Wednesday, February 18, 2015

သူရဲ ဘာသာ အသက်ကို စွန့်မြဲ (သို့) သီဟသူရ ဗိုလ်ကြီးသန်းထူး

 Ye Kyaw Thura's photo.

ပ + ဒု တင်ထားပြီး စာ အနည်းငယ်ပြင်ထားသည်။

(တစ်)
အိမ် အဝင် ဝမှာ ဆီးကြိုတွေ့မြင်လိုက် ရတဲ့ ဗိုလ်ကြီး လှတင်ဦး (ငြိမ်း)၊ သူရဲကောင်း မှတ်တမ်း ဝင်၊ မော်ဖိုးကေ တိုက်ပွဲ ဆိုတဲ့ စာတမ်း ပါ ဆိုင်းဘုတ်သေးသေး တစ်ခုက “စစ်မှာ တစ်မူ” အိုင်ချင်း ကို သတိရချင် စရာ။

စစ်ပုံ ညှပ်ထားတဲ့ ဆံပင် က အဖြူဘက်ကို ယိမ်းလုလု။ အသက် ၅၀ စွန်းစ စစ်မှုထမ်းဟောင်း ဗိုလ်ကြီး တစ်ယောက် ရဲ့မေးရိုးတွေ က ပြတ်သားကြံ့ခိုင်မှု ကို ပြနေတုန်း။ “ကိုသန်းထူး” လို့ စကား စလိုက်တာနဲ့ ဗိုလ်ကြီးလှတင်ဦး ရဲ့ မျက်ဝန်းတွေ က ပိုပြီး ရီဝေလာ ပါတယ်။

“အင်မတန် သတ္တိကောင်းတဲ့၊ ရဲဘော် ရဲဘက် စိတ် အပြည့် ရှိတဲ့၊ မဟုတ် မခံ ကျွန်တော်တို့ အစ်ကိုကြီး ပါဗျာ။ ” လို့ ပြောလိုက်တဲ့ လေသံက လွမ်းဆွတ်တသ၊ ကြေကွဲမှုတွေ ရောစွက်လို့။
 

“ပန်ဆန်း - ပန်ယမ်း ဘက်ကို ယောင်ပြ စစ်ကြောင်း အနေနဲ့ သွားတိုက် တုန်းကလည်း ဗကပတွေ အုံလိုက် ကျင်းလိုက် ရှိတဲ့နေရာ ကို ကိုသန်းထူး ဦးဆောင်ပြီး အလစ် ဝင်တွယ်တာ အလောင်း/ လက်နက်တွေ ရခဲ့ဖူး တယ်။ သိပ်ပြီး စည်းစနစ် ကျတဲ့သူ၊ သိပ်ပြီး စစ်သား ပီသတဲ့သူပေါ့။” လို့ သူကပြောပါတယ်။

“လက်အောက် ငယ်သား ရဲဘော်တွေကို လည်း အင်မတန်မှ ညှာတာတယ်။ အထက်အရာရှိ စီနီယာတွေ ကို လည်း မဟုတ်ရင်၊ မတရားဘူး ထင်ရင် ပြန်ပြီး တင်ပြဖို့ ဘယ်တော့မှ ဝန်လေး တဲ့သူ မဟုတ်ဘူး။” လို့ သူ ကပြောပြတယ်။ 

ကျွန်တော် ကလည်း “ကိုသန်းထူး အဖေ က ခလရ ၈၃ က တပ်ရင်း အရာခံဗိုလ်ပါ။ စည်း ကမ်း သိပ်ကောင်း လို့ တပ်ရင်း မှာ နာမည်ထွက် တဲ့ ဆရာ ကြီး ပေါ့။ ကျွန်တော်တို့ အိမ် နဲ့ မျက်စောင်းထိုးမှာ ကိုသန်းထူး တို့  အိမ်ပေါ့။” လို့ ပြောလိုက်တယ်။

စစ်အစိုးရ လက်ထက်က ကိုသန်းထူး အကြောင်း ဂုဏ်ပြုပြီး ရိုက်ကူး ခဲ့တဲ့ ရုပ်မြင်သံကြား ဇာတ် လမ်း မှာ ကိုသန်းထူး ကို ဗိုလ်မှူး သား လို့ ပုံဖေါ်ရိုက်ကူး ခဲ့တယ်လို့ ဆိုပါတယ်။ ကိုသန်းထူး ကိုယ်တိုင် သူ့ ရုပ်ရှင်ကား သူပြန်ကြည့်ရင် အတော် စိတ်ပျက်သွားနိုင်ပါတယ်။ 


ကိုသန်းထူး ဟာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ လုံးဝ ကင်းရှင်းပြီး အားကစား လိုက်စားတဲ့ အရာရှိ တစ်ယောက် ပါ။ အမြဲတက်ကြွ၊ အမြဲ တိုက်ပွဲဝင် အသင့်ဖြစ်နေတာမို့ ဗိုလ်လောင်း ဘဝ ကတည်း က သူ့ကို “ရဲရဲတောက်” လို့ nickname ပေးထားပြီး တစ်ခါတ လေ ဗိုလ်တောက် လို့ ခေါ်ပါ တယ်တဲ့။ 

အဲဒီ nickname ဟာ သူ အရာရှိဖြစ်တဲ့ အထိ ပါလာခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်များ တဲ့ကြား က ရန်ကုန် ကနေ ပဲခူး အထိ တကူး တကရောက်လာတဲ့ ကျွန်တော့် ကို ဗိုလ်ကြီး လှတင်ဦးက ကိုသန်းထူးနဲ့ သူကိုယ် တိုင် ပါဝင်ဆင်နွှဲ ခဲ့တဲ့ မော်ဖိုးကေ တိုက်ပွဲ အကြောင်းကို စိတ်ရှည် လက်ရှည် ရှင်းပြပါ တယ်။

 မြေပုံကား ချပ်တွေ ၊ အဲဒီကာ လ က မြဝတီ ကလာရောက် ရိုက်ကူး ခဲ့တဲ့ ဗီဒီယိုခွေတွေ နဲ့ ပါ ရှင်းပြ ခဲ့ပါ တယ် ။ ရေနွေးကြမ်း တစ်ခွက်မော့သသောက် လိုက်ပြီး ဗိုလ်ကြီး လှတင်ဦး က တစ်လုံးချင်း ပီပီ သသ ရေ ရွတ်လိုက်တယ်။

“မော်ဖိုးကေ”

(နှစ်)
“မော်ဖိုးကေ”
ပိုးကရင် ဘာသာ စကားနဲ့ မော် ဆိုတာ တောင်တန်း၊ ဖိုးကေ ဆိုတာ မိန်းမလှလေး လို့ ဆိုပါ တယ်။ ဒီတော့ မော်ဖိုးကေ ဆိုတာ မိန်းမလှတောင်တန်းလို့ ဆိုရမယ်ထင်ပါတယ်။ မော်ဖိုးကေဆိုတာ ကရင်ပြည် နယ်၊ လှိုင်းဘွဲ့မြို့နယ် ထဲမှာ အနှစ် ၄၀ တိုင် KNU တို့ ခြေကုပ်ယူပြီး အခိုင်အမာ တပ်စွဲ ထားတဲ့ စ ခန်း တစ်ခု ။ 

KNU စခန်း တို့ ထုံးစံ အတိုင်း အိုမီဂါပုံသဏ္ဍန် ရစ်ခွေ စီးဆင်းနေတဲ့ သောင်ရင်းမြစ် ပတ်လည် ဝိုင်းထားပြီး မိမိ ဘက်မှ ဝင်ပေါက် တစ်ခုတည်း ရှိတဲ့ ရန်သူ့စခန်း။ ကေအင်ယူ ဗဟိုက ဗိုလ်ချုပ်မောင်မောင် ဦးစီး တပ်မဟာ ၇ ဌာနချုပ် နဲ့ လက်အောက်ခံ တပ်ရင်း ၂၀၂၂ အပါ အဝင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု အမည်ခံ ရခိုင်/ မူဆလင် သောင်းကျန်းသူ အင်အား ၁၀၀၀ ခန့် အခြေချ တပ်စွဲထားတဲ့ အခိုင်အမာ စခန်းတစ်ခု။ 

အဝင် မျက်နှာစာ ကိုက် ၈၀၀ ဝန်းကျင် ခန့် ရှိပြီး အတွင်းပိုင်းမြေမျက်နှာပြင် တချို့ ပြန့်ပြူးပေမဲ့ ခံစစ် မျက်နှာ စာ မှာ ပေ ၅၀၀ ခန့် ရှိ တဲ့ တောင်ကုန်းငယ် အများအပြား ဝိုင်းရံ ထားတဲ့ အတွက် မြေ အနေ အထားကို အခွင့်ကောင်း ယူပြီး မြစ်ကွေ့ အလယ်ဗဟို မှာ ပင်မ စခန်းကို တည်ဆောက် ထားတဲ့ ရန်သူ့ စခန်း။

သဘာဝ အတား အဆီးတွေ ကို ပြုပြင်ပြီး သောင်ရင်းမြစ် ပတ်လည် တစ်လျှောက် ၅ ပေလောက် ရှိတဲ့ ဆက် သွယ်ရေးတူးမြောင်းတွေ တူးထားတဲ့ အပြင် ခံစစ် ကတုတ်တွေ ကို ကွန်ကရစ် နဲ့ အခိုင် အမာတည်ဆောက် ထားပြီး အပေါ်က သဲအိတ်တွေ သစ်လုံးတွေ ထပ်ပိုး ထားတာ မို့ လို့ တော် တန်ရုံခြေလျင် လက်နက်ကြီး ဒဏ် ကို ကောင်းကောင်းခံနိုင် တဲ့ ကတုတ်တွေပေါ့။

ပင်မခံစစ် စည်းခြံစည်းရိုး အပါအဝင် ခြံစည်းရိုး ၇ ထပ်ကာရံထားတဲ့စခန်း။ ပင်မခံစစ် စည်းကို သံဆူးကြိုးခြံ စည်းရိုး ငါးထပ်ကာရံ ထားပြီး ရှေ့မျက်နှာစာ ကို အပြောင် ရှင်းထားတယ်။ အပြောင် ရှင်းထားတဲ့ သတ်ကွင်း နဲ့ ခြံစည်းရိုးတွေကြား မှာ မိုင်းက အပြည့်။

 ခြံစည်းရိုး တစ်ထပ် နဲ့ တစ်ထပ် ကြား မှာလည်း သံညှောင့်၊ ဝါးညှောင့် အမျိုးမျိုး စိုက်ထား တဲ့ အပြင် ကျားလန်တွေ သံဆူးကြိုး အတားအဆီးတွေ ကလည်း တစ်ပုံ တစ်ပင်။ ပင်မ ခံစစ်စည်း ခြံစည်းရိုး ငါးထပ်ရဲ့ အပြင်ဘက် ကိုက် ၂၀ လောက်မှာ သံဆူးကြိုး ခြံစည်းရိုးနှစ်ထပ်။ 

ပတ်ပတ်လည် မှာ လည်း သောင် ရင်ြး မစ် ရေ အနက် ၅ ပေလောက် ရှိတဲ့ နေရာကနေ ကမ်းစပ် အထိ ညှောင့်တွေ စိုက်ထားသေး တယ်။ ရတခလရ ၂ (ရှေ့တန်းအမှတ် ၂ ခြေလျင် တပ်ရင်း) ဟာ ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ နဗဟ ၄၄၃ ( အမှတ် ၄၄၃ နည်း ဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့) အောက် ကိုရောက်ရှိ ခဲ့တယ်။ 

အဲဒီနေ့ ညနေ မှာပဲ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူး ဗိုလ်မှူးချုပ် မောင်လှ ဟာ ရတခလရ ၂ အရာရှိ အားလုံး ကို ခေါ်ယူတွေ့ဆုံပြီး မော်ဖိုးကေ စခန်းသိမ်းတိုက်ပွဲအတွက် စစ်ဆင်ရေး ညွှန်ကြား ချက်တွေပေးခဲ့တယ်။
အဲဒီနောက်တော့ ခလရ ၂ ကို မဲလ - မော်ဖိုးကေ လမ်းကြောင်း လုံခြုံရေး တာဝန် ချထားပြီး စစ်ရေး ပြင် ဆင်ချိန်ပေးခဲ့ ပါတယ်။

ခလရ ၂ တပ်ရင်း တစ်ရင်းလုံး ဟာ မတ်လ ၁၂ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ လမ်း လုံခြုံရေး တာဝန် ယူရင်း အောက်ပါ လုပ်ငန်း တွေကို ဆောင်ရွက်ခဲ့တယ်။

