Saturday, February 7, 2015

တရုတ်နန်းတွင်း ဖြစ်တော့မှာလား

Kyaw Swar Myint's photo.


ယခု ရက်ပိုင်း မန္တလေးနန်းမြို့ အတွင်းက ကျုံးနဲ့ မြို့ရိုးကြားထဲ ကမြေကွက်လပ် မှာ တရုတ်မတွေအုပ်စု လိုက် ယပ်တောင်တွေ နဲ့ ကနေတဲ့ ပုံတွေ၊ ကာယလေ့ကျင့်ခန်း လုပ်နေတဲ့ပုံတွေ အင်တာနက် လူမှုကွန်ယက်တွေ မှာ ထွက်ပေါ် လာတာတွေ့မြင်ရပါတယ်။ 

ထို တရုတ်မ များ ကနေတဲ့ ပုံတွေကြည့်ပြီး အံ့သြ ၀မ်းနည်း မဆုံးဖြစ်မိပါတယ်။ တွေးမိတိုင်း ရင်ထဲ တ ဆတ်ဆတ် နာကျင် ခံစားမိပါတယ်။


 မြန်မာ့ ယဉ်ကျေးမှု အမျိုးသား အမွေ  အနှစ်တစ်ခု၊ မန္တလေးမြို့ ရဲ့ အထင် ကရ သမိုင်းဝင်နေရာ တစ်ခု၊ မန္တလေးမြို့ကို တည် သွားခဲ့တဲ့ မင်းတုန်း ဘုရင် စံမြန်းတော်မူသွားတဲ့ နန်းတော်ကြီး၊ ကျွန်တော်တို့ မန္တလေး
သားတွေရဲ့ အသည်းနှလုံးဖြစ်တဲ့ နန်းတွင်းထဲကို တရုတ်မတွေက တရုတ်သီချင်း တွေဖွင့်က၊ ကိုယ် ကာယလေ့ ကျင့်ခန်းတွေ လုပ်နေကြတဲ့မြင်ကွင်း ဟာ တွေးလေ တွေလေ အသည်း ထိမကဘူး မရိုးထိပါ နာမိတယ်ဗျာ။




ကျွန်တော်တို့တွေ ရဲ့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် တခုဖြစ်တဲ့ ဒီ နန်းတွင်းကြီး က တရုတ် မတွေဘောင်း ဘီ ဖင်ကြပ် ၀တ်ပြီး ကခုန် စရာ၊ ကိုယ် ကာယလေ့ကျင့်ခန်း လုပ်စရာ နေရာ တစ်ခုဖြစ် သွားပြီလား၊ တရုတ် လက်အောက် ကျရောက်သွားပြီ လားလို့ မေးခွန်းထုတ်နေမိပါတယ်။ 


အခုနောက်ပိုင်း မန္တလေးမြို့ မှာ ဧည့်သည် တရုတ်တွေ ရဲ့ အိမ်ရှင်မြို့ခံတွေ အပေါ် မထီမဲ့မြင် စော်ကားတဲ့ လုပ်ရပ်တွေပြု လုပ်လာတာ မကြာ ခဏဖြစ်ပွားနေ ပါတယ်။ အခုတော့ လူတင် မက ကျွန်တော်တို့ရဲ့ အမျိုးသား ယဉ်ကျေးမှု တွေပါ တဆင့်တက် စော်ကား လာကြပါပြီ။ 

