Monday, March 9, 2015

နေရာ နဲ့ စိတ်ဒုက္ခ

 Military Intelligence officer in Rangoon, Burma

ငယ်စဉ်တုန်းက ဘတ်စကား စီးပြီး သွားလာရတယ်။ ရုံးဆင်း၊ ရုံးတက်ချိန် ဆိုရင် ဘတ်စကားတွေ က အရမ်း ကျပ်တယ်။ တစ်နေကုန် ပင်ပန်းတော့ ထိုင်ခုံနေရာရဖို့ အတွက် ကားဂိတ်ဆုံး မရောက်ခင် ကြိုတင် ပတ်စီး တယ်။ 

ကိုယ်လို ပတ်စီးသမားတွေ ကားပေါ်မှာ များလာတော့ ကိုယ့်အတွက်နေရာ သေချာအောင် ကိုယ်ရပ်နေ တဲ့ဘေး ထိုင်ခုံက လူကို ဂိတ်ရောက်ရင် ဆင်းမှာလားလို့ မေးထားရတယ်။ သူကလည်း ကိုယ်လို ပတ်စီး သမား၊ ဂိတ်ရောက် ရင် မဆင်းဘူး ဆိုရင် တခြားထိုင်ခုံ က လူတွေ ကို ဂိတ်ရောက်ရင် ဆင်းမှာလားလို့ လိုက်မေးရတယ်။ 

တစ်ကားလုံး ထိုင်ခုံ မှာ ရှိတဲ့ သူတွေက ကိုယ်လို ပတ်စီးသမား ဆိုလို့ကတော့ သေပြီဆရာ။ နေရာရဖို့ အတွက် ဂိတ်ဆုံး မရောက်ခင် ကားခ၊ အချိန်၊ လုပ်အားတွေ စိုက်ထုတ် ရတယ်။ နေရာ ရတော့ ထိုင်ပြီး အိမ် ကို သက်တောင့် သက်သာနဲ့ ပြန်လို့ရပြီ ဆိုပြီး ဝမ်းသာမိလေရဲ့။ ဒါပေမဲ့ ဝမ်းသာမှု က ကြာရှည်မခံ။ 

ကိုယ့်ဘေးမှာ မသန်စွမ်း ဒုက္ခိတတွေ၊ ကိုယ်ဝန်ဆောင် မိန်းမတွေ လာရပ် ရင် ထိုင်ခုံမှာ အခန့်သား မထိုင်ဖြစ်တော့ ဘဲ ချက်ချင်း ဆိုသလို ထပေးလိုက်မိတယ်။ သက်တောင့် သက်သာနေချင်တဲ့ လူလည်း ပင်ပန်းမှု ကို ခံစားလိုက်ရတယ်။


 
အသက်ကြီးတဲ့ သူတွေ၊ ကလေး ချီထားတဲ့ အမေတွေတွေ့ရင်တော့ ချက်ချင်း မထဖြစ်ဘဲ စဉ်းစားခန်း ဝင်လေ့ ရှိတယ်။ ဒီ အဖိုးကြီး/အဖွားကြီး က နေရာ ဖယ်ပေးရလောက်အောင် အသက်ကြီး မကြီး၊ ကျန်းမာတဲ့ ပုံပေါက် မပေါက် တွက်ချက်လေ့ရှိတယ်။

 ကလေး ချီထားတာတွေ့ရင်လည်း ဒီကလေး က ခုံဘေး ကို ကိုင်ပြီး ရပ်နိုင် မရပ်နိုင်၊ ကလေးကို ကိုယ့်ပေါင်ပေါ် တင် ထားပေးရင် ကလေးက ငို မငို စဉ်းစားနေတတ်တယ်။ လူက နေရာဖယ်ပေးချင် စိတ်ပေါ်ပေမယ့် ထိုင်ခုံမှာ ဆက်ထိုင်ချင်သေးတဲ့ စိတ်ကြောင့် အတော့်ကို နေရခက်တယ်။

ဘေးက ဘယ်သူများ ထပေးကြ မလဲလို့ ကြည့်တော့လည်း အားလုံး က ဆင်သရေ မျက်နှာသိုင်း ကျင့်ထား သလား အောင့်မေ့ ရတယ်။ မျက်နှာ အရေ ထူလှတယ် (ဝန်ခံချက်။ ။ ဆင်သရေ မျက်နှာသိုင်း ဆိုတဲ့စကား လုံး ကို ဆရာနေလင်းအောင် ဘာသာပြန် ထားတဲ့ သိုင်းလောက ရဲ့စိန်ခေါ်သံ ဝတ္ထုထဲ မှ ယူသုံးသည်)။ 