(၁) စစ်သည်တွေ စိတ်ဓာတ်မြင့်မားနေစေ ဖို့ ရန်သူ့ အကြောင်း၊ မိမိ တပ်မတော် ရဲ့ အစဉ် အလာကြီးမားပုံ အကြောင်းကို နေ့စဉ် ညနေစာ စားပြီးတိုင်း စုဖွဲ့ပြီးဆွေးနွေးကြတယ်။

(၂) ရဲစိတ်/ ရဲမာန် တက်ကြွစေမယ့် စာ/ ကဗျာတွေရေးသားပြီး စစ်သည်တွေ ကို ဖတ်ခိုင်းတယ်။

(၃) လက်နက် ကျွမ်းကျင်မှု၊ စစ်ပညာပြည့်ဝ မှု၊ မိမိကိုယ် မိမိ ယုံကြည်မှု ရရှိစေဖို့ နေ့စဉ် လက်နက် တိုက် ချွတ် စစ်ဆေးခြင်း၊ စမ်းသပ် ပစ်ခတ်စေခြင်း၊ ဟောပြောဆွေးနွေးခြင်း နဲ့ စစ်မြေပြင် ကျွမ်းကျင်မှု  သင်ခန်းစာ မှတ်စုများ ပို့ချခြင်းတို့ ပြုလုပ်ခဲ့တယ်။

(၄) ရန်သူ့ အခြေ အနေ  နဲ့ နောက်ဆုံးရ သတင်းတွေ ကို အောက်ခြေ အဆင့်အထိ မပြတ် ရှင်းလင်းပြော ကြား ခဲ့တယ်။

(၅) ငှက်ဖျား ကာကွယ်ဆေး မှန်မှန် တိုက်ကျွေးခြင်း၊ နေ့/ ည အိပ်စက် အနားယူမှု စစ်ဆေးခြင်း၊ ရေချိုး /  ရေသောက် မှု ကြပ်မတ် ခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ ပြုလုပ်ပေးခဲ့တယ်။

(၆) ချပ်ဝတ်တန်ဆာတွေ စနစ် တကျဖြစ်အောင်ပြင်ဆင်ပေး ခဲ့တယ်။

(၇) တပ်စိတ် လိုက်၊ တပ်ဖွဲ့ လိုက် တိုက်ပွဲ ဝင်နိုင်ဖို့ တပ်စိတ် လိုက် ဟန်ချက်ညီ ပစ်ခတ်မှု၊ ရွေ့ လျား မှုနှင့် ပေါင်းစပ် ညှိုနှိုင်းမှုတွေ ပို့ချ ခဲ့ပြီး မိမိ တပ်စု ကို မိမိ စိတ်တိုင်းကျ ဖြစ်လာအောင် စီစဉ်ပေးခဲ့တယ်။

၁၉၈၉ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှာ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ဘိုကြည် ဦးစီး တဲ့ ရတခလရ ၂ ဟာ မော် ဖိုးကေ စခန်း တိုက်ခိုက် သိမ်းပိုက်ဖို့ အတွက် တပ်ရင်း တစ်ရင်းလုံး လမ်း လုံခြုံရေး ဆောင် ရွက်နေ ရာကနေ တာလေ ရွာဟောင်းမှာ ပြန်လည် စုဖွဲ့ပြီး ခေတ္တ တပ်ရင်းမှူးနဲ့ တပ်ခွဲ မှူးတွေဟာ ၁၅၀၀ ချိန်မှာ ပွိုင့် ၁၀၁၄ စခန်းမှာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူး ဗိုလ်မှူး ချုပ်မောင်လှ ထံက နှုတ်မိန့် နာယူခဲ့ကြတယ်။ 

အဲဒီနောက် ခေတ္တ တပ်ရင်းမှူး နဲ့ တပ်ခွဲ မှူးတွေ စုစည်းပြီး တိုက်စစ် စီမံချက် နဲ့ စစ်နည်းဗျူဟာ ကျင့်သုံး မှု တွေ အကြောင်း အသေး စိတ်တိုင် ပင်ညှိုနှိုင်းပြီး တာလေရွာ အနောက်ဘက်မှာ အခြေပြုခဲ့တယ်။

မတ်လ ၂၁ ရက်နေ့ မှာ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ဘိုကြည် ဦးစီး တဲ့ ရတခလရ ၂ တပ်ရင်း တစ် ရင်းလုံးဟာ ဝင်ဆောချောင်း ကို တောလမ်း အတိုင်းချီတက် ခဲ့ပြီး ချောင်း အရှေ့ဘက် ကမ်း တောအုပ်ထဲမှာ တပ်ဖျောက် အခြေပြုနေခဲ့ကြတယ်။

မတ်လ ၂၂ ရက်နေ့ မှာ တပ်ရင်း တစ်ရင်းလုံး တိုက်စစ်မှာ အသုံးပြုမယ့် သစ်တုံးတွေ၊ ဝါးတွေ ခုတ်ကြတယ်။ ၁၀း၀၀ ချိန်မှာ အ မှတ် ၄၄၃ နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူး ဗိုလ်မှူးကြီး အောင်သိန်း ဟာ ခေတ္တ တပ်ရင်းမှူး နဲ့ အရာရှိတွေ အားလုံးကို ခေါ်ယူတွေ့ဆုံ ပြီး စစ်ဆင်ရေး ညွှန်ကြားချက် အသေးစိတ် ချမှတ်ပေး ခဲ့တယ်။

အဲဒီနေ့ မှာပဲ နဗဟမှူး ဦးစီးပြီး စစ်ကြောင်းမှူး၊ တပ်ခွဲ မှူး အားလုံး ပါတဲ့ အရာရှိတွေ ဟာ မော်ဖိုးကေ စခန်းရှေ့ က ရန်သူ့ ခံစစ် စည်းကို မိမိတပ် ရှေ့ပိုင်း အကျဆုံး ရင်ဆိုင် စခန်း ကနေ အ နီး ကပ်ကြည့်ရှုလေ့ လာခဲ့တယ်။

အဲဒီနောက် ခေတ္တ တပ်ရင်းမှူး ဟာ အောက်ခြေ တပ်စိတ်မှူး အထိတွေ့ဆုံပြီး တိုက်ပွဲ ဝင် စိတ် ဓာတ် နဲ့ ကျင့် သုံး ရမယ့် စစ် နည်းဗျူဟာပိုင်း ကို ရှင်းလင်း ချပြဆွေးနွေးခဲ့တယ်။ ပြီးတော့ ဝမ်ဆောချောင်း ကမ်းပါး မှာ ခုတ်ဖြတ် ထားတဲ့ သစ်တုံးတွေ၊ ဝါးတွေကို သယ်ယူကြပါတယ်။
 

မတ်လ ၂၃ ရက် နေ့ ၁၈း၀၀ အချိန်မှာ တိုက်စစ် အထောက်အကူ ပစ္စည်းတွေဖြစ်တဲ့ သစ်တုံးတွေ၊ ဝါးတွေ၊ သဲအိတ်တွေ ကို ရှေ့ ပြေး တပ်စုမှူးတွေဖြစ်တဲ့ ဗိုလ်ကြီးသန်းထူး နဲ့ ဗိုလ်လှတင်ဦး ဦးစီးတဲ့ အဖွဲ့ ငယ်လေးတွေ နဲ့ ချီတက်မယ့် လမ်းကြောင်း တစ် လျှောက်မှာ တိတ်တဆိတ် သွားရောက်စုပုံခဲ့ပါတယ်။ 

အဲဒီနောက် ဗိုလ်ကြီး သန်းထူးနဲ့ ဗိုလ်လှတင်ဦး နဲ့ အမာခံ စစ်သည် ၅ ဦး၊ စစ်မြေပြင် အင်ဂျင်နီယာ စစ်သည် ၂ ဦး စုစုပေါင်း ၈ ဦး တို့ဟာ ၂၀း ၀၀ အချိန်မှာ မိမိရှေ့ ခံစစ်စည်း ကနေ ထွက်ခွာပြီး ရန်သူ့ ခံစစ် စည်းနားကို ချဉ်းကပ်ရင်း ၂၂း ၀၀ အချိန် ထိ ချီတက်ရာလမ်းကြောင်းရွေးချယ်ခြင်း၊ ရန်သူ့မိုင်းများရှင်းလင်းခြင်း၊ ရန်သူ့ ခံစစ် စည်း ကို အနီးကပ် ကြည့်ရှုလေ့လာခြင်း စတာတွေပြုလုပ် ခဲ့ပါတယ်။

၂၄း ၀၀ အချိန်မှာ ဗိုလ်ကြီးသန်းထူး တို့ စီစဉ်ပေးထား တဲ့ ချီတက်ရာ လမ်းကြောင်း အတိုင်း တပ်ရင်း တစ် ရင်း လုံး ချီတက် ခဲ့ပြီး ခမရ ၁၀ ယာယီ စခန်းစိုက် အခြေပြု ထားတဲ့ ရင်ဆိုင် စခန်း အတွင်း ဝင်ရောက်နေရာ ယူပြီး တိုက်စစ်အတွက် ဦးတည်အသင့်ပြင်ခဲ့ကြတယ်။ စစ်သည် အားလုံး ကြက်အိပ်/ ကြက်နိုး နဲ့ အမှောင် ထဲကနေ ရန်သူ့ စခန်းကုန်း ကို မှန်းဆကြည့်နေ ကြတယ်။ 

လက်နက်/ခဲယမ်း ၊ အုပ်ချုပ်ထောက်ပံ့မှု အပြည့်အစုံ၊ ကွန်ကရစ် ဘန်ကာတွေ အခိုင် အမာ၊ မိုင်းအထပ်ထပ်၊ သံဆူးကြိုး  အထပ်ထပ်၊ သံညှောင့်/ ဝါးညှောင့် အထပ်ထပ်၊ မိမိတပ် လာမှာကို ကြိုတင်မျှော်လင့်ပြီး အစစ အရာရာ အသင့်ပြင်ဆင် ထားတဲ့ ရန်သူ့စခန်း “မော်ဖိုးကေ ”။

 နိုင်ငံခြားသားတွေ ကိုခေါ်ပြီး မြန်မာ့တပ်မတော် က ဘယ်လို မှ တိုက်လို့ မရနိုင်ပါဘူးလို့ ကြွားလုံး ထုတ် ထား တဲ့ “မော်ဖိုးကေ”။

တိတ်ဆိတ် တဲ့ ညလယ်ယံ မှာ စခန်းပေါ်ဖြတ်ပျံ သွားတဲ့ ငှက်တစ်ကောင် ရဲ့ စူးရှရှ အော်သံကို အတိုင်း သားကြား လိုက်ရတယ်။
“ဂီး…ဂစ်..ဂစ်…ဂစ်..” ။

ငှက်ဆိုး…..ပြီးတော့ ဂြိုလ်ဆိုး၊ ကြမ္မာဆိုး…မိန်းမလှတောင်တန်း မှာ မကြာခင် ယမ်းငွေ့ခြုံ လွှမ်းပြီး သွေးမုန် တိုင်း တိုက်တော့မယ့် လက္ခဏာ။

(သုံး)
မော်ဖိုးကေ စခန်း ကို မတိုက်ခင် ခလရ ၂ နဲ့ ခမရ ၂ ဟာ တိုက်စစ် မျက်နှာစာ အတွက် မဲနှိုက်ကြ ရပါတယ်။ မိမိ ဘက်ကကြည့်ရင် ရန်သူ့စခန်းကို တက်ရမယ့် မြေ အနေအထား က ညာဘက် မှာ တောင်ကုန်း၊တောင် စွယ် နည်းနည်း ပါးပါး ရှိပြီး ဘယ်ဘက် မှာ က တောင်ကုန်း မရှိ သလောက် နည်းပါးတယ်။ 

ဒီတော့ ညာဘက်က တက်ရတာ ကိုယ့် အတွက် ကျည်ကွယ် မျက်ကွယ် နည်းနည်း ပါးပါး ရနိုင်တယ် ဆိုပါတော့။
မဲနှိုက်လိုက်တဲ့ ရလဒ် အဖြေအရ ခမရ ၂ က ညာဘက် စစ်မျက်နှာက တက် ရမှာဖြစ်ပြီး ခလရ ၂ က ဘယ်ဘက် စစ်မျက်နှာက တက်ရမှာ ဖြစ်တယ်။ အဲဒီလို ဘယ်ဘက်မှာ မှ နှစ်ပိုင်း ထပ်ခွဲ လိုက် ရင် ညာဘက် က ခွဲ ၃နဲ့ ခွဲ၎ ဖြစ်ပြီး ဘယ်ဘက်က ခွဲ ၁၊ ခွဲ ၅ နဲ့ ခွဲ ၂ တို့ဖြစ်တယ်။
 

Ye Kyaw Thura's photo.

