Tuesday, December 30, 2014

ငါးပြေမ အတု သတိပြု



မြန်မာ လူမျိုး တို့ အသည်း စွဲနှစ်ခြိုက် သော ရေချိုငါး မျိုးများ တွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရ သာ လေးလေး ပင်ပင်ရှိခြင်း ၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက် ပိုကြဟန် တူပါ၏။ 


အလယ် ရိုးကြောင်း အပြင် ကျောဘက် ဆူးမာ များနှင့် ဝမ်းဘက် ဆူး တောင် များကြောင့် အရိုး များလွန်း သည် ဟူ၍ အချို့ က ရှောင်ကြသော် လည်း မြန်မာ ထမင်းဆိုင် များတွင် ငါးပြေမ ဆီပြန်ဟင်း သည် ရောင်း ပန်း လှသော ဟင်း တစ်ခွက်ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီး ဘက်မှ ထွက်သော လက်တစ်ဝါး ခန့် ငါးပြေမ ကြီး များသည် ကဝက်ကင်း ငါးသလောက် နည်း တူ ပျဉ်ပုံ ငါးပြေမ ဟူ၍ နာမည် ရသည်။ ငါးပြေမ သည် မြန်မာ့ တိုင်း ရင်း ရေချို ငါးမျိုးဖြစ် ပြီး သိပ္ပံ အမည်မှာ  Anabus testudineus   ဖြစ်သည်။ မျိုးရင်း (Family) Anabantidae ၌ ပါဝင်ပြီး အင်္ဂလိပ် အမည် မှာ climbing perch ဖြစ်၏။




ငါးပြေမ သည် အသားစား ငါးမျိုး (Carnivore) ဖြစ်ပြီး ပါးဟက် အတွင်း အပိုလေရှူ  အင်္ဂါ ပါ၍ ငါးကျည်း၊ ငါးခူ များ နည်းတူ အသက်ပြင်း သည်။ ငါးဈေးတန်း များ အတွင်း အကောင် အရှင် ထားရောင်း သည်ကို တွေ့နိုင် ပြီး အရွယ် အစား ကို လိုက်၍ တစ် ပိဿာ        လျှင် ၆ဝဝဝ ကျပ် မှ ၁ဝဝဝဝ ကျ ပ်အတွင်း ရောင်း ဈေး ရှိ၍ ဈေးကောင်းလှ၏။ 


ငါးပြေမ ကို ပြည်တွင်း ၌ သုတေ သနပြု စမ်းသပ် သားဖောက်နိုင်သော် လည်း စီးပွားဖြစ် သားပေါက် များ ထုတ် လုပ် ရောင်းချနိုင်သည့် အဆင့်သို့ မရောက် ရှိသေးပေ။
 

ယခုနှစ်ပိုင်း အတွင်း ငါးပြေမနှင့် ဆင်တူသော ငါးတစ်မျိုး ကို ဈေးများ ရှိ ငါးဈေးတန်း များတွင် လည်းကောင်း၊ လမ်းဘေးခေါင်းရွက် ဗျပ်ထိုး ဈေးသည် လေးများ ထံတွင်လည်းကောင်း ငါးပြေမ ဟူ၍ ဈေးခေါ်ပြီး တွင်တွင် ကျယ်ကျယ် ရောင်းချနေသည် ကို တွေ့ရှိနေရပါ၏။ 

မိမိရောက်လေ့ ရှိသော (၃၈)လမ်းဈေး ၊ ပုဇွန်တောင်ဈေးနှင့် ရေကျော် ဈေး များ၌လည်း တွေ့မြင်ရပါသည်။ ရောင်းဈေး မှာ တစ် ပိဿာာ   လျှင် ကျပ် တစ်သောင်း မှ တစ်သောင်းနှစ်ထောင် အထိ ဈေးကောင်းသည်။
 

ယင်း ငါးသည် ငါးပြေမနှင့် အသွင် သဏ္ဌာန် ဆင်နေ ၍ ရုတ်တရက် ကြည့် ပါက ဆင်တူနေသော်လည်း ဂရု တစိုက်ကြည့် ပါမူ ကွဲပြားသည့် အချက်များ ရှိသည်ကို တွေ့ရပါလိမ့် မည်။ ထို ငါးသည် ငါးပြေမ ထက် ဦးခေါင်း ပိုင်းသေးငယ်ပြီး ချွန်နေ ကာ ကိုယ်အလျား မှာ ခုံးဝိုင်းသည်။ 

