Sunday, December 21, 2014

မြန်မာပြည် အစွန် က လာ့စ်ဗီးဂတ်စ်မြို့ အသေးစား

-မိုင်းလားမြို့ အတွင်းရှိ တောရိုင်း တိရစ္ဆာန် များ၏ အစိတ်အပိုင်း များကို ရောင်းချသည့် ဆိုင်တစ်ဆိုင် ကိုတွေ့ရစဉ်။ ၎င်းတို့၏ အဓိကဖောက်သည် မှာ တရုတ် လူလတ်တန်းစား များဖြစ်သည်။/ဓာတ်ပုံ− nationalgeographic.com
 
ဝေးလံခေါင်သီ ပြီး တောကြီး မျက်မည်း နယ်မြေတွေ နဲ့ ထိစပ်နေတဲ့ မိုင်းလားမြို့လေး ဟာ မျိုးသုဉ်းလု နီးပါး ရှားပါးနေ တဲ့ တိရစ္ဆာန်တွေ နဲ့ ဆက်စပ် ပစ္စည်းတွေ ကို စုံစုံလင်လင်ရောင်းချနေ တဲ့ ဈေးကွက် တစ်ခုဖြစ် ပါတယ်။ 

ကာမ အားတိုးဆေး အနေနဲ့ဖြစ်စေ၊ တိုင်းရင်းဆေးဝါး အနေနဲ့ဖြစ်စေ၊ ဟင်းလျာ ချက်ပြုတ်ဖို့ အတွက်ဖြစ်စေ ရည်ရွယ်ချက် မျိုးစုံနဲ့ အသုံးပြုဖို့ တိရစ္ဆာန် အစိတ်အပိုင်း အမျိုးမျိုး ကို မိုင်းလားမြို့ထဲ မှာ ဝယ်ယူနိုင်ပါတယ်။

တရုတ်နိုင်ငံ နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ဒေသ က မြို့ငယ်လေး ဟာ ကာမဂုဏ် နဲ့ လောဘစိတ် တို့ကို ထင် ဟပ်စေတဲ့ ကုန်စည် စာရင်းတွေ ကို စုံစုံလင်လင် ရှာတွေ့နိုင်တဲ့နေရာ လည်း ဖြစ်ပါတယ်။ မျိုးသုဉ်းလု နီးပါး ရှားပါး တိရစ္ဆာန်တွေ ကို တရားမဝင် အမဲလိုက် သတ်ဖြတ်ပြီး ဖော်စပ် ထားတဲ့ ကာမအားတိုး အရက် လိုမျိုး ပစ္စည်းတွေ ကို မိုင်းလားမှာ ဝယ်ယူလို့ ရနေတယ်။


 
မြစ်ကမ်းဘေး က ဆိုင်လေး တစ်ခုကိုကြည့်ပါ။ ၁၂ ပေလောက် ရှည်တဲ့ မှန်ကန်ကြီး ထဲမှာ ကျားကြီး တစ်ကောင် ရဲ့ အရိုးစု ရုပ်ကြွင်း ကို ထည့်ပြ ထားတယ်။ အရောင် ရင့်ရင့် ဆေး အရက်ကန် ထဲ ထည့်စိမ် ထားတဲ့ ကျားကြီး ရဲ့ ဦးခေါင်းရိုး က မျက်လုံး အိမ်နေရာ ဟောက်ပက်ကြီး ကတော့ လမ်းသွား လမ်းလာတွေ ကို ရည်ရွယ်ချက် မဲ့ ငေးမောနေ သလိုပါပဲ။ 

ဝါသနာပါသူတွေ အတွက်ကတော့ ဒီ သားရိုင်းကောင်ကြီး ရဲ့ ခွန်အားကောင်းကောင်း ရှင်သန်မှု အသက် ဓာတ်ဟာ ကာမ စွမ်းအားတွေ ကို မြှင့်တင်ပေးတဲ့ ဆေးစွမ်းကောင်း တစ်လက် လို့ ယူဆကြပါတယ်။

“ကျားရိုး ထည့်စိမ် ထားတဲ့ ကျားဝိုင် အရက်ဟာ ယောက်ျားတွေ အတွက်ရော၊ မိန်းမတွေ အတွက်ပါ ကျန်းမာရေးကောင်းစေတယ်”လို့ မိုင်းလား မှာ ၁၀ နှစ်လောက်ကြာအောင် အခြေချနေ ထိုင် ခဲ့တဲ့ တရုတ် ကုန်သည် တစ်ယောက်က ဆိုပါတယ်။ 

သူက ကာယဗလပြသူ တစ်ယောက်လို မျိုး သူ့ရဲ့လက်မောင်းသားတွေ ကို ဟန်ရေးပြ လှုပ်ယမ်းရင်း ဆက်ပြောသေးတယ်။ “ကျားဝိုင် အရက် က အမျိုးသားတွေ ကို အိပ်ရာထဲ မှာ အစွမ်းထက်စေတယ်လေ”တဲ့။
အဲဒီ ဝိုင်အရက် မှာ စပျစ်သီး လို တခြား အခြေခံ ပါဝင်ပစ္စည်းတွေ အပြင် ကျားရိုး ကိုပါ ထည့်စိမ် ထားရပါ တယ်။ 

တစ်နှစ်လောက်ကြာအောင် စိမ်ထားပြီးတဲ့ အခါ ကျား ဝိုင်အရက် ကို လိင်အပျော် အပါး လိုက်စားတဲ့ ကမ္ဘာ လှည့် ခရီးသွားတွေ ဆီ တစ်ပုလင်း ယွမ်ငွေ တစ်ထောင်လောက် နဲ့ ရောင်းလို့ ရသွားပါပြီ။ တစ်နည်း အားဖြင့် ကျားဝိုင် အရက် တစ်ပုလင်း ဟာ ၁၆၃ ဒေါ်လာလောက် ဈေးကောင်း တဲ့ သဘောပါပဲ။