တိုက်ပွဲမှာ ပါဝင်တဲ့ အရာရှိတွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(က) ကွပ်ကဲသူ အရာရှိများ
 (၁) ဗိုလ်မှူးချုပ် မောင်လှ စကက မှူး
(၂) ဗိုလ်မှူးကြီး တင်အေး တပ်မမှူး
(၃) ဗိုလ်မှူးကြီး လှရွှေ တပ်မမှူး
(၄) ဗိုလ်မှူးကြီး အောင်သိန်း ဗျူဟာမှူး


(ခ) ရတခလရ ၂ မှ တိုက်ပွဲဝင်သူ အရာရှိများ
(၁) ဗိုလ်မှူး ဘိုကြည် ခေတ္တတပ်ရင်းမှူး
(၂) ဗိုလ်ကြီး သန်းထူး ထောက်လှမ်းရေးအရာရှိ
(၃) ဗိုလ်မှူး မြင့်သန်း စစ်ကြောင်း (၂) မှူး
(၄) ဗိုလ်ကြီး ခင်မောင်သွင် တပ်ခွဲမှူး၊ တပ်ခွဲ (၁)
(၅) ဗိုလ်ကြီး သန်းထူး တပ်စုမှူး၊ တပ်ခွဲ (၁)
(၆) ဗိုလ်ကြီး အောင်သန်းဦး တပ်ခွဲမှူး၊ တပ်ခွဲ (၂)
(၇) ဒုဗိုလ် အောင်နိုင် တပ်စုမှူး၊ တပ်ခွဲ (၂)
(၈) အလုပ်သင်ဗိုလ် ရွှေဝင်း တပ်စုမှူး၊ တပ်ခွဲ (၂)
(၉) ဗိုလ်ကြီး မင်းဥာဏ်ရှိန် တပ်ခွဲမှူး၊ တပ်ခွဲ (၃)
(၁၀) ဗိုလ်ကြီး မောင်မောင်ကို တပ်စုမှူး၊ တပ်ခွဲ (၃)
(၁၁) ဗိုလ်ကြီး သန်းထွန်း တပ်ခွဲမှူး၊ တပ်ခွဲ (၄)
(၁၂) ဗိုလ်ကြီး ရဲနိုင် တပ်စုမှူး၊ တပ်ခွဲ (၄)
(၁၃) ဗိုလ်ကြီး ညီညီအောင် တပ်ခွဲမှူး၊ တပ်ခွဲ (၅)
(၁၄) ဗိုလ် လှတင်ဦး တပ်စုမှူး၊ တပ်ခွဲ (၅)


ခလရ ၂ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ဘိုကြည် ဦးစီး တဲ့ လက်နက်ကြီး အဖွဲ့ကတော့ ရန်သူ့ ခံစစ် စည်းနဲ့ ခန့် မှန်း ကိုက် ၂၈၀ အကွာ အဝေးလောက်မှာ ရှိနေပါတယ်။ အကွာ အဝေး ခန့်မှန်း ကိုက် ၂၈၀ ကို အောက်ပါ အတိုင်း ခွဲခြားနိုင်ပါတယ်။

ရင်းမှူး + လက်နက်ကြီး အဖွဲ့ကနေ မိမိ ခံစစ် စည်းအထိ ခန့်မှန်း ကိုက် ၅၀၊ မိမိ ခံစစ် စည်း ကနေ ချောင်းခြောက် တစ်ခု အထိ ခန့်မှန်း ကိုက် ၁၀၀၊ ချောင်းခြောက် ကနေ ရန်သူ့ ခံစစ်စည်း အထိ ခန့်မှန်း ကိုက် ၁၃၀ ဖြစ်ပါတယ်။ 

မိမိ ခံစစ်စည်း ကနေ ရန်သူ့ ခံစစ်စည်း တစ်လျောက်မှာ ညာဘက် စစ်မျက်နှာ လို တောင်ကုန်းတောင်စွယ် သိပ်မရှိတဲ့ အပြင် မိုင်းတွေ ခင်းထားပါတယ်။ ရန်သူ့ ခံစစ်စည်း အစ မှာတော့ သံဆူးကြိုး ၂ ထပ် ကာရံထား ပါတယ်။ 

အဲဒီ သံဆူးကြိုး ခြံစည်းရိုးနှစ်ထပ် ကနေ ခန့်မှန်း ကိုက် ၂၀ လောက် ဆက် တက်ရင် သံဆူးကြိုး ကာရံထား တဲ့ နောက်ထပ် ခြံစည်းရိုး ၅ ထပ် ရှိနေပါတယ်။ မိမိ ခံစစ်စည်း က ကိုက် အကွာအဝေး နဲ့ စတွက်ရင် (၅၀ + ၁၀၀ မိုင်းကွင်း + ၁၃၀ မိုင်းကွင်း (သံဆူးကြိုးတပ် ခြံစည်းရိုးနှစ်ထပ်ရောက်) + ၂၀ မိုင်းကွင်း ((သံဆူးကြိုးတပ် ခြံစည်း ရိုးငါးထပ်ရောက်) ဖြစ်ပါတယ်။ 

သံဆူးကြိုးတပ် ခြံစည်း ရိုး ငါးထပ်ကျော်ပြီးတာနဲ့ ညှောင့် အမျိုးမျိုး၊ အတား အဆီး အမျိုးမျိုး ချထား ပြီး အဲဒီ အတားအဆီးတွေရှေ့မှာတော့ ပြောင် သလင်း ခါနေတဲ့ သတ်ကွင်းပါ။

သတ်ကွင်းရှေ့တည့်တည့် နဲ့ ဘေး ဘယ်ညာမှာ တော့ လက်နက်ကြီးငယ် အသွယ်သွယ် နဲ့စောင့် ဆိုင်းနေ တဲ့ ရန်သူ။ ဗိုလ်ကြီး သန်းထူး ဦးစီး တဲ့ တပ်စု တစ်စု ဟာ ယရက် မတိုင်ခင် တစ်ရက် အလို မှာ မိမိ တပ်ချီ တက် မ ယ့် လမ်းကြောင်းတစ်လျောက် ညဘက်မှာ တတ်နိုင်သလောက် မိုင်းသွားရှင်းထားပါတယ်။ 

ယ ရက် ၈၉ မတ်လ ၂၄ ရက်၊ န နာရီ ၁၀း ၀၀ နာရီ။

(လေး)
မတ်လ အပူချိန်က တရှိန်ရှိန် တငြီးငြီး။ အချိန်က ၁၉၈၉ ခုနှစ် မတ်လ ၂၄ ရက်၊ နံနက် ၁၀း ၀၀ နာရီ။ နဗဟ ၄၄၃ အစီအမံနဲ့ အမြောက်ပစ်ကူ စတင်လိုက်တဲ့ အချိန်မှာ ရှေ့ပြေး တပ်ခွဲဖြစ်တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ခင်မောင် သွင်၊ တပ်စုမှုး ဗိုလ်ကြီးသန်းထူး တို့ ဦးစီး တဲ့ ခွဲ ၁ ဟာ မိမိ ခံစစ် စည်းကနေ မိုင်းရှင်း ထားတဲ့ လမ်းကြောင်း အတိုင်း ကိုက် ၁၅၀ လောက်ဝေးတဲ့ ချောင်းခြောက် ဆီ ကို အပြင်း ချီတက်ကြပါတယ်။

မိမိတပ် စတင် လှုပ်ရှား တာနဲ့ ရန်သူ ဟာ သူတို့မှတ်ပုံတင် ထားပြီးဖြစ်တဲ့ ပုံသေ ပစ်ကြောင်း အတိုင်း ၅၇ မမ နောက်ပွင့် ရိုင်ဖယ်၊ ၈၂ မမ စိန်ပြောင်း၊ RPJ ၊ M 79 ဗုံးပစ်လောင်ချာ၊ ဒသမ ၅ စက်သေနတ်ကြီး၊ စက်လတ် တို့နဲ့ မိမိတပ် ကို ဦးနှိမ် ပစ်ခတ် ပါတော့တယ်။ 

အကာအကွယ် မရှိတဲ့ လမ်းကြောင်းအတိုင်း မိကျောင်းတွား တက်လာ ခဲ့ကြရတဲ့ မိမိ စစ်သည်တွေကြားမှာ ရန်သူ့ လက်နက်ကြီး မျိုးစုံ ကျရောက်ပေါက်ကွဲ တာကြောင့် စစ်သည် တချို့ ကျဆုံး၊ ဒဏ်ရာ ရ ကုန်ကြ တယ်။ တစ်ဘက်နိုင်ငံမှောင်ခိုဈေးကွက် ကနေ ဝယ် ယူ ထားတဲ့ ခဲယမ်းတွေ အပြည့် အစုံ အလုံ အလောက်ရှိတာမို့ ရန်သူ က မိမိတပ် ကို စိတ်ကြိုက် ဖိပစ်နိုင်ပါတယ်။

ကြိုတင်နေရာယူ အသင့်ပြင်ဆင် ထားတဲ့ ရန်သူ့ ပစ်ခတ်မှုအောက် မှာ မိမိ စစ်သည်တွေ အတုံး အရုန်း၊ ဖရိုဖရဲ၊ အလဲလဲ အပြိုပြို။ မိမိတပ် ခံစစ်စည်း ကနေ ချောင်းခြောက် မရောက်ခင် ကိုက် ၁၀၀ ဝန်းကျင်ကြား ထဲမှာ ရန်သူ ကိုပြန်ပစ် ဖို့နေနေ သာသာ တစ်လက် မချင်း ရွေ့လျားဖို့ပေး ခဲ့ရတဲ့ စစ်သည်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ အသက်တွေ…မနည်းမနော။ 

တရွှီးရွှီး မှုတ်နေတဲ့ တပ်ခွဲမှူး ရဲ့ ခရာသံနဲ့ အတူ တဝုန်းဝုန်း ပိုက်စိတ်တိုက် ကျနေတဲ့ ရန်သူ့ လက်နက်ကြီး၊ စက်သေနတ်ကြီးတွေ ရဲ့ ပစ်ခတ်မှုကြောင့် မီးခိုးလုံးတွေ ပိန်းပိတ်နေ တဲ့ စစ်မြေပြင်မှာ တရွေ့ရွေ့ရ သလောက် ချည်းကပ်နေတဲ့ တပ်မတော်သားများ။ မဆုတ် မနစ် တဲ့ ဇွဲလုံ့လ နဲ့ တစ်လက်မ ချင်းရွေ့လျားခဲ့တဲ့  အချိန်မှာ တစ်နေ့တစ်လံ ပုဂံမပြေးနိုင်တော့။ 

ချောင်းခြောက် ကိုရောက် ရှိပြီး ခွဲ ၁ အင်အား ကို ပြန်လည် စစ်ဆေးစုဖွဲ့တဲ့ အချိန်မှာ အင်အား ၅၀ ဝန်းကျင် ရှိတဲ့ တပ်ခွဲ မှာ တိုက်ပွဲဝင် နိုင်တဲ့ စစ်သည် အင်အား ၃၀ ပျော့ပျော့ မပြည့် ချင်တော့။ တပ်ခွဲမှူး ဦးစီး ခွဲ ၁ ဟာ ရှိတဲ့ အင်အား နဲ့ ချောင်းခြောက်ကနေ ရှေ့ကိုက် ၁၃၀ လောက်မှာ ရှိတဲ့ ရန်သူ့ ခံစစ်စည်းကို ဆက်တက်ပါတယ်။

 အဲဒီ ချီတက်ရာလမ်းကြောင်း မှာလည်း မိုးသီး မိုးပေါက် တွေလို တဖွဲ ဖွဲကျလာ တဲ့ ရန်သူ့ လက်ယှက် ထိုး ပစ် ခတ်မှုကြောင့် တပ်ခွဲမှူး အပါအဝင် စစ်သည် တစ်ဝက်လောက် လက်နက်ကြီး/ငယ်တွေ ထိ မှန်ကုန်တာမို့ ရန်သူ့ ခံ စစ်စည်း အရောက် မှာ တပ်စုမှူး ဗိုလ်ကြီးသန်းထူး အပါအဝင် စစ်သည် ၁၅ ယောက်ခန့်သာ ကျန် ပါတော့ တယ်။ 

ခန့်မှန်း ကိုက် ၂၈၀ လောက် ရှိတဲ့ မြေပြင်ကို တက်ရောက် ချဉ်းကပ်နိုင်ဖို့ အတွက် ကျဆုံး၊ ဒဏ်ရာရ မိမိစစ် သည် ၄၀ ကျော် လောက်ရဲ့ အသက်၊ သွေးချွေးတွေ ပေးလိုက်ရတာပါ။

