Thursday, July 4, 2013

ကွက်လပ်



မိသားစု စကားဝိုင်း မှာ ကြားလိုက် ရတဲ့ သမီးငယ်ရဲ့ စကားအတွက် ကျွန်တော့် အနေနဲ့ အံ့သြ တကြီး ဖြစ်သွား ခဲ့ရတာပါ။ အဲဒီ လို စကားမျိုးကို ကြားလိုက်ရတဲ့ အတွက် အံ့သြလွန်း တဲ့စိတ်၊ အားမလို အားမရ နဲ့ ဒေါသဖြစ်မိတဲ့စိတ်၊ စိုးရိမ် ပူပန်မိတဲ့ စိတ်တွေ အားလုံး ကို ရောထွေး ခံစား မိရာက အခြား ကြုံတွေ့ဖူးတဲ့ ပြဿ  နာတွေကိုပါ ဆက်စပ်ပြီး ”ကွက်လပ် ” ဆိုတဲ့အကြောင်းအရာကို အတွေးနယ်ချဲ့မိပါတယ်။

”ကွက်လပ်” ဆိုတာ ကို အကြောင်း အရာတစ်ခုခု၊ နေရာတစ်ခုခု၊ ပြဿနာ တစ်ခုခုမှာ အကြား အလပ် ဖြစ်ပေါ်နေ တာ၊ ဟာကွက်ဖြစ်ပေါ်နေတာ၊ အဆက် အစပ် ပြတ်ေ တာက်နေတာ၊ ကွာဟ ချက် ဖြစ်ပေါ်နေတာတွေကို ကွက်လပ် ဖြစ်နေတယ်လို့ ရည်ညွှန်းပြောဆိုနိုင်သလို မီဒီယာလောက အနေနဲ့ဆိုရင်တော့ အဖြစ်မှန်နဲ့ သတင်းအချက် အလက် ကွာဟချက် (credibility gap) လို့ ပြောရင် ရမယ်ထင်ပါတယ်။ အဲဒီလိုပါပဲ။

လက်ဆင့် ကမ်းမှု အဆက်ပြတ်နေတဲ့ လူကြီးနဲ့ လူငယ်မျိုးဆက်တွေအ ကြားက ခြားနား ကွာဟ ချက်၊ (the generation gap)  ကိုလည်း ကွက်လပ် ဖြစ်နေတယ် လို့ပဲ ပြောဆိုနိုင် ပါတယ် ။ ကျောင်းသား လူငယ်တွေ အနေနဲ့ က တော့ မှတ်ဥာဏ် ဘယ်လောက် ကောင်း သလဲ (ဝါ) စာကျက် အား ဘယ်လောက် ကောင်းသလဲ ဆိုတာကို စစ်ဆေးတဲ့ ကွက်လပ်ဖြည့် ပါ မေးခွန်း ကို ပြောတာ ဖြစ်ပါတယ်လို့ ဖြေကြမှာ မလွဲပါဘူး။    
ကျွန်တော် အတွေးနယ် ချဲ့မိတဲ့    ”ကွက်လပ်” ဆိုတာကလည်း လူကြီးနဲ့ လူငယ်တွေ အကြား က မျိုးဆက်ပြတ် တောက်မှု(the generation gap)ကိုပဲ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ပထမကမ္ဘာ စစ်အတွင်း ကြီးပြင်း အရွယ်ရောက်လာ ကြတဲ့ လူငယ်မျိုးဆက်တွေ ကို ရည်ညွှန်း တဲ့ ”လမ်းပျောက်နေ တဲ့ မျိုးဆက်တစ်ခု” (lost generation) ကို ပြောချင်တာ မဟုတ်ဘဲ စစ်အာဏာရှင် အဆက်ဆက်က ဖန်တီးပုံသွင်း တာကို ခံခဲ့ကြရတဲ့ ကျွန်တော်တို့ လူငယ် မျိုးဆက်တွေ နဲ့ လူကြီးတွေရဲ့ အကြားက ကွာဟသွားတဲ့ မျိုးဆက်ပြတ်လပ်မှု (the generation gap) ကို ပြောချင်တာပါ။

