Friday, August 9, 2013

တနင်္ဂနွေ စကား လက်ဆောင် { ၅ } ကြာဖက် ကလေး




သူကျောင်းတက်နေသော ချီရန်ဘရန်မြို့လေး တွင် နာမည်ကြီး နဋရာဂျ ဆိုသော ဟိန္ဒူ ဘုရားကျောင်း ကြီး တစ်ခု ရှိလေသည်၊ ဘုရားကျောင်း ၏ အရပ်မျက်နှာ တိုင်းတွင် မိုးထိအောင် ဟီးထနေသော မုခ်ဦးကြီးများ ရှိလေသည်၊ အရှေ့ဘက် အ၀င်မုခ်နှင့် မြောက်ဘက် အ၀င် မုခ်ဦးသည် လူအ၀င် အများဆုံးသော မုခ်ဦးများ ဖြစ်လေသည်၊

ဒီက မြို့ခံတွေ အပြောအရ သူတို့မြို့ က ဘုရားကျောင်း သည် အိန္ဒိယတွင် အကြီးဆုံး ထဲတွင် ပါဝင် သည် ဟု သိရသည်၊ နဋရာဂျ ဆိုသည်မှာ အမြဲတမ်း“က”နေသော နတ်ဘုရား ဟု အဓိပ္ပါယ် ရလေသည်၊ အိန္ဒိယ တစ်နိုင်ငံလုံးက ကချေသည် များသည် ဒီဘုရား ကျောင်းဆီကို လာရောက်ပြီး ကပြရလေ့ ရှိသည်ဟုလဲ သိရသည်၊

ဘုရားကျောင်း ပတ်လည် တွင် ဘုရားပူဇော်ရန် အတွက် ပန်း များရောင်းချသော ပန်းဈေး တန်းလေး ရှိလေသည်၊ ပန်းများ သည် အများအားဖြင့် အ၀ါရောင် သန်းနေ သော အမည်မသိ ပန်းများ က ပန်းဈေးတန်း တစ်ခုလုံးကို စိုးမိုးထားလေသည်၊ စပါယ်နှင့် နှင်းဆီပန်း များကလဲ ခပ် များများ ၊ စပါယ်ပန်း ကို ဘုရား လှူရာတွင်ရော အမျိုးသမီးများ ကခေါင်းမှာ တမြတ်တစ်မျိုး ပန်ဆင် ရာတွင်ပါ အသုံးပြုကြလေသည်၊




သူတို့ ဆီမှာ ထူးခြားတာက ပန်းