှေဆိုင်း     ဝယ် ပြီး တန်ဆောင်းထဲ က ရွှေချခံ ရုပ်ပွားတော်တွေ ကို ဖောင်တော်ဦး ဘုရား မဖြစ်မချင်း ကပ်ချင် သလား။ “ဘာနေ့ သမီး လဲ။ ပန်း၊ ရေချမ်း၊ ဆီမီး၊ ထီး၊ တံခွန်၊ ကုက္ကား လိုချင်ရာ ပြောကြည့်လေ။ ရင်ထဲပေါ့သွား တာပေါ့။” (ဟုတ်ပေါင် ယောင်လို့) အဲ့လို အဲ့လိုတွေ ဆုထူးပန် မှာလား။

 “အဘိုး အဘိုး။ တိုး ၍ မတော်မူပါ အဘိုး။ အင်္ဂါ သားကြီး ကြင်ယာ မယားဆီ ပြန်ရောက် ဖို့မောင်းမတွေ ဆီ က ပြန်ခေါ်ပေးတော်မူ ပါ အဘိုး” လို့ ကန်တော့ပွဲကြီး ကိုးချင် သလား။ (ကစ်ကစ်လေး ကတော့မြောက် ဘက် မုခ် က ယက္ခမယ်တော်ကြီး ဆီ ကန်တော့ပွဲ သွားပေးလိုက် တာ အကယ်ဒမီ ကို တန်းရသွားတယ် ဆိုပဲ) ကိုယ်လုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာကို သိုးသိုးသွက်သွက်လုပ်၊ဘုရားလည်း ဦးတော်ဦးတော်ချ၊ ဆယ်လဖီလေး ဘာလေး ရိုက်တင်၊ တက်သုတ်နှင် ဖို့ပဲ ရှိမယ်။

 ဘုရားပေါ်မှာ လူတကာ နဲ့ လေတွေဖောင်နေ ရင် လှည့်ကြည့် စရာ မလို။ အဲ့ဒါ ဂိုက်တွေ။ သူတို့ အလုပ် သူတို့ လုပ်နေတာ။ နတ်ကရာ ကျီးမော မနေနဲ့။ သူတို့ ဧည့်သည် လာလုတယ် ထင်လို့ မျက်စောင်းထိုး ခံရ လိမ့်မယ်။

 နောက်ဆုံးတော့ ကိုယ်တို့ ဘုရားကြီး ဟာ ဘုရားဖူး ရတဲ့ အရသာ မရှိတော့ပဲ မီးခိုးမဲ့ စက်ရုံကြီး တစ်ခု ဖြစ်နေ ပြီ ။ ကိုယ် ငယ်ငယ်က ကိုယ့်အဖေတွေ အမေတွေ ဟာ အင်္ဂါနေ့တိုင်း ဘုရား တက်ကြတယ်။ ကိုယ့်လက်ထက် မှာ အဲ့သလို မှန်မှန် မတက်နိုင်တော့ဘူး။ 

မိန်းမ က တနင်္ဂနွေနေ့တိုင်း ဘုရား တက်တာတောင် လိုက် မပို့နိုင်ဘူး။မြင်တဲ့ အရပ်က လက်အုပ် ကလေးပဲ ချီဖြစ်တယ်။ ဆူးလေ ဖူးသလို ဖူးတာ။ သမီးက သွားချင်တယ် ဆိုမှ တကူး တက လိုက်ပို့ ရတယ်။ အခါကြီး ရက်ကြီး ဆို ပိုဆိုး။ ဘုရားနား ကတောင် ဖြတ် မမောင်းနိုင်ဘူး။ ကားတွေ ပိတ်လို့။ 

ကိုကိုလေး ရဲ့ မှော်ဆရာ့ မှတ်တမ်းတွေ ထဲမှာ အကုသိုလ်များ တဲ့ အင်းသူကြီး တစ်ယောက် ဟာရွှေတိဂုံ ဘုရားကြီး လာဖူးတော့ ဘုရား ကို မမြင်ခဲ့ရဘူး လို့ ဖတ်ရတယ်။ ကိုယ့်အဖို့မှာလည်း အကုသိုလ်တွေ တော်တော် များနေ ပြီ လား မပြောတတ်ပါဘူး။ 

