Thursday, February 5, 2015

ဆိပ်ဖူးတောင် မှ ဖြစ်၇ပ်ဆန်းများ { ၁ }

Image and video hosting by TinyPic

စာရေးသူ၏ “ဘိုးမင်းခေါင်နှင့်ဘုန်းကြီးလူထွက်” “ဘိုးတော် အောင်မင်းခေါင်နှင့် စကားပြော ခဲ့ရ သူ”ဆောင်းပါး များတွင် ဆိပ်ဖူးတောင်နှင့် ပတ်သက်သော အကြောင်းအရာ အနည်းငယ် ကိုဖော်ပြခဲ့ ဘူးပေပြီ။ 

ယခုမူ ဆိပ်ဖူးတောင် တွင် ကြုံတွေ့ ခဲ့ရသော တကယ့်ဖြစ်ရပ် အချို့ ကိုပြန်လည်ရေးသား တင် ပြမည်ဖြစ်ပါ သည်။ 

စန္ဒာဝင်း စာပေတိုက် သည် ပြည်သူ့ကောင်စီ လက်ထက် ကတည်းက ၀တ္ထု  စာအုပ်ပေါင်း များစွာ ကို ထုတ်ဝေသော စာအုပ်တိုက်ဖြစ်ပါသည်။ ပြား ၆၀တန်ခေတ် မှ သည် မဆလခေတ် အထိ သက်တမ်း ကြာ ရှည်သော အစဉ် အလာ ရှိသည့် စာအုပ်တိုက် ပင်ဖြစ်သည်။

စာအုပ်တိုက် ကို ထူထောင် သူမှာ ဆရာ ကြီး ဦးဘိုးကြွယ် ပင်ဖြစ်၏။ဆရာကြီး ဟုခေါ်နေကြသည် မှာ ဆရာကြီး က ကျောင်းအုပ် ဆရာကြီးဟောင်း တယောက်ဖြစ်သောကြောင့်ပင် ။ ထို စာအုပ်တိုက် မှ ပင်တိုင် စာရေးဆရာ များမှာ တက္ကသိုလ် ယဉ်ယဉ်လဲ့ မောင်သက်အောင်နှင့်မောင်သာပြည့် တို့ပင်ဖြစ်ပေသည်။


စာပေလောက တွင် အောင်မြင်ကျော်ကြား သော စာရေးဆရာမောင်သာပြည့် မှာ ဆရာကြီး ဦးဘိုးကြွယ် က စင်တင်ပေးသော စာရေးဆရာ တစ် ယောက်ပင်ဖြစ်၏။
 

မောင်သက်အောင်နှင့်မောင်သာပြည့် တို့မှာ ကျော်လင်းနိုင်နှင့် အလွန် ရင်းနှီးကြ သူများဖြစ်၏ ။ မောင်သာပြည့် က စမ်းချောင်း တွင်နေထိုင်ပြီး မောင်သက်အောင် ကမူ ရန်ကုန်မြု့ တာမွေမြို့နယ် ၁၅၇ လမ်း တွင်နေထိုင်သည်။ကျော်လင်းနိုင် ကမူ တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက် တွင်နေထိုင် သဖြင့် မောင်သက်အောင်နေထိုင်ရာနှင့် နီးပေသည်။ 
 
 သူတို့ သုံးယောက်သည် တတွဲတွဲနေထိုင်ကြသူ များ ဖြစ်ကြသည့် အပြင် သူတို့နှင့် အတူ တွဲသူများ မှာ စာရေးဆရာမြင့်မောင်မောင် ၊ ပုပ္ပား ကိုကိုဇော် (၈၈ အရေးအခင်း တွင် ၈၈၈၈ သတင်းစာကို ဦးစီး ထုတ်ဝေ ခဲ့ပြီးနောက် အန္ဒိယနိုင်ငံ သို့တောခို သွားပြီး ပြည်တွင်း သို့ပြန်ရောက်သော အခါ ကောလ်ထန် မောရိ ယာယ် အမည်ဖြင့်ရေးသည်။

ချင်းပြည်နယ် ဟားခါးမြို့ တွင် ကွယ်လွန် သွားသည်) တို့  အပြင်မြတ်လွန်း ၊ ပုသိမ်မောင်ထွေးညို၊ ဒဂုန်မောင်သျှင် သူ တို့ပင်ဖြစ်ပါ၏။