ခွဲ၁ တပ်ခွဲမှူး ဒဏ်ရာ ရသွားတဲ့ အတွက် တခြား ဒဏ်ရာရ စစ်သည်တွေ နဲ့ အတူ ချောင်းခြောက် ဘက် ကို နောက် ဆုတ်ပြီး ပြန်ဆွဲ လာကြရတယ်။ ပထမဦးဆုံး ခြံစည်းရိုးနှစ်ထပ်ဘေး မှာတော့ ဗိုလ်ကြီး သန်းထူးနဲ့ စစ်သည် ၁၄ ယောက်လောက် အလူး အလဲ ကျား ကုပ်ကျားခဲနေရာ ယူထား ရ ပါတယ်။ 


အဲဒီ အချိန်မှာပဲ ခွဲ ၅ က ဗိုလ် လှတင်ဦး ဦးစီးတဲ့ တပ်စု ဟာ မိမိ ခံစစ်စည်းကနေ ချောင်းခြောက် ဆီကို ဆက်ပြီး ချီတက် ပါတယ်။ ထုံးစံ အတိုင်း ရန်သူ့စိတ်ကြိုက် ပစ်ခတ်မှုအောက်မှာ တပ်စု တစ်ဝက်လောက် အင်အားပြုန်းတီး သွားပြန်ပါတယ်။ ချောင်းခြောက် ရောက်ရှိချိန်မှာ ဗိုလ်လှတင်ဦး ဟာ ခွဲ ၁ တပ်ခွဲမှူးထံ သတင်းပို့ပြီး အခြေ အနေမေးကြည့်ပါတယ်။

“ညီလေး…လောလောဆယ် ဒီမှာပဲ အခြေပြု ထားဦး။ ရှေ့မှာ သန်းထူးတို့ တပ်စု ခြံစည်းရိုးနား မှာကပ် မိနေပြီ ၊ ဒီနေရာလေးမှာ လောလောဆယ် ကျည်ကွယ်၊ မျက်ကွယ်ရတယ်” လို့ ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ကြီး ခင်မောင်သွင်က ပြောပါတယ်။ ဒါနဲ့ ဗိုလ်လှတင်ဦး ကလည်း သူ့တပ်စု က စစ်သည်တွေ ကို မလှမ်းမကမ်းမှာ ယာယီ နေရာချထားလိုက်တယ်။ 

နေရာ ချပြီးလို့ သိပ်မကြာခင်လေး မှာပဲ ဗိုလ်လှတင်ဦး နဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ တပ်ကြပ်ဌေးမောင် နဲ့ ရဲဘော်တွေကြားထဲ ကို ရန်သူ့ ၅၇ မမ နှစ်လုံး ဆက်တိုက် ကျလာတယ်။ ဂျိမ်း၊ ဂျိမ်း ဆိုရှေ့ ဆင့်နောက်ဆင့် ဆက်တိုက် အသံထွက် လာပြီး မီးခိုးတွေ စဲသွား တဲ့အချိန်မှာ ကြည့်လိုက် တော့ တပ်ကြပ်ဌေးမောင် ခေါင်း မရှိတော့ပါဘူး။ တပ်ကြပ်ဌေးမောင် နဲ့ စစ်သည် နှစ်ဦး၊ ပေါင်း သုံးဦး ကျဆုံး သွားပြီး စစ်သည်နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရသွားတယ်။

ခန့်မှန်း ၁၁း ၀၀ နာရီလောက် မှာ ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ကြီး ညီညီအောင် ဦးစီး တဲ့ ခွဲရုံး အဖွဲ့ မိမိခံ စစ်စည်း ကနေ ချောင်ခြောက် ထဲကို လာရောက် ပူးပေါင်းခဲ့တယ်။ ရောက်ရောက်ချင်း သိပ်မကြာ လိုက်ဘဲ ဗိုလ်ကြီး ညီညီအောင်က သူ့တပ်ခွဲ ကို ခရာ မှုတ်ပြီး တက်ခိုင်း တယ်။ သူနဲ့ သူ့ရဲ့ခွဲရုံး အဖွဲ့အပါအဝင်ပေါ့။ 

ခွဲ ၅ ခရာ မှုတ်ပြီး တက်တာနဲ့ ရန်သူ က သူ့ပစ်ကွင်း ထဲရောက်လာတဲ့ မိမိ တပ်ဆီ ကို လက်နက်ကြီးတွေ စုပြုံ  ပစ်ခတ်ပါတော့တယ်။

ရန်သူ့ လက်နက်ကြီးတွေ ပြုံကျ လာလိုက်တာ ဘယ်နှလုံးမှန်း မသိတော့ဘဲ ခွဲ ၅ ခွဲရုံး အဖွဲ့နေရာ တစ်ခု လုံးမှောင်ပိန်း သွားတယ်။ တပ်ခွဲမှူး ဗိုလ်ကြီး ညီညီအောင် အပါအဝင် ခွဲရုံးတစ်ဖွဲ့လုံး လက်နက်ကြီး ထိကုန် ကြတယ်။ 

ခွဲ ၅ စက်လတ် ကို ဘာလက်နက်ကြီး စထိမှန်း မသိပေမဲ့ စက်လတ်ကြီးကောက်ကွေး သွားတယ်။ စက်လတ် သမား နဲ့ ဆက်သွယ်ရေး စက်ကိုင် စစ်သည်၊ ဆေးတပ်သား တို့ သွေးအိုင် ထဲ မှာခွေခွေလေး လဲနေကြ တယ်။ ဒါနဲ့ ဗိုလ်ကြီး ညီညီအောင် နဲ့ ဒဏ်ရာရ စစ်သည်တွေကို ကျန်တဲ့ စစ်သည်တွေ အကူအညီ နဲ့ ချောင်းခြောက် ဆီကို ပြန်ဆွဲလာရတယ်။ 

ရှေ့တပ်ခွဲရော နောက် တပ်ခွဲပါ အလူးအလဲ အပစ်ခံနေရတော့ စစ်သည်တွေ စိတ်ဓာတ်ကျမှာ စိုးတာနဲ့ ဗိုလ်လှတင်ဦး က “ဘာမှ စိတ်ဓာ တ်မကျနဲ့၊ ငါရှိသေးတယ်၊ ငါဆက်ကွပ်ကဲမယ်” လို့ပြောပြီး ခွဲ ၅ တပ်ခွဲမှူး တာဝန် ကို ကိုယ့်ဘာသာ ယူလိုက်တယ်။ တပ်မ တော်ရဲ့ တစ်ဗိုလ်ကျ တစ်ဗိုလ် တက် အစဉ်အလာ အတိုင်း လက်ကျန် အဖွဲ့ ကို စိတ်ဓာတ်မြှင့်တင်ပြီး ဗိုလ်လှတင်ဦး က ဆက် လက် ကွပ်ကဲခဲ့တယ်။ 

အဲဒီ အချိန်မှာ ရန်သူ့ ခံစစ်စည်း ခြံစည်းရိုးနား က ဗိုလ်ကြီးသန်းထူး နဲ့ တပ်စိတ်နှစ်စိတ် ဟာလည်း ရန်သူရဲ့ လက်ယှက်ထိုး ပစ်ခတ်မှု အောက်မှာ အလူးအလဲ။ ဒါနဲ့ ဗိုလ်လှတင်ဦး က ဒဏ်ရာရ စစ်သည်တွေ ကို ခွဲ ၁ တပ်ခွဲမှူး ကွပ်ကဲမှုအောက်မှာ ထားပြီး သူနဲ့ တပ်စု တစ်စု ရှေ့ ကခြံစည်း ရိုး နား မှာရောက်နေပြီဖြစ်တဲ့ ဗိုလ်ကြီး သန်းထူး တပ်စုနဲ့ သွားရောက် ပူးပေါင်းဖို့ တင်ပြလိုက် တယ်။ 

တိုက်ဆိုင် ချင်တော့ ဗိုလ်လှတင်ဦး က ၈၄ မမ ပါလာရင်ကောင်းမှာပဲ လို့တွေးနေတုန်းမှာ စစ်ကြောင်း ၂ က တပ်သား သန်းထွေး ဟာ ၈၄ မမ တစ်လက်နဲ့ အတူ ရောက်ချ လာပါလေရော။ မိမိ စစ်သည်တွေ အလူး အလဲ ခံနေရတယ် ဆိုတဲ့ သတင်းကြား လို့ မခံချင် စိတ်နဲ့ တပ်သား သန်းထွေး ရောက်လာတာပါ။

ဗိုလ်လှတင်ဦး တပ်စု ဟာ ရန်သူ့ခြံစည်းရိုး မှာ အပစ်ခံနေရ တဲ့ ဗိုလ်ကြီးသန်းထူး တပ်စုနဲ့ ၁၂း ၀၀ နာရီလောက် မှာ ပေါင်းမိ သွားပါ တယ်။ ဗိုလ်ကြီး သန်းထူး တပ်စုမှာ လည်း တိုက်ပွဲ ဝင်နိုင်တဲ့ စစ်သည်က တပ်စိတ် တစ်စိတ်စာလောက်ပဲ ကျန်ပြီး ဗိုလ်လှတင်ဦး တပ်စု (အမှန်က တပ်စိတ်နှစ်စိတ်) မှာလည်း တပ်စိတ် တစ်စိတ်စာလောက်ပဲ ရှိပါတော့တယ်။ ကျန်တဲ့ စစ်သည် တွေကတော့ ဒဏ်ရာ အသီးသီးနဲ့ လဲနေကျပါပြီ။

ဗိုလ်ကြီးသန်းထူး ဆီက လက်ကျန် အင်အား နဲ့ ဗိုလ်လှတင်ဦး လက်ကျန် တပ်စိတ်ပေါင်းပြီး တပ်စု တစ်စု ချက်ခြင်း ဖွဲ့လိုက်ကြတယ်။ တကယ်တော့ တပ်စိတ်နှစ်စိတ် သာ သာ ပါပဲ။ ရှေ့ခြံစည်းရိုးနှစ် ထပ်ကို ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပေမဲ့ နောက်ထပ်ခြံစည်း ရိုး ငါးထပ် ကိုဖေါက်ရဦးမယ်။ 

ဗိုလ်ကြီး သန်းထူးက နောက်ပိုင်းချောင်းခြောက်မှာ ရှိတဲ့ တပ်ခွဲမှူးဆီ ကို အခြေအနေ သွား သတင်းပို့တယ်။
အဲဒီ အချိန်မှာ ဗိုလ်လှတင်ဦး က စစ်သည်တွေ ကို ဆက်လက် ကွပ်ကဲ တိုက်ပွဲ ဝင်ခဲ့ပါတယ်။


ဗိုလ်လှတင်ဦး ရဲ့ ဘယ်ဘက် မှာ စက် လတ် သမား ၁ ယောက်၊ ဂျီဖိုးခေါ် ဘီအေ ၆၄ သမား ၂ ယောက်၊ အမ် ၇၉ ဗုံးပစ်လောင်ချာ နဲ့ ၁ ယောက် နဲ့ တပ်ကြပ် လူငြိမ်း ၊ ညာဘက် မှာ တပ်ကြပ် ခင်မောင်စိုး နဲ့ ဘီအီး တပ်သား တစ်ယောက်၊ တပ်ကြပ် စိုးမြင့် နဲ့ ၄ ယောက်၊ ရှေ့ ၅ ကိုက် လောက် မှာ တပ်ကြပ်ကြီး ညွန့်ရွှေ၊ ၈၄ မမ ကိုင်တဲ့ တပ်သား သန်းထွေး နဲ့ တပ်စိတ် တစ်စိတ်ခန့်။ 

တပ်ကြပ်ကြီး ညွန့်ရွှေ ဦးစီးပြီး ဘီအီး စစ်သည် နဲ့ ခြံစည်းရိုး ကို ဘန်ဂလိုတော်ပီဒို နဲ့ဖျက်ဖို့ အတွက် မိမိ တပ်စု မှာရှိ တဲ့ ၈၄ မမ နောက် ပွင့်ရိုင်ဖယ် လေးငါးလုံးလောက် ရှေ့ဆုံး က ရန်သူ့ ဘန်ကာကို တိုက်ရိုက် ချိန်ပစ် ပါတယ်။ 


တပ်သားသန်းထွေး နဲ့ ၈၄ အကူ စစ် သည် တို့ ရဲရဲ ရင့်ရင့် ထပြီး ပစ် ခတ် လို့ ရန်သူ့ ဘန်ကာကို လေးလုံး တိုက်ရိုက် ထိမှန် ခဲ့ပြီး ရန်သူ ခဏလောက်ငြိမ်ကျ သွား ခဲ့တယ်။ ၈၄ မမ ခဏနားလိုက်တဲ့ အချိန်မှာ စက်လတ်၊ ဂျီဖိုး၊ အမ် ၇၉ တို့ကို ရန်သူ့ဘန် ကာ ပစ်ပေါက် ထဲကို စုပြုံပစ်ခတ် ခဲ့တယ်။ အဲဒီ လို ပစ်အား သုံးပြီး ရန်သူ့ခြံစည်းရိုး ကို ဘန်ဂလိုတော်ပီဒို နဲ့ သုံးကြိမ် ကြိုးစားပြီး ဖျက်ပေမဲ့ ဘန်ဂလိုတော်ပီတို မကွဲလို့ ခြံစည်းရိုး က ဖျက်မရတဲ့ အနေအထားရောက်နေတယ်။ 

