Tuesday, April 7, 2015

ပြည်ထောင်ပြိုကွဲ၊ ထိုသူပဲ၊ သူရဲကောင်းသာ ဟုတ်ပါရိုးလား

 Aye NeWin   အေးနေဝင်း's photo.

-စစ်ဗိုလ်တွေ အတွက် ခွေး ကိုက် တာထက် နာတဲ့စကား
-ဘောပင် မင်ချောင်းက အစ အမေရိကန် အထောက်အပံ့ ယူပြီး တော်လှန်ရေးလုပ်ကာ တိုင်းပြည် ကို ဖြိုခွဲ ခဲ့တဲ့ သူ ဘယ်သူလဲ...........ရန်ကုန်တိုင်းမ်း ဂျာနယ် ပါ ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
..................................

ပြည်ထောင်ပြိုကွဲ၊ ထိုသူပဲ၊ သူရဲကောင်းသာ ဟုတ်ပါရိုးလား
........................
ကလေးများ ငယ်စဉ် က စင်ဒရဲလား ပုံပြင် ကို ကြားဖူးကြမည်ဖြစ်ရာ မင်းသမီးလေး ရထားလုံးပေါ်ပြေး လွှား တက်ရင်း ဖန် ဖိနပ် တစ်ဖက် ကျန်ခဲ့သည် ဟု သိမှတ် ထားကြသည်။ ကျောင်း တုန်းက သင်သည့် အခါတွင် လည်း ထို အတိုင်း နားလည် ထားကြသည်။ 

တစ်ကမ္ဘာလုံး ကလေးသူငယ်များ လည်း ထို အတိုင်းပင် မှတ်သား မိနေကြသည်။ နောက်ပိုင်း နည်းနည်း လူကြီးဖြစ် ၍ ဘာသာရပ် အလိုက် အခေါ်အဝေါ် များကို တီးခေါက် မိတော့မှ ဖန် ဖိနပ် မဟုတ်ဘဲ သိုးမွေး ဖိနပ်ဖြစ်နေမှန်း သိလိုက်ရ၏။ 

ထို ပုံပြင် ၏ မူရင်း စာရေး ဆရာဖြစ်သော Charles Perrault က ပြင်သစ် ဘာသာဖြင့် ရေးသား ရာတွင် pantoufle de vair, သားမွေး ဖိနပ်လေး ဟုရေးခဲ့သည် ကို pantoufle de verre, ဖန်သား ဖိနပ်လေး ဟူ၍ အင်္ဂလိပ် ဘာသာပြန်သူ က မျက်စိသျှမ်း ဖတ်ကာ ရေးလိုက်မိ သဖြင့် တစ်ကမ္ဘာလုံး လည်း ဖန် ဖိနပ်ဟု အထင်ရောက်ခဲ့ရလေသည်။ 

vair ဆိုသော စကားလုံးနှင့် veere ဆိုသော စကားလုံး ကလည်း မှားချင် စရာပဲကိုး။ အချို့ ကလည်း မူရင်း စာရေး ဆရာ ရေးသားသော ပြင်သစ် အရေးအသားတွင် ပင် မူကွဲနှစ်ခု ရှိသဖြင့် ဘာသာပြန်သူ ၏ အမှား မဟုတ်ဟု ကာကွယ်ပြောဆိုကြသေးသည်။ ရှိစေတော့၊

ထို ဇာတ်လမ်း ကို ရေးသားသည့်ခေတ် ပြင်သစ်ပြည် တွင် လူကုံတန် အသိုးအဝိုင်း မှ မိန်းမပျို များသည် သားမွေး ဖိနပ်များ ကို စီးသည့် အလေ့အထ ရှိသည်။ ကျွန်တော် ဆိုလိုသည် မှာ ဘာသာပြန်သည့် စာရေး ဆရာသည် အကယ်၍ ပြင်သစ် တို့၏ ဝတ်စား ဆင်ယင်ပုံ၊ ဓလေ့ ထုံးတမ်း၊ သမိုင်းကြောင်း ကို အနည်းငယ် တီးမိခေါက်မိ ပါက ထိုကဲ့သို့သော မှားယွင်းရေးမိသည့် အဖြစ်မျိုး ကြုံမှ ကြုံခဲ့ပါ့မလား ဆိုတာကို အတွေးနယ် ချဲ့ဖို့ကောင်းနေပေတော့သည်။ 

Aye NeWin   အေးနေဝင်း's photo.