ဒါဟာမြန်မာ တစ်မျိုးသားလုံး ကို စော်ကား လိုက်သလိုပါပဲ။ စဉ်းစားကြည့် ပါ တရုတ်နိုင်ငံ ရဲ့ သမိုင်းဝင်နေရာ တစ်ခုဖြစ် ဂရိတ်ဝေါ တံတိုင်းကြီးပေါ် ကျွန်တော် တို့ ဒီလိုမျိုး သွားလုပ်လို့ ရပါ့မလား။ ထိုင်းနိုင်ငံမှာ ဆိုရင် သူတို့ ဘုရင်မင်းမြတ်နဲ့ ပတ်သတ်ပြီး မလေးမစား စော်ကားမှု လုပ်ရင် ကြီးလေးစွာ ပြစ်ဒဏ်ပေးပါတယ်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဘုရား ပုထိုးတွေပေါ် မှာ နိုင်ငံခြားသားတွေ ညစာ စားပွဲတွေ လုပ်လို့ မီဒီယာတွေ ကထောက်ပြ ခဲ့လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက အရေး ယူဆောင်ရွက်မှုတွေ လုပ်ခဲ့ရပါတယ်။ အခု ဒီကိစ္စ မှာရော ယဉ်ကျေးမှုဌာန က ဘယ်လို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်မလဲ ဆိုတာ
သိချင်ပါတယ်။


ဒီ နန်းတွင်းထဲ ဆိုတာ ကိုယ့်ပြည်သူတွေ ၀င်ရောက်လေ့လာ လည်ပတ် မယ် ဆိုရင်တောင် လုံခြုံရေး အကြောင်းပြပြီး မှတ်ပုံတင်ပြရ၊ လိုင်စင်ပြရ စစ်ဆေး မေးမြန်းတာ ခံရပြီးမှ ခဲရာခဲဆစ် ၀င်ရတဲ့နေရာ တစ်ခုပါ။ ဒီလို ၀င်ထွက်ဖို့ ခက်ခဲတဲ့  နန်းတွင်း ထဲကို တရုတ်တွေ က မနက်တိုင်း ၀င်ပြီးလေ့ကျင့်ခန်း လုပ် ကနေကြတာ ဟာ ဘယ်သူတွေ ခွင့်ပြုတာလဲ ဆိုတာ မေးနေဖို့ လိုမယ် မထင်ပါဘူး။ 

ပုံထဲမှာ သူတို့ ကခုန်ဖို့ အတွက် သေသေ ချာချာ ကွန်ကရစ် ခင်းပြင်ဆင် ထားတာတွေ့ရ မှာပါ။ ရန်ကုန် မှာနေ တဲ့ ကျွန်တော့် မိတ်ဆွေကြီး စာရေးဆရာ ကိုမာဂျေပြောဖူး တာလေး သွားသတိရမိ တယ်။ 

ရန်ကုန်မှာ မနက် မနက် တရုတ်တွေ ရဲ့ အက အဖွဲ့တွေ၊ လေ့ကျင့်ခန်း လုပ်တဲ့ အဖွဲ့တွေကြောင့် ပြည်သူ့ ရင်ပြင် က တရုတ် ရင်ပြင်ဖြစ်သွားပြီ၊ ကန်တော်ကြီး ကလည်း တရုတ် ကန်တော်ကြီးဖြစ်သွားပြီ တဲ့ ဟုတ်ကဲ့ ကျွန်တော်တို့ မန္တလေး နန်းတွင်းကြီး ကလည်း တရုတ်နန်းတွင်းကြီးဖြစ်သွားပါပြီ ကိုမာဂျေရေ . .မန္တလေး ကို တရုတ်တွေ လွမ်းမိုး သိမ်းပိုက် ခံနေရတာ နဲ့ ပတ်သတ်ပြီး ကျွန်တော် အပါအ၀င် စာရေး ဆရာတော်တော် များများ က နှစ်ပေါင်းများစွာ ကတည်း က  ထောက်ပြ ပြောဆို ရေသား ခဲ့ကြပါတယ်။ ဒါပေမယ့် အရာမထင်ခဲ့ ပါဘူး။

 ရေးရလွန်း လို့ လက်က မီးခိုးသာ ထွက်သွားမယ် အုပ်ချုပ်သူ လူကြီးမင်းများ ကတော့အ ရေး တယူ ဆောင် ရွက်ခဲ့ မှု လုံးဝ မရှိခဲ့ပါဘူး။ ကျောက်ရုပ် သာခေါင်းညိတ်အောင်ပြောရ ရင်ပြော ရပါမယ် မန္တလေး အုပ်ချုပ်သူ လူကြီးမင်းများ ကတော့ မမှုရေးချ မမှုပါပဲ။ မှန်တာပြောရရင်တော့ ခေတ် အဆက်ဆက် မန္တလေးမြို့ကို အုပ်ချုပ်ခဲ့တဲ့ လူကြီးမင်း များဟာ မြို့နေလူထု နဲ့ မီဒီယာ သမားများ ကို ဂရုမစိုက်ခဲ့ လူရာကို မသွင်းခဲ့တာပါ။
 