ဒါ့ကြောင့် နောက်တစ်ကြိမ် ရန်သူ့ပစ်ပေါက် ကို စုပြုံပစ်ခတ်နေတဲ့ အချိန်မှာ ဘီအီး တပ်ဖွဲ့ က ဒုတပ်ကြပ် သန်းနိုင်လင်း တစ်ယောက် တည်း သံဆူးကြိုး ခြံစည်းရိုး ငါးထပ် စလုံးကို လူ တစ်ယောက်ဝင် သာတဲ့ အပေါက် ရအောင် ကပ်ကြေး တစ်လက်နဲ့ ဝင်ပြီးဖြတ်ခဲ့ တယ်။

 ခြံစည်းရိုး ငါးထပ် ပေါက်သွား ပါပြီ။ “ဗိုလ်ကြီး ခြံစည်းရိုး ငါးထပ် စလုံးပေါက်သွားပြီ။ ကျွန်တော်တို့ တစ်ယောက် ချင်း တိုးဝင် မယ် ဆိုရင် ဝင်လို့ရနိုင်တယ်” လို့ ဒုတပ်ကြပ် သန်းနိုင်လင်း က ဗိုလ်လှတင်ဦးကို သတင်းပို့ပါတယ်။

“အေး…အေး” လို့ ပြောနေ တုန်း ရန်သူ့ လက်နက်ငယ် ကျည်တစ်တောင့် က ဒုတပ်ကြပ် သန်းနိုင်လင်းရဲ့ ပါးစောင် ကိုဖေါက်ဝင် သွားတယ်။ ဒါနဲ့ ဗိုလ်လှတင်ဦး က ဒုတပ်ကြပ် သန်းနိုင်လင်း ကို ချောင်းခြောက် ဘက် ကိုပြန်ပို့ လိုက်တယ်။ “ဆရာ သန်းနိုင်လင်း၊ ခင်ဗျား တာဝန်ကျေပြီ သွားနား နေလိုက်တော့” လို့ ပြော လိုက် တယ်။

အဲဒီ အချိန်မှာ ချောင်းခြောက် ထဲမှာ ဒဏ်ရာရ ထားတဲ့ တပ်ခွဲ မှူးဆီ သတင်း သွားပို့တဲ့ ဗိုလ်ကြီး သန်းထူးပြန်ရောက်လာတယ်။ ဗိုလ်ကြီး သန်းထူးနဲ့ အတူပါလာတာက ၈၄ မမ နောက်ပွင့် ရိုင်ဖယ် ဗုံးသီးတွဲ ၆ တွဲနဲ့ စစ်သည် တချို့ပါလာတယ်။

ဗိုလ်ကြီးသန်းထူး၊ ဗိုလ်လှတင်ဦး၊ ပြီးတော့ ခွဲ ၁ နဲ့ ခွဲ ၅ က စုပေါင်း စပ်ပေါင်း စစ်သည် တပ်စု တစ်စုခန့်။ ကျန်တဲ့ စစ်သည်တွေ က တော့ ဒဏ်ရာ ကိုယ်စီနဲ့ ချောင်းခြောက်ထဲ မှာ အတုန်း အရုန်း။ ဆက်ပြီး တိုက်ပွဲ ဝင်မယ့် အရာရှိ/စစ်သည် အားလုံးရဲ့ မျက်နှာမှာ မခံ ချင်စိတ်တွေနဲ့ စစ်သွေး စစ်မာန်တွေက မတ်လရဲ့ နေပူ ရှိန်အောက်မှာ ရဲရဲတောက်လို့………။ ။

(ငါး)
“လှတင်ဦး…၊ ငါ ရယ်၊ ဆရာကြီးညွန့်ရွှေ ရယ်၊ ဆရာခင်မောင်စိုး တပ်စိတ်ရယ် အရင်ရှေ့က တက်မယ်၊ ညီလေး နောက်ကထောက် ထားပေး။ ငါတို့ စဖြတ် တာနဲ့ မင်းရှိတဲ့ လက်နက် ပြုံပြီး ပစ်ပေတော့။ ငါတို့ ခြံစည်းရိုး တစ်ဘက်ရောက် လို့ နေရာယူပြီး တာနဲ့ မင်းတို့ ဆက်တက် လာခဲ့။” လို့ ပြောတဲ့ ဗိုလ်ကြီး သန်းထူး မျက်နှာဟာ တွေဝေတုံ့ဆိုင်းမှု မရှိတဲ့ စစ်ခေါင်းဆောင် တစ်ယောက်ရဲ့ ပြတ်သား တဲ့ မျက်နှာပါ။

ဗိုလ်လှတင်ဦး က ဗိုလ်ကြီးသန်းထူး မျက်နှာကို တစ်ချက်ငေးကြည့်လိုက်ရင်း “အော် ကို သန်းထူး….၊ ကိုသန်းထူး….။ တကယ်ဆို ရင် လှတင်ဦး ညီလေး…မင်းရှေ့က တက်ကွာ၊ ငါ ဒီကနေ ၈၄ နဲ့ ထောက် ထားပေး မယ်၊ မရရ အောင်တက် ဆိုပြီး ငါ့ကို ခိုင်းလည်း ရတာ ပဲ။ ခေါင်းဆောင်ကောင်း ပီသ လိုက်တာ ကိုသန်းထူးရယ်” လို့ ကိုယ့် ဘာသာစိတ်ထဲ က ပြောနေမိတယ်။ ဘာကြောင့် မှန်းမသိ ရင်ထဲမှာတော့ တိုးတိတ်ကြေကွဲ ကျင် ခနဲ ခံစားလိုက်ရတယ်။ 

ဘီအီး စစ်သည် ဒုတပ်ကြပ် သန်းနိုင်လင်း ဖေါက်ပေးထား တဲ့ လမ်းကြောင်း အတိုင်း ဗိုလ်ကြီး သန်းထူးတို့ တပ်စိတ်ဖြတ်တဲ့ အချိန် မှာ ဗိုလ်လှတင်ဦး က ရှေ့ဘယ်အစွန် ဘန်ကာ နဲ့ ညာဘက် ယွန်းယွန်းက ရန်သူ့ ပစ်အား များတဲ့ ကတုတ်တွေကို ၈၄ မမ နောက်ပွင့် ရိုင်ဖယ် နဲ့ ရှိသမျှ ဗုံးသီး ကုန်ခါနီး အထိ တဝုန်းဝုန်း ပစ်ခတ်ခိုင်း လိုက်ပါတယ်။ 

ရန်သူ့စခန်း ကုန်း တစ်ခုလုံး သိမ့်သိမ့် တုန်ပြီး ဘယ် ဘက်က ရန်သူ့ ဘန်ကာနဲ့ ညာဘက် ကတုတ်ထဲက ရန်သူတွေ အပစ်ရပ် သွားတယ်။ ရန်သူ အပစ်ရပ်သွား တာနဲ့ ဗိုလ်လှတင်ဦး နဲ့ ကျန်တဲ့ အဖွဲ့ဟာ ခြံစည်းရိုး ငါးထပ်ကို တိုးဝင်ထိုး ဖေါက်ပြီး ဗိုလ်ကြီး သန်းထူး တို့ အဖွဲ့နဲ့ သွားရောက်ပူးပေါင်း လိုက်တယ်။

 နှစ်ဖွဲ့ပေါင်းမိ သွားတဲ့ အချိန် ကျမှ မိမိ တပ်ရဲ့ သတ်ကွင်း ထဲက အကာအကွယ် မဲ့နေမှုကို အခွင့် ကောင်း ယူပြီး ရန်သူ ဟာ လက်နက်ကြီး/ လက်နက်ငယ်ပေါင်းစုံနဲ့ စုပြုံ ပစ်ခတ်ပါတော့တယ်။ သတ်ကွင်း ထဲက မိမိ စစ်သည်တွေ ကို ရှေ့မျက်နှာစာ ဘယ်/ညာကနေ စုပြုံပစ်ခတ်နေတာကြောင့် ရှိသမျှ ၈၄ မမ ဗုံးသီးတွေကို ရန်သူ့ ဘန်ကာနဲ့ ပစ်ကျင်းတွေဆီ သွန်ပြီး ပစ်လိုက်တယ်။ ပြီးတော့ မိမိ တပ်စုမှာ ရှိတဲ့ စက်လတ်၊ ဂျီဖိုး၊ အမ် ၇၉ တို့ကို စုပြုံ ပစ်ခတ်စေ ခဲ့တယ်။ 

တစ်ချိန်တည်း မှာပဲ ဗိုလ်ကြီး သန်းထူးက “လှတင်ဦး…တတ်နိုင် သလောက်ပြန်ပစ် ထား ငါနဲ့ လှအေး ရှေ့က ဘန်ကာ ကို ရအောင် တက်သိမ်းမယ်” လို့ပြောပြီး ဂျီဖိုး ကိုင်တပ်သား လှအေး ကို ရှေ့က တက်ခိုင်းလိုက် တယ်။ ဗိုလ်ကြီး သန်းထူး က လက်ပစ်ဗုံး တစ်လုံး ကို ဘယ်ဘက် က ကိုင် ကာဘိုင်သေနတ် ကို ညာဘက်က ကိုင်ရင်း လှအေး နဲ့ မလှမ်း မကမ်း ကနေ ဘယ်ဘက်မှာ ရှိ တဲ့ ရန်သူ့ဘန် ကာရှေ့ကို အပြေးတက်သွား တယ်။ 

ဘယ်ဘက်က ရန်သူ့ ဘန်ကာ ဟာ မိမိတပ်စု က ၈၄ မမ နဲ့ အလုံးပေါင်း များစွာ ပစ်ထား တာမို့ ငြိမ်သွားပုံ ရပါတယ်။ ဘာမှ ပြန်ပစ်သံ မကြားရ ဘူး။

“တက်…တက်….ခလရ ၂ ကွ၊ တပ်မ ၄၄ ကွ၊ တက်” လို့ ဗိုလ်ကြီးသန်းထူး က အော်ဟစ်ရင်း ကိုယ်တိုင်ပြေး တက် သွားတယ်။ အဲဒီ အချိန်မှာ သူ့ရှေ့ က တပ်သား လှအေးအောက်ပိုင်း ကို ဘယ်က ပစ်လိုက်မှန်း မသိ လိုက်တဲ့ ရန်သူ့ စက်သေနတ်ကြီး မှန်ပြီး လှအေး လဲကျသွားတယ်။ တပ်သား လှအေး လဲကျ သွားတာနဲ့ အဲဒီ လမ်းကြောင်း အတိုင်း ဗိုလ်ကြီးသန်းထူး က ဆက်တက် ပါ တယ်။ 

လှအေး လဲကျ သွားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဘန်ကာရှေ့အရောက် မှာ ဘန်ကာ အပေါက်ဝ က ရန်သူ့ စက်သေနတ် ကြီး က မီးပွင့်တွေ ထွက်ကျလာ တာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ အသိနောက်ကျသွား ပါပြီ။

ရန်သူ့ စက်သေနတ်ကြီး အတွဲလိုက် ပစ်ခတ်မှုကြောင့် ခါးစောင်း ကနေဖြတ်ပြီး မှန်လိုက် တဲ့အ တွက် ဗိုလ်ကြီး သန်းထူးခွေခနဲ လဲကျ သွားတယ်။ ဝမ်းဗိုက်နဲ့ ခါး တစ်ခုလုံး ဆန်ကာပေါက်ဖြစ် နေ တဲ့ ဒဏ် ရာ ကနေ အူတွေ အပြင်ကို ပွင့်ထွက်လာတယ်။ 

လှအေးကို လှမ်း ကြည့်လိုက်တော့ အောက် ပိုင်း တစ်ခုလုံး မွမွကြေနေပြီ။ သတိ မလစ်သေး တဲ့လှအေး က ဗိုလ်ကြီးသန်းထူး ကိုကျော်ပြီး သူတို့ကို ပစ် တဲ့ ဘန်ကာ အပေါက်ဝ ကို သူ့လက်ထဲ က ဂျီဖိုး နဲ့ အတွဲလိုက် လှမ်းပစ် ပါတယ်။ ဂျီဖိုး တစ်ဘောက်လုံး ကုန်အောင် ပစ်ပြီးတော့ လှအေး ဆန့်ငင် ဆန့်ငင်ဖြစ်နေတယ်။ 