“ဧည့်သည်တော်တော် များများ ကတော့ တစ်ခွက်၊ ဒါမှ မဟုတ် နှစ်ခွက်လောက် သောက်သွား ကြတာပဲ”လို့ ကျားဝိုင် အရက် ရနိုင်တဲ့ စားသောက်ဆိုင် တစ်ဆိုင် က စားပွဲထိုးလေး တစ်ယောက်က တခစ်ခစ် ရယ် ရင်း ပြောပြပါတယ်။ 

ကျား ဝိုင်အရက် ဟာ မြန်မာဘက်ခြမ်း က ဒုစရိုက်မြို့ငယ်လေး လို ဖြစ်နေတဲ့ မိုင်းလား ကို တရုတ်နိုင်ငံ သားတွေ နေ့တိုင်း လိုလို နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာစေတဲ့ ဆွဲဆောင်မှုတွေ ထဲက တစ်ခုသာဖြစ် ပါတယ်။

မှောင်မည်းနေ တဲ့ တောနက်ကြီး ရဲ့ နံဘေး က နီယွန် မီးတွေ ထွန်းထားတဲ့ တောင်ကြား မြို့လေးထဲ လိုက် ပို့တဲ့ တက္ကစီ သမား က ကျွန်တော်တို့ ကို ပြောပါတယ်။ “တကယ်တော့ မိုင်းလားမှာ က ပြည့်တန် ဆာတွေ ၊ လောင်းကစား ဝိုင်းတွေ နဲ့ ရှားပါး တိရစ္ဆာန်တွေက လွဲရင် တခြားဘာမှ သိပ်မရှိလှပါဘူး”တဲ့။

မိုင်းလား ဟာ နည်းနည်း စည်းပျက် ကမ်းပျက်နိုင်တဲ့ လာ့စ်ဗီးဂတ်စ်မြို့ အသေးစားလေး လည်း ဖြစ်ပြန်တယ် ။ လောင်းကစားဝိုင်းတွေ ဟို စုစု၊ ဒီ စုစု တွေ့မြင်ရတယ်လေ။ ပြီးတော့ ရှားပါး တိရစ္ဆာန်တွေ ကို မွေးမြူပြသ ထားဖို့ မဟုတ်ဘဲ    ချက်ပြုတ် စားသောက်တဲ့၊ ခြစား မှုတွေ ထူပြောနေတဲ့ နေရာလေး တစ်ခုပါ။

ခပ်ညံ့ညံ့ အပြင်အဆင် နဲ့ ဈေးတန်းလေးတွေက အစ၊ အဆင့်မြင့် မွမ်းမံ ထားတဲ့ ဆိုင်တန်းကြီးတွေ အဆုံး တိရစ္ဆာန်တွေ ရဲ့ သေခြင်း တရားနိမိတ်တွေ ဖုံးနေတဲ့ မြို့လေး ထဲမှာ တရုတ်နိုင်ငံသားတွေ ကို စည်စည် ကားကား တွေ့နိုင် ပါတယ်။ 

အလှပြဘောင်သွင်း ထားတဲ့ ကျားမြီး တစ်ချောင်း ကို ယွမ်သုံးသောင်း (ဒေါ်လာ ၄၈၉၀ ဝန်းကျင်)၊ ကျားရေ တစ်ချပ် ကို ယွမ် တစ်သိန်း (ဒေါ်လာ ၁၆၃၀၀ ဝန်းကျင်)လောက်နဲ့ ဝယ်ယူနိုင် ပါတယ်။ အနာ အဆာနည်းပါး တဲ့ ကြံ့ချို  တစ်ချောင်း ကို ယွမ်နှစ်သိန်းရှစ်သောင်း (ဒေါ်လာ ၄၅၆၄၀ ဝန်းကျင်)လောက် ပေးရပါတယ်။

ဒီမြို့လေး ဟာ တရားဥပဒေ စိုးမိုးမှု တော်တော်လေး အလှမ်းကွာ တဲ့ အထူးဇုန် အမှတ်(၄) ဒေသ ထဲက (၁၉၁၁) စတုရန်းကီလို မီတာလောက် ကျယ်ပြောတဲ့ နေရာလေး တစ်ခုပါ။ 

အစွန်အဖျား ကျပြီး တောတောင်တွေ နဲ့ ဆက်စပ် တည်ရှိပါတယ်။ နယ်စပ်မှာ တည်ရှိပြီး မြန်မာ အစိုးရ ရဲ့ တရား ဥပဒေသက်ရောက်မှု နဲ့ အတော်လေး အလှမ်း ကွာတဲ့ မြို့လေး မှာ ဒေသခံ ကုန်သည်တွေ ကတော့ ဥပဒေတွေ ကို သူတို့ လိုချင်သလို ပြောင်းလိုက် ပါတယ်။ 

ဒါကြောင့်လည်း ဒီနေရာလေး ဟာ အရှေ့တောင် အာရှဒေသ မှာ ရှားပါး တိရစ္ဆာန်တွေ ရောင်းဝယ် တဲ့ အကြီးမား ဆုံးဈေးကွက်တစ်ခု၊ တရားမဝင် အမဲလိုက် မုဆိုးတွေ အတွက် ကောင်းကင်ဘုံ လို ဖြစ်လာပါ တယ်။

