Saturday, December 6, 2014
လူ ရေးတဲ့ ခွေး ဝတ္ထု
 (၁) လူတွေ ဟာ သိပ်ခက် တယ်ဗျ။  သူတို့ အကြောင်း အကောင်း ဘက်က ချီးမွမ်းပြောဆို ရင်သာ ပါးစပ် ကြီးဖြဲပြီး တဟဲဟဲ နဲ့ သဘောကျနေ တတ်တာ၊ အားနည်း ချို့ယွင်းချက်၊ အလွဲ အမှား တစ်စုံ တစ်ရာ ကိုများ သွားထောက်ပြမိလို့ ကတော့ ကမ္ဘာရန် လို့သာ မှတ်ပေတော့ဗျို့။ 
ရန်ငြိုး သိုတာ ၊ လက်စားချေ  တာ၊ လမ်းမှာတွေ့ရင် တောင် မခေါ်နိုင်၊ မပြောနိုင်ဖြစ်တတ် တာတွေ အများ သား ကလား။ ဒီတော့ လူတွေ အကြောင်း မပြောပဲ ခွေးတွေ အကြောင်းပြောတာ က နောက်ဆက်တွဲပြဿ    နာ ကင်းလောက်မယ်ထင်ပါရဲ့။
 “ငါ့ အကြောင်း မဟုတ်တမ်း တရား၊ အမနာပတွေရေးတဲ့ လူ” ဆိုပြီး လမ်းမှာချောင်းကိုက် မဲ့ ခွေးရယ် လို့တော့ မရှိလောက် ပါဘူး။ ဒီတော့ခွေး အကြောင်းပဲ ပြောကြ ပါစို့ ရဲ့။ 
 ကျနော်တို့ လူမျိုးတွေ နိစ္စဓူဝပြောဆို သုံးနှုန်းနေကြ တာ ကတော့ ..၊ဘာတဲ့ ခွေးကျိုး နဲ့ ယုန်လိုက် ၊ခွေးလေး အရောဝင် ပါးလျက် နားလျက်၊ ကံကောင်းတဲ့ခွေး ပြေးရင်းချေးပုံ ဟတ်မိ။ ခွေး အိုမှ လက်ပေးသင် ၊ခွေး ဖြူတော မတိုး ဝံ့၊ ခွေးမြီးကောက် ကျည်တောက် စွပ်၊ ခွေးဟောင် လို့ တောင် ပို့ မပြေး ၊ခွေး ရူးကောင်း စား တမွန်းတည့် ၊ခွေးရူး နဲ့ ဖက်ကိုက် ခွေးကောင်း နားရွက်ပြတ် ..တဲ့။ 
အများကြီး ပါပဲ။ခွေးဟာ သစ္စာရှိတယ်၊ ခွေးဘိုး တစ်ထောင် ကြောင်ဘိုး တစ်သိန်း ဆိုတာတွေ လည်း ရှိတော့ ရှိပါ ရဲ့။  ဒါပေသည့် သေချာ စိစစ်ကြည့်ရင် ခွေး အကြောင်းက ကောင်း ကွက် တယ်နည်း သကိုး။ 
(၂) အမှန်ပြော ရရင် ကျနော်ခွေးတွေ ကို မချစ် ဘူးဗျ။ ဘယ်ချစ် ပါ့မတုန်း၊ ကျနော်ခြောက်နှစ် သားလောက် အရွယ်၊ ဇာတိ ရွာမှာ၊ခြင်းတောင်း နဲ့ အုပ်ထား တဲ့ ကြက်မ တစ်ကောင်ကို အနီးကပ်လေ့လာ စပ်စုနေတုန်း၊ ဘယ် ကပေါ်လာမှန်း မသိတဲ့ ခွေးတစ်ကောင်ကြောင့် ကျနော့်နား ရွက် တစ်ဖက် သွေးချင်း ချင်းနီ ခဲ့ဖူး ပါ သကောဗျာ ။
 နောက် ကျနော် လူပျိုပေါက် အရွယ်ရောက်ပြန်တော့ ကျနော့် ညီ ဝမ်းကွဲ တစ်ယောက် ဟာ ခွေးကိုက် ခံရ ရာကနေ ၊ခွေးရူးပြန်ပြီး မာလက ဈာန်ကြွ သွားဖူးပြန် တာကြောင့် ခွေးတွေ ကို ကျနော် သံယောဇဉ် မဖြစ်တာ သဘာဝ ကျ လောက်မယ် ထင်ပါတယ်။ 