အချိန် နည်းနည်း စောင့်ကြည်တော့လည်း ဘယ်သူက မှ ဖယ်ပေးမယ့်ဟန် မပေါ်ဘူး။ ကိုယ့် ဖာသာကိုယ် စဉ်းစားရင်း၊ စဉ်းစားရင်း နဲ့ စိတ်ရှုပ် လာတယ်။ နောက်ဆုံးတော့ စိတ်အဆင်းရဲ မခံတော့ဘဲ “နမျှောတသ” သုံးကြိမ်ရွတ် ကာ နေရာဖယ်ပေးပြီး ဝင်ထိုင်စေလိုက်တယ်။ ဒီတော့မှ ပဲ စိတ်ရှင်းရှင်းနဲ့ ကားဆက်စီးနိုင် တယ်။
ထိုင်ခုံနေရာ နဲ့ ပတ်သက်ပြီး ကိုယ့်ဖာသာ ကိုယ် စဉ်းစားခန်း ဝင်ဖြစ်တယ်။ ဒီထိုင်ခုံ က ငါ ခဏပဲ ထိုင်ရမယ့် ထိုင်ခုံ။ ဘာလို့များ ဒီလောက်တောင် မက်မောနေမိ ပါလိမ့်။ ခဏလေး ထိုင်ရမယ့် ထိုင်ခုံတောင် ငါဒီလောက် မက်မောနေရင် နိုင်ငံတော် ရဲ့ ထိပ်ဆုံးက ထိုင်ခုံကို ထိုင်ရတဲ့ သူတွေ ဘယ်လောက်ထိတောင် မက်မောကြ မယ်ဆိုတာ သဘောပေါက် လာတယ်။ 

သူတို့အနေနဲ့ ကတော့ ဘယ်ဖယ်ပေးချင်ပါ့ မလဲ။ ဘာတန်ဖိုးမှ မရှိတဲ့ ဘတ်စကား ထိုင်ခုံ တစ်နေရာစာ အတွက် ငါ ဒီလောက် စိတ်ဒုက္ခရောက် ရရင် သူတို့တွေ ဘယ်လောက်များ စိတ် ဒုက္ခရောက်ကြမလဲ ဆိုတာ တွေးမိတယ်။

သိသာအောင်ပြော ရရင် ရွှေဝါရောင် တော်လှန်ရေးကြောင့် တစ်ကမ္ဘာလုံး ရဲ့ အရေးယူတာ မခံရအောင် တရုတ်ကြီးဆီပြေးပြီး အကူအညီတောင်း ရဖူးတယ်။ ၈လုံး သွားတာကို မင်း အဆင့်လောက် နဲ့ မလာခဲ့နဲ့။ အကြီးဆုံးကောင် လာခဲ့လို့ အပြောခံရတော့ အကြီးဆုံးက သွားပြီး မြစ်ဆုံ နဲ့ အထက်က စီမံကိန်းတွေ ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း နဲ့ ပိုက်လိုင်း ကိစ္စတွေ သဘောတူပေးခဲ့ရတယ်။

 ဒီလို လိုက်လျောမှုတွေကြောင့် ပေါက်ဖော်ကြီး က တစ်ကမ္ဘာလုံး နဲ့ ဆန့်ကျင်ပြီး စစ်အစိုးရကို ထောက်ခံခဲ့တဲ့ အတွက် ကုလားထိုင်လေး မှာ ဆက်ထိုင်ခွင့် ရခဲ့တယ်။

တကယ်တော့ ပေါက်ဖော်ကြီး နဲ့ ဆက်ဆံရတာ ဟာ မူးယစ်ဆေးဝါး နဲ့ ပတ်သက် ရသလို ပါပဲ။ လူညွန့် တုံးစေတယ်။ ဆက်ဆံပြီး ရင် ယင်းထ မှာ ကြောက်တာ နဲ့ မဖြတ်ရဲတော့ဘူး။ လူ ကသာ ကုလားထိုင်ပေါ် ထိုင်နေရပေမဲ့ မူးယစ်ဆေးဝါး ရဲ့ ဆိုးကျိုး က ကိုယ်ထင် ထားတာထက် ပိုပြီးခံစား လာရတော့ စိတ်ချမ်းမြေ့ လှ မယ် မထင်ပါဘူး။

နောက်ဆုံး အနေနဲ့ ကျွန်တော် ဖတ်ဖူးတဲ့ ကဗျာလေး ကို အမှတ်ရ သလို ပြန်ရေးပြပါ့မယ်။ 

ကဗျာရေးသူ အမည်မေ့နေလို့ ကဗျာပိုင်ရှင် ခွင့်လွတ်စေချင်ပါတယ်။

“ဒီ အချိန်မှာ
အနှစ်သာရ ကင်းမဲ့တဲ့ကောင်လေ
လောဘကြီးလိုက်ပုံများ
ဆွဲထားတဲ့ လက်ချောင်းတွေ အညောင်းမိမှ
သူ့လက် သက်တမ်းရှည်မှု ကို
သတိရတော့တယ်။”



 • 
Gecko
 From...   http://nyanhline.com/media/

No comments:

Post a Comment