မောင်သက်အောင်နှင့်ကျော်လင်းနိုင် တို့က အိမ်ချင်း နီးသဖြင့် ရက်ခြား ဆိုသလိုတွေ့ ဆုံနေကျ ဖြစ် သည်။ တနေ့ တွင်မောင်သက်အောင် က ပြောနေကျ   စာပေ စကားများမှ မဆီမဆိုင် ဆိပ်ဖူးတောင် အကြောင်းပြော လာသည် ကို ကျော်လင်းနိုင် အံ့သြ စွာကြားလိုက်ရ၏။



“ကျော်လင်းနိုင် ဆိပ်ဖူးတောင် ကို မင်း တခေါက်လောက် လိုက်ခဲ့ ပါလား။ထူးဆန်းတာ တခုတော့ ကြုံရမယ်”
မောင်သက်အောင် စကားကြောင့် ကျော်လင်းနိုင် ခဏတော့ငြိမ်သက် သွားသည်။ မောင်သက် အောင် ကို မေးလိုက်၏။



“မင်းဟာက ဘာထူးဆန်း တာလဲ ဘယ်လို ထူးဆန်း တာလဲ ပြောပြ အုံးမှပေါ့”    မောင်သက်အောင် က
“ငါ ဘာမှ ကြို  မပြောဘူး ဘယ်လိုကြုံရမယ် ဆိုတာလဲ ငါမသိဘူး ဒါပေမယ့် တခုခုတော့ တကယ်ပဲ ကြုံ မှာသေ ချာတယ် ဆိုတာတော့ ငါပြောနိုင်တယ်”



မောင်သက်အောင်နှင့်ကျော်လင်းနိုင် တို့ တွဲနေကြသည် မှာ ဆယ်စုနှစ် တခုကို ကျော်ဖြတ် ခဲ့ကြ သော်လည်း ယခုလို အရင်းမရှိ အဖျားမရှိ စကားမျိုး ကို တခါမှ ပင် မပြောခဲ့ ပါပေ။  ထို့ထက် ထူးဆန်းသော ဖြစ်ရပ်ဆန်း ဆိုသည် ကိုလည်း စိတ်ဝင်းစားမှု   မရှိခဲ့ရိုး  အမှန်ပေ။ 


ဘာသာရေး ခံယူချက်၊ စာပေ အယူအဆ စသည် များတွင် စိတ်တူ ကိုယ်တူ ရှိကြသဖြင့် သွေူးသား ကဲ့သို့ ခင်မင် တွယ်တာကြသူများ လည်းဖြစ်၏။  ထို့ ကြောင့်လည်း တယောက်  အပေါ်တယောက် အလေးထား ဂရုစိုက်ကြပေသည်။  မောင်သက်အောင် ၏ စကား အပေါ် ကျော်လင်းနိုင် စိတ်ဝင် စား သဖြင့် တခေါက်လောက် သွားကြရအောင်ဟု ဆိုလိုက်တော့ သည်။


နှစ်ပါတ် ခန့်ကြာပြီးနောက် စနေနေ့ တွင် ဆိတ်ဖူးတောင် သို့ သွားကြရန် သဘောတူ ခဲ့သည်။ နှစ်ယောက် လုံးက အစိုးရ ၀န်ထမ်း များဖြစ်ကြသဖြင့် ရုံးပိတ်ရက် ကိုရွေးချယ်ကြခြင်း ပါပေ။
 

ဆိပ်ဖူးတောင် ဆိုသည် မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် တည်ရှိပြီး ကျိုက်ထို မှ ကျိုက်ထီးရိုး စေ တီတော်မြတ် ဆီ သို့ သွားရာ ကျိုက်ထို အထွက်တွင် တည်ရှိနေသည်။ ဒုတိယ ကမ္ဘာစစ်ပြီး ကတည်းက လူသူ မရှိသော ဆိပ်ဖူးတောင် မှာ တောကြီး သဘွယ်ဖြစ်ခဲ့သည်။ 

၁၉၇၀ ၀န်းကျင် ခန့် တွင် ဆရာတော် ဦးဇောတိက သီတင်းသုံးတော် မူပြီးနောက် တဖြေးဖြေး တိုးတက် လာ ခဲ့ပေရာ တောင်ပေါ်သို့ တက်သော ကားလမ်းနှင့် တောင်ပေါ် တွင် စေတီ ရုပ်ပွားတော် များဖြင့် တင့် တယ်နေပေပြီ။ သို့သော်တောင်ထိပ် သို့ တက်သော လမ်းမှာမူ ခြုံနွယ် များဖြင့် ပိတ်နေသေးသည်။