အဲ ကြောက်တဲ့ စိတ်လည်း ပါမယ်ဗျ။ သြော် နေဦး။ ကျနော် ကခွေးတွေ ကို မချစ် တတ်ပေမဲ့ မတရား မုန်း တီး ၊ရွံရှာ စက်ဆုပ် တာမျိုးလည်း မဟုတ်ပြန် ဘူးဗျာ။အရော တဝင် မနေ တာ၊ အိမ်မှာခွေး မမွေးတတ်တာ မျိုးလောက် ပါပဲ။
အမယ် ကျနော့် အကို ကတော့ တစ်ဘာသာ ဗျ။ သူဆယ်တန်းကျောင်းသား ဘဝမှာ လမ်းဘေးက ကလေ ကဝခွေး တစ်ကောင် ကို အိမ်ခေါ် လာပြီး မွေးထား ဖူးလေ ရဲ့။  ဒီကောင်ကြီး ကတော့ အစား အသောက်ကောင်း လို့ လား မဆိုနိုင်ဘူး။ တစ်ကိုယ်လုံး အုန်းခွံရောင် အမွေးနဲ့ အကောင်ကြီး ထွားပြီးး၊ တစ်သွေး တစ်မွေးတောင် ဖြစ်နေ ခဲ့လေရဲ့။ 
ဒါပေမဲ့ တခါသား ဒီကောင် ကြီးဟာ ဘာ စိတ်ကူးပေါက်ပြီး အိမ်က ထွက်သွားတယ် မသိ။ ကျနော် အကို ကတော့ မျက်ရည်နဲ့ မျက်ခွက် မစားနိုင် မသောက်နိုင် ဖြစ်ကျန်ခဲ့ သဗျာ ။ တစ်လလောက်နေတော့ မှ ရွှေကိုယ်တော် ငနီ ဟာ ပျောက်သွားတာ သူ မဟုတ် သလို အိုက်တင် နဲ့ပြန်ရောက် လာပြန် ရော။ 
ဒီမှာ တင် သူပျောက်နေတုန်း ရောယောင်ပြီး ဝမ်းနည်း မိတဲ့ ကျနော်လည်း … တော်ပါတော့ ဆိုပြီး ခွေးတွေ အပေါ် ထပ်စိတ် ကုန်ပြန်တယ်။ ဟုတ်တယ်ဗျ။ သံယောဇဉ် ဆိုတာ မထားတာ အကောင်းဆုံး။ 
(၃) အဲဒီတော့ ဗျာ ဒီခွေးတွေနဲ့ ကျနော် နဖူးစာ ရွာလည်ပြီး ခွေးတွေ အပေါ် ကျနော်ပြန်ပြီး စိတ်ဝင်စား မိတာ ဆန်းတယ် ဆိုရမယ်။ ဇာတ်လမ်း က ကျနော် ယိုးဒယားဖက် စရောက်တဲ့ အချိန်ကနေ စတယ် ဆို ပါတော့ ။ ဒီလိုဗျ။ 
လွန်ခဲ့တဲ့ ဆယ်နှစ် ဝန်းကျင်၊ ကျနော်  ရနောင်းဖက် ကို စရောက်တော့ ထိုင်း စာရော၊ထိုင်း စကားပါ မပြော တတ်လေတော့၊ တယ် အထီးကျန် သကိုး။  ရနောင်း မှာ ဗမာတွေပေါပါ ဘိသနဲ့ ဆိုပြီး အထွန့် တက်မယ် မကြံ လိုက်ပါနဲ့ဗျာ။ 
လက်ဖက်ရည်ဆိုင် တစ်နေကုန် ထိုင်ပြီး မန်ယူ နဲ့ အာဆင်နယ် အကြောင်း လေကန်နေနိုင် တဲ့ ဗမာလူမျိုး ရနောင်း မှာ ချစ်တီးခေါင်း က သန်းထက် ရှားတယ်ဗျ။  ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေ ကြတာ။ ထားပါလေ  ။ခွေး အကြောင်း ဆက်တာ ပဲကောင်းပါတယ်။
