Monday, July 8, 2013

အင်တာနက် လိုင်း မကောင်းခြင်းနှင့် တိုင်းပြည် အနာဂတ်............



ဖွံ့ဖြိုးပြီး နိုင်ငံတွေတိုင်းမှာ အင်တာနက် သုံးရတာ မြန်ဆန်ပါတယ်။ အလုပ်ပြီးမြောက်မှုက အံ့မခန်းပဲ။ အချိန်တို အတွင်း အလုပ်ပြီးမြောက်အောင် မြန်ဆန်တဲ့ အင်တာနက် ဆက် သွယ်ရေး ကွန်ရက် မှာ အလုပ်လုပ် နိုင်ကြ ပါတယ်။ 

 မြန်မာပြည်ရဲ့  အိုင်တီလောကဟာ နှေးကွေးလှတဲ့ အင်တာနက်က ဆက်သွယ်ရေး စနစ်ကို မှီခိုနေရဆဲပါ။ နိုင်ငံခြားမှ ပညာရှင် မိတ်ဆွေတစ်ဦးက ဒီလိုပြောတယ်။  

“ငါတို့ နိုင်ငံသားနဲ့ မင်းတို့ မြန်မာနိုင်ငံသား ဥာဏ်ရည်လည်း အတူတူပဲ။ ပညာလည်း အတူတူပဲ။ သို့ပေမယ့် မင်းတို့က ငါတို့လောက် မတိုးတက်ဘူး။ အကြောင်းအရင်း ကတော့ Isolated  ဖြစ်နေလို့ပဲ” 



မှန်ပါတယ်။ ယခု နှေးကွေးလှတဲ့ အင်တာနက်လိုင်းကို အသုံးပြုရတာ ဘာနဲ့ တူသလဲဆို လူ တစ်ကိုယ်စာ မရှိတဲ့ တိုးလျှိုပေါက်ထဲကို အားလုံး ဝိုင်းတိုးနေရသလိုပါပဲ။
Bandwidth  နည်းလှတဲ့ အင်တာနက် မြန်နှုန်းအပေါ်မှာ ဝန်အား မမျှတဲ့မြန်မာပြည်က User များ ပြေး လွှားနေရပါတယ်။ 


ဒါတောင် လူဦးရေ သန်း ၆၀ လုံး အင်တာနက် အသုံးပြုနေခြင်း မဟုတ်သေး ပါဘူး။ အင်တာနက် တစ် ကယ် အသုံးပြုသူ အရေအတွက်က ရန်ကုန်မှာ တစ်ကွက်ထဲ ကွက် များပြီး အခြား အနယ်နယ်၊ အရပ်ရပ်တွေမှာ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ခပ်ကျယ်ကျယ် တူးထားတဲ့ မြောင်းထဲမှာ ရေစီးတဲ့ ပမာဏ များပြီး ခပ်ကျဉ်းကျဉ်း တူးမြောင်း ထဲမှာတော့ ရေစီးတဲ့ ပမာဏ နည်းပါတယ်။ ဒီလိုပါပဲ အိုင်တီ လုပ်သားတို့ ဖန်တီးမှု ရလဒ် ကလည်း အကန့်အသတ် တစ်ခုအထိ ရှိနေရခြင်း ဖြစ်ပါတယ်။ 


 နိုင်ငံတကာ အိုင်တီသမားများနဲ့ တန်းတူ ယှဉ်နိုင်ဖို့ အမြဲ Update ဖြစ်ဖို့ မြန်ဆန်ဖို့လိုပါတယ်။ Microsoft , Linux, Java, PHP , Uniz တို့လို နေ့စဉ်နဲ့ အမျှ တိုးတက်နေတဲ့ Platform ကို အမှီလိုက်နိုင်ဖို့ ဆိုတာ လိုက်မယ့်သူဘက်က အမြဲ Update ဖြစ်နေဖို့လဲ လိုပါတယ်။ ဒါကြောင့် မြန်မာပြည်က အိုင်တီ သမားများ ပြည်ပမှာ အလုပ်ရှာ ထွက်တဲ့အခါ မျက်စိသူငယ် ၊ နားသူငယ်ဖြစ်ရခြင်း ဖြစ် ပါတယ်။


ခပ်ကောင်းကောင်း အင်တာနက်လိုင်း အသုံးပြုချင်ရင်တော့ ပိုများတဲ့ငွေကြေး တန်ဖိုး တစ်ခု ပေး ရပါတယ်။ ဒါကို နိုင်ငံသားတိုင်း မပေးနိုင်ပါဘူး။ အိုင်တီ ကုမ္မဏီကြီး အားလုံးတောင် အသုံးမပြုနိုင်သေးတဲ့ အခြေ အနေ တစ်ခု ဖြစ်ပါတယ်။ 

 
မြန်မာပြည် အိုင်တီ ကဏ္ဍ တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ လိုအပ်ချက်ထဲမှာ Internet Connection ပါဝင်ပါတယ်။ အင်တာနက် လိုင်းကောင်းတော့လဲ တစ်လွဲ သုံးကြတယ်လို့ အချို့ က ထင်မြင်ပါတယ်။ 


အမှန်တော့ နှေးကွေးတဲ့ အင်တာနက်မှာ လုပ်စရာ မရှိလို့ ကြံရာ မရ လျှောက်စမ်း ၊လျှောက်ဝင်၊ လျှောက်လုပ်ရင်း မြန်မာပြည် Internet ကွန်ရက်မှာ အရောင်တွေ ပါလာခြင်း ဖြစ်ပါတယ်။ 

 Internet Privacy law, Policy, Electronic Law အစရှိသဖြင့် ရှေ့ ဆက် မြန်မာပြည်က ရင်ဆိုင်ရမယ့် အခက် အခဲတွေက အများကြီး ရှိနေပါသေးတယ်။ ဒီအတွက်လည်း Human Resources လိုအပ်ပါသေး တယ်။

သို့ပေမယ့် မကြာတော့ပါဘူး။ လက်ရှိ နှေးကွေးတဲ့ အင်တာနက်လိုင်းမှာလည်း အလုပ်ပြီးမြောက်အောင် လုပ်ဖို့က ကိုယ့် တာဝန်ပါ။ 


မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာပြည် အိုင်တီကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် မြန်ဆန်တဲ့ အင်တာနက်လိုင်း က လူတိုင်းစေ့ အသုံးပြုလာနိုင်မယ် လို့ မျှော်လင့်မိပါတယ်။



Myanmar Jobs Market 
 အောင်ခမ်း (TSJ team)

 

No comments:

Post a Comment