မောင်သက်အောင် က မူ တောင်ပေါ် သို့ သုံးခေါက်ထက် မနည်းရောက်ဖူးပြီးနေပေပြီ။ ထိုနေ့ က မောင်သက်အောင် ၊ကျော်လင်းနိုင်နှင့်မောင်သာပြည့် တို့ ဆိပ်ဖူးတောင် သို့ နေ့လည် ၅ နာရီ ခန့်ရောက် ရှိကာ တောင်ပေါ်ရှိ ဘုရားများ ဖူးမျှော်ခြင်း၊ ဆရာတော်အား ကန်တော့ခြင်း များပြု လုပ်ပြီးမှောင်စပျိုးချိန် တွင် ရေးချိုး ထမင်းစား ကာ ခဏမျှ   အနားယူနေသည်။ 


ည ၉ နာရီခန့် တွင် မောင်သက်အောင် တို့ နားနေ ရာ ဆွမ်းစားဆောင် ဆီသို့ ဆိပ်ဖူးတောင် ဆရာတော် ကြွ လာပြီး စကားပြောနေကြ ရာ ညဉ့်နက်သန်း ခေါင်ချိန်ရောက် သွားတော့သည်။ ဆရာတော်ထံ မှ စကား တခွန်း ဆိုလိုက်သည်။
“ဒကာကြီး တို့ ဗိုက်ဆာနေကြသလား”
 

တကယ်ပင် ကျွန်တော် တို့ ဆာလောင်နေကြ ပါသည်။ ဘုန်းကြီးကျောင်းဖြစ် သဖြင့် ရှိတာလေး နဲ့စားပြီး တင်း တိမ်နေခဲ့ကြရ သည် အမှန်ပါ။  ကျိုက်ထိုမြို့နှင့်  လည်း ၄ မိုင် ခန့်ဝေး သည့်ပြင် ကျိုက်ထိုမြို့ က ကျိုက်ထီးရိုး ဘုရားပွဲတော် ရက်များ တွင်သာ  စည်ကားပြီး ဘုရားပွဲ မရှိသည့်  လများတွင် ခြောက်ကပ်နေ တတ်ပေသည်။ ဘာဆိုင်မှမရှိပါပေ။ 

ကျနော်တို့ ကလည်း ဆာပါတယ် ဘုရား ဟု ပြိုင်တူ ပင်လျှောက်တင် လိုက်ကြ၏။ ဆရာတော် က ခဏစဉ်း စားနေပြီးနေရာမှ ထကာ သူ၏ ကျက်သရေခန်း ထဲသို့ ၀င်သွား ရာ ကျွန်တော်တို့ သုံးယောက် စိတ်ဝင် စား စွာကြည့်နေ သည်။ ဒီ အချိန် မှာလည်း ကျိုက်ထိုမြို့ထဲတွင် ဘာ ဆိုင်မှ မရှိပါပေ ။ကျောင်းမှာ ကလည်း မီးဖို ရယ်လို့ မယ်မယ်ရရ မရှိ သဖြင့် စားရဖို့ အတွက်တော့ အလွန် ခက်ခဲသောအခြေ အနေပင်ဖြစ်ပါသည်။
 

အခန်းထဲ မှ ဆရာတော်ပြန်ထွက် လာသော အခါ သူ့လက်ထဲ တွင် တောင်ဝှေးလို ဒုတ် ရှည် တချောင်း ပါ လာ ပါသည်။ ဆရာတော် က ကျွန်တော် တို့ရှေ့ရောက်သည်နှင့် တောင်ဝှေးကို ကြမ်း ပြင်ပေါ်သို့  သုံး ခါလောက်ထောက် လိုက်သည်။ 

 တောင်ဝှေးနှင့်ကြမ်းပြင် ထိသံ တဒေါက်ဒေါက်ကြား လိုက်ရ ၏။ တဆက်တည်း ဆရာတော် ထံမှပြော သံ ကြား ရသည်။
 

