Friday, December 5, 2014

ထူးဆန်းသော ဝိညာဉ် ကမ္ဘာ

 












ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင် မင်းသားကြီး ရော်ဂျာမိုး သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ အခန်း တံခါးကို တစ်စုံ တစ်ဦး လာခေါက်သည့် အသံကြောင့် လန့်နိုးလာသည်။ သူ့နဖူး တွင် ချွေးတွေ စိုရွှဲနေ သည်။ 

အီဂျစ်နိုင်ငံ ၏ ပူအိုက်သော ရာသီ ဥတု ကြောင့်လော ဟု ဝေခွဲ၍ မ ရဖြစ်နေသည်။ သူ့စိတ်တွင် တစ်စုံ တစ်ဦး သူ့ အခန်းတံခါး ကို ခေါက်သည့် အသံကို သေသေ ချာချာ ကြားရသည် ဟု ထင်မိသည်။ အိပ်မက် မက်နေ သလော။ သူသည် သတ္တိ အလွန်ရှိသော လူ တစ်ယောက် မဟုတ်သော်လည်း အကြောင်း မဲ့ ကြောက် တတ်သူ တစ်ယောက် မဟုတ်ပါ။ ထူးထူးခြားခြား ကြက်သီးမွေးညင်း များ ထနေသည် ဟုထင် မိသည်။

သူ တည်းခိုနေသော အိမ်ကြီး တစ်အိမ် လုံးမှာလည်း ကျောချမ်း ဖွယ် ကောင်းလောက်အောင် ငြိမ် သက်နေ သည်။ ခပ်လှမ်းလှမ်း ရှိ လမ်းမကြီးပေါ်မှ ကား တစ်စီးဖြတ်မောင်း သွားသော အသံ၊ ခွေးဟောင် သံနှင့် အိမ်ကြီး ၏ ခြံဝန်း အတွင်းရှိ ပန်းချုံ  များမျှ ကျင်းရိလေးတွဲ စွာ အော်နေသော ပုရစ် တို့ အသံသာ ကြားနေ ရ၏။



 ရွှန်းလဲ့သော လရောင် သည် သူ့ အိပ်ခန်း အတွင်းသို့ ဖြာကျ လျက်ရှိ သဖြင့် အခန်း အတွင်း၌ အတော် အသင့် ထင်ရှား စွာမြင်နေရသည်။ သူ့ ခုတင်ဘေးရှိ စားပွဲ ဝိုင်းကလေးပေါ် မှ စားပွဲတင် နာရီမှာ နံနက် (၂) နာရီ တိတိ ကို ညွှန်ပြနေလေသည်။ 

သူ့အား အချိန်မတော် တံခါး လာခေါက်သူ မှာ ရုပ်ရှင် ရိုက်ကွင်း မန်နေဂျာလော။ သူ ဤ အချိန်တွင် တံခါး လာခေါက် စရာ မရှိ။ တစ်ဖက်ခန်း ၌ အိပ်ပျော်နေသော ဓါတ်ပုံ ဆရာလဲ မဖြစ်နိုင်။ သူတို့ ရုပ်ရှင် ရိုက်ကွင်း သို့ ရောက် သွားရမည့် အချိန်မှာ နံနက် (၈)နာရီ တိတိဖြစ်သည်။

သူ့ စိတ်တွင် ထင်မှတ် မှားခြင်းလော။ ယမန်နေ့ ည ညစာ စားပွဲတွင် သူပြော ကိုယ်ပြော ပြောကြသော ဝိညာဉ်လောက ၏ ဖြစ်ရပ်ဆန်း များကြောင့် သူ့စိတ်တွင် တံခါးခေါက်သံ ဟု ထင်မိခြင်းလော။ ထိုအခိုက် သဲကန္တာရ ကို ဖြတ်၍ တိုက်လာသော အေးစိမ့်သော လေသည် အိမ်ကြီး ၏ နံရံများပေါ် ရှိ တိုက်ကပ် ပန်း များကို တိုးဝှေ့ သွား သဖြင့် တရှဲရှဲ မြည်သံ သည် ရင်သိမ့်တုန် ဖွယ်ရာ ကောင်းနေသည်။ 


ထိုအခိုက် အိမ်ကြီး ၏ တစ်နေရာ မှ အမျိုးသမီး တစ်ယောက် ဝမ်းနည်းကြေကွဲ စွာ ငိုရှိုက်နေသည့် အသံ ကြားရသည် ဟု ထင်သဖြင့် မင်းသားကြီး သည် သေသေချာချာ နားစွင့် မိပြန်သည်။