မျက်လုံးတွေ နဲ့ လှမ်းပြီး ဗိုလ်ကြီးသန်းထူး ကို အလေးပြုလိုက်တယ်၊ ပြီးတော့ သူ ငြိမ်ကျ သွား တယ်။ တပ်သား လှအေးဟာ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး မွစာ ကျဲနေတာတောင် လက်ထဲကသေနတ်နဲ့ ကျည်ဘောက် တစ် ဘောက်လုံး ကုန်အောင် ရန်သူ့ဘက် ကို ပစ်ခတ်သွားသေးတယ်။ 

တာဝန်ကျေပါတယ် လှအေးလို့ စိတ်ထဲကပြောပြီး ဗိုလ်ကြီးသန်းထူး ဟာ အပြင်ထွက် လာတဲ့ အူတွေကို ဗိုက်ထဲပြန်သွင်း ဖို့ ကြိုး စားကြည့်တယ်။ မရဘူး။ တစ်ခါသွင်းဖို့ကြိုးစား လိုက်တိုင်း အူတွေ က ပြန်ပြန် ထွက်ကျ လာတယ်။ နာကျင်လွန်း လို့ နာကျင် ရမှန်း မသိတော့ဘူး။ လဲနေတဲ့ ကြားထဲ ကနေ ကြိုးစားပြီး ရန်သူ့ ဘန်ကာ ပစ်ပေါက် ဆီကို လက်ပစ်ဗုံး ပင်ဖြုတ်ပြီး အားယူ ပစ် ထည့်လိုက် တယ်။

လက်ပစ်ဗုံး ဟာ ရန်သူ့ ဘန်ကာပစ်ပေါက် ထဲကို မရောက်ဘဲ ပြန်ကန် ထွက်လာပြီး ဗိုလ်ကြီး သန်းထူးဘေး နား မှာပဲ ကပ်ပြီး တော့ ပေါက်ကွဲပြန်ပါ တယ်။ မြေပြင် တစ်ခုလုံး သိမ့်ခနဲ တုန်သွားပြီး တစ်ကိုယ်လုံး တစ်ခု ခုနဲ့ ကိုင်ဆောင့် ထည့်လိုက် သလိုခံစား လိုက်ရတယ်။ ရန်သူ့ စက်သေနတ်ကြီး ဒဏ်အပြင် လက်ပစ်ဗုံး ဒဏ်ကြောင့် ပါ တစ်ကိုယ်လုံး ဒဏ်ရာအပြည့်ဖြစ် သွားတယ်။ 

မျက်လုံး ထဲမှာ လက်ထပ်ပြီး ခါစ ပူပူနွေးနွေး ဇနီးမျက်နှာ ကိုမြင်ယောင်မိတယ်။ ပြီးတော့ အဖေ၊ အမေနဲ့ ညီအစ်ကို မောင်နှစ်မတွေ။ ပြီးတော့ သတ်ကွင်း ထဲမှာ အလူးအလဲ အတုံး အရုန်းဖြစ်နေတဲ့ ဗိုလ်လှတင်ဦး နဲ့ ရဲဘော်ရဲဘက်တွေ။ 

နားထဲမှာ “ငါတို့သည် ကျဆုံး လေပြီးသော တပ်မတော်သား တို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။ ငါ့နိုင် ငံတော် ငါ့နိုင်ငံ သား ငါ့တပ်မတော် အတွက် ငါ၏ အသက် ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြု၏” ဆိုတဲ့ သစ္စာလေး ချက် ရွတ်ဆို သံတွေ တစ်ပိုင်း တစ်စ တိုးဝင်လာတယ်။

မာန်တင်း အံကြိတ်ပြီး ရန်သူ့ဘန်ကာ ရှိရာကို တရွေ့ရွေ့တိုးကပ်သွားတယ်။ စာဖွဲ့မပြနိုင် လောက်အောင် နာကျင်တဲ့ ဒဏ်ကို ကြိတ် မှိတ်ခံရင်း တစ်ထစ် ချင်း၊ တစ်ရွေ့ချင်း ရသ လောက်ကြိုးစားပြီးရွှေ့သွားတယ်။ သုံးကိုက်လောက် သာဝေးတဲ့ ရန်သူ့ ဘန်ကာ ပစ် ပေါက်ဟာ သုံးယူဇနာဝေး သလားထင် ရလောက်လောက်အောင် ဝေးလွန်းလှ သလိုပါပဲ။

လက်ပစ်ဗုံးပေါက်ကွဲ တဲ့ အရှိန်ကြောင့် ကာဘိုင်သေနတ် လည်း ဘယ်လွင့်သွားမှန်း မသိတော့ ဘူး။ လက် ထဲမှာ လက်နက် ဆိုလို့ အပ်တို တစ်ချောင်းတောင် မရှိတော့။ အူတွေ ကို ပြန်ထည့်ဖို့ မကြိုးစားနိုင်တော့ဘူး။ တရွတ်ဆွဲ တွားသွားရင်း အပြင်ထွက်ကျနေတဲ့အူတွေ က သွေးတွေ ဖုန်မှုန့်တွေနဲ့ လုံး ပြီးတွဲရရွဲပါလာတယ်။ တဖြည်းဖြည်း မျက်လုံးတွေပြာလာတယ်။ 

ဘာသံမှ လည်း ကောင်းကောင်း မကြားရတော့ဘူး။ သွားစမ်း..၊ သွားစမ်း ရောက်အောင် သွားစမ်း၊ ငါသေလို့ မဖြစ်သေးဘူး၊ မသေသေးဘူး၊ မသေဘူးဟေ့….။ တကယ်တော့ ခဏလေး ပါပဲ။ သာ မာန်လူ အဖို့ တကယ့် ကို ခဏလေး ပါ။ ဒါပေမဲ့ သူ့အတွက် ရွေ့လျား ရတာ တစ်ကမ္ဘာလောက်ကြာပါတယ်။


ဒီလို နဲ့ ရန်သူ့ ဘန်ကာ ပစ်ပေါက် အောက်တည့်တည့် ကို ရောက်လာတယ်။ သူရောက်လာမှန်း ရန်သူ မရိပ် မိဘူး။ ခဏ အမောဖြေ လိုက်တယ်။ စက္ကန့်ပိုင်း ကလေးပါ။ သည်းခြေ ခိုက်လောက်အောင် နာကျင်နေတဲ့ ကြား က နောက်ဆုံး အကြိမ် အဖြစ်မာန်တင်း လိုက်တယ်။ ခလရ ၂ ကွ၊ တပ်မ ၄၄ ကွ၊ အသံတွေ က အပြင် ကို ထွက်မလာနိုင်တော့ပါဘူး။ 

တစ်ပတ်ပြန် လှည့်ဖို့ကြိုးစားပေမဲ့ ဘယ်လို မှ မတတ်နိုင်တော့လို့ မှီထားတဲ့ ဘန်ကာအောက်ခြေ ကနေ ဝုန်းခနဲ ထရပ်ပြီး ရန်သူ့ ဘန်ကာ ပစ်ပေါက် ကို ကျောခိုင်းလျက် ပုံစံ နဲ့ပဲ ပိတ်ထား လိုက်တယ်။ သူ့ခန္ဓာ ကိုယ် ထဲကို ရန်သူ့ စက်သေနတ်ကြီး မြုပ်ဝင် လာသလို ခံစားလိုက်ရတယ်။ ရုတ်တရက် ရန်သူကြောင်သွားပုံ ရပြီး စက်သေနတ် ကြီးကို အတွဲလိုက်ဆွဲလိုက်တယ်။ 

ရန်သူ့စက်သေ နတ်ကြီး ကျည်တွေ ခန္ဓာကိုယ် ကို ဖေါက်ထွက် သွားတယ်။ အပြင်မှာ တွဲရ ရွဲထွက် ကျနေတဲ့ အူတွေ အပိုင်းလိုက်ပြတ်ထွက် ကုန်တယ်။ အစာအိမ်၊ သရက်ရွက်၊ အူသိမ်၊ အူမ၊ နံရိုး၊ ဘာတစ်ခုမှ မကျန်စေ ရ။ ခန္ဓာကိုယ် တစ်ခုလုံး စုတ်ဖွာပြီး အပိုင်းပိုင်းပြတ်နေတဲ့ အူတွေ အတွဲလိုက် ထွက်ကျနေပေမဲ့ ဗိုလ်ကြီး သန်းထူး မျက်နှာ က အံကြိတ် ထားတယ်။ 

တွဲရရွဲ ပြုတ်ကျနေတဲ့ လက်နှစ်ဘက် က လက်သီး ဆုပ်လျက်။ ဗိုလ်ကြီးသန်းထူး အသက် မရှိတော့ဘူး။ ဒါပေမဲ့ သူ့ဝိ ညည်ကျန်နေသေး တယ်။ တစ်ကိုယ်လုံး ဖွာရရာကျဲအောင် ပစ်ခတ် ခံထားရပေမဲ့ ရန်သူ့ ဘန်ကာ ပစ်ပေါက်ကို ပိတ်ထား တဲ့ သူ့ခန္ဓာ ကိုယ်ကြီးအောက် ကို ပြုတ်ကျ မသွားဘူး။ 

အံ့အားသင့်နေတဲ့ ဘန်ကာ အတွင်းဘက် က ရန်သူက စက်သေနတ်ကြီးပြောင်းနဲ့ သူ့ ခန္ဓာကိုယ်ကို ထိုးပြီး တွန်းထုတ်တယ်။ မရဘူး။ ခိုင်မာတဲ့ သံန္နိဋ္ဌာန်နဲအတူ ဗိုလ်ကြီးသန်းထူးခန္ဓာကိုယ်ဟာ ရန်သူ့ဘန်ကာ ပစ် ပေါက်ဝ မှာ သံမှိုနှက်ထား သလို စွဲနေပါပြီ။ 

“တက်…တက်….တက်…ခလရ  ၂ ကွ၊ တပ်မ ၄၄ ကွ၊ တက်…..တက်” လို့အော်ပြီး ဗိုလ်လှတင်ဦး နဲ့ ကျန်တဲ့ စစ်သည်တွေ ဝါးလုံးထိုး ပြေးတက် လာတယ်။ ၈၄ မမ ကိုင် တဲ့ တပ်သားသန်းထွေး နဲ့ တပ်သားအောင် သန်း လှိုင် တို့နှစ်ယောက် အမ် ၇၉ ဗုံးပစ် လောင်ချာ ကိုယ်စီ ကိုင်လာပြီး ဗိုလ်ကြီးသန်းထူး ခန္ဓာကိုယ်ဘေးနှစ် ဘက်မှာ ရှိတဲ့ လွတ်နေတဲ့ အပေါက် ကျဉ်းကျဉ်းလေးထဲ ကနေ ရန်သူ့ ဘန်ကာ အတွင်းပိုင်း ကို ၄၀ မမ ဗုံးသီးတွေ ပစ်သွင်း လိုက်တယ်။ 

ဝုန်းခနဲ ဝုန်းခနဲ ပေါက်ကွဲ သံတွေ ဆက်တိုက် ထွက်လာ ပြီးတဲ့ နောက်မှာ ဘန်ကာ ၁ က ရန်သူ အား လုံး သေဆုံး ကုန်ပါပြီ။ ဒါပေမဲ့ ညာဘက်က ရန်သူ ကတော့ ဇွဲကောင်းကောင်း နဲ့ ဆက် ပစ်နေဆဲပါပဲ။

တစ်ကိုယ် လုံး ဆန်ကာပေါက်ဖြစ်ပြီး အသား ဖတ်တွေ ဘန်ကာမှာ ကပ်နေတဲ့ ဗိုလ်ကြီးသန်းထူး ရဲ့ ရုပ် အလောင်းကိုကြည့်ပြီး ဗိုလ်လှတင်ဦး နဲ့ စစ်သည်တွေ ရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျ လာတယ်။ ပထမတော့ နည်းနည်း၊ နောက် တဖြည်းဖြည်း မျက် ရည်ပူတွေ ထိန်းမနိုင် သိမ်းမရ တာကျိုး သလို ကျလာ တယ်။ ပြီးတော့ သူတို့ ငိုကြတယ်။ 

မဟာ သူရဲကောင်းတစ်ယောက် ရဲ့ ရုပ် အလောင်းဘေး မှာ ယောက်ကျား ရင့်မကြီးတွေ၊ တစ်နည်းအားဖြင့် စစ်သားကြီးတွေ ငိုကြတယ်။
 

ငို…ငို…အားရအောင်ငိုကြ။ ပြီးရင် ဆက်တိုက်။ နားထဲမှာ “ငါတို့ သည် ကျဆုံးလေပြီးသော တပ်မတော်သား တို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်” ဆိုတဲ့ အသံ ကိုပဲကြားနေကြရတယ်။ ငိုနေလို့ မပြီးသေးဘူး။ ဗိုလ်ကြီး သန်းထူး အသက်နဲ့ ရင်းပြီး စွန့်စား သွားတဲ့ တိုက်ပွဲကို နိုင်အောင် ဆက်တိုက်ရဦးမယ်။