“အရှေ့တောင် အာရှဒေသ မှာ ရှားပါးတိရစ္ဆာန်တွေ ကို တရားမဝင် သတ်ဖြတ်မှု အတိုင်းအတာ က မယုံနိုင်လောက်အောင် မြင့်တက်နေတာ ဗျ။ ဒီကဏ္ဍ ကို ကိုင်တွယ် ဖို့က ယိုပေါက်ကြီး တစ်ခု ဖြစ်နေ တယ်”လို့ TRAFFIC ရဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ်ရှက်ပ်ဟတ်ဒ် က ဆိုပါတယ်။ 

TRAFFIC ဟာ သားရိုင်း တိရစ္ဆာန် နဲ့ ရှားပါး အပင်တွေ ကုန်သွယ်ရောင်းဝယ် မှု ဈေးကွက် ကို တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တစ်ခုပါ။

ပြီးခဲ့တဲ့ အတိတ် ဆယ်စုနှစ် တချို့မှာ တရုတ်နိုင်ငံ ရဲ့ အာသာ ငမ်းငမ်းကြီးမား လှတဲ့ ဝယ်လို အားကြောင့် သားရိုင်း တိရစ္ဆာန် အစိတ်အပိုင်းတွေ ရှာဖွေရောင်းချ  တဲ့ ဈေးကွက် ဟာ ပိုပြီး ကျယ်ပြန့်လာတယ်။ တရုတ် လူမျိုးတွေ ဟာ ဆေးဝါးဖော်စပ်ဖို့ ကိစ္စ အပြင် ချမ်းသာကြွယ်ဝမှု နဲ့ ဂုဏ်ကျက်သရေ ကို ပြသတဲ့ အဆောင် အယောင်တွေ အနေနဲ့ ပါ ရှားပါး တိရစ္ဆာန် အစိတ်အပိုင်းတွေ ကို ရှာဖွေ ဝယ်ယူ လာခဲ့ပါတယ်။ 

ဒီကနေ့ခေတ် တရုတ် လူလတ် တန်းစားအရေ အတွက် ဟာ သန်း ၁၅၀ လောက် ရှိလာ ပါပြီ။ လူလတ် တန်းစား သတ်မှတ်ချက် အရ လူတစ်ယောက် ရဲ့ တစ်နေ့တာ ဝင်ငွေ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ ကြားလောက် ရှိနေတာကို ဆိုလိုပါတယ်။ 

အခုဆို တရုတ် ရဲ့ လူလတ်တန်းစား အရေအတွက် ဟာ အမေရိကန်ပြည်ထောင်စု တစ်ခုလုံး က လူဦးရေ ထက်ဝက် ထက် နည်းနည်း ပဲ လျော့ပါတော့တယ်။ လာမယ့် ဆယ်စုနှစ် ထဲမှာ ဒီ အရေအတွက် ဟာ သုံးဆလောက်မြင့်တက် လာမယ်လို့ ခန့်မှန်း ထားပါတယ်။ 

ဒီ လူတန်းစား က မိုင်းလားမှာ ရှိနေတဲ့ ရှားပါး တိရစ္ဆာန် အစိတ်အပိုင်း အလှဆင် ပစ္စည်းတွေ၊ တိုင်းရင်းဆေးဝါးတွေ ကို တောင်းဆို မှု မြင့်တက် လာစေပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ ကျားရိုင်း အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်မှု လမ်းကြောင်း အားလုံး ရဲ့ သုံးပုံ တစ်ပုံ ဟာ မြန်မာနိုင်ငံ ကို ဖြတ်သန်း သွားတယ်လို့ ကမ္ဘာ့ သားရိုင်း တိရစ္ဆာန်များ ရန်ပုံငွေ အဖွဲ့ကြီး (WWF) ရဲ့ မဟာ မဲခေါင် မျိုးစိတ် များ စီမံကိန်း မန်နေဂျာ သောမတ်စ်ဂရေး က ခန့်မှန်းပါတယ်။

“အကြီးစားနို့တိုက် သတ္တဝါတွေ ကို တရားမဝင် အမဲလိုက် သတ်ဖြတ်ပြီး မှောင်ခိုရောင်းဝယ်နေတာတွေ က အာရှတိုက် မှာ မှန်းဆ လို့ မလွယ်လောက်အောင် ကျယ်ပြန့်နေတုန်း ပဲ။ ဒါက ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခု၊ ဒါမှ မဟုတ် သုံးခုလောက် အတွင်းမှာ အရှိန်ကောင်း လာတာပါ။ 

အာဖရိက မှာလည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက် အတွင်းမှာ အဲဒီ လိုပဲ အတိုင်းအတာ ကြီးမား လာပါတယ်” လို့ ဂရေး က ဆိုတယ်။ “အဓိက အကြောင်းရင်း ကတော့ တိရစ္ဆာန် အစိတ်အပိုင်းတွေ ကို တောင်းဆို မှုမြင့် မား တဲ့ လူလတ်တန်းစား တစ်ရပ် အာရှဒေသ မှာ ကြီးထွား လာလို့ပါ။ အထူးသဖြင့် တရုတ်နိုင်ငံ မှာပေါ့”လို့ သူကပြောပါ တယ်။

ပွင့်ပွင့် လင်းလင်း ပဲ ရောင်းချနေ တဲ့ မိုင်းလား ရဲ့ဈေးကွက် ထဲမှာ ကျားတွေ အပြင် တခြားသော ရှားပါး တိရစ္ဆာန်တွေ ရဲ့ အစိတ် အပိုင်းတွေကို ပါ တွေ့မြင်နိုင်တယ်။ ဝက်ဝံ သည်းခြေ နဲ့ လက်သည်း၊ ဆင်သားရေ၊ ဆင်စွယ်၊ ကျားသစ် နဲ့ တောကြောင် အရေခွံတွေ အပြင် လိပ် နဲ့ မျောက် အရှင်တွေ ကိုပါ ရောင်းချနေ ပါတယ်။


