Saturday, August 10, 2013

ဘ၀ အောင်မြင်ေ၇း အတွက် လုံ့လ ၀ီ၇ိယ နှင့် ဥာဏ် အမြော်အမြင်



လောက ဓမ္မတာ တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်း ဟူ၍ နှစ်မျိုးရှိရာ ဤလောက၌ ရှိရှိသမျှ လူ အပေါင်း တို့သည် တိုးတက်ခြင်း ကိုသာ လိုလား နှစ်သက်ကြပြီး ဆုတ်ယုတ်ခြင်းကို မည်သူ တစ်ဦးတစ်ယောက်မျှ မလိုလား ကြချေ။ 

တိုးတက် ကြီးပွားလိုသော် လုံ့လ ဝီရိယ စိုက်ထုတ်၍ ဥာဏ် အမြော်အမြင် ရှိရပေမည်။လုံ့လ ဝီရိယ ၏ ဆန့်ကျင်ဘက် မှာ ပျင်းရိခြင်း ဖြစ်၏။ 

ပျင်းရိခြင်း ခြောက်မျိုး ရှိကြောင်း  ပညာရှိ တို့ ပြဆို ခဲ့ရာ  ချမ်းလှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊ ပူလှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း ၊ စောလွန်းသေး သည် ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊ မိုးချုပ် လှပြီဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊ ဆာလောင် လှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊ ဝမ်းဝ လှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း တို့ဖြစ်သည်။


 
၂၁ ရာစုခေတ် သည် သိပ္ပံနှင့် နည်းပညာ တို့ အရှိန်အဟုန်ဖြင့် တိုးတက် လာသည်နှင့် အမျှ အရာ အားလုံး တို့သည် လည်း အပြောင်းအလဲ မြန်ဆန်လှသည်။ တိုးတက် ကြီးပွားလိုသူ ဟူသရွေ့ တို့သည် မိမိ တို့၏ အချိန် ကို အကျိုးရှိစွာ အသုံးချ တတ်ကြရ မည် ဖြစ်သည်။

 လောက တွင် ရှိသမျှသော အဖိုးတန် ဆိုသည်တို့ထက် အဆပေါင်း မြောက်မြားစွာ တန်ဖိုး ရှိသော အချိန် ကို ကောင်းစွာ အသုံး ချတတ်မှသာ အောင်မြင် တိုးတက် ကြီးပွားချမ်းသာမှု ရရှိနိုင် မည်ဖြစ်သည်။

လုံ့လ ဝီရိယ စိုက်ထုတ် ၍ ကြိုတင် ပြင်ဆင်ခြင်းဖြင့် အောင်ပွဲ ဆင်နိုင်ကြောင်း ဥပမာ အဖြစ် ရှင်နာဂ သေနမထေရ်နှင့် မိလိန္ဒ မင်းကြီးတို့ အမေးအဖြေ သာဓက ရှိခဲ့သည်။ 

မိလိန္ဒမင်းကြီး ၏ လုံ့လ ဝီရိယနှင့် သက်ဆိုင်သော မေးခွန်းကို အရှင် နာဂသေန က ပြန် လည် ဖြေကြားရာ၌ ''မင်းကြီး အမှုကိစ္စ ပေါ်ပေါက်မှ ပြုအပ်သော လုံ့လ ဝီရိယတို့သည် အမှု ကိစ္စ တို့ကို ပြီးစီးတတ် သည် မဖြစ်။ အမှုကိစ္စ မရောက်မီ မတွေ့မီ အခါ ရှေးဦးစွာ က ပြု အပ်သော လုံ့လ ဝီရိယ သာလျှင် အမှု ကိစ္စတို့ ကို ပြီးစီး စေတတ်၏။ 

မင်းကြီး ဥပမာ သော်ကား မင်းကြီးသည် အကြင်အခါ၌ ရေမွတ်သိပ်သည် ဖြစ်အံ့။ ထို အခါ ရေသောက် အံ့သော ငှာ ရေတွင်း ရေကန် တို့ကို မတူးချေ။ ရှေးဦးစွာမှ သာလျှင် ရေ ကို သောက် ရချေ မည်။ 

မင်းကြီး စစ်ထိုး အံ့သောငှာ ရန်သူပေါ်လာ အံ့။ ထိုအခါ မင်းကြီးသည် မြို့၊ ကျုံး၊ တံတိုင်း (ပြအိုး)၊ ပစ္စင်ရင်တား တို့ကို ပြုလုပ် အံ့လော။ မျိုးရိက္ခာ စပါးတို့ကို စုရုံးအံ့လော။ ထိုအခါ ဆင် အတတ်၊ မြင်း အတတ် တို့ကို သင်အံ့လော ဟူ၍ ပြန်လည် မေးမြန်းသည်။ 

မိလိန္ဒ မင်းကြီး က ''အရှင်ဘုရား ထိုသို့ မဟုတ်ပါ။ ရှေးဦးစွာက အမှုတို့ကို ကြိုတင်၍ ပြုရချေ သည်''ဟု လျှောက်ထားသော် ရှင်နာဂသေန က'' မင်းကြီး ထို့အတူ အခါ မရောက်မီက စ၍ ပြု အပ်သော လုံ့လ ဝီရိယ သည် သာလျှင် အမှု ကိစ္စတို့ ကို ပြီးစီး စေနိုင်၏။ 

ထို့ကြောင့် အမှုကိစ္စ မရှိမီက ရှေးဦးစွာ လုံ့လ ဝီရိယ ပြုအပ်သည်'' ဟု မိလိန္ဒ မင်းကြီးအား ရှင်း လင်း ဖော်ပြ ဆုံး မတော်မူခဲ့သည်။

လုံ့လ ဝီရိယ စိုက်ထုတ် ရာ၌ အကြောင်းအကျိုး၊ အကောင်းအဆိုး တို့ကို ပိုင်းခြား ဝေဖန်နိုင်စွမ်း ရှိရပေ မည်။ ဆင်ကန်း သည် လမ်းမှန်း မသိ၊ တောချုံမှန်း မသိ ဇွတ်တိုး ၍ သွား သကဲ့သို့ ဥာဏ် အမြော် အမြင် နည်းပါးသူ သည် အမှန်အမှား ကို မသိ၊ ထင်ရာမြင် ရာ ပြော ဆို ပြုမူ တတ် ကြ သည် ကို ရည်ညွှန်း၍ စာဆို ရှင်မဟာ ရဋ္ဌသာရက ''ကျစ်လျစ် မရှိ၊ အငြိငြိတည့်၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုး သို့''ဟူ၍ ဥပမာ ခိုင်းနှိုင်းခဲ့သည်။
သို့ဖြစ် ၍ ကြီးပွား တိုးတက် လိုသူတိုင်း သည် အပျင်းခြောက်ပါး ကို ရှောင်၍ လုံ့လဝီရိယ စိုက်ထုတ် ကာ အစား ပြန် မရနိုင်သည့် တန်ဖိုး ရှိသော အချိန်တို့ ကို အသုံး ချ၍ မိမိ သူတစ်ပါး ကြီးပွား တိုးတက်ရေး အတွက် အမြော် အမြင် ရှိရှိဖြင့် ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။


Written by အာယု
 မြ၀တီ မှ မျှဝေဖေါ်ပြသည်  

                     

No comments:

Post a Comment