ဟုတ်ပါတယ်။ ကျွန်တော် တို့ မြန်မာ့ လူမှုအသိုက် အဝန်းက လူငယ်၊ လူရွယ် အားလုံး ဟာ နှိမ့်ချပြီး ရိုးသားကြိုး စားတဲ့ စိတ်ဓာတ်၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ တတ်တဲ့ စိတ် ဓာတ်တွေကို အခြေခံ က စပြီး ပြုစုပျိုးထောင်ပေးတာကို ခံခဲ့ကြ ရသူတွေ ဖြစ်ကြပါတယ်။ 

ကျွန်တော်တို့ ရဲ့ မျိုးဆက်သစ် လူငယ်လေးတွေဟာ ငယ်ရွယ်စဉ် ကလေး ဘဝကတည်းက ငါးပါးသီလ အခြေခံ ကစပြီး သုံးဆယ့်ရှစ် ဖြာ မင်္ဂလာ၊ သိင်္ဂါလော ဝါဒသုတ် စတဲ့ လူ့ကျင့်ဝတ် တရားတွေ နဲ့ နီးနီးကပ်ကပ် ယဉ်ပါး ထိတွေ့သင်ယူခဲ့ကြရတာ ဖြစ်တဲ့ အတွက် ”သားသမီး ကျင့်ရာ ဝတ် ငါးဖြာ” ကို အသက်ထက်ဆုံး လိုက်နာ ကျင့်ကြံ နိုင်ခဲ့ရုံမျှသာမက ”တပည့်ဝတ်ငါးဖြာ” ကိုလည်း မမေ့ မပျောက် လိုက်နာကျင့် ကြံနိုင်ခဲ့ကြပါတယ်။ ဒီလိုပါပဲ။ အခြား အခြားသော လူမှုရေးကျင့်ဝတ်တွေကို လည်း လိုက်နာနိုင်ခဲ့ကြတာကို တွေ့ ကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို အခြေခံစိတ်ဓာတ် ကောင်းမွန်ကြတဲ့ ကျွန်တော်တို့မျိုးဆက် သစ်လူငယ်လေးတွေရဲ့ ဥာဏ်ရည် ဥာဏ် သွေး(IQ) နဲ့ စိတ်ခံစားချက် အရည်အ သွေး(EQ)တွေကို အညွန့်တုံးအောင်၊ မဖွံ့ဖြိုးအောင် ခေတ်စနစ်တွေ က ဖန်တီး ပေးခဲ့တဲ့ အတွက် လူငယ် မျိုးဆက်သစ် တွေနဲ့ လူကြီးတွေ ရဲ့အကြားက ကွာခြား သွားတဲ့ ”ကွက်လပ်”က ကြီးမားလွန်း လှပြီး အံ့သြဖွယ်ရာ ဖြစ်လာခဲ့ ရပါတော့တယ်။ 

ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ မူလ တန်းကျောင်းသားအရွယ် မြေးငယ်နှစ် ယောက်ကို အကြောင်း တိုက်ဆိုင်လာ တဲ့အတွက် အာဇာနည်ဆိုတာ ဘာလဲ။ သိကြရဲ့လား လို့ မေးမြန်း လိုက် မိတော့ မြေးအကြီး က စဉ်းစားနေခိုက် မှာ မြေး အငယ်က ကျွန်တော်သိပါတယ် အဖိုးရဲ့။ အဆိုတော် အာဇာနည်ကို ပြောတာ မဟုတ်လားလို့ပြန်မေးပါတယ်။

 မြေး အကြီးက တစ်ခဏမျှ စဉ်းစားပြီး ရွှေ တိဂုံဘုရား အောက်နားမှာ ရှိတယ်လေ။ သားတွေ့ဖူး ပါတယ်လို့ သူတွေ့မြင်စဉ်း စားမိတဲ့အတိုင်း ဖြေကြားခဲ့ပြီးအချက် အလက်အပြည့် အစုံ ကိုတော့ မပြောနိုင် ရှာပါဘူး။

 အဲဒီလိုပါပဲ။ ကျွန်တော်တို့ ငယ် ရွယ်စဉ် ကျောင်းသားဘဝမှာ ဆရာက ဗိုလ်ချုပ် လို့ ပြောလိုက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြောတာဖြစ်ကြောင်း၊ ချက်ချင်း နားလည် သဘောပေါက်ခဲ့ကြ ပေမယ့် မိတ်ဆွေတစ်ဦးက သူ့ရဲ့မြေးမ လေး အကြောင်း ကို ပြောပြ ပါတယ်။ 