မည်သည့် စာတစ်ပုဒ် မဆို ရေးသားသည့် အကြောင်းအရာပါ နိုင်ငံ၊ လူမျိုးနှင့် သမိုင်းကြောင်း ကို သိနား လည်ခြင်း သည် စာရေးဆရာ တစ်ယောက် အဖို့ စာကောင်းတစ်ပုဒ် ထွက်ဖို့ရာ လိုအပ်ချက် တစ်ခု လိုဖြစ်နေပေ သည်။ 

ယခု သီတင်းပတ် အတွင်း လက်ရှိ မြန်မာ စိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အကဲဖြတ်  သုံးသပ်မှု များ ပြုလုပ်သည့် ဆောင်းပါးများ ထွက်လာသည်။ တစ်ပုဒ် မှာ ပြည်တွင်း မီဒီယာတစ်ခုက သမ္မတ ဦးသိန်းစိန် တက်လာသည့် အချိန်မှ စ၍ လုပ်ကိုင်ဆောင်ရွက်ပေးမည် ဟု ကတိထား ခဲ့သော အချက်များ အနက် မည် မျှ ပြီးမြောက်သည်၊ မည်မျှ ကျန်သေးသည် စသည်ဖြင့် ဇယားချကာ သုံးသပ်ထားခြင်းဖြစ် သည်။

 နောက် တစ်ပုဒ်မှာ ကား Rena Pederson အမည် ရှိ နိုင်ငံခြား မှ လေ့လာ သုံးသပ်သူ တစ်ဦးရေးထားတာဖြစ် သည်။ သူ့ဆောင်းပါး ထဲမှ အကဲဖြတ် အမှတ်ပေးထားသည့် အချက် များတွင်လည်း တစ်လွဲ တစ်ချော်တွေ များနေသေးသော်လည်း အမှန်တကယ် အလွဲကြီး လွဲသည်မှာ ခေါင်းစဉ် တပ်ပုံဖြစ်လေသည်။

ထိုဆောင်းပါး ၏ စာရေးသူ က သမ္မတ ဦးသိန်းစိန် ကို ရည်ညွှန်း ရာတွင် မြန်မာနိုင်ငံ မှ ဂိုဘားချော့ သည် အမှန် တကယ် ပြုပြင်ပြောင်းလဲရေးကို လုပ်နေသူ ဟုတ်ရဲ့လား ဟု မေးခွန်း ထုတ်သွားသည်။ 

တစ်နည်း အားဖြင့် မြန်မာနိုင်ငံ ၏ ဂိုဘားချော့ ဟု ခေါ်ဆိုရလောက်အောင် အမှန်တကယ် ပဲ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ကိုင်နိုင် ခဲ့ခြင်း ရှိရဲ့လားဟု မေးခွန်း ထုတ်သွားခြင်း လည်း ဖြစ်တော့သည်။ 

ထိုကဲ့သို့ မေးခွန်းထုတ်ပြီး ဆောင်းပါးခေါင်းစဉ် တပ်လိုက်ခြင်းပင် လျှင် စာရေးသူသည် မြန်မာနိုင်ငံ အကြောင်းနှင့် တပ်မတော် ၏ တွေးခေါ်ယုံကြည်ပုံ ကို နားလည်နိုင်စွမ်း မရှိကြောင်း ပြသနေပေတော့သည်။ 


 Aye NeWin   အေးနေဝင်း's photo.