မိုင်းလားမြို့လယ် တစ်နေရာ ကို ညနေပိုင်း ကတွေ့ရစဉ်


မိုင်းလား ရဲ့ ဗဟိုဈေးကြီး ထဲမှာတော့ ဆင် သားရေတွေ ကို ၄ လက်မ ပတ်လည် စတုရန်း ပုံလေးတွေ စိတ် ပိုင်းပြီး အမျိုးသမီး တစ်ယောက်က ရောင်းချနေ ပါတယ်။ ဒဏ်ရာတွေပေါ် မှာ ဒီ ဆင်သားရေ အပြားလေးတွေ ကို ကပ်ပေးရင် အနာကျက် တာမြန်တယ် လို့ အမျိုးသမီးက ရှင်းပြတယ်။ 

သူနဲ့ စကားပြောနေချိန် မှာပဲ မျက်လုံးပြာပြာ လူထွားကြီး တစ်ယောက်က ဆိုင်ရှေ့ က ဖြတ်သွားရင်း အမျိုးသမီး ရဲ့ ရောင်းကုန်တွေ ကို ဝင်ကြည့်တယ်။ ပြီးတော့ တိုင် တစ်တိုင် မှာ ချည်ထား တဲ့  မျောက်လေး တစ်ကောင် ကို ရင်းနှီး ယဉ်ပါးအောင် ကြိုးစားကြည့်နေတယ်။

“ကျွန်မ ရဲ့ ရောင်းကုန် အားလုံး ကို တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ ဆီ ပဲ ရောင်းလိုက် တာပါ”လို့ သူ့နာမည် ကို ထုတ်မပြော ဖို့ တောင်းပန် ထားတဲ့ အမျိုးသမီး က ရှင်းပြပါတယ်။ မိုင်းလား မှာ ကျွန်တော်တို့ အင်တာဗျူးကြည့်ခဲ့ သူ အားလုံး လိုလိုပဲ နာမည် ကို ထုတ်မပြောချင်ပါဘူး။ 

တရား မဝင်ရောင်းဝယ်မှုတွေ မှာ ပါဝင်နေတာ ကို လူသိ မခံချင်တာရယ်၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ ကို ကြောက်လန့် ရတာရယ်ကြောင့် ဖြစ်ပါတယ်။

အမျိုးသမီး ရဲ့ဆိုင် မှာ အဆောင် လက်ဖွဲ့အနေ နဲ့ ရောင်းချ တဲ့ ကျား လက်သည်း၊ ကာမ အားတိုးမှု အတွက် အထောက် အပံ့ဖြစ်စေတယ် ဆိုတဲ့ ကျားထီး လိင် အင်္ဂါ အခြောက်တွေ လည်း ရှိပါတယ်။ 

မိုင်းလားမြို့ထဲ မှာ လျှောက်ကြည့် ရင် လိပ်တွေ၊ ပုတ်သင်တွေ၊ သင်းခွေချပ်တွေ၊ တခြား အကောင်ပလောင် အစုံအလင် နဲ့ ကမ္ဘာပေါ် မှာ ရှားပါး လှပါတယ် ဆိုတဲ့ နို့တိုက် သတ္တဝါ အမျိုးမျိုး ကို မှောင်ခိုရောင်းချနေ တာ တွေ့ ရပါလိမ့်မယ်။

စားသောက်ဆိုင် တစ်ခုရှေ့ မှာတော့ လှောင်အိမ် ထဲက သင်းခွေချပ်တွေ ဟာ ဟင်းအိုး ထဲ ရောက်ရမယ့် အချိန် ကိုစောင့်နေကြရရှာ ပါတယ်။ ပုရွက် စားကောင်တွေ ကိုတော့ သံကြိုးနဲ့ ချည်ထားတယ်။ အကြေးခွံ ထူထူ ထဲထဲ နဲ့ သင်းခွေချပ်တွေ ရဲ့အသား ဟာ နူးညံ့ပြီး အရသာ ရှိတယ်လို့ ဆိုပါတယ်။ 

သူတို့ ရဲ့အကြေးခွံတွေ ကိုတော့ တိုင်းရင်းဆေးဖော်စပ် ရာမှာ အသုံးပြုတယ်။ သင်းခွေချပ် အကြေးခွံ ဟာ အဖျားရောဂါ အမျိုးမျိုး ကို ပျောက်ကင်းစေပြီး သွေးလည်ပတ်မှု အားနည်း ညံ့ဖျင်း တာမျိုး ကို ကုသ ရာမှာ အစွမ်း ထက်တယ် လို့ ယုံကြည်ကြပါတယ်။ 

တရုတ် ရဲ့ဝယ်လိုအားကြောင့် သင်းခွေချပ် မှောင်ခိုရောင်းဝယ် မှု ဈေးကွက် ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်း အာဖရိက တိုက်ကနေ အာရှတိုက်ဘက် ကို ယိမ်းယိုင် အားကောင်းလာကြောင်း သိရပါတယ်။

ကျားသားရေ၊ ကျား နဲ့ ဆက်စပ် ပစ္စည်းတွေ ဈေးကောင်း ရနေချိန်မှာ တစ်ကမ္ဘာလုံး အတိုင်း အတာ နဲ့ ကျားကောင်ရေ က တရိပ်ရိပ် ကျဆင်းနေပါပြီ။ အခု ဆိုရင် ကမ္ဘာပေါ် မှာ သဘာဝ အတိုင်း ရှင်သန်နေတဲ့ ကျားကောင်ရေ ၃၀၀၀ နဲ့  ၄၀၀၀ ကြားလောက်သာ ရှိပါတော့တယ်။ 

ဒါဟာ ပြီးခဲ့တဲ့ ရာစုနှစ်နဲ့ နှိုင်းယှဉ် ရင် ၅ ရာခိုင်နှုန်းလောက် ပဲ ကျန်တော့ တဲ့ သဘောပါ။ ဂရေးက “ဒီ တိရစ္ဆာန် မျိုးစိတ်တွေ ရဲ့  အနာဂတ် ကတော့ တကယ့် ကို ဒုက္ခများနေပါပြီဗျာ”လို့ သက်ပြင်းရှိုက် ရင်း ပြောပါ တယ်။

ကျားတွေ မှာ မျိုးကွဲ ကိုးခု ရှိတဲ့ အနက် သုံးခု ဟာ လုံးဝ မျိုးသုဉ်း သွားပြီလို့ ခန့်မှန်းရ ပါတယ်။ မြန်မာနိုင်ငံ ထဲ မှာတော့ စုစုပေါင်းကျားကောင်ရေ ၇၀ လောက် ပဲ ကျန်ပါတော့တယ်။ 

ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်းမှာ မြန်မာနိုင်ငံ မှာလည်း ကျား အရေအတွက် သိသိသာသာ ကျဆင်းသွား ပါတယ်။

၁၉၃၁ ခုနှစ် ထိ မြန်မာ အစိုးရ ဟာ ကျားတွေ ကို သတ်ဖြတ် ဖို့ ခွင့်ပြုထား သလို ကျားသတ်နိုင်သူ ကို ဆုချီးမြှင့်လေ့ ရှိပါတယ်။ ဒါ ကလည်း ကျားတွေ က လူ့ပတ်ဝန်းကျင် ကို အန္တရာယ်ပေးနိုင်တယ် လို့ ရှုမြင် ထားတာကြောင့်ပါ။ အဲဒီ အခြေအနေတွေ က ကျားသတ်ဖြတ်မှု ကို အမဲလိုက် အားကစား တစ်ခု လို ဖြစ် လာစေပြီး ကျားကောင်ရေ ကျဆင်းမှုနဲ့ လည်း တိုက်ရိုက် ဆက်စပ်စေခဲ့ကြောင်း ၂၀၀၃ ခုနှစ် မှာ မြန်မာ အစိုးရက ထုတ်ပြန် တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ၁၉၄၀ ပြည့်လွန်နှစ်တွေ ကနေ ၂၀၀၀ ပြည့်နှစ် ထိ အတော အတွင်း မြန်မာနိုင်ငံ မှာ သစ်တောမြေ စုစုပေါင်း ရဲ့ လေးပုံ တစ်ပုံလောက် ပျောက်ကွယ် သွားပါတယ်။ ဒီတော့ ကျားတွေ ရဲ့ စားကျက်မြေ လည်း လျော့ သွားတယ်။ 

လက်ရှိ ထိန်းသိမ်း ထားတဲ့ ဘေးမဲ့ သစ်တော ဧရိယာတွေ ကလည်း ကျားကောင်ရေ တိုးပွားမှု အတွက် ဆိုရင် သေးငယ် လွန်းနေပါတယ်။ ဒီ့အပြင် အလွန် အကျွံ အမဲလိုက် သတ်ဖြတ်မှုတွေကြောင့် သမင် နဲ့ တောင် ဆိတ် လို သဘာဝ ကျားစာတွေ လျော့နည်း ကုန်ခြင်း ကလည်း ကျားတွေ ရဲ့ ရှင်သန်နေထိုင်မှုကို ထပ်ဆင့် ထိခိုက်လာစေခဲ့ပါတယ်။

ဒါကြောင့် လည်း မိုင်းလားမြို့ က ဈေးကွက် ထဲ မှာ ကျားရေခွံ၊ ကျားရိုး၊ ကျားစွယ်၊ ကျား လက်သည်း အစ ရှိတာတွေ ကို အတုပြုလုပ်ရောင်းချမှုတွေ ရှိလာပါတယ်။ တချို့ ကတော့ ထိုင်း၊ ဗီယက်နမ် နဲ့ တရုတ်ဘက်က တင်သွင်း လာတာတွေ ဖြစ်တယ်လို့ ဂရေးကရှင်းပြတယ်။

 လာဝယ် တဲ့ တရုတ် လူမျိုးတွေ ကတော့ သူတို့ အလိုရှိတဲ့ ပစ္စည်းကို အစစ် အမှန်ဖြစ် ဖို့ အလေးအနက် စစ်ဆေးလေ့ ရှိတယ် လို့လည်း သိရပါတယ်။

“ဒါက အတု မဟုတ်ဘူးဗျ” လို့ ဆိုင်ရှင် တစ်ယောက် က အချိုး မကျ လှတဲ့ အင်္ဂလိပ်လေယူလေသိမ်း နဲ့ ကျွန်တော်တို့ ကိုပြောပါတယ်။ သူပြ တာက ဖြန့်ကြက် ခင်းကျင်း ထားတဲ့ ကျားသစ်ရေ တစ်ချပ်ပါ။ 

ယွမ်ငွေ တစ်သောင်း ရှစ်ထောင် ဈေးနှုန်း ကပ်ထားပါတယ်။ “မြန်မာတွေ ပဲ ဒါကို ယူလာတာပါ။ ဒါပေမဲ့ ဘယ်က ရလာသလဲတော့ မသိဘူး”လို့လည်း ဆိုင်ရှင် ကပြောပါတယ်။