သူ့ရဲ့ မြေးမလေး ဟာ ဗိုလ်ချုပ် ကို သိ ရဲ့လားလို့ အမေးခံ ရတော့ သိပါတယ် အဖိုးရဲ့လို့ သွက်သွက် လက် လက် နဲ့ ပြန် ဖြေလိုက်ပါသတဲ့။ မြေးမလေး ဆက်ဖြေ လိုက်တာကတော့ ဟိုနေ့ က တီဗွီ ထဲမှာ တွေ့လိုက် ရတယ် အဖိုးရဲ့။ စစ်သားတွေ ကို ကားနဲ့ လှည့်ပြီး အလေးပြုခံနေတာ လေတဲ့။

ကျွန်တော် တို့ရဲ့ မျိုးဆက်သစ် လူ ငယ်လေးတွေ အခုလို ဥာဏ်ရည် ဥာဏ် သွေးတွေလျော့ နည်းလာ ရတာဟာ အုပ်ချုပ်ရေး အခွင့်အာဏာ ရှိသူတွေ ရဲ့ အစီအစဉ် တကျ ဖန်တီး မှုတွေကြောင့် လို့ ပြောရင် ရပါတယ်။ 

ကျွန်တော်တို့ ငယ် စဉ်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံ ကို ကျောင်းတွေနဲ့ ရုံးပြင်ကနားတွေ မှာ အလေးထားနေရာပေး ချိတ်ဆွဲ ခဲ့ရာမှ ဖယ်ရှား ပစ်ခဲ့တာတွေ၊ ဗိုလ်ချုပ်အောင် ဆန်းနဲ့ ပတ်သက် တဲ့ စာအုပ်စာတမ်း တွေကို  လူငယ်၊ လူရွယ်တွေ မဖတ်ရှုနိုင်အောင် ပိတ်ခဲ့တာတွေ၊ အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် မပေးဘဲ ပိတ်ပင်ခဲ့တာတွေ၊ 

အာဇာနည်နေ့ကို ဆရာတွေက ကိုယ့် အစီအစဉ်နဲ့ကိုယ်၊ စာသင်ခန်းထဲမှာ ကျင်းပပြုလုပ်တာကို ပိတ်ပင်ရုံမျှမက ဖမ်းဆီး အရေးယူမှုတွေ ပါ ပြုလုပ် ဖိနှိပ်လာတော့ အာဇာနည်ဆို တာ အဆိုတော် ဖြစ်သွားရသလို တပ်မ တော်နေ့ အခမ်းအနားမှာ မော်တော် ကားနဲ့ အလေးပြုခံတဲ့ အကြီးအကဲက လည်း ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်း) အဖြစ် အထင်ခံရတဲ့ အဖြစ်မျိုးတွေက အဆန်းမဟုတ်ကြတော့ပါဘူး။ 

ဒီတော့ အခုလို အခြေအနေမျိုးတွေဟာ အထက်မှာ ကျွန်တော် ဖော်ပြခဲ့သလို ခေတ်၊ စနစ်တွေ က ဖန်တီးပေးလိုက် တာတွေလို့ပဲ နားလည်ခံစားရပါတော့တယ်။ဒါတွင် မကသေးပါဘူး။ ကျွန် တော်တို့နိုင်ငံ ရဲ့ အထင် ကရဖြစ်တဲ့ ရန် ကုန် တက္ကသိုလ်ကြီး ဆိုရင်လည်း အာရှ တစ်ခွင် မှာထိပ်ဆုံး အဆင့်ကနေ အဆင့် နိမ့်လျှော ကျခဲ့ ရပြီး ခြောက်ခြောက်ကပ် ကပ်၊ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်သွားခဲ့ရပါ တယ်။ 

တစ်ခေတ် တစ်ချိန် က အဆင့် မြင့်မြင့် နဲ့ ကျော်ကြား ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးဟာ ဂုဏ်ထူး တန်း အချို့၊ ဘွဲ့လွန် မဟာတန်း ကျိုးတိုးကျဲတဲ နဲ့ ဒေါက်တာဘွဲ့ အတွက် အဆင်ပြေတဲ့ နီး စပ်ရာ အသိုက် အဝန်းက ပုဂ္ဂိုလ်ကြီး အ ချို့လောက် ကိုပဲ တွေ့မြင်ရ တဲ့အခြေအ နေမျိုး အထိ ဖြစ်သွားခဲ့ရပါတယ်။

 နိုင်ငံ ရဲ့ တက္ကသိုလ် အသီးသီး ဟာလည်း အ ဆင့်တွေ လျှော့ချ တာခံ ရပြီး အနယ်နယ် အရပ်ရပ် ကို ပြောင်းရွှေ့ ရောက်ရှိ သွား ခဲ့ရပါတယ်။ အဲဒီ အချက်တွေ ဟာ ကျောင်းသား လူငယ် မျိုးဆက်သစ်တွေ ရဲ့ လူမှုရေး အသိစိတ်ဓာတ် ကောင်းမွန် မှုတွေ၊ နိုင်ငံရေး အသိ နိုးကြား တက်ကြွ မှုတွေကို အညွန့်တုံး သွားစေဖို့အတွက် စစ်အာဏာရှင်ကြီးများက အကွက်ကျ ကျ အစီအစဉ် ရှိရှိ စီမံ ဖန်တီးခဲ့ကြတဲ့ လုပ်ရပ်တွေပဲလို့ ထင်မြင်မိပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဗိုလ် ချုပ်အောင်ဆန်း နဲ့ အာဇာနည်တွေ အ ကြောင်းကို မသိနား မလည်ကြတော့ သ လို နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ ဦး ဆောင် ခဲ့ပြီး ငြိမ်းချမ်းရေး ဗိသုကာကြီး ဖြစ်တဲ့ မျိုးချစ် စာဆိုတော် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကိုလည်း ယောင် ဝါးဝါးဖြစ်နေကြ တာ မျိုးကို ဝမ်းနည်းဖွယ် ရာ တွေ့မြင် လာရ ပါတယ်။ 



လွတ်လပ် ရေးရပြီး ဒီဘက်ခေတ် က ကျွန်တော် တို့ နိုင်ငံရဲ့ကြယ်ဖြူကြီး တစ်ပွင့်နဲ့ ကြယ်ငယ် ငါးပွင့် အလံတော်၊ ဗိုလ်ချုပ်နေဝင်း ရဲ့ မြန်မာ့ ဆိုရှယ်လစ်ခေတ် ပင်နီယံ (pinion) စက်သွားနဲ့ ကြယ်ငယ် ဆယ့် လေးလုံး အလံတော်၊ ဒီနေ့ ခေတ် အဝါ၊ အစိမ်း၊ အနီ၊သုံးရောင်ခြယ်နဲ့ ကြယ်ဖြူ အလံတော်တွေ ကိုတောင် ကွဲပြားခြား နားစွာ မသိကြတော့ တဲ့ ကျွန်တော်တို့ရဲ့ လူငယ် မျိုးဆက်တွေ အတွက် အတော် လေး ခံစားခဲ့ရပါတယ်။

ဒီနေ့ ဒီအချိန် မှာတော့ ပြောင်းလဲ လာတဲ့ ခေတ်အခြေ အနေအရ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ နယ်ပယ် အသီးသီးမှာ ပရဟိတကျောင်းတွေ၊ အမေ့အိမ် စာ သင်ကျောင်းတွေ၊ ပညာ ရေး ကွန်ရက်တွေ၊ ဘက စာသင်ကျောင်း တွေ၊ အခမဲ့ဆေးကုသပေးတဲ့ ဆေးခန်း တွေ၊ 

ဆရာတော်၊ သံဃာတော်ကြီးများ ဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက် ကုသပေးမှုတွေ၊ သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီမှု လုပ်ငန်းတွေ၊ နာရေးကူညီမှုလုပ်ငန်းတွေ နဲ့ အခြားလူမှုရေးဖောင်ဒေးရှင်း အဖွဲ့ အစည်း အသီးသီးဖွဲ့စည်းပြီး ကူညီတာ တွေကို တွေ့မြင်လာရတော့ အတော် လေး ကြည်နူးခဲ့ရပါတယ်။ 