“တောင်ပိုင်ကြီး ဧည့်သည်တွေ ဆာလောင်နေကြတယ် တောင်ပိုင်ကြီး ကူညီပါ ဧည့် သည်တွေ အတွက် အဟာရ တခုခု စီစဉ်ပေးပါ တောင်ပိုင်ကြီး”


ကျွန်တော်တို့ အနေနှင့် နား ထောင်ကြည့်ရှုနေရသော် လည်း စားရဖို့ ကိုတော့ သိပ် မမျှော်လင့် ထားပါ အဘယ်ကြောင့် ဆိုသော် ကျိုက်ထိုမြို့ အခြေအနေနှင့် ဘယ်လိုမှ စဉ်းစားလို့ မရနိုင်တော့ တာ ကြောင့် ပင်ဖြစ် ပါသည်။ ဆရာတော် က ကျွန်တော်တို့ရှေ့ တွင်ပြန်ထိုင် ကာ စကားပြော ပါသည်။


သိပ် မကြာလိုက် ပါချေ၊
“ကဲ ဒကာကြီး တို့ တောင်ပိုင်ကြီး နတ်ကွန်းကို သွားကြပါ စားစရာ ရပါလိမ့်မယ်” ဟု မိန့်လိုက်ပါ သည်။ ကျွန်တော်တို့ မသွားရဲ ပါ မှောင်မဲနေသည့် အပြင် တောင်ပိုင်ကြီးနတ်ကွန်း က တောင်ထိပ်တွင် ရှိ နေ သဖြင့် မြက်ပင် များ ခြုံများ ကို တိုးကာ သွားရမည်ဖြစ်ပါသည်။


ကင်းမ လက်မဲကြီးတွေ ကလည်း နေ့ ဘက်တွင် ပင် သွားလာနေ သဖြင့် ကျွန်တော်တို့ သွားရန်နောက် တွန့်နေ ကြပါသည်။ အခြေအနေ ကို အကဲခတ် မိသောဆရာတော် က
“ ကဲ ကိုရင် က ဒကာကြီးတို့ ကို လိုက်ပို့ လိုက်ပါ” ဟုအမိန့် ရှိပါသည်။
 

ကိုရင် က မီးအုပ် ကိုယူကာ မီးညှိပြီးရှေ့က ထွက်တော့မှ ကျွန်တော်တို့ သုံးယောက် မ၀န့် မရဲ လိုက် သွားကြ ပါတော့သည်။ မြေပေါ် တွင်မြက်ဖုတ် များ ထူပြောပြီး ခြုံနွယ်တွေ ပိတ်ဆို့နေ သဖြင့် လက်နှင့် တွန်း ဖယ် ကာ တောင်ထိပ် ဆီကို ပင်ပန်းစွာ တက်ခဲ့ကြရသည်။
 

တောင်ပိုင်ကြီး နတ်ကွန်း သို့ရောက်သော အခါ နတ်ကွန်းပေါ်တွင် အထုတ် သုံးထုပ် ကို တွေ့လိုက်ရပါ သည်။ သို့သော် ကျွန်တော် တို့ အံ့သြစွာကြည့်နေပြီး ဘယ်သူ မှ လှန်း မယူကြပါ။ ကိုရင် က ဒကာကြီးတို့ ယူလိုက်လေ ဆိုမှ မောင်သာပြည့်နှင့် ကျွန်တော် က ယူလိုက်ပါသည်။

ကျောင်းပေါ် သို့ရောက်ပြီး ဖွင့်ကြည့်သော အခါ ထမင်း ပူပူနွေးနွေးပေါ် တွင် ၀က်သားဟင်း များ တင်ထား သည် ကို ထူးဆန်းစွာတွေ့လိုက် ရသော်လည်း တကယ်စားဖို့ အတွက် လက်တွန့်နေကြပေသည်။ 


အတန်ငယ်ကြာ မှ ဆရာတော် က “ဒကာကြီး တို့ သုံးဆောင်ပါ” ဟု အမိန့်ရှိ သဖြင့် ကျွန်တော် တို့ သုံး ယောက် လည်း စားလိုက်ကြ ရာ ခေါင်း မဖော်နိုင်ကြပါပေ။


 ရေးသားသူ။မောင်မြေသစ်(၀ါးခယ်မ)

World Myanmar(world-myanmar.com)
 From   ...   http://www.searchmyanmar.com/link/frame/cid/46791


 

No comments:

Post a Comment