ပထမဆုံး သတိပြုသင့်သည့် အချက်မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် က သူ့ကို မြန်မာနိုင်ငံ ၏ ဂိုဘားချော့ ဟု ခေါ်ဝေါ်သည် ကို ဂုဏ်ယူတတ်သူ မဟုတ် ဆိုသည့် အချက်ပင် ဖြစ်သည်။ 

ဆိုဗီယက်ပြည်ထောင်စု ၏ နောက်ဆုံး ခေါင်းဆောင် ဂိုဘားချော့ ကို အားကျ အတူယူ ဖွယ်ကောင်းသော ခေါင်းဆောင် တစ်ယောက် ဟု မှတ်ယူ မထားဟု နားလည်ရပေသည်။ ဤအချက် ကို စာရေးသူ သည် သူ၏ ဆောင်းပါးနောက်ပိုင်းတွင် လည်း ဝန်ခံထားသေးသည်။ 

သမ္မတ ဦးသိန်းစိန် ၏ နိုင်ငံခြား သတင်းဌာန များနှင့် တွေ့ဆုံသော မေးခွန်းဖြေကြားသည့် အစီအစဉ် တို့တွင် အခြားနိုင်ငံ မှ မည်သည့်ခေါင်းဆောင် များကို အားကျပါသနည်း ဟု မေးမြန်းသည့် အခါတိုင်း တွင် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးနှင့် စင်ကာပူ ဝန်ကြီးချုပ် လီကွမ်းယူ တို့ကို လေးစား အတုယူ လိုကြောင်း ဖြေကြားသည်ကို လည်း မှတ်သားမိတော့သည်။
 
သမ္မတ ဦးသိန်းစိန်မှ မဟုတ်၊ တပ်မတော် တွင် အမှုထမ်းဆောင် ခဲ့ဖူးသော အကြီး အကဲ တော်တော် များများ သည် လည်း ဆိုဗီယက်ခေါင်းဆောင် ဂိုဘားချော့ ကို အထင်မကြီးကြသည် ကို တွေ့ဖူးသည်။ ၁၉၉၈ ခန့်က ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် အမှုထမ်း ခဲ့သည့် ဗိုလ်မှူးချုပ် ဒေါက်တာကျော်ဝင်း သည် ကနေဒါနိုင်ငံရှိ အထင်ရ မီဒီယာ ရုပ်သံဌာန တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်း လုပ်ရာတွင် Gorbachev Syndrome ဂိုဘားချော့ ရောဂါ ဟုသော အသုံးအနှုန်းမျိုး ကို ထည့်သွင်း ပြောကြားခဲ့သည်။

 ပြည်တွင်း အကျိုးစီးပွား အကျိုးပြုရေးထက် ပြည်ပ တွင် ရေပမ်းစားရေး ကိုသာ အလေးထားနေလို့ မရကြောင်း သာဓက တစ်ခု အနေဖြင့် ပြညွှန်သွားခြင်း ဖြစ်သည်။ တပ်မတော်တွင် အဆင့်မြင့် ရာထူးကြီး တစ်ခု ထမ်းဆောင် ခဲ့ဖူးသော အကြီးအကဲ တစ်ဦးက ဆိုလျှင် သူ့ကို ဆိုဗီယက် ခေါင်းဆောင် မီခေးလ် ဂိုဘာချော့ တို့ ချက်သမ္မတ ဗဲကလပ် ဟာဘဲ တို့နှင့် နှိုင်းခံ ရလျှင် ခွေးကိုက် တာထက်နာသည် ဟူ၍ပင် ဆိုသည်ကို ကြားဖူးသည်။ အခြားသော တပ်မတော် အရာရှိတော်တော် များများ ကလည်း သူ့အမြင်နှင့် တစ်ထပ် ထည်း ခံယူထားကြသည်။