အဲဒီ လိုပါပဲ ယခင် က ပိတ်ပင်ခံခဲ့ ရတဲ့ စာအုပ်စာ တမ်းတွေ ပုံနှိပ်ထုတ်ဝေခွင့် ရလာကြတဲ့ အတွက် လည်း လူငယ် လူရွယ်တွေ ရဲ့ အသိဥာဏ် ဖွံ့ဖြိုးမှု ကို မြှင့်တင်ပေး ရာ ရောက်တာ ကိုတွေ့ ရပြီး ကျွန်တော် ကိုယ်တိုင်လည်း တတ်နိုင်တဲ့ အပိုင်းက ပါဝင်ဆောင်ရွက်လာနိုင်ခဲ့လို့ စိတ်သက် သာမှု ဖြစ်ရပါတယ်။

ဒါပေမဲ့ မိသားစု စကားဝိုင်းမှာ သမီးငယ်ပြောတဲ့ အကြောင်း အရာနှစ် ခုကြောင့် ကျွန်တော့်မှာ ဝမ်းသာ ပီတိ ဖြာခဲ့ရတာနဲ့ အမျှ ”ဟေဟုတ်ရဲ့လား” လို့ အော်မိလောက်အောင် လည်း အံ့ အားသင့်ခဲ့ ရပါတယ်။

ကျွန်တော့် သမီးရဲ့ သူငယ်ချင်း က Language School တစ်ခုက အင်္ဂလိပ် စာ သင်ပြတဲ့ ဆရာမ တစ်ယောက်ဖြစ်ပြီး စာသင်ချိန် မှာ အဲဒီ ဆရာမကြုံတွေ့ ရတဲ့ အဖြစ် တစ်ခု ကို ပြောပြ တာပါ။ 

အဲဒီ ဆရာမ သင်ပြနေတဲ့အခန်းထဲမှာ မူလ တန်းအရွယ်၊ အသက် ဆယ်နှစ် ဝန်းကျင်၊ ကျောင်း သူကျောင်းသား သုံးလေးဆယ် ကျော် ရှိပြီး သင်ကြားမှု ပုံစံက စာချည်း သက်သက် သင်ပြတာ ရှိသလို ကစားတဲ့ နည်းနဲ့ စာသင်ကြားတဲ့အချိန်လည်း ရှိ ပါသတဲ့။ 

သင်တန်းချိန် တစ်ခု အတွင်းမှာ အဲဒီ ဆရာမနဲ့ လက်ထောက် ဆရာမ သုံး ယောက် က ကျောင်းသားလေးတွေ ကို စာသက် သက်ပဲ သင်ကြမှာလား၊ ကစား ရင်း စာသင်ကြ မှာ လား လို့ မေးလိုက် တော့ ကစားရင်းပဲ သင်ပါ ဆရာမ လို့ ကျောင်းသား အားလုံး က ဖြေကြ ပါသ တဲ့။ 

ဆရာမတွေက မနေ့ကလည်း ကစား ရင်း သင်ခဲ့ကြပြီးဖြစ်တဲ့ အတွက် ဒီကနေ့ စာသက်သက် ကို သင်ကြားဖို့ တိုင်ပင် ဆုံးဖြတ်ကြပြီး ကလေးတို့ရေ ဒီနေ့တော့ စာကိုပဲ သင်ကြရအောင်နော် လို့ ပြော လိုက်တဲ့ အခါ ကျောင်း သားလေးတစ် ယောက်က ထိုင်နေရာမှ ထရပ်ပြီး၊ ဆရာ မတို့ ကျောင်းက ဒီမိုကရေစီ လည်း မရှိ ဘူး။ 

ကျွန်တော်တို့က အားလုံး၊ ဆရာမ တို့က လေးယောက် တည်းရှိတဲ့ ဟာကို မတရားဘူးဗျာ လို့ ပြော ပါသတဲ့။ ဒီ အတွေ့ အကြုံ အဖြစ်အပျက်လေးက ကျွန်တော့်ရဲ့စိတ်နှလုံးကို ရွှင်ပြုံးကြည်နူး စေခဲ့ပေမယ့် …..

