Tuesday, December 16, 2014

ကျုံးဘေး မှ အက်ကွဲကြောင်းလေး များ



မန္တလေး ဟု ဆိုလိုက် သည်နှင့် ပထမဦးဆုံး စ တင် သိရှိ ခံစားလိုက်ရ သည် က ကျုံး ဆိုသော သင်္ကေတ ဖြစ် သည်။ မန္တလေး နှင့် ကျုံး မှာ ခွဲမရ သကဲ့ သို့ လိုက်ဖက် မှု ကလည်း ပနံသင့် လှသည်။ ကျုံး ဆိုသော အသိ ပြီးမှ မြို့ရိုးနှင့် နန်းတော် ဆိုသည် က နေရာယူလာမြဲ ဖြစ်သည်။ 

အချို့ နန်းတော် နှင့် ကျုံး တွဲဖက်မြင်သူ များ ရှိမည်။ အချို့ မန်းတောင် နှင့် ကျုံး တွဲ ဖက် မြင်သူ များလည်း ရှိ သည်။ အချို့ ကျုံးနှင့်မြို့ရိုး တွဲမြင်ကြ သည်။ ဘယ်သို့ ပင်မြင်မြင် မန္တလေး သည် ကျုံးနှင့် ယှဉ်တွဲ လျက် မန္တလေး ပီသစွာ တည်တံ့ နေဆဲဖြစ်သည်။ 

ပူပြင်း လှသည့် အညာနွေနှင့် အညာလေ ကို အံတုရန် အတွက် မန္တလေးသူ၊ မန္တလေးသား အတော်များများ ကျုံးကို အားကိုး အားထား ပြုကြသည်။

ကျန်းမာရေး အတွက် ကြည့်မလား၊ ဘာသာရေး အတွက် ကြည့်မလား၊ အမှတ်တရ အဖြစ် ကြည့်မလား ကျုံးမှာ ဘက်ပေါင်းစုံ မှ ပါဝင်လျက် ရှိသည်။ ကျုံးဘေး ပတ်ဝန်းကျင်နှင့် ကျုံးရေ မှာ အေးချမ်း သလောက် ကျုံးကြီး ၏ စိတ်နှလုံး ပူဆွေးမှု တို့ကို မည်သူများ မြင်နိုင်မည်နည်း။ 


တစ်ခုသော ညနေခင်း တွင် ဖြစ်သည်။ ဆရာဝန် ၏ ညွှန်ကြားချက် ဖြင့် တစ်နေ့လျှ င် နာရီဝက် လမ်းလျှောက် ရန် ကျုံးဘေး သို့ ထွက်ခဲ့သည်။ လွန်ခဲ့သော နှစ် အနည်းငယ် အတွင်း မန္တလေးနှင့် ဝေးကွာ ခဲ့ သဖြင့် ကျုံးက လည်း ကိုယ့် အတွက် စိမ်းနေသယောင် ရှိသည်။ 

ညနေခင်း လမ်းလျှောက် ရသည် က လူသွား လူလာ များနှင့် မို့ ရှိန်းတိန်း ဖိန်းတိန်း နိုင်လှသည်။ ထူအမ်း အမ်း ဖြစ်နေသော မျက်နှာ ကို ဦးထုပ်ဖြင့် ကာကွယ် ထားကာ မျက်မှန် အထူဖြင့် ထပ်ကာ ထားလိုက်သည်။ 

အတန်ငယ် လျှောက်မိသော အခါ ကျုံးထောင့် တစ်နေရာ တွင် အားကစား ကိရိယာများ တပ်ဆင် ပေးထား သည့် နေရာကို တွေ့ရသည်။

သက်လတ်ပိုင်းနှင့် သက်ကြီး ပိုင်း များ လမ်းလျှောက် အနားယူရင်း လေ့ကျင့်ခန်း လုပ်နေကြသည် ကို မြင်တွေ့ ရသည်။ လေ့ကျင့်ခန်း လုပ်နေသည် များကို ကြည့်နေ သည်မှာ မည်မျှကြာ သွားသည် မသိ၊ ညနေခင်း နေမင်း သည် မြို့ရိုးပေါ်မှ ကျုံးရေပြင် ထဲ သက်ဆင်း တော့မည့်အလား မြင်နေရသည်။ 

ကျုံးဘေး ညနေ ဆည်းဆာ ကို တဝကြည့် ရင်း အိမ်ပြန် လမ်း ဘက်သို့ လှည့်ခဲ့သည်။ မှောင်ရိပ် မသန်း တသန်း လေးမို့ နေညိုညို  မှာ ကျုံးရေစိုစို က ဆွတ်ပျံ့ဖွယ်ရာ ကောင်းနေသည်။ ထိုစဉ် ခဏ သစ်ပင် ရိပ်မှ စကားပြောသံ အချို့ ကြားလိုက် ချိန် တွင် ညနေခင်း ကို ကျောခိုင်း ခဲ့သော ခြေလှမ်း များ ပိုမို တုံ့ဆိုင်း သွားရ တော့သည်။ 

အရွယ် မမည် ကလေးငယ်လေး က အမေဖြစ်သူ ကို ချော့နေသံ ဖြစ်သည်။ ”မေမေ မငိုပါ နဲ့ သားသား ရှိတယ် သားသား တို့ အိမ်ပြန် ရအောင် .. ” ဘယ်သို့သော အကြောင်းကြောင့် မသိသော်လည်း ကလေး ငယ်၏ ချစ်စဖွယ် အပြုအမူနှင့် သနားစဖွယ် အသံကြား တွင် ခဏတာ စီးမျော မိ သွားသည်။ 

တစ်ဖက်တွင် ထိုင်နေသော ကလေးမလေး က ဘာမျှမပြော အမေဖြစ် သူ လက်မောင်း ကို ဖက်လျက် တစ်ခု ခုကို ပြောဖို့ အားယူနေပုံ ရသည်။ မကြာမီ ပင် အမှောင်သည်း လာတော့မည် ”ဒီသား အမိ ဘယ်အထိပြန်ရ မှာပါလိမ့် .. ” မသက်ဆိုင် သော်ငြား ကရုဏာ သက်စွာ ပူပန်မိသည်။ 

မိခင်ဖြစ်သူမှာ ကျုံးရေပြင် ကိုသာ တွင်တွင် ငေးလျက် သူ၏ ရင်ထဲမှ ခံစားချက် များကို ကြိတ်မှိတ် မျိုချ နေ ပုံရသည်။

ဒီလောက် ချစ်စရာ ကောင်းတဲ့ သားနှင့် သမီး၊ ကျက်သရေ ရှိသော ရုပ်ရည် နှင့် ဇနီးမယား ကို မပူပင်ဘဲ ခင်ပွန်းဖြစ်သူ မှာ လိုက် မရှာဘဲ နေမည်လား။ အတွေးပေါင်း များစွာဖြင့် ခြေလှမ်းတို့ လေးလံလျက်။ 

လွန်ခဲ့သော လ အနည်းငယ် က ဖြစ်သည်။ နေ့ခင်းဘက် အပြင် သွားရင်း ကျုံးဘေးမှ ဘွဲ့ယူ အခမ်းအနား တစ်ခုနှင့် အမှတ် မထင်ဘဲ ဆုံခဲ့ ရသည်။ ကျုံးဘေးမှ ဘွဲ့ယူ အခမ်း အနား ဆိုသဖြင့် တစ်မျိုးဖြစ်မည်။ အနု ပညာကျောင်း မှ ဘွဲ့နှင်း သဘင် အခမ်းအနား ကျင်းပခြင်း ဖြစ်သည်။ 