မိုင်းလား မှာ ခင်းကျင်းရောင်းချနေ တဲ့ တိရစ္ဆာန် အစိတ်အပိုင်းတွေ ဟာ ဘယ်နေရာ၊ ဘယ်ဒေသတွေ က ရောက်လာတယ် ဆိုတာ မှန်းဆရ ခက်လွန်းပါတယ်။ National Geographic အနေ နဲ့ ဆိုင်တော်တော် များများ ကို မေးခဲ့ပေမယ့် မြန်မာနိုင်ငံ ဘက် က ဝင်ရောက် လာတဲ့ ကုန်စည်တွေပါ လို့ပဲ ဖြေကြတယ်။ ဒါပေမဲ့ ဘယ်ဒေသ ကလဲ ဆိုတာကို မသိကြဘူး။

 တခြားနိုင်ငံ တစ်ခုခု က မှောင်ခို တင်သွင်း လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒေသခံ အများစု ကတော့ ရှမ်းပြည်နယ် မှာ ထူထူ ထပ်ထပ် တည်ရှိနေ တဲ့ သစ်တောတွေဆီ ပဲ လက်ညှိုးထိုးပြကြပါတယ်။ 

“အရင်တုန်း က ဘိန်းဖြူ    နဲ့ မူးယစ်ဆေးတွေ  ကို ရောင်းဝယ်တာတွေ ရှိခဲ့တယ်။ အခုတော့ အဓိက ကုန်သွယ်နေ တာ တိရစ္ဆာန်တွေပေါ့။ အများ အားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပါ”လို့ အသက် (၈၈)နှစ်ရှိပြီဖြစ်တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး ဦးအေဘရာဟင်မ်သန်း က ပြောပြပါတယ်။

 ဒေသထွက် ဝိုင် တစ်ခွက် နဲ့ ဧည့်ခံရင်း ၁၉၆၉ ခုနှစ်၊ ဒီဒေသ ကို သူ  စရောက်ကတည်း က မိုင်းလား ရဲ့ ကံကြမ္မာပြောင်းလဲ လာပုံတွေကို လည်း ဦးအေဘရာဟင်မ်သန်း ကပြောပြပါသေးတယ်။

“အဲဒီ တုန်း က ဒီမှာ ဘာ အဆောက်အအုံမှ မရှိဘူး။ တော သက်သက်ပဲ”လို့ သူက ဆိုပါတယ်။ ပြီးတော့ အဲဒီ ကာလတွေ မှာ လက်နက်ကိုင် သူပုန် တပ်ဖွဲ့တွေ က ရှမ်းပြည်နယ် အနှံ့အပြား ကို အဓိက ထိန်းချုပ် ထား တယ် လို့ ပြောပြပါတယ်။ 

၁၉၈၉ မှာတော့ မြန်မာ့ တပ်မတော် က မိုင်းလား အနီးတစ်ဝိုက် မှာ အခြေစိုက် တဲ့ NDAA (National Democratic Alliance Army) အပါ အဝင် လက်နက်ကိုင် တပ်ဖွဲ့တွေ နဲ့ အပစ်အခတ် ရပ်စဲဖို့ သဘော တူညီမှု ရရှိခဲ့ပါတယ်။ နောက်ပိုင်း မှာ တပ်ဖွဲ့ဝင် ၃၀၀၀ လောက် ရှိတဲ့ NDAA က ပဲ ဒီဒေသ ကို အဓိက ထိန်းချုပ် ထားခဲ့ ပါတယ်။ နောက်ပိုင်း မှာတော့ ဒီဒေသ မှာ ဘိန်းမှောင်ခိုရောင်းချမှုနဲ့ ပတ်သက်ပြီး ရှုပ်ထွေး တဲ့ အခြေ အနေတချို့ ဖြစ်ပေါ်ခဲ့ဖူး ပါသေးတယ်။

မိုင်းလား ဟာ လိင် ကုန်ကူးမှု၊ လောင်းကစား မှု နဲ့ ရှားပါး တိရစ္ဆာန်တွေ မှောင်ခိုရောင်း ချ မှုတွေကြောင့် တော ချည်း သက်သက် နယ်မြေ ကနေ မြို့တစ်ခု အသွင် လျင်လျင်မြန်မြန် ကူးပြောင်း လာပါ တယ်။

 “တိတိ ကျကျ  သတ်မှတ် ထားတာမျိုး မဟုတ်ပေမယ့် အခြေခံ အရတော့ အထူးဇုန် (၄)ဒေသ မှာ ဘိန်းစိုက် တာက လွဲရင် အားလုံး လွတ်လွတ် လပ်လပ် လုပ်လို့ရနေ တဲ့ သဘော ပဲ”လို့ ရန်ကုန် အခြေစိုက် မူဝါဒရေး ရာ လေ့လာရေး ပညာရှင် တစ်ယောက်ဖြစ် တဲ့ ရစ်ချတ်ဟော်ဆေး ကဆိုပါတယ်။

အခုတော့ လိင် နဲ့ငွေကြေး တို့ဟာ မိုင်းလား ကို တရုတ် ဘက်က ကုန်သည်တွေ၊ ဈေးဝယ် သူတွေ ရောက် လာအောင် ဖြားယောင်းခေါ်ငင်နေ ပါပြီ။ ကျားရိုး စိမ် ထားတဲ့ ကျား ဝိုင်အရက် ကို သောက်ပြီး ရင် ဈေး တစ် ဖက်ခြမ်း က ဒေါက်မြင့်ဖိနပ် စီးထား တဲ့ အမျိုးသမီးတွေ ဆီ သွားကြတဲ့ သူတွေ အများကြီးပါ။ 