ကျွန်တော့် သမီးက ဆက်ပြီး ပြော ပါသေးတယ်။ သူ့ရဲ့ တပည့်နှစ်ဦး က နိုင်ငံခြားမှာ အလုပ်လုပ်နေ ရာ မှ ခေတ္တ အလည်ပြန်လာချိန် မှာ လာရောက်နှုတ် ဆက်ဂါရဝပြုတဲ့ အတွက်    သူ ကလည်း တပည့်နှစ်ဦး ကို ပြန်လည် ကျွေးမွေး ဧည့်ခံဂုဏ်ပြုလိုက် ပါသတဲ့။

 ကျွေးမွေး ဧည့်ခံ ပွဲမှာ သမီးရဲ့ တပည့်နှစ်ဦးက သူတို့နဲ့အတူ နိုင်ငံခြားမှာ အလုပ်လုပ် တဲ့ သူငယ်ချင်း မိတ်ဆွေတစ်ဦးကို ခေါ်လာခဲ့ပြီး မိတ်ဆက်ပေးပါသတဲ့။ ထမင်းစားပွဲမှာ သူတို့ အလုပ်အကိုင်အ ကြောင်း၊ အဲဒီနိုင်ငံအကြောင်း၊ ကိုယ့် နိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ အပြောင်းအ လဲတွေအကြောင်းကို စကားစပ်မိသလို ပြောဆိုဖြစ်ကြပါတယ်တဲ့။ 

လူမှုရေးနယ် ပယ်က ရန်ပုံငွေရှာဖွေတဲ့ ဖျော်ဖြေပွဲ တွေ၊ ပညာရေးရန်ပုံငွေ ထောက်ပံ့တဲ့ အလှူပွဲတွေ၊ ဝမ်းမိုးအလှူပွဲတွေ အ ကြောင်းကအစ၊ ကျန်းမာရေးပညာရေး ဖောင်ဒေးရှင်းတွေ အကြောင်းက အ လယ်၊ ဆရာတော်၊ သံဃာတော်ကြီးတွေ ဦးစီးဦးဆောင်ပေးတဲ့ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေးကိစ္စတွေ အဆုံး ပြော ဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

အဲဒီအချိန် မှာ တပည့်မတစ်ဦးက တစ်စုံတစ်ရာကို သတိရလာဟန်နဲ့ ”ဆရာမရယ်၊ ဟိုက လူတွေက သူတို့တတ်နိုင်သလောက် စုဆောင်းပြီး ဖောင်ဒေးရှင်းတစ်ခုကို လှူပေးဖို့ သမီးကို ပိုက်ဆံပေး လိုက်ကြ တယ်။ 
ဒါနဲ့ သမီးက ဖုန်းနဲ့ အကျိုးအ ကြောင်းပြောပြီး ဘယ်လို လှူရမလဲလို့ စုံစမ်းတော့ ဘယ်လောက် လှူမှာလဲ လို့ မေးတယ်ဆရာမရဲ့။ ကျွန်မက လှူမယ့် ငွေ ပမာဏ ကိုပြောလိုက်တော့ ပြန်ယူ သွားပါတဲ့။ ငွေနှစ်သိန်း လှူခိုင်းလိုက် တာ ဆရာမရဲ့။
 
ငွေတစ်သိန်း၊ နှစ်သိန်း ဆိုလည်း မနည်းပါဘူး ဆရာမရယ်။ တစ်ခုခုတော့ လွဲချော်နေပြီ ထင် တယ် နော်ဆရာမ”လို့ပြောရှာပါတယ်။ ကျွန်မ က ဘာစကားမှ ဝင်မပြောရသေးမီ အခြား တပည့်မ တစ်ယောက်ကဝင်ပြီး ဒေါသတကြီးနဲ့ ပြောပါတယ်။ 

”နင်က အခုပြောတာ ဘယ်သူလဲ လို့ ဖုန်းလက်ခံ တဲ့ လူရဲ့ နာမည်ကိုမမေးလိုက် ဘူးလား တဲ့” အဲဒီအချိန် မှာ သူတို့နဲ့ အတူပါလာ တဲ့ အမျိုးသမီးလေးက ဝင်ပြီးပြောလိုက် တာ ကတော့ ။”နင်တို့ ကလည်းဟယ်။ အလုပ်ရှုပ်ခံနေရသေး တယ်။ 

ကိုယ့်ဟာကိုယ် သွားရင် ရတာပဲ။ ကိုယ့်မှာ ကားလည်း ရှိနေရဲ့သားနဲ့။ ဒေါ်ခင်ကြည်ဆီကို။ ကိုယ်တိုင် သွားလှူ လိုက်တာ မဟုတ်ဘူး။ ဘယ်နေ့သွားမလဲ။ ငါလည်းလိုက်မယ်” တဲ့။


ခင်မောင်အေး(ချောက်)                      
Popular News မှ ကူးယူဖေါ်ပြသည်

No comments:

Post a Comment