 စကားပြောဖော် ရှားတော့ အထီးကျန် သလိုလို ခံစား လာရတဲ့ ကျနော်ဟာ ရနောင်းမြို့တွင်း၊ မြို့ပြင် ပြဲပြဲ စင်အောင် မြို့ရိုး ကိုးပေါက်လျှောက် သွားနေတုန်း တောင်ထိပ် တစ်ခုပေါ်က ထိုင်းဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဆီ ရောက်သွားရော ဆိုပါတော့။ကျောင်း က အတော့် ကို ကျယ်ဝန်းပြီး ခမ်းနားတာ အမှန်ပဲဗျ 
။တောင်ပေါ်မှာ လည်း ရွှေပြောင်ပြောင်စေတီ တစ်ဆူ နဲ့။ကျောင်းဝန်း ကျယ်ကြီး ထဲ ကျနော် တစ်ယောက် တည်းလျှောက်သွားနေ တုန်း ဗြုန်းဆို တစ်ခု သတိပြု မိတာ အဲဒီကျောင်းထဲ မှာ မွေးထား တဲ့ခွေးတွေ မနည်း ပါလားဗျာ။ ခွေးအို ၊ခွေးလတ် ခွေးမဒန်း ၊ခွေးလူပျို၊ခွေးပေါက်စ ၊ခွေးနို့စို့ ၊ခွေးနို့ညှာ ၊ခွေးမုဆိုးမ ၊ခွေးမုဆိုးဖို ..စုံလို့ ဆိုပါတော့ဗျာ ။
 မွေးထားတယ် ဆိုတာ အသားတိုးအောင်၊ ဈေးကွက်ထဲ မှာ ပြန်ရောင်း ရအောင် မွေးထားတာ မဟုတ် ဘူးနော်။ အပြင် မှာ စားရေးသောက်ရေးကြပ်တည်း လို့ ဘုန်းကြီးကျောင်းရိပ် လာခိုကြ တဲ့ခွေးတွေ အများ စုဗျ။ အိမ် မှာခွေးတွေပေါနေ လို့ မကောင်းကျောင်းပို့ ဆိုတဲ့ သဘောနဲ့ လာစွန့်ကြတာ လည်း ပါပေမပေါ့။ 
ကျနော်ပြောချင် တဲ့ အဓိက အချက်က အဲဒီခွေးတွေ ဟာ အကုန် ဝဖီးပြီး၊ခွေး ဘဝမှာ အေးအေး လူလူ ဇိမ် ကျနေကြလေ ရဲ့ဗျာ။ တစ်ကောင် များ အစား လွန်နေတယ် ထင်ပါရဲ့ ။ဗိုက်ကြီးဖောင်းပြီး တရှူးရှူး အိပ်မော ကျနေလိုက် တာ ကျနော်ဖြင့် အားတောင် ကျမိပါရဲ့။ 
(၄) အဲဒီ အချိန်က စပြီး ကျနော် ဟာ ကျနော်ရောက်လေ သမျှ ထိုင်းမြို့၊ ထိုင်းရွာ အရပ်ဒေသ တိုင်း မှာ ထိုင်းခွေးတွေ ကို စပ်စုတဲ့ အကျင့် ပါလာပါ ရောဗျာ။ ကျနော် ဆိုတဲ့ကောင် ကလည်း ထိုင်းနိုင်ငံ တစ်နံ တစ်လျား မလေးရှား နယ်စပ်၊ ယာလာ၊ ပါတာနီ လိုမြို့မျိုး ကနေ၊ ဟိုး.. ထိုင်း မြောက်ပိုင်း ရွှေတြိဂံ လိုဒေသ မျိုး အထိ ခြေဆန့် ဖူးလေတော့ ထိုင်းခွေးရေးရာ မှာ ကျွမ်းကျင်သူ အဆင့်တောင် ဝင်လောက်မယ် ထင်တယ်။ 
ကျနော်သေချာပေါက် ပြောနိုင်တဲ့ အချက် ကတော့ ထိုင်းခွေးတွေ ရဲ့ ရာခိုင်နှုန်း ကိုးဆယ် ဟာ အခြေခံ စား ဝတ်နေရေး ပြေလည်ကြ တယ် ဗျာ။ ခွေးမှာ ဘယ့်နှယ်လုပ် ပြီး ဝတ်ရေး ဆိုတာကြီး ပါလာရသတုန်း လို့ ခင်ဗျားမေးမယ် ဆိုရင်တော့ ခင်ဗျား ဟာ ခေတ်နောက်ကျနေတဲ့ သူပဲဗျ။ 