ပြီးတော့ ပြည့်တန်ဆာဂေဟာတွေ လည်း တော်တော် များများ ရှိပါတယ်။ ခပ်ဝါးဝါး မီးရောင်အောက် မှာ အမျိုးသမီးတွေ ဟာ အဆင်ပြေမယ့် ဖိတ်ခေါ်သူ ကို စိတ်ရှည်ရှည် စောင့်မျှော်နေပါတယ်။ တချို့ အမျိုးသားတွေ က ဖြတ်လျှောက် သွားရင်း စိတ် မပါ သလိုလို သာမန်ကာ လျှံကာ ကြည့်သွားတယ်။ 

လူတစ်ယောက် ကတော့ ကားထဲ ကနေ ခေါင်းထွက်ပြီး လူသားဈေးတန်း မှာ သူ့စိတ်ကြိုက် အနေ အထား ရှိမယ့် သူ ကို ပြူးတူး ပြဲတဲ လိုက်ရှာနေပါတယ်။ ကျွန်တော် က စပ်စပ်စုစု လှမ်းကြည့်နေတာ နဲ့ မျက်လုံးချင်း ဆုံတော့ ကားကို ခပ်မြန်မြန် မောင်းထွက်သွားပါတယ်။

“ကျွန်မတို့ မှာ တရုတ်ဖောက်သည်တွေ ပိုများ တယ်။ မြန်မာတွေ က ဈေးသိပ် မတတ်နိုင်တာကြောင့်ပါ”လို့ သူ့ကိုယ် သူ ညိုချောလို့ ညွှန်း ဆိုတဲ့ လိင် လုပ်သား ခပ်ငယ်ငယ် မိန်းကလေး က ပြောပြပါတယ်။ ညိုချော ဆိုတာ “အသားညိုညို နဲ့ ချောမောလှပတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ 

လိင်လုပ်သား မိန်းကလေးတွေ ရဲ့ ဝန်ဆောင်မှုဈေးနှုန်း က ယွမ် တစ်ရာ (၁၆ ဒေါ်လာ) ကနေ ယွမ်ငါးရာ (၈၂ ဒေါ်လာ)လောက်ထိ ရှိတတ်တယ် လို့ ညိုချောကပြောပြပါတယ်။ ဒါက သိပ်များတဲ့ဈေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ က နေရာတော်တော် များများ က လုပ်ခမျိုးနဲ့ ယှဉ်ရင် များပြား တယ်လို့ သူကရှင်းပြ ပါ တယ်။

“ဒီမှာ က ငွေရှာရ လွယ်တယ်လေ။ ဒါကြောင့် ဒီ ကို ကျွန်မရောက်လာတာပေါ့။ ကျွန်မ ရဲ့မိဘတွေ က ဆင်း ရဲကြတယ်”လို့ ညိုချော ကပြောပါတယ်။ ရေခြားမြေခြား မှာ အန္တရာယ်များတယ် ဆိုပေမယ့် ငွေကြေးက မက်ေ လာက် စရာဖြစ်နေ လို့ စွန့်စားခဲ့တယ် လို့ သူကဆိုပါတယ်။ 

ရင်းနှီးမြှုပ်နှံ သူတွေ၊ လောင်းကစား သမားတွေ အတွက်လည်း ဒီဒေသ က စွန့်စား ရတာပါပဲ။ မြစ်လက် တက် တချို့ က မြို့ကို ခွဲဖြာ စီးဆင်း သွားပါတယ်။ မြို့ရဲ့နေရာ အနှံ့အပြား မှာ တစ်ဝက် တစ်ပျက်နဲ့ ဆက် မဆောက်ဖြစ်တော့ တဲ့ ဟိုတယ်တွေ၊ စွန့်ပစ် သွားပြီဖြစ်တဲ့ ဟိုတယ်တွေ ကို တွေ့ရပါတယ်။ ဒါက ပိုင်ရှင်တွေ ရဲ့ကံကြမ္မာ ကို ညွှန်ပြ သလိုလည်း ဖြစ်နေတယ်။

“ဒီမှာ က မြန်မြန် ချမ်းသာ လာနိုင်တယ်။ ဒါပေမဲ့ မြန်မြန် ဆန်ဆန် ဒုက္ခလည်းရောက်သွားနိုင်တယ်”လို့ ဟိုတယ် ဧည့်ကြို  တစ်ယောက်က ပြောပါတယ်။ “လူတွေ က ငွေချေးပြီး လောင်းကစား လုပ်ကြတယ်။ ပြီးတော့ ရှုံးတယ်။ ဒီတော့ ဒုက္ခရောက်ရော။ ကျွန်တော်တို့ ဟိုတယ် မှာတင် လူတစ်ယောက် ကိုယ့်ကိုယ် ကိုယ် သတ်သေ သွားဖူးတယ်”လို့ သူကရှင်းပြတယ်။



မြို့ပြင် ကို မိနစ် ၃၀ စာလောက် သွားလိုက်ရင် တရုတ် လူမျိုးတွေ ပြည့်နှက်နေ တဲ့ လောင်းကစားဝိုင်းတွေ ကို မြင်နိုင် ပါတယ်။ တချို့ ကလည်း မြန်နှုန်း အင်မတန်မြင့် တဲ့ အင်တာနက် ချိတ်ဆက် မှုကို အသုံးပြုပြီး အဝေး ကနေ လောင်းကြေး ထပ်ကြတယ်။ 