ကျွန်မ တို့ ငယ်ငယ် ဘွဲ့ယူစဉ် အချိန် တုန်းကတော့ ဘွဲ့မယူခင် နံနက် ကို ကျုံးဘေး သို့ တကူး တက သွား ကာ မိသားစုနှင့် အမှတ်တရ ဓာတ်ပုံ ရိုက် ကြသည်။ ကိုယ်လို သူလို ပင် အတော် များများ ကျုံးနှင့် မန္တလေးတောင် နောက်ခံ ထားကာ ဘွဲ့သမိုင်း ကို အမှတ်တရ ရေးထိုးကြသည်။ 

သူတို့ ကတော့ ဟန်ကျလှသည်။ ဘွဲ့နှင်းသဘင် အခမ်းအနား မစမီ လည်း ကျုံးဘေးမှာ ပင် စောင့်ရင်း အမှတ် တရ ဓာတ်ပုံ ရိုက်ကြ သူငယ်ချင်း များ တွေ့ကြနှင့် ပျော်စရာ ကောင်းလှသည်။ ဘွဲ့ယူပြီး တော့လည်း တစ်ယောက်နှင့် တစ်ယောက် ခွဲခွာရမည် မို့ ကျုံးဘေးမှာပင် အလွမ်းသယ် နေကြသည်။ 

လူများ ပြည့်ကျပ် နေသည် မို့ ကျုံးဘေး ပလက်ဖောင်း အနီး သစ်ပင်ရိပ် တွင် ခဏ ရပ်ကာ ငယ်ငယ်က ဘွဲ့ယူ စဉ် အမှတ်တရ များကို တစ်မြုံ့မြုံ့ တွေးနေမိသည်။ ထိုစဉ် တစ်ဖက်စီ မှ ငိုသံ သဲ့သဲ့ နှင့် နှစ်သိမ့် သံများ ကြား လိုက်ရသည်။ 

”မငိုပါနဲ့ ညီမလေး ရယ် အခု အမေဖြစ်စေချင် တဲ့ အတိုင်း ဘွဲ့ရပြီ ပဲ အမေလဲ ဝမ်းသာမှာပါ။ ကောင်းတဲ့ တစ်နေရာ ကနေ ညီမလေး ဘွဲ့ယူတာ ကို ကြည့်နေမှာပါ .. ” ဘေးမှ အဖေဖြစ်သူ ထင်ရ သူ မှာ မျက်နှာ တစ်ဖက် လွှဲ သွားသည်။ 

ထိုသူ၏ မျက်နှာ တွင် စိတ်မကောင်းမှု များ က ပြောစရာ မလိုအောင်ပင် ပေါ်လွင် နေသည်။ ကျုံးရေပြင်တွင် သွားလေသူ မျက်နှာ ပေါ်နေလေ သလား ထင်ရအောင်ပင် စိုက်ကြည့် နေလေသည်။ ”လာပါ ညီမလေးရယ် ဒီ အမှတ်တရ က နောက်ပြန် မရတော့ဘူး။ အမေမြင်ချင် တဲ့ ဘွဲ့ဝတ်စုံနဲ့ ကျုံးကြီး နောက်ခံ ထားပြီး ရိုက် ရအောင်ပါ လာပါ .. ” အစ်မဖြစ်သူမှ တတွတ်တွတ် ခေါ်နေသည်။ 

ဘွဲ့ဝတ်စုံနှင့် မျက်ရည်စက် က လိုက်ဖက် မှု မရှိလှသော်လည်း ဝမ်းသာ မျက်ရည် သာ ဖြစ်စေချင်သည်။ ခုတော့ မိန်းမလှလေး တစ်ယောက် ကျုံးဘေးမှာ ဝမ်းနည်း မျက်ရည် ကျနေသည်။

အတွေး တို့သည် စိတ်နှလုံး ကို ဖိနှိပ်လျက် အသက်ရှု ကို ရပ်တန့် လောက်အောင် လေးလံ သွားသည်။ ” ဒီလို မျက်ရည်တွေ၊ ရင်ဖွင့် သံတွေ၊ ကြေကွဲမှုတွေ၊ ဝမ်းသာ ပျော်ရွှင်မှုတွေ ” ကို ကျုံးကြီး က အတား အဆီး မရှိ ယနေ့ အချိန်ထိ လက်ခံပေး နေသည်။

 လေးတွဲသော ခြေလှမ်း များကို သယ်ဆောင်ရင်း ပင် အတွေးလွန်လမ်း မှားကာ ကိုရီးယား များ ရောက်သွား သလား ထင်လိုက်ရသည်။ ခေတ် ဆန်ဆန် ဝတ်စား ထားသော ကောင်လေး က ခေတ်ဆန်ဆန် လှနေသော ကောင်မလေး ကိုကျောပိုးကာ ရှေ့တည့်တည့် မှ လာ နေသည်။ 

သူတို့ ကတော့ ပတ်ဝန်းကျင် ကို ဂရုမထား မိဘဲ ပျော်နေကြပုံ ပေါ်သည်။ ရုတ်တရက် မျက်နှာ ကို တစ်ဖက် လွှဲ လိုက် မိသော ကိုယ့် အဖြစ် ကို လည်း ရယ်ချင်ချင် ဖြစ်သွားသည်။ ” ကျုံးကြီး ရေ နင်လဲ ဒီလို မျက်နှာ လွှဲခဲ့ ရတာတွေ ဘယ်လောက် များများ ရှိခဲ့မလဲ .. .”ဟု စိတ်ထဲ ရေရွတ် မိသည်။ 

ခဏ အကြာ လမ်းမီး များ လင်းလာတော့ အိမ်ဘက် ကို ဦးတည် ကာ လှည့်လိုက်သည်။ ”နင်ပဲ ပြောခဲ့ တာလေ မနေ့ က ဒီကျုံးဘေး မှာပဲ ပြောခဲ့ တာလေ၊ အခု နင်က ကတိပျက် တာလား .. ” မိန်းကလေး တစ်ယောက် ၏ အသံဖြစ်သည်။ ”ကျုံးသာ စကားပြော တတ်ရင် ငါသက်သေ ခေါ်လိုက် ချင်တယ် သိလား၊ နင်နဲ့ ငါ ဒီအချိန်က စပြီး အပြတ်ပဲ … ” အပြော အဆုံး မှာတော့ ကျုံးဘေးမှာ ရပ်ထားသော ဆိုင်ကယ်ကို ဝူးခနဲ မြည်အောင် ခပ်ကြမ်းကြမ်း မောင်းထွက် သွားသည်။ 

ကျန်ခဲ့သော ကောင်လေး မှာတော့ ခေါင်းလေး ငိုက်စိုက်ကျကာ ကျုံးကြီးကို ငေးကြည့်လျက်။ ထွက်ခွာ သွားသော ဆိုင်ကယ် အသံ နောက်လိုက် ကြည့်ရင်း ”အောင်မလေး” ပါးစပ် မှ အသံ ထွက်အောင် ပင် အော် လိုက် မိသည်။ 

ကျုံးဘေး လျှောက်လမ်း မှ ခင်းထားသော ပလက်ဖောင်းလေး များ မှာ အနည်း ငယ် ကွဲအက်နေရာ အငေး လွန် သောကြောင့် ခြေချော် ကျခြင်း ဖြစ်သည် အသေ အချာ ကြည့်လိုက် မှ ကျုံးဘေး ပလက်ဖောင်း အတော် များများ အက်ကွဲ ရာ များနှင့် ပျက်စီးနေတာ သတိထား မိသည်။ 

နာနေသော ခြေထောက် ကို အတန်ငယ် ကြွကာ လှမ်းလိုက်ရင်း ”အော် ကျုံးကြီးရေ နင့်မှာ လဲ အက် ကွဲကြောင်း တွေနဲ့ ပါလား … ” ဟု စိတ်ထဲ မှ ပြောရင်း ကျောခိုင်း နှုတ်ဆက် ကာ အိမ်ပြန်ခဲ့ ပါတော့သည်။



Credit: Yadanarpondaily
From... Search Myanmar
 http://www.searchmyanmar.com/link/frame/cid/44717


No comments:

Post a Comment