ငါးပြေမ တွင် ကား ကိုယ် အလျား ပို၍ ရှည်သည်။ ထင်ရှားသော ကွဲပြား ချက်မှာ ငါးပြေမ ၏ ပါးဟက်ဖုံး (opercle) ၌ ခွေးသွားစိတ် သဏ္ဌာန် ဆူးဇောင်းများ ပါရှိပြီး အဆိုပါ ငါးတွင် မူ ပါးဟက်ဖုံး ၌ အရိုးပြား ၂ ချောင်း သာ တွေ့ရ၏။ 

မိမိ လက်လှမ်း မီ သမျှ စူးစမ်းလေ့လာချက် များ အရ ယင်းငါး ၏ မျိုးရင်း သည် Nandidae ဖြစ်ပြီး သိပ္ပံ အမည် မှာ Pristolepis fasciata  ဖြစ်ပါသည်။  အင်္ဂလိပ် အမည် မှာ Catopra ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများ ၌တွေ့ ရှိ ကာ အစုံစား သည့် ငါးမျိုး (Ominivore) ဖြစ်ပါသည်။
နေ့စဉ် ဈေးဝယ်ခြမ်း ချက်ပြုတ်နေရ သော အိမ်ရှင်မ များ အဖို့ကား ဈေးဝယ်ရာ ၌ ရောင်းမှား ဝယ်မှား ဖြစ်လေ့ဖြစ် ထ ရှိပေရာ အာဖရိက ငါးခူနှင့် တိုင်းရင်းမြန်မာ ငါးခူ၊ ငါးဖမ်းမနှင့် ငါးဖယ်အောင်း ၊ ရွှေဝါ ငါးကြင်းနှင့် ငါးဖိန်း ၊ ငါးမြင်းနှင့် ငါးတန် တို့ကား မှားဝယ်လေ့ ရှိသော၊ မှားဝယ် တတ်သော ငါးမျိုးများ ဖြစ်ပါသည်။ 


အချို့ ဆိုလျှင် ငါးခူနှင့် ငါးကျည်း၊ ငါးခုံးမနှင့် ငါးဘဲဖြူ    တို့ ကို  ပင် မှားဝယ်  သည်ကို တွေ့ဖူးသည်။ အာဖရိက ငါးခူ တွင် ဦးခေါင်းနှင့် ကိုယ် အပိုင်းဆက် သည့် ကုတ်နေရာ၌ (V) ပုံသဏ္ဌာန် အချွန် ရှိပြီး မြန်မာ တိုင်းရင်း ငါးခူ ၌မူ မြန်မာ အက္ခရာ (က)  ပုံသဏ္ဌာန် တွေ့နိုင်ပါသည်။ 

ငါးဖယ်အောင်း မှာ ငါးဖမ်းမနှင့် ဆင်တူသော် လည်း ငါးဖမ်းမ ထက် အရွယ်ကြီးသော ငါးမျိုးဖြစ် သည်။ ရွှေဝါ ငါးကြင်း မှာ ခန္ဓာကိုယ် ခုံးဝိုင်း ကာ ငါးဖမ်းမ မှာမူ ကိုယ်အလျား ရှည်သွယ် ပါသည်။ 

ငါးမြင်းနှင့် ငါးတန် တွင်ကား ခုတ်သား များ သာ အရောင်း များ၍ အသား ၏ အရောင် ကို ကြည့်ရှုပြီး ခွဲခြားနိုင် ပါသည်။ 

ငါးမြင်း ၏ အသား မှာ ဖြူပြီး ငါးတန် အသားမှာ မူ အဝါရောင် သန်းပါသည်။

 လောက ဓမ္မတာ အရ အရာ ရာတွင် ဆင်တူ ယိုးမှား ရှိသော အဖြစ်မျိုးများ ရှိတတ် ပေရာ မည်သည့်နယ်ပယ် ၌ မဆို ရောင်းမှား ဝယ်မှား အဖြစ် မများကြ စေခြင်းငှာ သတိချပ် ၍ ဝယ်ယူ စားသုံး နိုင်ကြပါရန် ရေး သားဖော်ပြ လိုက် ရခြင်းဖြစ်ပါသည်။
 


စံလွင် (ငါးဦးစီး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/45300

No comments:

Post a Comment