“တက်၊ တက်….၊ ခလရ ၂ ကွ၊ တက်…တက်၊ တပ်မ ၄၄ ကွ” လို့ အော်ဟစ်ရင်း ဗိုလ်လှတင်ဦး နဲ့ ကျန်တဲ့ စစ်သည်တွေ ဟာ ညာဘက် က ရန်သူ ကို ခြေမှုန်း ဖို့ ဆက်ပြီး ကြိုးစားကြတယ်။
 

တကယ်တော့ သူတို့ အားလုံး ရန်သူ့ သတ်ကွင်း ထဲမှာ pin down မိနေကြ တာပါ။ ရှေ့ဆက် တက် ဖို့ကြိုး စားပေ မဲ့ မိုးသီး မိုးပေါက် လို ကျနေတဲ့ ရန်သူ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြား မှာ တစ်နေရာ ကနေ တစ်နေရာကိုရွေ့ပြောင်းဖို့တောင် အတော့် ကို စွန့်စားနေရတဲ့ အခြေ အနေပါ။ 

သတ်ကွင်း ထဲမှာတင် ဗိုလ်လှတင် ဦး နဲ့စစ်သည် အားလုံးနီးပါး ဒဏ်ရာတွေ ကိုယ်စီ ရထားပြီး ပါပြီ။ တစ်ဝက်ကျော်ကျော်လောက်က ဒဏ်ရာပြင်းလွန်း လှတာမို့ တိုက်ပွဲ မဝင်နိုင်တော့ပါဘူး။ တကယ် တမ်းပြန် ပစ်နိုင်တာက ဗိုလ် လှတင်ဦးနဲ့ အကြပ်၊ စစ်သည်လေး ငါးခြောက်ယောက်လောက်သာ။

နောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ မိမိ စစ်ကြောင်း ခါးဆက်ပြတ်နေ တယ်။ ရောက်တဲ့ေ န ရာ ကနေ ကျားကုတ် ကျားခဲ နေရာယူ ထား ရင်း ပြန်ပစ်နေရပေမဲ့ နောက်က လာဆက်မယ့် တပ်ခွဲ က ရောက် မလာခဲ့။ မကြာခင် ရန်သူ ကျားဆင်း ထိုးနိုင်တယ်။

(ခြောက်)
“ကျား…ကျား…ကျား….တက်…တက်…ခလရ ၂ ကွ၊ တက်…တက်…တပ်မ ၄၄ ဟေ့….၊ တက်… တက် စမ်း…တက်၊ သန်းထူးရေ၊ လှတင်ဦးရေ ငါလာပြီဟေ့…” ဆိုတဲ့ ငိုသံပါ တဲ့ အော်သံကြီး နဲ့ အတူ တရွှီးရွှီး ခရာ မှုတ် သံကြားလိုက်ရတယ်။

 ချောင်းခြောက် ဘက် ကနေ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီး ဗိုလ်လှတင်ဦး တို့ဆီ ဦးတည် လာနေ တဲ့ မိမိတပ်ကို မြင်လိုက်ရတယ်။

တပ်ခွဲ ၂ က ဗိုလ်ကြီး အောင်သန်းဦး၊ အလုပ်သင်ဗိုလ် ရွှေဝင်းတို့ အဖွဲ့ ကျားထိုး တက်လာပြီး လာရောက် ပူးပေါင်း တာပါ။ ဗိုလ်ကြီး အောင်သန်းဦး အဖွဲ့လည်း ခြံစည်းရိုး ငါးထပ်ကို အတင်း တိုးပြီး ရန်သူ့ သတ်ကွင်း ထဲရောက်နေတဲ့ ဗိုလ်လှတင်ဦး တပ်စုနဲ့ လာရောက် ပူးပေါင်းလိုက် ပါတယ်။ 

ဗိုလ်ကြီး အောင်သန်းဦး ကရောက်ရောက်ချင်း “သန်းထူးရော၊ သန်းထူး” လို့မေးတဲ့ အခါ ဗိုလ်လှ တင်ဦးက စကားမပြောတော့ ဘဲ ရန်သူ့ ဘန်ကာပစ်ပေါက်ဝ မှာ တစ်စစီ ကပ်နေတဲ့ ဗိုလ်ကြီး သန်းထူး ရုပ်အလောင်း ကို လက်ညှိုးထိုးပြလိုက် ပါတယ်။

 နှစ်ယောက်စ လုံးပါးပြင်ပေါ် မှာ မျက်ရည်ပူတွေ စီးကျလာတယ်။ သတ်ကွင်း ထဲမှာတော့ မိမိ စစ်သည် အလောင်းတွေ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲ..။

သတ်ကွင်း ထဲမှာ မိမိတပ် ထပ်ရောက်လာတော့ ရန်သူ့ ပစ်အား က ပိုစိတ် လာတယ်။ အကာ အကွယ်မရှိ၊ ရှိတဲ့မြေ မှာ ပြားပြား ဝပ်ရင်း တတ်နိုင် သလောက်ပြန်ပစ်နေပေမဲ့ တဖြုတ်ဖြုတ် ကျဆုံး ဒဏ်ရာ ရလာတာက မိမိတပ် က စစ်သည်များ…။ 

တဝုန်းဝုန်း ကျလာတဲ့ လက်နက်ကြီး ဗုံးသီးတွေ မကြာ ခဏပေါက်ကွဲမှုနေတာ မို့ သတ်ကွင်း တစ် ခု လုံး မီးခိုးတွေ လွှမ်းနေပါတယ်။ သိပ် မကြာခင် မှာပဲ ခွဲ ၂ တပ်ခွဲမှူး ဗိုလ်ကြီးအောင်သန်းဦး နဲ့ အလုပ်သင် ဗိုလ်ရွှေဝင်း မှာလည်း ဒဏ်ရာ ကိုယ်စီရထားကြတယ်။ တကယ်တော့ ဗိုလ်လှတင်ဦး တပ်စု တစ်စုလုံး အနည်းနဲ့ အများဆိုသလို ဒဏ်ရာရထားကြပြီးပါပြီ။ ဒဏ်ရာ မပြင်းထန် လို့သာ ဆက်လက် တိုက်ပွဲ ဝင်နေကြ တာဖြစ်တယ်။ 

“ကိုင်း…လှတင်ဦး၊ မင်း တပ်ခွဲ ကရဲဘော်တွေရော ငါ့ တပ်ခွဲက ရဲဘော်တွေရော အကုန် နီးပါးထိ ကုန်ပြီ၊ ဒီတော့ ငါတို့ အဖွဲ့ နောက် ဘက်ကိုပြန်ဆုတ်ပြီး ရန်သူ့ ခံစစ်စည်း အစ ခြံစည်းရိုး အပြင် ဘက် ကိုက် ၂၀ လောက် ကလျှိုယောင်ယောင်လေးမှာ နေရာယူထား တာက ပိုပြီးသင့်တော် လိမ့်မယ်။ 

ဒီ သတ်ကွင်း ထဲမှာ ဆက်နေရင် တဖြည်းဖြည်းနဲ့ အကုန် ကုန်သွားလိမ့်မယ်” လို့ ဗိုလ်ကြီး အောင် သန်းဦးက ဗိုလ်လှတင် ကိုပြောလိုက်တယ်။

“ဟုတ် အစ်ကိုကြီး၊ အစ်ကိုကြီး အဖွဲ့ အရင်ဆုတ်ပါ။ ကျွန်တော် နောက်ဆုံးမှ ဆုတ်လာခဲ့မယ်။” လို့ ဗိုလ်လှ တင်ဦး ကပြောလိုက် တဲ့ အချိန်မှာ တပ်သား မဟာဒူးနဲ့ တပ်သား တူးတူးက “ဗိုလ်ကြီး အောင်သန်းဦး တို့ အဖွဲ့ ဆုတ်ပြီးရင် ဗိုလ်ကြီးတို့ အဖွဲ့ဆုတ်ပါ။ ကျွန်တော် တို့ ကာပစ် ပစ်ထားပြီးနေ ခဲ့မယ်။ ပြီးမှ ဆုတ်လာ မယ်။” လို့ ပြောပါတယ်။ 

သိပ်မကြာခင် မှာပဲ ဗိုလ်ကြီးအောင်သန်းဦး အဖွဲ့ဆုတ်ပြီး ခြံစည်းရိုး ငါးထပ် အစပ် မှာ ရသလောက် ကျင်းလေးတွေ တူးပြီး နေရာယူ ထားကြတယ်။ ဗိုလ်ကြီးအောင်သန်းဦး အဖွဲ့ပြီးတော့ ဗိုလ်လှတင် ဦးနဲ့ အဖွဲ့ ဆုတ်လာတယ်။ 

မိမိတပ် သတ်ကွင်းထဲ ကနေ နောက် ပြန် ဆုတ်လာမှန်း သိသွားတော့ ရန်သူက ဖိပစ်လာပြန်တယ်။ ဆင်း ရလည်း မသက်သာ နောက်တစ်ချီ  ဒီတစ်လုံး ဖုံးလိုက်ပြန် ပါ။ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ၊ တစ်လန် ကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

တပ်သား မဟာဒူး နဲ့ တပ်သား တူးတူး ကတော့ သူတို့ လက်ထဲက ဂျီဖိုးတွေ နဲ့ ရန်သူ့ဘက် ကို အတွဲ တို အတွဲရှည် ပုံမှန် ပစ် ပေးနေ တယ်။ ဗိုလ်လှတင်ဦး အဖွဲ့ ဗိုလ်ကြီး အောင်သန်းဦး တို့နဲ့ပေါင်းမိ သွားတဲ့ အချိန် မှာ တပ်သား မဟာဒူးနဲ့ တပ်သား တူးတူးကို ပြန်ဆုတ် လာဖို့ အချက်ပေးလိုက်တယ်။ 

သူတို့နှစ်ယောက် တစ်ယောက်စီ ဆုတ်ဖို့ ပြင်နေတုန်း ရန်သူ့ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် ဗုံးသီး တစ်လုံး နှစ်ယောက်ကြား ကို ကျလာပြီး ဝုန်းခနဲ နှစ်ယောက် စလုံး လွင့်စင်သွားတယ်။ တပ်သား မဟာဒူးနဲ့ တပ်သား တူးတူးတို့ မိမိ စစ်သည်တွေ ဘေးကင်း စွာဆုတ်ခွာနိုင်ဖို့ နောက်ဆုံး ကနေ ကာပစ်ပစ်ပေးရင်း တိုင်းပြည်နဲ့ တပ်မတော်အတွက် သူရဲကောင်း ပီသစွာ အသက်စွန့်သွားကြပါပြီ။

အရာရှိ စစ်သည် အားလုံး မျက်ရည်တွေ စီးကျလာတယ်။ ဒီမျက်ရည်တွေ ဟာ သေရမှာကြောက်လို့ကျလာတဲ့ မျက်ရည်တွေ မဟုတ် ဘူး။  မိမိ စစ်သည် အချင်းချင်း ထားတဲ့ သံယောဇဉ်တွေ၊ ရဲဘော်ရဲဘက် စိတ်တွေကြောင့် ကျလာ တဲ့ မျက်ရည်တွေဖြစ်တယ်။

ဗိုလ်ကြီး သန်းထူး၊ တပ်သား လှအေး၊ တပ်သား မဟာဒူးနဲ့ တပ်သား တူးတူးတို့ အလောင်းတွေ အပါအဝင် သတ်ကွင်း ထဲမှာ ပြန့် ကျဲနေတဲ့ စစ်သည်အလောင်းတွေ က ဟိုတစ်စ ဒီတစ်စ……………။ ။

(ခုနစ်)
မိုးချုပ် လာပြီးတဲ့နောက် ရန်သူ က မီးကျည်တွေ ပစ်ပြီး မိမိတပ် တည်ကို ရှာဖွေရင်း လက်နက်ကြီး လက်နက် ငယ်တွေကို ဖေါဖေါ သီသီ သွန်ပြီး ပစ်တယ်။ မိမိတပ် ကတော့ ခြံစည်းရိုး အစပ်နဲ့ မလှမ်းမကမ်း ကိုက် ၂၀ လောက်မှာ ရှိတဲ့ လျှိုယောင်ယောင်လေးမှာ နေရာယူ ထားကြတယ်။ 

လျှိုလေး ထဲမှာတော့ ဗိုလ်ကြီး ခင်မောင်သွင် ဦးစီး တပ်ခွဲ ၁ က လက်ကျန် အင်အား၊ ဗိုလ်ကြီးအောင်သန်း ဦး ဦးစီး တပ်ခွဲ ၂ က လက်ကျန် အင်အား နဲ့ ဗိုလ်လှတင်ဦး ဦးစီး တပ်ခွဲမှက လက်ကျန် အင်အားတွေ စုဖွဲ့ပြီး ခြေ ကုပ်ယူထားကြ တယ်။ 