၆၂ လမ်းပေါ်မှာ ရှိတဲ့ မင်းတုန်းမင်း တည်ခဲ့တဲ့ မနော်ရမ္မံဥယျာဉ်ကြီး ကို အပိုင်းပိုင်း ဖျက်ဆီးနေကြ တာ နဲ့ ပတ်သတ်ပြီး လုံးဝ မလုပ် သင့်ကြောင်း ကျွန်တော်ဆောင်းပါး ရေးသားပြောဆို ခဲ့ပေမယ့် ဂရုစိုက်မှုလုံးဝ မရှိခဲ့ပါဘူး။

တကယ်တော့ သမိုင်းကို မသိ တန်းဖိုး မထားတတ်တဲ့ အာဏာပိုင် လူကြီးမင်း တွေကြောင့် မြန်မာ့ ယဉ်ကျေး မှု ခံတပ်ကြီးပြိုလဲ ခဲ့ရတာပါ။ မင်းတုန်းမင်း တည်ခဲ့တဲ့မြို့ ဟာ မင်တုံးမင်းတွေ ဖျက်ဆီး ခဲ့ကြလို့ အလုံးစုံ ပျက်စီး ကိန်းဆိုက်နေပါပြီ။ 

အဓိက လက်သည် တရားခံများ ကတော့ ခေတ် အဆက်ဆက် မန္တလေးမြို့ ကို အုပ်ချုပ် ခဲ့တဲ့ အုပ်ချုပ်သူ အာဏာပိုင် လူကြီးမင်း များကြောင့် ပဲဖြစ်ပါတယ်။
 

ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ ငြင်းနေဖို့လိုမယ် မထင်ပါဘူး။ အခု နန်းတွင်း ထဲကို တရုတ်မတွေ မနက် တိုင်း ၀င်ကနေကြတာတွေ ကိုပဲကြည့်ပါ။ ဒါတွေ ဟာ ဘယ်သူ့ခွင့်ပြုချက်နဲ့ လုပ်ခဲ့ တာလည်းဆိုတာ တာဝန် အရှိဆုံးဖြစ်တဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် နဲ့ မြို့တော်ဝန် ဦးအောင်မောင်း တို့ ကို မေးချင် ပါတယ်။

ယခု ကိစ္စ ကိုလည်း ဘယ်လို အရေးယူဆောင်ရွက်မှု တွေလုပ်ကြမှာလဲ ဆိုတာသိချင်ပါတယ်။ ခေတ် အဆက် ဆက် အုပ်ချုပ်သူ လူကြီးမင်း များရဲ့ ကိုယ်ကျိုး စီးပွား အတွက်ပဲကြည့်ပြီး ဥာဏ် အမျော်မြင်မဲ့စွာ လုပ်ဆောင် ခဲ့မှုတွေကြောင့် မန္တလေးမြို့ ဟာ တိုင်းတပါးသား တရုတ်တွေရဲ့ လွမ်းမိုး ၀ါးမျိုမှုကိုခံခဲ့ရရုံသာ မက ခုတော့ အိမ်ဦးခန်းမှာ တက်ပြီး မစင်စွန့် ကုန်ကြပါပြီ။ 


တရုတ်တွေ ဟာ ခေတ် အဆက်ဆက် အာဏာပိုင် လူကြီးတွေ ကို အိပ်ကပ်ထဲ ထည့်ပြီး ဘယ်သူ့ ကိုမှ ဂရု မစိုက် ထင်တိုင်း ကျဲပြီး လုပ်ချင်ရာ လုပ်နေကြတာပါ။ ဒါ့အပြင် မြို့နေလူထု အပေါ် မထီမဲ့မြင် စော် ကားမော်ကား လုပ် ရပ်တွေ လုပ်လာတာ ကိုပါ တွေ့မြင်နေရပါတယ်။ 