ဖော်ပြ ခဲ့သလို ဂိုဘားချော့နှင့် ဗဲကလပ်ဟာဘဲ တို့ကို မြန်မာ အရာရှိ အတော်တော် များများ အဘယ်ကြောင့် အထင်မကြီးနိုင်ကြသည်ကို ဆန်းစစ်ကြည့် ပါက မြန်မာနိုင်ငံ သည် ပြည်ထောင်စု နိုင်ငံတစ်ခုဖြစ်နေပြီး အဆိုပါ ပြည်ထောင်စုကြီး ကို မပြိုကွဲရလေအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အဓိက လုပ်ကိုင်နေသော တပ်မတော် အရာရှိများ အနေဖြင့် မိမိ လက်ထက်တွင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာဖြစ်အောင် ကစဥ့် ကလျား မနိုင်မနင်း အုပ်ချုပ်ခဲ့သော ခေါင်းဆောင်များကို အဘယ်မှာ လျှင် လေးစား အားကျနိုင်ပါအံ့နည်း။ 

မီခေးလ် ဂိုဘားချော့ လက်ထက်တွင် ဆိုဗီယက် ပြည်ထောင်စု သည် အာမေးနီးယား၊ အာဇာဘိုင်ဂျန်၊ ဘဲလာရုစ်၊ အစ်စတိုးနီယား၊ ဂျော်ဂျီယာ၊ ကာဒစ်ကစ္စတန်၊ ကာဇာ့စတန်၊ လက်ဗီးယား၊ လစ်သူရေးနီးယား ၊ မော်ဒိုဗာ၊ ရုရှ၊ တာဂျစ်ကစ္စတန်၊ တာခ့်မစ်နစ္စတန်၊ ယူကရိန်း၊ ဥဇဘက်ကစ္စတန် ဟူသော (၁၅) နိုင်ငံ တိုင်အောင် အစိတ်စိတ် အမွှာမွှာ ကွဲခဲ့သည်။ 

ထိုနည်း တူစွာ ချက်ကိုစလိုဗက်ကီးယား သမ္မတ ဗဲကလပ် ဟာဘဲ လက်ထက် တွင်လည်း ချက် သမ္မတနိုင်ငံနှင့် ဆလိုဗက် နိုင်ငံ ဟူ၍ နိုင်ငံနှစ်ခြမ်းကွဲသွားခဲ့လေသည်။

ဤနေရာတွင် ချက်ကို စလိုဗက်ကီးယား နိုင်ငံ နှစ်ခြမ်းကွဲသည်နှင့် ပတ်သက်၍ မှတ်သား ဖွယ်ကောင်းသော ရေး သားချက် တစ်ခုကို ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ မက်ဒလင်း သြဘရိုက်ရေးသား ခဲ့သည့် ကိုယ်တိုင်ရေး အတ္တုပ္ဗတိ Madam Secretary စာအုပ် တွင်တွေ့ရမည်ဖြစ်သည်။

 ပြဇာတ်ရေးဆရာ အဖြစ်မှ နိုင်ငံရေးခေါင်းဆောင် ဖြစ်သွားသော ဗဲကလက် ဟာဘဲသည် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဘဝ ကပင် အနောက်နိုင်ငံများနှင့် အလွမ်းသင့် ချစ်ခင်သူ တစ်ဦးဖြစ်လေသည်။ နောက်ပိုင်း တွင် အနောက်နိုင်ငံများ ကလည်း ဟာဘဲ တို့၏ လှုပ်ရှားမှု များကို ရက်ရက်ရောရော ကူညီထောက်ပံ့ခဲ့သည်။ 

မက်ဒလင်း သြဘရိုက် ရေးသားဝန်ခံချက်အရ ဆိုလျှင် ဟာဘဲ ကိုင်သော ဘောပင် ကိုပင် အမေရိကန် နိုင်ငံ မှာ လက်ဆောင်ပေးထားခြင်းဖြစ်ပြီး၊ အမေရိကန်နိုင်ငံတွင် သာ ဝယ်ယူ ရရှိနိုင်သော အဆိုပါ ဘောပင်၏ မင်ချောင်း များကို လည်း အမြဲ မပြတ် လပ်ရလေအောင် မက်ဒလင်း သြဘရိုက် ကိုယ်တိုင် တာဝန်ယူ ကာ ပေး ပို့ပေးခဲ့ရသည်ဆိုသည်။ 