ပထမ တွင် ဟုတ်မှ ဟုတ်ပါ့ မလားဟု ထင်သည်။ အာရုံကြော များ တင်းလာသည် အထိ နားစိုက်ထောင် မိသော အခါ အမျိုးသမီးငယ် တစ်ဦး ငိုရှိုက်သံဖြစ်သည် က သေချာနေသည်။ ထိုစဉ် က သရုပ်ဆောင် မင်းသားကြီး ရော်ဂျာမိုး မှာ ဂျိမ်းဘွန်း အဖြစ် (The spy Who Loved Me) ၊ “ကျွန်တော့်ချစ်သူ ထောက် လှမ်းရေး အမျိုးသမီး” ဟူသော ဇာတ်ကား တွင် ပါဝင် ရိုက်ကူးနေရ၏။ 


 အီဂျစ်နိုင်ငံ ကိုင်ရို မြို့တွင် ရက်ပေါင်း များစွာ နေထိုင် ရသဖြင့် ကိုင်ရိုမြို့စွန် တွင် ရုပ်ရှင် ကုမ္ပဏီ မှ ငှားရမ်း ထားသော အိမ် တွင် ခေတ္တနေထိုင် ခဲ့ရ၏။ (အထက်ဖော်ပြပါ ရုပ်ရှင် ကားကြီး ကို ရန်ကုန်မြို့လယ် ရှိ ရုပ်ရှင် ရုံကြီး တွင် လွန်ခဲ့သော နှစ် (၃၀) ကျော် က ပြသ ခဲ့ပြီး သောက်သောက် လဲ ဝင်ငွေရသော ရုပ်ရှင် ကား ကြီးဖြစ်ပါသည်)

ရော်ဂျာမိုး သည် သေသေ ချာချာ နားစွင့်ထောင် လိုက်သော အခါ ငိုရှိုက်သံ ပျောက် သွားပြန်သည်။ တစ်ဖက် ခန်းမှရုပ်ရှင် ရိုက်ကွင်း မန်နေဂျာ ၏ ဟောက်သံကို သာ ကြားရပြန်သည်။ ထိုအခိုက် အိမ်ကြီး တစ်နေရာ မှ သိမ့်ခနဲမြည်သံ ကြားရသည် ဟု ထင်မိသည်။ ငလျင်လှုပ်ခဲ့ သလော။ ဝေခွဲ၍ မရ ဖြစ်နေစဉ် သူတို့ အိပ်ခန်းများ ရှိအပေါ်ထပ် သို့ တက်သည့်လှေကား ထိပ်မှ ကျွီခနဲ မြည်သံကြားရပြန်သည်။ 


သူတို့ အိမ်ကြီး အတွင်း တစ်စုံ တစ်ယောက် ဝင်ရောက် ခဲ့သလော။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့သည် ဒုစရိုက် သမား ပေါများသော မြို့ဖြစ်သည်။ ပစ္စည်း များ ခိုးယူ လိုသော ဒုစရိုက် သမား တစ်ယောက် အိမ်အတွင်း ဝင်ရောက် လာခဲ့ပြီလော။ သေသေ ချာချာ နားစွင့်ကြည့် မိပြန်သည်။ လူတစ်ဦး သည် လှေကားထိပ်မှ သူတို့ အခန်း များသို့ ခြေကို ဖွနင်း လာနေသည့် အသံ ကိုကြားရပြန်သည်။

သည်းထိပ်ရင် ဖို ရုပ်ရှင် ကားကြီး များတွင် သရုပ်ဆောင် အဖြစ် ရိုက်ကူးနေသော မင်းသားကြီး ရော်ဂျာမိုး မှာ တကယ့် ရုပ်ရှင်ကား တစ်ကား ရိုက်ကူးနေရ သကဲ့သို့ ဖြစ်နေသည်။ ခြေကို ဖွနင်းလာသော သူသည် ဓါတ်ပုံ ဆရာနှင့် ရုပ်ရှင် ရိုက်ကွင်းမန်နေဂျာ တို့ အိပ်ခန်း များကို ကျော်၍ သူ့ အခန်းဘက် သို့ လာနေသည် ကို သတိ ထားမိသည်။ 


ထိုခြေသံ သည် သူ့ အခန်း တံခါးဝကို ရောက်သည်နှင့် ရပ်သွား သည်။ မြေကြွက်ကြီး အသံလော။ သို့မဟုတ် လင်းနို့ များ အသံလော ဝေခွဲ မရပေ။ သို့သော် တစ်စုံ တစ်ယောက် သူ့ အခန်းဝ ရောက်နေ သည်က သေ ချာနေ သည်။ ထို အခိုက် တံခါး ဘုလုံး ကို ကိုင်လိုက်သော အသံကြားလိုက် ရသည်နှင့် ရော်ဂျာမိုးသည် အိပ်ရာ မှ ရုတ်တရက် ထထိုင် လိုက်မိတော့သည်။ 

လရောင်ကြောင့် သူ့ အိပ်ခန်း တံခါးမှ ဘုလုံး လည်သွားသည် ကို မြင်ရပြန်သည်။ ရော်ဂျာမိုး သည် ဝိညာဉ်လောကနှင့် ပရလောက သားတို့ ခြောက်သည် ဆိုသည်ကို ယုံကြည်သူ မဟုတ်ပါ။ စိတ်အာရုံ ထင်မှုနှင့် ခိုများ၊ ကြွက်များ၊ လင်းနို့ များ၏ အသံ ကို လူတို့ ချဲ့ ထွင်ပြောဆိုခြင်း သာ ဖြစ်သည်ဟု မှတ်ယူ ထားသူဖြစ်၏။

သူ့ အိပ်ခန်း တံခါးကို အသေ အချာ ပိတ်ထား သဖြင့် သာမန် လူတစ်ယောက် အခန်း အတွင်း သို့ ဝင် လာနိုင် စရာမရှိ။ သူ့ စိတ်ကို အားတင်း ထားသော်လည်း တုန်လှုပ်ချောက်ခြား လာသည်။ တံခါး ဘုလုံး လည် သွားသည်ကို မှိုင်းပျပျ လရောင်တွင် မြင်နေရသည်။ သူ့ အခန်းအတွင်း တစ်စုံ တစ်ယောက် ရောက် ရှိနေသည် ထင်လာသည်။ 


သူ့ အိပ်ခန်း တံခါးမှ ခုတင် ရှိရာသို့ ခြေထောက် ဖော့နင်း လာသည့် အသံကို ကြားရပြန်သည်။ ထိုခြေသံ သည် သူ့ ခုတင် ခြေရင်းရောက် သည်နှင့် ပျောက်သွားသည်။ သူ့ ခုတင် ခြေရင်း တွင် အနက်ရောင် ပိုးခြုံ ထည် ခြုံ ထားသော အီဂျစ် အမျိုးသမီး တစ်ယောက် ရပ်နေသည် ကို လရောင်ကြောင့် ထင်ထင် ရှားရှား မြင် လိုက် ရသည်နှင့် ရော်ဂျာမိုး သည် သူ့ အိပ်ရာ ခေါင်းရင်း ဘက်မှ မီး ခလုတ်ဖွင့် လိုက်သည်။ ထို အမျိုးသမီး ကို မတွေ့ရတော့ပေ။

သူ တုန်လှုပ် ချောက်ချား ၍ အံ့သြ သွားသည်။ သူ့ စိတ်အာရုံ ထင်ခြင်း မဟုတ်သည်က သေချာသည်။ အမျိုးသမီး ၏ အနက်ရောင် ခြုံထည် အနားတွင် ကွပ်ထားသော ရွှေရောင် များကိုပင် မြင်လိုက်ရ၏။ သူ အိပ်ချင် မူးတူး ဖြစ်နေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း အလျဉ်း မရှိသဖြင့် အာရုံထင်ခြင်း မဖြစ်နိုင်ဟု သူ ထင်မှတ် ထား၏။ နံနက် လင်းသည်နှင့် ကမ္ဘာ့ ရုပ်ရှင်ကြည့် ပရိသတ် ၏ ထူးခြားဖြစ်စဉ် သတင်း သည် တောမီးပ မာ ပျံ့နှံ့သွားသည်။

အီဂျစ်နိုင်ငံ မှ သြဇာကြီးမားသော အယ်လ်အာရမ် သတင်းစာကြီး ၏ မျက်နှာဖုံး တွင် ဂျိမ်းစ်ဘွန်း မင်းသား ကြီးနှင့် ဝိညာဉ်လောက ဟူသော စိတ်ဝင် စားဖွယ် ခေါင်းစဉ်ဖြင့် ရော်ဂျာမိုး ၏ ဓါတ်ပုံနှင့် တကွ ဝေဝေ ဆာဆာ ဖော်ပြ ခဲ့၏။ 