အရေးယူဆောင်ရွက်ခဲ့ မှု လည်း မရှိသလောက် ပါပဲ။ မန္တလေးမြို့က အာဏာပိုင် များဟာ ပေါက်ဖော် များ
အပေါ်ဘယ်လောက် ဧည့်ဝတ်ကျေ သလဲ ဆိုရင် တရားမ၀င် ဆေးကု သမှုဖြင့်  အမှုဖွင့် အရေးယူ ထားဆဲ တရုတ်နိုင်ငံသား ၆ ဦး ကိုတောင် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ကနေ တရုတ်ပြည် သို့ ထွက်ပြေး လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ကြတဲ့ အထိ ကျေးဇူး သိတတ် ကြတာပါ။ 


တရုတ် ကကျေးဇူး ရှိတယ်လို့ သူတို့ လူကြီးမင်းများ ကလည်း ပြောထား တာကိုး။ သီပေါမင်း ပါတော်မူတာ ကနေ သူ့ကျွန် ဘ၀ရောက်ခဲ့ ရတဲ့ ကျွန်တော်တို့နိုင်ငံ  ခုတော့ မြန်မာနိုင်ငံ ရဲ့ကျွန်းသစ်၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့ ကျောက်သံ ပတ္တမြား စတဲ့  မြေပေါ်မြေအောက် သဘာဝ သံယံဇာတတွေ အပါအ၀င် နောက် ဆုံး မြန်မာမိန်းမ ပျိုလေးတွေ တရုတ်နိုင်ငံ ကို ပါတော်မှုပြီး ခေတ်သစ် ကိုလိုနီ တရုတ်ရဲ့ လက်အောက်ခံ ကျွန်ဘ၀ ရောက်မှန်း မသိရောက်နေရပါပြီ။

အဲဒါတွေ ထက် အရေးကြီး တာကတော့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ဘာသာ စကားတွေ ပါတော်မှု ခဲ့ ရင်တော့ လူမျိုး ပါပျောက်သွားမယ် ဆိုတာ သိထားဖို့ လိုပါတယ်။
 

ကျွန်တော်တို့တွေ အရှိတရား ကို မြင်အောင်ကြည့်ကြပါ။ အမျိုးဘာသာ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုပြီး တလွဲ ဆံပင်ကောင်းနေလို့ မရပါဘူး။

ယနေ့ထိ ကျွန်တော် စဉ်းစားမရဖြစ်နေတာ တစ်ခုက အမျိုးဘာသာ ထိမ်းသိမ်း စောင့်ရှောက်ရေး ဆိုပြီး တစ်နိုင်ငံ လုံး ကို ရှေ့ဆုံး က အင်တိုက် အားတိုက်ဆောင်၇ွက် နေတဲ့ ဆရာတော် တစ်ပါး နေထိုင် သတင်း သုံးနေတဲ့ မန္တလေးမြို့ မှာ တရုတ်တွေ လွမ်းမိုး ၀ါမျိုနေတာ၊ ခုလို အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ပါ စော် ကားမော်ကား လုပ်ရပ်တွေ လုပ်ခွင့်ရနေတာ ဘာကြောင့်လဲ ဆိုတာ ပါပဲ။ 

ထို ဆရာတော် နဲ့ သူရဲ့ အဖွဲ့စည်းမှ လည်း ၀င်ရောက် ပြောဆိုဝေဖန် တားမြစ်မှု လုံးဝ မတွေ့ရတာ ကလဲ ထူးဆန်း လို့နေပါတယ်။ အမျိုးဘာသာ ထိမ်းသိမ်းစောင့်ရှောက်ရေး လုပ်တဲ့ အထဲမှာ တရုတ် မပါတာ လားတော့ မပြောတတ်ပါ။ 