ဘာကြောင့်တုန်း ဆိုတော့ (၂၀၀၄) ခုနှစ်ဝန်းကျင် က ကျနော် ဘန်ကောက် ဘက် ကိုရောက်တုန်း ကီလို မီတာ ငါးဆယ်ကျော်လောက် လှမ်း တဲ့ မဟာချိုင် ဆိုတဲ့မြို့ဆီ ကို ဒေသန္တရ ဗဟုသုတ အဖြစ် ရောက် သွားဖူး တယ်ဗျ။  ဘတ်စ်ကား ကနေ လှေပြောင်း စီးဖို့ လှေဆိပ် ကို အသွား ထူးထူး ဆန်းဆန်းမြင် ကွင်းကြောင့် ကျနော့်ခြေလှမ်းတွေ ရုတ်တရက် တန့်သွားပြီး အဲဒီမြင်ကွင်း ကို အချိန်အတော်ကြာ ရပ်ကြည့်နေ မိတဲ့ အထိ ပဲဗျ။ 
ဘာလဲ ၊ဟုတ်လား။  လမ်းဘေး က ခွေးလေး ငါးကောင် ဟာ ဘောလုံး သမား ဝတ်စုံ ကိုယ်စီ နဲ့ဗျာ။အမယ် မန်ချက် စတာ ယူနိုက် တက်၊ အာဆင်နယ်တင် မကပါဘူး။ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုးနားတောင် ပါသေး။ ကျနော်ဖြင့် ဇာတိရွှေပင်ရွာ က ကျောပြောင်ကြီး တွေပေါ် မှာ ပုဆိုးပိုင်းတွေ လွှမ်းနေတတ် တဲ့ ဦးကြီး၊ ဦးမင်းတွေ ကို ပြေးသတိရမိပါရဲ့။ 
ဘယ်လို လူက များ ရွှေဥာဏ်တော် စူးရောက်ပြီး ခွေးတွေ ကို ဘောလုံး အသင်း စွပ်ကျယ်တွေ ဆင်မြန်းပေး ထားပါ လိမ့်ပေါ့။ကျနော့်မှာ ဗျာ။ တောသား ပီပီ၊  ကိုယ်တိုင်တောင် ဝယ် မဝတ်နိုင်သေးတဲ့ တံဆိပ်တွေ ဒီမောင်တွေ ကိုယ် မှာ ဝတ်ထား တာတွေ့ရတော့ မနာလိုစိတ်တောင် ဖြစ်မိတဲ့ အထိ။ 
ဒါကို ခင်ဗျား က သိပ်ဆန်းတယ် ထင်လိမ့်မယ်။ မဟုတ်သေးဘူးဗျ။  ကျနော်  ဖူးခက် မှာ အခြေ ကျလာတော့ ဒိထက် ဆန်းတာ တွေ တွေ့ လာရပြန်တယ်။ 
(၅) ကျနော် နားစွန် နားဖျားကြားဖူးတာ တစ်ခု ကတော့ လက်ရှိ ထိုင်း ဘုရင်ကြီးဟာ လမ်းဘေး ကခွေး တစ်ကောင် ကို ကောက်ယူမွေးစား ခဲ့ဖူး တာ အဲဒီခွေးကြီး ဟာ အတော် လိမ္မာရေးခြား ရှိပြီး အံ့မခန်း သစ္စာ ရှိတယ် ဆိုပဲ။  ဒါကြောင့် များ ထိုင်းပြည်သူ လူထု ဟာ ခွေးတွေ ကို ဂရုစိုက် ကြလေသလား မဆိုနိုင် ဘူးဗျ။ 
ယိုးဒယားပြည် မြို့အတော် များများ မှာ ခွေး ကယ်ဆယ်စောင့်ရှောက်ရေး ဌာနတွေ ရှိကြလေရဲ့ ။နိုင်ငံခြား သား တွေ အခြေ ကျနေထိုင်တာ ၊မြို့ခံ ထိုင်း လူမျိုးတွေ စီးပွားရေးပြေလည် တာ၊ရောင်း ဝယ်ဖောက် ကားမှု စည်ပင် ဖွံ့ဖြိုးတာတွေကြောင့် ထင်ပါ ရဲ့ ဖူးခက်မြို့ ဟာ ခွေးတွေ ရဲ့လောကနိဗ္ဗာန် လို့တောင် တင်စားနိုင်လောက် ပါတယ်။ 