သူတို့ အချင်းချင်းလည်း အပြန်အလှန်လေးစား ချစ်ခင်ကြသည်။ မက်ဒလင်း သြဘရိုက် ကိုယ်တိုင်ကလည်း ချက်ကိုစလိုဗက် လူမျိုး မိဘ များမှ ဆင်းသက် လာသော မျိုးဆက်ဖြစ်နေပြန် သဖြင့် အမေရိကန် နိုင်ငံ ၏ နိုင်ငံခြားရေး လမ်းစဉ် အရ ဟာဘဲ တို့ လှုပ်ရှားမှု ကို အာပေးရင်း နောက်ဆုံး ကတ္တီပါ တော်လှန်ရေး အမည်ဖြင့် အောင်ပွဲခံသည့် တိုင်အောင် ကမ ကထပြုခဲ့သည် ကို ကိုယ်ထိလက်ရောက် ပါဝင်ကူညီခဲ့သော သူ့အနေဖြင့် ဝမ်းသာ ဂုဏ်ယူမိနေတော့သည်။ 

သို့ရာတွင် ကတ္တီပါ တော်လှန်ရေး သည် အမေရိကန်နှင့် အနောက်နိုင်ငံ များက လိုလားသော အစိုးရမျိုးကို တင်မြှောက်နိုင်ခဲ့သော်လည်း ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ကိုလည်း နှစ်ခြမ်း ကွဲသွားစေခဲ့သည်။ မိမိတို့ ချမှတ် ထားသော ပေါ်လစီ အရ မျှော်မှန်းသည့် အတိုင်း အစိုးရ အပြောင်းအလဲဖြစ်သည် ကို တစ်ဖက်တွင် ဂုဏ်ယူ ဝမ်းမြောက်သော မက်ဒလင်း သြဘရိုက် သည် နောက်တစ်ဖက်တွင် လည်း သူ၏ ဘိုးဘွား များခေါင်း ချရာ တိုင်းပြည် နှစ်ခြမ်း ကွဲသည့် ဖြစ်ရပ်ကို မူ စိတ်မကောင်းဖြစ်မိကြောင်း ရိပ်ဖမ်းသံ ဖမ်းလေး ရေးသွားရှာသည်။ 

သူ့ စာအုပ်တွင် ထို ကိစ္စနှင့် ပတ်သက်ပြီး ဖော်ပြ ထားရာ သြော် ကျွန်မ တို့ လူမျိုးတွေ မလဲ အိုလံပစ် ပြိုင် ပွဲတွေ မှာ ချက်ကိုစလိုဗက်ကီးယား အသင်းအနေနှင့် ရွှေတံဆိပ်၊ ငွေတံဆိပ်တွေ အနိုင် ရတာထက်ကို ဘာ ဆုမှ မရလဲ ချက် အသင်း သတ်သတ်၊ ဆလိုဗက် အသင်း သတ်သတ် ခွဲပြိုင်ပြီး လူတော တိုးရတာမျိုးကို ပိုလို လားတယ်ဆိုတာ သိလိုက် ရမှတော့ ဘာမျှော်လင့်ချက် ရှိအုန်းတော့ မလဲ၊ ကွဲကြတာပေါ့ရှင် ဟုရေးသား သွားလေသည်။ 

တိုင်းပြည်တစ်ပြည် မပြိုမကွဲ စည်းလုံးစွာ နေထိုင်သည်ကို ကွဲကြပြဲကြသည့် အခါတွင် မှ ပို တန်ဘိုးထား လွမ်း ဆွတ်မိကြသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှတော့သည်။