ကျွန်တော်တို့ လက်ရှိဖြစ်နေတဲ့ ပုံက  အမျိုးဘာသာ ထိမ်းသိမ်းစောင့်ရှောက်ရေး ဆိုပြီးလုပ်နေတာ က တရုတ် လက်အောက် ခံဘ၀ ရောက်နေတာ ကို မသိဘဲ ကုလားနိုင်ငံဖြစ်မှာ ကို တွေးပူနေတဲ့ ဘ၀ ဖြစ်နေ
ပါတယ်။


ကျွန်တော် အခုလိုပြောနေတာတွေ က တရုတ် ဆန့်ကျင်ရေး တရုတ် မုန်းတီးရေး လုပ်နေ တာ မဟုတ်ပါဘူး။ ကိုယ့် အမျိုးသား ယဉ်ကျေးမှု၊ ကိုယ့် အမျိုးသား အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်နေတာပါ။ ထို့ အတူ တရုတ်နိုင်ငံသား အပါအ၀င် ဘယ်နိုင်ငံသား မဆို မိမိနေထိုင်တဲ့ နိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာ စကား စတဲ့ ယဉ်ကျေးမှု စံနှုန်းတွေ ကို လေးစား တန်ဖိုးထားမှု ရှိဖို့ လိုအပ်ပါ လိမ့်မယ်လို့ သတိပေးပြောကြား
ချင်ပါတယ်။


နိဂုံးချုပ်ပြောချင်တာ က ကျွန်တော်တို့ မန္တလေးသားမြို့ခံတွေ ဟာ ဒေသစွဲ ဇာတိစွဲ ကြီးသူတွေ ကိုယ့်မြို့ အပေါ် အရမ်း ချစ်ခင်မြတ်နိုးသူတွေ လို့ အခြားဒေသက လူတွေ ကပြောကြပါတယ်။ မှန်ပါတယ်။ ပြောချင် တာ က ချစ်နေရုံ လွမ်းနေယုံ နဲ့ မပြီးဘူး ဆိုတာပါပဲ။ 

စကားလုံးတွေ နဲ့ ပဲ မြို့ကို ကာကွယ်လို့ မရပါဘူး။ ချစ်တဲ့ စိတ် လွမ်းတဲ့ စိတ် တွေကို အင်အား အဖြစ်ပြောင်း လဲ ပြစ်ရပါမယ်။

မန္တလေးမြို့ မကျ ဆုံးရေး မန္တလေး အစစ်ပြန်ဖြစ်ရေး အတွက် မန္တလေး သားများ တင် မဟုတ်ဘူး အာလုံးမှာ တာဝန် ရှိပါတယ်။ သီပေါမင်း ပါတော်မူခြင်း ကို မြန်မာပြည်ကျွန်ဖြစ်ခြင်းလို့ သတ်မှတ်ရင် မန္တလေးမြို့ကျ ဆုံးခြင်း ဟာလည်း မြန်မာပြည် ကျဆုံးခြင်းလို့ပြောလို့ရပါတယ်။

ဒါ့ကြောင့် မန္တလေးမြို ကယ်တင်ခြင်း ဟာလည်း မြန်မာပြည် ကယ်တင်ခြင်းပဲလို့ မှတ်ယူပြီး အားလုံး ညီညီ ညွတ်ညွတ် စုပေါင်း လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။ မန္တလေးမြို့ ဆိုတာ ပြာပုံ ဘ၀ အကြိမ်ကြီမ် ကျရောက် ခဲ့ပေမယ့် မန္တလေးသားတွေ ရဲ့  ညီညွတ်မှု အားနဲ့ အကြိမ်ကြိမ် ရုန်းထနိုင်ခဲ့ကြပါတယ်။ 


မန္တလေး အနာဂတ် ကို ကျွန်တော်တို့ မန္တလေးတွေ ထုဆစ်ကြရ ပါမယ်။ မန္တလေးမြို့ ကို  မန္တလေး သားတွေပဲ ပိုင်ရပါမယ် . . . .



 Kyaw Swar Myint's photo.
 Kyaw Swar Myint
 ကျော်ကြီး(MDY)
Tomorrow သတင်းဂျာနယ်အမှတ်-၄၉ ပါဆောင်းပါး


No comments:

Post a Comment