အပို စကားတွေ လျှောက်ပြောနေတယ် လို့ ထင်ရင်တောင် သည်းခံပြီး၊ဆက် နားထောင် ပါအုံးဗျာ။ ဖူးခက် မှာ ခွေးမျိုး အတော် စုံအောင် မြင်ရ သဗျ။ အမွှေး ဖွားဖွား ဧရာမ အကောင်ကြီးတွေ ကနေ ကြောင် ထက်တောင် ငယ်ချင် တဲ့ အကောင်ပေါက်စနလေးတွေ လည်း ရှိသဗျ။ 
 တစ်ချို့  အကောင်တွေ ဆို အမြီး တိုလေးတွေနဲ့၊  တမင်ဖြတ် ထားလေ သလား၊မူရင်း မျိုးစိတ် လားတော့ မဆိုနိုင် ဘူး။နောက်ဆုံးပေါ် အဖိုးတန် ကားကြီးတွေပေါ် မှာ အခန့် သားမြိန့်မြိန့်ကြီး ဇိမ်ကျနေ တဲ့ခွေးကြီး ၊ခွေးလတ် ၊ခွေးငယ်တွေ မမြင်ချင်မှ အဆုံး။  အမလေး ကြားဖူး သ လောက်၊ခွေး တစ်ကောင် တန်ဖိုး က လည်း ဗမာငွေခြောက်သိန်းကျော် ရှိသတဲ့။ 
(၆) တကယ်တော့ ကျနော်လည်း ရှေးရိုး စွဲတဲ့ လူပါ ပဲဗျာ။ ဘယ်လောက် များရှေးရိုး စွဲပြီး ခေတ်နောက်ကျ ကျန်ခဲ့ သတုန်း ဆိုတော့ ဖူးခက် ကို ရောက်စ က နေ့ဖို့ ညစာ အတွက် အိမ် ကရေခဲသေတ္တာ ထဲမှာ သိမ်း ထား ဖို့ ကုန်ုတိုက်ကြီး တစ်ခု ကနေ တာရှည်ခံ စားစရာသောက်စရာတွေ လျှောက်ဝယ် ခဲ့တုန်း ကပေါ့
  မြင်နေတွေ့နေ ရတဲ့ တာရှည် ခံ စားသောက်ကုန်တွေ က ကျနော့် အဖို့ အဆန်းကြီးဖြစ်နေလေတော့ တစ်ချို့ ပစ္စည်းတွေ ဆို အိမ်ရောက် မှ အညွန်း ဖတ်ပြီး သုံးတန်သုံး၊ မျက်ရမ်း မှန်းဆ ဝယ်ရတာပေါ့ဗျာ။ ဒီမှာ တင် စားသောက်ကုန် တန်းကြီး တစ်ခု ထဲကနေ ထူးထူး ခြားခြား တံဆိပ်ကောင်းကောင်း အစား အသောက် ထုပ်တွေတွေ့မိ တာနဲ့ ကျနော်လည်း စားကြည့် လိုက်အုံးမယ်၊ ဝယ်ထား အုံးမှဆိုပြီး ခြင်းထဲ ကို နှစ်ထုပ် ပစ်ထည့် လိုက်မိသဗျ
။နောက်မှ စိတ်ထဲ သရိုး သရီဖြစ်လာ တာနဲ့ တံဆိပ်တွေ ၊အရုပ်တွေ ကို သေချာကြည့် လိုက်တော့ လားလား ။ခွေးစာ တဲ့ဗျာ ။ဘေးဘီ ကို အသာကြည့်ရင်း ရှက်ရှက် နဲ့ ပြန်တင် ထားခဲ့ ရတယ် ဆိုပါတော့။ မကြာခင် ဖူးခက် မှာ လူလည် စာရင်းဝင် လာတော့ ကျနော်လေ့လာကြည့် မိတဲ့ အခါ ခွေး အမွှေးလျှော် ရှန်ပူ ၊ခွေး ဆွတ် တဲ့ရေမွှေး ၊ခွေး နားဖာ ကလော် ဆိုတာတွေတွေ့ဖူး လာရတဲ့ အပြင် ဖူးခက်မြို့ မှာ ခွေးဆေးကုခန်း ၊ခွေး နာတာရှည်ဆေးရုံ နဲ့ ပိုင်ရှင်နဲ့ ယာယီခွဲနေရမဲ့ခွေးတွေ ကို ခေတ္တ တာဝန်ယူပြုစုပေး မဲ့ ခွေးစောင့်ရှောက်ရေး ကုမ္ပဏီတွေတောင် ရှိလေရဲ့။ 