ဘုရားတက် ဖူးပေမယ့် ဘုရား ကို အာရုံရောက်ဖို့တော်တော် ကြိုးစားရ တယ်။ ရှိခိုးတော့နေသားပဲ။ အာရုံမှာ ညွှတ်နူး မှု မဖြစ်ဘူး။ ဟိုးတုန်းကလို တန်ဆောင်းတစ်ခုခု က လှေကား ထစ်ကလေးတွေပေါ် ထိုင်ပြီး ရင်ပြင်တော် ကို ငေးကြည့်နေတဲ့ စိတ်အေးချမ်းသာမှုမျိုး လည်း ရှာမရတော့ဘူး။ 

တံငါနားလည်း မနီး မုဆိုးနားလည်း မနီး။ ဘယ့်နှယ့်ကြောင့် ကိုယ့်စိတ်တွေ ကြမ်းတမ်း ကုန်မှန်း မသိဘူး။ ကန့်လန့်တွေတွေးပြီး ကန့်လန့်တွေ မြင်မိတယ်။ မီးပွိုင့် မှာ ကျောင်းဆောင်သစ်ဆောက်ဖို့ ၁၂ရာသီ အလှူ ခံနေရတဲ့ ကလေးတွေကျောင်းကော မတက်ရ ဘူးလားလို့ စဉ်းစားမိတယ်။ 

သူတို့ကျောင်းကြီး ကလည်း သည် တစ်သက် ဆောက်လို့ပြီးမယ့်ပုံ မပေါ်။ တရားပွဲကြီး ခြိမ့်ခြိမ့် သဲသဲ ကျင်းပ ဖို့ “သွေးအေးလို့ မနေ သင့်ပြီ။” လို့လာနှိုးဆော် ရင် “သွေးဆူတဲ့ အထဲ ငါတော့ မပါနိုင် ပါဘူး။” လို့ နောက် ဆုတ် သွားတာ။ တရားကို တစ်ပုဒ်ကြားကြား တစ်ကြောင်းကြားကြား ကြားတဲ့ အရပ်က နာပါတယ်။ ဒါပေသိ ဘယ်ကိုယ်တော်ဟောတဲ့ တရား ဘယ်လိုကောင်းတာ လို့တော့ မနာဖြစ်ဘူး။ 

တရားပွဲတွေ ဟာလည်း ဘစ္စနက်ကြီး တစ်ခု ဖြစ်လာတာ စိတ်မကောင်းဘူး။ ရက်တက်ရည် နဲ့ ပတ္တမြား လဲစား လို့ ရသေး တာပဲ ကျေးဇူးတင်ရ မလို။ အေးလေ။ ရွှေတိဂုံ ဘုရားကြီးတောင်မှ သူ့ဘာသူ မနေရပဲ သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့ အတွက် တစ်ခုမျှ လျှက် အသက်မွေးကျောင်းဖြစ်တုံရှောင်း ၏ လို့ အရိပ်အာဝါသတွေပေးပြီး နိုင်ငံခြားငွေတွေ ရှာဖွေပေးနေရသေးတာ။ 

ကိုယ်တို့မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ဟာဘုရားလေး ကို သည်လို ကန်တော့ပြီး ရေလေး ကို သည်လိုလောင်း တာ လို့ အိုက်တင်တွေ လုပ်မပြရ တာပဲတော်လှပေါ့ကွယ်။ သူများတွေ ဘယ်သူမှ မကိုးကွယ်ရသေးခင် မှာ တရားဒေသနာ တစ်ပါဒ မျှတောင်မှ မနာယူရသေးပဲ မြတ်စွာဘုရားရှင် ကို အတိုင်းမသိ ကြည်ညိုလေး စားလေ သူ ကုန်သည် ညီနောင်က ရည်စူး ကိုးကွယ် သွားတဲ့ ဘုရားကြီးရင်ပြင်တော်ပေါ်မှာ စေတီကြီးကို ထိုင်ထိုင် ရှိခိုးနေရင်း က ပိုက်ဆံ ကိုသာ တစိုက် မတ်မတ်ကိုးကွယ်နေတဲ့ သူ၊ 

ဝပ်စင်းကော်ရော် ဖူးမြှော် မာန်လျှော့ တဲ့ စိတ်မပါပဲ အာဏာ ကို အာသာ ငမ်းငမ်းရည်မှန်း တမ်းတ ယတြာချေနေတဲ့သူ၊ ဘုရားဂုဏ်တော်တွေကို မမြင်နိုင်ပဲ သူများ လှူတန်းထား တဲ့ရွှေငွေကျောက်သံ ပတ္တမြားတွေ ကို ရင်သပ်ရှုမော ဖြစ်နေတဲ့ သူ ဘယ်သော အခါမှ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းမိပါတယ်။



 Soe Min
From...လူဗိုလ်ဟူသည်

 

No comments:

Post a Comment