၁၉း ၀၀ နာရီလောက် မှာ ရန်သူ ဟာ လက်နက်ကြီးတွေ ဖိပစ် လာပြီး လေထီး မီးကျည်တွေ သုံးပြီးတော့ ရန်သူ အင်အား ၈၀ လောက် နဲ့ လျှိုထဲမှာ ရှိတဲ့ မိမိတပ် ကို နာရီဝက်ကျော် ကျော်လောက် အလစ်ဝင်ရောက် တိုက်ခိုက် ပါတယ်။ ပြီးတော့ ၂၀း ၃၀ နာရီမှာ တစ်ကြိမ်၊ ၂၃း ၀၀ နာရီမှာ တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်တိတိ အတင်း ဝင်လာပြီး တန်ပြန် တိုက်စစ် ဆင် တိုက်ခိုက်ခဲ့တယ်။ လျှိုထဲ က မိမိတပ် ဟာ အပြင်း အထန်ပြန် လည် ခုခံ တိုက်ခိုက် ခဲ့ရတယ်။ 

မိမိ စစ်သည်တွေ ရဲ့ ကြံ့ကြံ့ခံ ခုခံ တိုက်ခိုက်မှုကြောင့် ရန်သူ ဟာ အထိနာပြီး ပြန်ဆုတ် သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီည မှာပဲ ဗိုလ်ကြီး ခင်မောင်သွင်၊ ဗိုလ်ကြီး အောင်သန်းဦး၊ ဗိုလ်ကြီး ရဲနိုင် အပါအဝင် အရာရှိ၊ စစ်သည် ၂၄ ဦး ဒဏ်ရာ ရရှိခဲ့ကြတယ်။ ရန်သူ့လက်နက်ကြီး က တစ်ညလုံး ကြိုကြားကြိုကြား ပစ်နေတယ်။
ဟန်းကောတွေ လည်း မရှိတော့။ ရိက္ခာ မရှိ၊ ရေမရှိ၊ စားစရာ နတ္ထိ။ ညတာ က ရှည်လျား လှပါဘိ။


(ရှစ်)
မတ်လ ၂၅ ရက် တစ်ရက် လုံး အထက် အမိန့် အရ ဒီအတိုင်း တပ်ဖြန့် ရင်ဆိုင် ထားတယ်။ ရန်သူ က လည်း ဆင်းမလာရဲ သလို မိမိဘက် ကလည်း သတ်ကွင်းထဲ ကို ဆက်တက်ဖို့ မလွယ်ကူ ဘူးဖြစ် နေ တယ်။ ဘေး ဘက်မှာ ပတ်တက် စရာ နေရာက မရှိ။ အသင့်စောင့် အမိန့်နာခံ ရင်း တိုက်ပွဲ ဝင် အသင့် အနေ အထားနဲ့ ကိုယ့်ကျင်းလေးတွေ ထဲမှာကိုယ် ငြိမ်နေကြရတယ်။ 

မနက် ၀၃း ၀၀ လောက်မှာ ဗိုလ်ကြီးမင်းဥာဏ်ရှိန် ဦးစီး ခွဲ ၃ က တပ်စု တစ်စုရောက်လာတယ်။ ခွဲ ၃ ခွဲမှူး ဗိုလ်ကြီး မင်းဥာဏ်ရှိန် နဲ့ ခွဲ ၁ ခွဲမှူး ဗိုလ်ကြီး ခင်မောင်သွင်တို့ ဦးစီးတဲ့ စုပေါင်း စပ်ပေါင်း အဖွဲ့ဟာ ရန်သူ့ ခံစစ် စည်းမှာနေရာယူ ထားတဲ့ တပ်စုနဲ့ ပူးပေါင်းပြီး ရန်သူ့ ဘန်ကာတွေ သိမ်း ပိုက်နိုင်ဖို့ ညာသံပေး ပစ်အား သုံးပြီး အတင်း ထိုးဖေါက်ဝင်ရောက်ဖို့ ၀၃း ၃၀ နာရီကနေ ၀၅း ၄၀ နာရီအထိ တစ်ကြိမ်၊ ၀၇း ၁၅ ကနေ ၀၇း ၄၀ အထိ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ကြိုးစား ခဲ့ပေမဲ့ ရန်သူရဲ့ စုပြုံပစ်ခတ်မှု ကို မကျော်နိုင်တဲ့ အ တွက် ရန်သူ့ ဒုတိယခြံစည်းရိုး မှာပဲ ခြေကုပ် ယူခဲ့ရတယ်။ 

နောက်ထပ် ၀၈း ၃၅ ကနေ ၀၈း ၅၀ ထိ တစ်ကြိမ်၊ ၀၉း ၃၀ ကနေ ၀၉း ၅၅ အထိ တစ်ကြိမ် ထပ်မံ ကျားထိုး တိုက်ခိုက်ပေမဲ့ ရန်သူ့ ပစ်အား ကို မကျော်ဖြတ်နိုင်ဘဲ မိမိ စစ်သည်တွေသာ ကျဆုံး၊ ဒဏ်ရာရများ လာခဲ့ တယ်။ ရန်သူဟာ သူတို့ အင်အား ကို ထပ်ပြီး တိုးမြှင့်ထားပုံ ရတယ်။ ရန်သူ့ပစ်အား က ပိုပို စိတ်လာတယ်။

ဘန်ကာ ၃ ဘက် မှာ ရင်ဆိုင် တိုက်ခိုက်နေကြ တဲ့ ဗိုလ်ကြီး သန်းထွန်း ဦးစီး ခွဲ ၄ အဖွဲ့ ဟာလည်း အကြိမ် ကြိမ် ဝင်ရောက် ကျားထိုး တိုက်ခိုက်ပေမဲ့ ရန်သူ့ ဘန်ကာ မကျတဲ့ အပြင် မိမိ စစ်သည်တွေ သာ အထိအခိုက် များလာ တာကြောင့် ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး ဘိုကြည်ဟာ တပ်ခွဲ ၄ ကိုပြန် ခေါ် လိုက်တယ်။

 ပြီးတော့ တပ်ခွဲ ၂ က အရံ လက်ကျန် အင်အား နဲ့ စုပေါင်းပြီး ခမရ ၂ တိုက်ပွဲ ဝင်နေ တဲ့ အနီးဆုံး အစပ်မှာ ရှိတဲ့ ရန်သူ့ ဘန်ကာ ၄ ကို အတင်း ဝင်ရောက် တိုက်ခိုက်စေ တဲ့ အခါ ၁၇း ၀၀ ချိန်မှာ ရန်သူ့ခံစစ် စည်းရဲ့ အမြင့် ဆုံး ဘန်ကာဖြစ်တဲ့ ဘန်ကာ ၄ ကို သိမ်းပိုက် ရရှိခဲ့တယ်။

(ကိုး)
မတ်လ ၂၆ ရက် နံနက် ၀၃း ၀၀ ချိန်ကနေ စပြီး အမြောက်တပ် ကနေ ၁၂၀ မမ၊ ၇၆ မမ အမြောက်တွေ ပစ် လိုက်တာ တစ်တော လုံး တစ်တောင်လုံး ညံထွက် သွားတယ်။ စစ်ကြောင်းရုံး က အမိန့်ရောက်လာတယ် “မိမိ စစ်သည်တွေ မြေပြင် နဲ့ ရင်ဘတ် ကပ် မ ထားပါနဲ့” တဲ့။ ဒါနဲ့ လက်ကလေးတွေ နဲ့ ရင်ဘတ်ကို ကာပြီး ဝပ်နေကြရတယ်။ 

အမြောက် ပစ်ကူနဲ့ အတူ ခြေလျင် အကူပစ် လက် နက်ကြီးတွေ အားလုံးကို လည်း စုပြုံ  ပစ်ခတ်စေ ခဲ့တယ်။ တစ်နေကုန် နီးပါး မရပ်မနား ပစ်နေတဲ့ အမြောက် သံနဲ့ ခြေလျင် အကူ ပစ်လက် နက်ကြီး သံတွေကြောင့် မြေပြင် တစ်ခုလုံး သိမ်သိမ့် တုန်နေတယ်။ 

အမြောက် တပ်ဖွဲ့ တစ်ခု တည်းက ပစ်တာတင် တစ်နေ ကုန် ခန့်မှန်း အလုံးရေ ၄၀၀ ကျော် ၅၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ အမြောက်နဲ့ လက်နက်ကြီး အပစ်ရပ်ပြီး တာနဲ့ အသင့်နေရာ ယူထားတဲ့ မိမိစစ် သည်တွေ လက်နက် မျိုးစုံ ပစ်ခတ်ရင်း တရှိန်ထိုး ကျားထိုး တိုက်ခိုက်ပြီး ရန်သူ့ စခန်းကုန်း တစ်ခုလုံးကို သိမ်းပိုက် လိုက်ကြပါတယ်။ အရာရှိ စစ်သည်တွေ အများအပြား အသက်ပေး ပြီး မော်ဖိုးကေတောင်ကုန်း ကို သိမ်းပိုက် ခဲ့ရတာပါ။


 Ye Kyaw Thura's photo.

ဘန်ကာ ၁ ရန်သူ့ ပစ်ပေါက်ဝ မှာ ကပ်နေ တဲ့ ဗိုလ်ကြီးသန်းထူး ရဲ့အလောင်း ကတော့ အံကြိတ် ထားဆဲ၊ လက်သီး ဆုပ်ထားဆဲ……။


 Ye Kyaw Thura's photo.

(တစ်ဆယ်)
တိုက်ပွဲ အကြောင်းပြောပြနေ တဲ့ ဗိုလ်ကြီး လှတင်ဦး (ငြိမ်း) ရဲ့ မျက်နှာ က အတိတ် ကိုပြန် သတိရ ပြီး မှိုင်း ညို့နေ တယ်။

“ဗိုလ်ကြီးပြောတာ အမြောက်ပစ်ကူ ကို ထိထိရောက်ရောက် ပစ်တာ က မတ်လ ၂၆ ရက် မနက် ပိုင်းမှ စပစ် တာနော်” လို့ ကျွန် တော်က မေးလိုက်တယ်။ သူက “ဟုတ်တယ်ဗျ” လို့ ပြန်ဖြေ တော့ ကျွန်တော် က “မတ် လ ၂၄ ရက် (ယ ရက်) ကတည်း က အ မြောက်ပစ်ကူ အဲဒီ လို ဖေါဖေါ သီသီ ပစ်ပေးပြီး မှ တက်ခိုင်းရင် ပို မကောင်းဘူး လား ဗိုလ်ကြီးရာ…။ ဒါဆို ကျွန်တော်တို့ စစ်သည် တွေလည်း ဒီလောက် အများကြီး ကျစရာ မလိုတော့ဘူးပေါ့” လို့ ကျွန်တော်က ပြော လိုက်ပါတယ်။ 

ဗိုလ်ကြီးလှတင်ဦး က “ပြီးခဲ့တာတွေ လည်း ပြီးပါစေတော့ ဆရာရယ်။ ကျွန်တော်လည်း သိပ်မပြောချင်တော့ ဘူး။ ကျွန်တော်ပြော ချင်တာ ကတော့ ဒီ တိုက်ပွဲ မှာ အရာရှိ/ စစ်သည် အားလုံး စွန့်စွန့် စားစား တိုက်ပွဲ ဝင် တဲ့ အထဲမှာ ကိုသန်းထူး ဟာ အရဲဝံ့ဆုံး စွန့်စားခဲ့ တဲ့ သူရဲကောင်း ပါပဲ။ 

ဒါ့ကြောင့် နိုင်ငံတော် က ကိုသန်းထူး ကို သီဟသူရ ဘွဲ့ချီးမြင့်ခဲ့ သလို ကျန်တဲ့ အရာရှိ စစ်သည်တွေ ကိုလည်း သူရ ဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင် ဘွဲ့တွေ ချီးမြှင့်ပေးအပ် ခဲ့ပါတယ်” လို့ ဗိုလ်ကြီးလှတင်ဦး က ပြော တယ်။

တစ်ကိုယ်လုံး ဒဏ်ရာ ဗရပွ ရခဲ့တဲ့ အပြင် ညာဘက် မျက်လုံး တစ်လုံး ပါ စွန့်လွှတ် လိုက်ရတဲ့ ဗိုလ်ကြီး လှတင်ဦး ကတော့ သူရ ဘွဲ့တင် ပေးခဲ့ပေ မဲ့ အကြောင်းကြောင်းသော အကြောင်း အမျိုးမျိုးကြောင့် သူရဲကောင်း မှတ်တမ်းဝင် ဘွဲ့နဲ့သာ ကျေနပ်ခဲ့ ရပါကြောင်း……။


ရဲကျော်သူရ
 Ye Kyaw Thura





No comments:

Post a Comment