ဒါတင် ဘယ်ဟုတ် အုံးမလဲဗျာ။ ကျနော် က နိုင်ငံ တစ်ကာ ကုန်သွယ်ရေးလေး ဘာလေးလည်း မတောက် တစ်ခေါက် လုပ်တယ် ဆိုတော့ တခါ သား ဂျပန် မိတ်ဆွေ တစ်ယောက်ဆီ ကနေ ထိုင်း ထုတ် ပစ္စည်းတစ်ချို့ ဝယ်ချင် ပါတယ် ဆိုတဲ့ အမှာစာ တစ်စောင် ရဘူးတယ်။ 
သူလို ချင်တဲ့ ပစ္စည်းက ခွေးမွေ့ယာ ၊ခွေးခေါင်းအုံး  ၊ခွေးကုတင်  ၊ခွေးစံအိမ်တွေ တဲ့ဗျာ။  ဒီမှာတင် ထိုင်းခွေး အသုံး အဆောင် ပစ္စည်းတွေ ထုတ်တဲ့ စက်ရုံ တစ်ချို့ ကိုရောက်တော့ မှ ခွေးဇိမ်ခံ ပစ္စည်းမျိုးစုံ ကိုကြည့်ပြီး နုံ ချာ လှတဲ့ ငါ့ဘဝ ဆိုတဲ့ အတွေးနဲ့ ငိုချင်း ချချင် စိတ် ကို အတော်ချိုးနှိမ်ယူ ရသဗျာ။ 
ဟို တစ်လောတုန်း က စီးပွားရေး ကိစ္စတစ်ခု နဲ့ ဂျပန် တရုတ် ကပြား မိတ်ဆွေ တစ်ယောက် ကို အရေး တကြီးတွေ့ ခွင့်တောင်း လိုက်တော့ သူက ဆံပင်ညှပ်ဆိုင်ကြီး တစ်ခုကို လိုက်ခဲ့ပါ ဆိုလို့ လိုက်သွား မိတော့ သူပြောတဲ့ ဆံပင် ညှပ်ဆိုင် ဟာ လူတွေ အတွက်ဖွင့်ထားတဲ့ ဆိုင်မှ မဟုတ်ပဲ။ 
 ခွေးဗြူ တီ ဆလွန်းကြီး မှာ သူ့ခွေး ကို ဆံပင် ဒီဇိုင်း အသစ် ပြင်ပေးနေလေ ရဲ့။  ခွေးဖြစ်ချ င်စိတ်တောင်ပေါက် သွား လို့ တရားသဘော ကို ဆင်ခြင်နှလုံးသွင်း ရသေးဗျာ။ 
(၇) ခွေးဋီကာ ကို အစ အဆုံး သာပြောရမယ် ဆိုရင် မဟာဘာရတ နဲ့ ဟိုးမားရဲ့ အိုဒက်ဆီ ကမ္ဘာ့ ဂန္ထဝင် လင်္ကာရှည်ကြီးတွေ ထက်တောင် အပြန် တစ်ရာ သာသွားနိုင်တယ်ဗျ ။နိုင်ငံ တစ်ကာ မှာ ခွေးတွေ က ဘောလုံး ပွဲ ကိုကြည့်ပြီး ရင်ခုန် စိတ် လှုပ်ရှားတတ်နေပြီ တဲ့ဗျ။ ခွေးအောင်သွယ် သင်တန်းတွေ ၊ခွေးတက္ကသိုလ်တွေတောင် ရှိချင် ရှိနေအုံးမှာ။
ထူးခြားချက် တစ်ခုတော့ ရှိတယ်နော်။ ထိုင်းခွေး အများစု ဟာ လူကို မကိုက် တတ်ကြပေမဲ့၊ ဗမာခွေးတွေ ကတော့ ကိုက်တတ် တာ များ တယ်ဗျ။နောက်တော့ ထိုင်းခွေးတွေ ဟာ ကြောင်တွေ နဲ့ ပလဲနံပ သင့်တာလဲ ဆန်းကြယ်မှု တစ်ခုလို့ ဆိုရမယ်။ ဗမာခွေးတွေ ဟာ ထိုင်းခွေးတွေ နဲ့ ကွာခြားတာ အမှန်ပဲဗျာ။ 