အချို့ သတင်းစာ များကလည်း “နာမည်ကျော် ဂျိမ်းစ်ဘွန်း မင်းသားကြီး ၏ သည်းထိပ် ရင်ဖို” စသော လူထု စိတ်ဝင်စားဖွယ် ခေါင်းစဉ် များဖြင့် ချဲ့ထွင်ရေးသားကြ သဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက စိတ်ဝင် စားသော သတင်းဖြစ်လာခဲ့ရ၏။ ဂျာနယ်များ၊ ရုပ်ရှင် စာစောင်များ၊ မဂ္ဂဇင်း များတွင်လည်း ထို သတင်း ကို ရေးသား ဖော်ပြခဲ့ကြသည်။

ထိုစဉ် က ကျွန်တော် တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး တွင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်များ အကြောင်း ကို မကြားချင် ၍မရ။ သတင်းစာ များတွင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကြော်ငြာ များကို တွေ့နေရသည်။ 007 အမှတ် အသား ကို မြင်နေရသည်။ 


ဂျိမ်းစ်ဘွန်း မင်းသား များ အကြောင်း ရေးထား သည့် ဆောင်းပါး များ ကို မဂ္ဂဇင်း တွင် ဖတ်နေရသည့် ဂျိမ်းစ်ဘွန်း ခေတ်စားနေ သည့် အချိန်ဖြစ်၏။ ကလေး ကစားစရာ များတွင် လည်း 007 အမှတ်အသား ကို တွေ့ရ သည်။ ဆီးထုပ် များမှာ ပင် ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောင်ကွန်နရီနှင့် ရော်ဂျာမိုး တို့၏ ပုံများ ကို တွေ့နေရသည်။

ကမ္ဘာ့ လူထု သည် ထို မင်းသားကြီး များကို တကယ့် ဂျိမ်းစ်ဘွန်း ဟု ထင်နေကြသည့် အချိန် ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး ၏ ထူးခြားဖြစ်စဉ် သတင်း ကို ဖတ်ရှု ကြရသော ကမ္ဘာ့နိုင်ငံ အသီးသီး မှ လူထုအဖို့ တအံ့ တသြ ဖြစ်ကြရသည်။ တိုက်တိုက် ဆိုင်ဆိုင်ဟု ဆိုရပေတော့မည်။ 


မင်းသားကြီး ရော်ဂျာမိုး တို့ ခေတ္တ ငှားရမ်းခဲ့သော အိမ်တွင် လွန်ခဲ့သော သုံးနှစ် ခန့်က အိမ်ရှင်ကြီး၏ သမီးဖြစ်သူ သည် မိမိကိုယ် မိမိ အဆုံး စီရင်သွားခဲ့သည် ဟု ဆိုသည်။ ပိုင်ရှင် များသည် ထို အိမ်ကြီးအား ငှားရမ်းနေ သည့် သူများ သည် အနက်ရောင်ခြုံထည် ဝတ်ဆင် ထားသော မိန်မပျို တစ်ဦးကို အိမ်ကြီး ၏ လှေကား ထိပ်တွင် တွေ့ရလေ့ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ ဖူး၏။ 

 သို့ဖြစ်၍ ပိုင်ရှင် များ တစ်လက်ပြီး တစ်လက် ပြောင်းခဲ့ ရသဖြင့် လူ မမြဲသော အိမ်ကြီးဟု သတင်းကြီး ခဲ့ သည်။ ဤ အိမ်ကြီး အား ရုပ်ရှင် အဖွဲ့ သားများ သည် ဈေး သက်သက် သာသာဖြင့် ငှားရမ်း ရ သဖြင့် ခေတ္တနေ ထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ 

မည်သို့ပင်ဖြစ်စေကာ မူ ရော်ဂျာမိုး သည် လူထု ယုံကြည် လေးစားခြင်း ခံရသော အနုပညာ သည် တစ်ဦးဖြစ် သဖြင့် မဟုတ် မမှန် လုပ်ကြံပြောဆို မည့် သူ မဟုတ်ဟု အများက ယူဆခဲ့ကြ ပါကြောင်း……….။

 



လှမိုး (ပညာရေး)
ကျမ်းကိုး
(၁) True Ghost Stories.


From...ဆ၇ာ ဟိန်းတင့်ဇော်

 

No comments:

Post a Comment