တရုတ် အစိုးရ ကတော့ တောကြို   အုံကြား က လောင်းကစား ဗိမာန်လေး ကို မျက်နှာ လွှဲထားလေ့ ရှိပါ တယ်။ ရံဖန် ရံခါ မှာတော့ ဝင်စွက်ဖက် မှုတွေ ရှိတတ် တယ်။ ၂၀၀၃ ခုနှစ် မှာတော့ တရုတ် စစ်သားတွေ ဟာ နယ်စပ် ကို ဖြတ်ကျော် လာပြီး မိုင်းလား က တရုတ်ပိုင်လောင်းကစားရုံ ငါးခုကို ပိတ်ခဲ့ဖူး ပါတယ်။


အဲဒီဖြစ်ရပ် က တရုတ် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦး ရဲ့ သမီး ဟာ မိုင်းလား က လောင်းကစားရုံ တစ်ခု မှာ ယွမ်(၁.၄) သန်းလောက် ရှုံးခဲ့ တာနဲ့ ဆက်စပ်နေတယ် လို့ Asia Times Online က ဖော်ပြဖူး ပါတယ် ။ နောက်တော့ တရုတ်နယ်စပ် နဲ့ ဝေးတဲ့နေရာ မှာ ကာစီနို ရုံတွေ ပြန်ဆောက်တယ်။ 

မိုင်းလား လည်း ဦးပြန်မော့လာ ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်း ကတော့ ဝ  မျိုးနွယ်စု  နဲ့ ဆက်စပ်သူ တစ်ယောက် ကို ဓားနဲ့ ထိုးမှု အတွက် တရုတ်လောင်း ကစားဒိုင် လော်ပန် တစ်ယောက် ကို တရုတ် အာဏာပိုင်တွေ က ဝင်ရောက် ဖမ်းဆီး ခဲ့သေးတယ် လို့လည်း အဖမ်း ခံရသူနဲ့ နီးစပ်သူတွေ က ပြောပြကြ ပါတယ်။ 

ဘာပဲဖြစ်ဖြစ် မိုင်းလား ရဲ့ လောင်းကစားဝိုင်းတွေ မှာတော့ ပန်းရောင် ယွမ်ငွေ တစ်ရာတန် ငွေစက္ကူတွေ ကတော့ တစ်ရက် မှာ ၂၄ နာရီ၊ တစ်ပတ် မှာ ၇ ရက် လည်ပတ်နေတုန်း ပါပဲ။

မိုင်းလား မှာ စိတ်ဝင်စားစရာ တစ်ခု က ဝက်ဝံမွေးမြူရေးခြံ ဆိုတာပါ။ ရော်ဘာ စိုက်ခင်း တစ်ခုနား မှာ ပုန်းလျှိုး ကွယ်လျှိုး ထားရှိတဲ့ နေရာလေး တစ်ခုပါ။ အမှတ် အသား ဘာမှ မပါတဲ့ ထရပ်ကား တစ်စီးနဲ့ တစ်နာရီလောက် မောင်းသွားပြီး တဲ့နောက် ခြံပိုင်ရှင် က ကျွန်တော် တို့ကို လက်ခံတွေ့ဆုံပါတယ်။ မိနစ်ပိုင်းလောက် ခြံထဲ မှာ လျှောက်ကြည့်ခွင့် ရတယ်။

မွေးမြူရေး အဆောင်ကြီး ကိုးခု ထဲမှာ အာရှ ဝက်ဝံ နဲ့ လ ဝက်ဝံ အကောင် ၆၀ လောက် မွေးထား တာပါ။ ဝက်ဝံတွေ ကို မျိုးဖောက်မွေးမြူပြီး ရည်ရွယ်ချက် ကတော့ သူတို့ ရဲ့ သည်းခြေရည် ကို ရယူ ဖို့ဖြစ်ပါတယ်။ ဝက်ဝံ သည်းခြေဟာ ကင်ဆာ နဲ့ အရက်နာ ကျတာတွေ ကို ကုစား ရာမှာ အစွမ်းထက်တယ် လို့ ယူ ဆကြ ပါတယ်။

အထဲ မှာတော့ ဝက်ဝံတွေ က ဆူဆူ ညံညံ အော်မြည်နေပါတယ်။ တချို့ ကလည်း မာန်ဖီနေတယ်။ သူတို့ ဟာ သေးငယ် တဲ့ လှောင်အိမ်လေးတွေ ထဲမှာ အကျဉ်းသားတွေ လို တစ်ဘဝ လုံး နေထိုင်ကြ ရမှာ ဖြစ် ပါတယ်။ သူတို့ ရဲ့ အစာခြေရည် ကို စစ်ထုတ် ရယူ တဲ့ အချိန်မျိုး မှာသာ ဒီ အကျဉ်းခန်းလေးတွေ ကနေ ခဏ တာ လွတ်မြောက်ခွင့် ရပါတယ်။

WWF ရဲ့ အဆို အရတော့ ဒီ သတ္တဝါတွေ ဟာ သဘာဝ အတိုင်း လွတ်လွတ် လပ်လပ် ရှင်သန်နေ ရင် နှစ်ပေါင်း ၃၀ လောက် အသက် ရှည်ကြပါတယ်။ မွေးမြူရေးခြံ ထဲမှာတော့ တစ်နှစ် ထက် ပိုပြီး အသက်ရှည် တဲ့ ဝက်ဝံမျိုး မရှိသလောက် ပဲ ဖြစ်ပါတယ်။


(National Geographic မှ ဆောင်းပါး ကို ဇွဲရဲဝင့် ဘာသာပြန်သည်)
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/44844
 

 

No comments:

Post a Comment