အဲဒီ ကိစ္စဟာ ခွေးတွေ ရဲ့ရှေး ကုသိုလ်၊ ကံကြမ္မာနဲ့ သက်ဆိုင် သလား။ ယိုးဒယား နဲ့မြန်မာ အစိုးရတွေ ကျင့် သုံးနေတဲ့ စနစ်တွေ နဲ့ ဆိုင် သလား၊ ဒီမိုကရေစီ ရဲ့ အသီး အပွင့်လား၊ စစ်ဝါဒီတွေ လက်အောက် မှာ ခွေးတွေခွေး စဉ် မီ ပါ့မလား၊ ဘာညာ သာရကာ စဉ်းစား စရာတွေ အများကြီး ပါပဲဗျာ ။သေချာတာ ကတော့ ထိုင်းခွေးတွေ ဟာ ခွေးဖြစ်ရကျိုး နပ်တာ အမှန်ပဲဗျ။ 
အင်း၊ ဗမာပြည် မှာတော့ ခုထက်ထိ ခွေးတွေ ကို အဆိပ်ကျွေး သတ်နေတုန်း ပဲကြားမိ တယ်။ မြောက်ကိုရီးယား နဲ့ တရုတ်ပြည်နယ် အချို့ မှာတော့ ခွေးသား ဟာ ဈေးအကြီးဆုံး အစားအစာ တဲ့။ တကယ်တော့ ကျနော်တို့ ဟာ ခွေးတွေနဲ့ နံရံ ပါးပါးလေး တစ်ချပ်သာ ခြားနေကြ တာပါ။ 
ခင်ဗျားမှာ လည်း ခွေး တစ်ကောင် ရှိနိုင်တယ်၊ ကျနော် လည်း မကြာခင် ခွေးပိုင်ရှင် တစ်ယောက်ဖြစ် လာနိုင် တယ်။ စစ်ဗိုလ်ချုပ်တွေ မှာလည်း ခွေးတွေ ရှိတယ်။ ဟစ်တလာလဲ ဘရန်ဒီ လို့ အမည် ရတဲ့ ခွေးကြီး တစ်ကောင်မွေးခဲ့ ဖူးတယ် ။ဒေါ်အောင်ဆန်းစုကြည်တောင် ခွေး တစ်ကောင် မွေးထား သတဲ့ ဗျာ။
 ဟော ပြောရင်း ဆို ရင်း လူ အကြောင်းတွေ ပါလာပြီ။ ဒီမှာတင် ရပ်မှ ဖြစ်မယ် ထင်ပါရဲ့။ အေးလေ ကျနော်ပြော ခဲ့ပါပြီကော။ လူတွေ သိပ်ခက်တယ် ဗျ။ သူတို့ အကြောင်း အကောင်းဘက် ကနေ၊ ချီးမွမ်းပြော ဆိုရင် သာ ပါးစပ်ကြီးဖြဲ ပြီး တဟဲဟဲ နဲ့ သဘောကျတတ်တာ၊ အားနည်းချို့ယွင်းချက်၊ အလွဲ အမှား တစ်စုံ တစ်ရာ ကိုများ သွားထောက်ပြမိလို့ ကတော့ ကမ္ဘာရန် လို့ သာမှတ်ပေတော့ဗျို့။
 ရန်ငြိုး သိုတာ ၊လက်စားချေ တာ လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်၊မပြောနိုင်ဖြစ်တတ်တာတွေက အများသား ကလား။ ဒါကြောင့်လူတွေ အကြောင်း မပြောပဲ ခွေးတွေ အကြောင်းပြောတာ က နောက် ဆက်တွဲပြဿ         နာ  ကင်းလောက်မယ် ထင်ပါရဲ့။ 
ငါ့အကြောင်း၊ မဟုတ်တမ်း တရား၊ အမနာပရေးတဲ့ လူ ဆိုပြီး လမ်းမှာခြောင်းကိုက် မဲ့ ခွေးရယ် လို့တော့ မရှိလောက်ပါဘူး။ ဒီတော့ ခွေး အကြောင်းပဲ ပြောတာကောင်း ပါတယ်လေ။ ။ 
 (မင်းဒင်) Min Din ၁၅။၀၈။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ် သတင်းစာ မှ။ ။
From... လူဗိုလ်ဟူသည်
No comments:
Post a Comment