တပ်မတော်သား များမှ မဟုတ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သည် ငယ်စဉ် ကထည်းက ရှေးမြန်မာ မင်းများ အကြောင်း ကျက်မှတ်ကြီးပြင်း လာရာတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စသော ပြည်ထောင်စုကြီး ကို ခိုင်ခို်င်မာာ ထူထောင်နိုင်ခဲ့သည့် ခေါင်းဆောင် များကို သူရဲကောင်းသဖွယ် မှတ်သားကြည်ညိုရင်း ကြီးပြင်လာကြသူများဖြစ်သည်။ 

တပ်မတော်သားတို့ အဖို့မူ ထိုပြည်ထောင်စုကြီး ကို ကာကွယ် ထိန်းသိမ်းရင်း စွန့်လွှတ် စွန့်စားခြင်းများ အလီလီ ကိုလည်း သမိုင်းနှင့် ထပ်တူ ပြုခဲ့ကြသည်။ ခြေ လက် အင်္ဂါ၊ အသက် တို့ကို စွန့်လွှတ်ခဲ့ကြ သည်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင် စောင့်ရှောက်ကြသည် ကပင်လျှင် မြန်မာနိုင်ငံသားတို့၏ စရိုက်လက္ခဏာ တစ်ခုဖြစ်နေလေပြီ။ 

ဤသို့သော စရိုက်လက္ခဏာ မျိုးဖြင့် ပျောင်းထုံကြူစိမ့်နေသော နှလုံးသား ပိုင်ရှင် မြန်မာတို့သည် ပြည်ထောင် စု တစ်ရပ်ကို အစိတ်စိတ် အမွှာမွှာ ပြိုကွဲအောင် တာဝန်မဲ့စွာ အုပ်ချုပ်ခဲ့သော ခေါင်းဆောင် တစ်ယောက် အပေါ် အားကျအတု ယူဖွယ်အဖြစ် အဘယ်မှာ နှလုံးသွင်းနိုင်ပါ အံ့နည်း။

 ပေါ်ယံကြည့်လိုက် ပါက မြန်မာနိုင် ၏ ဂိုဘားချော့ တစ်ဖြစ်လဲ ဦးသိန်းစိန် ဟု ရည်ညွှန်းရေးသား လိုက်ခြင်း သည် ဂုဏ်ပြုခေါ်ဝေါ် သလိုလို ထင်စရာဖြစ်နေသည်။ သို့သော် ထို အခေါ်အဝေါ် သည် လေးလေးနက် နက်တွေးလေလေ ကျောချမ်း စရာကောင်းလေလေ ဖြစ်တော့သည်။ 

လူမျိုး တစ်မျိုး ၏ တွေးခေါ်ပုံ၊ ယုံကြည်ချက်၊ ပကတိအခြေအနေမှန် ကို မသိဘဲ သိုးမွေး ဖိနပ်ကို ဖန် ဖိနပ်ဖြစ် ရလေအောင် ရေးမိသော အပြစ်ကင်းမဲ့သည့် အမှားမျိုးသာ ဖြစ်ပါစေဟု ဆုတောင်နေမိသေးသည်။ 

ထိုသို့ မဟုတ်ဘဲ တိုင်းပြည် ပြိုကွဲရာ ပြိုကွဲကြောင်း ကို လိုလားသူတို့ ဖက်မှ ပါးပါးလေး နိမိတ်ပြကာ ရည်ရွယ်ချက် ရှိရှိနှင့် ရေးသားခြင်းဖြစ်လျှင်မူ ဂရုမထား ကြောင့်ကျမဲ့ မနေအပ်သော အရာဖြစ်နေ၍ မီးမောင်းထိုး တင်ပြလိုက်ရခြင်းဖြစ်ပါတော့သည်။


 Aye NeWin အေးနေဝင်း

 From...  The Yangon Times

 

No comments:

Post a Comment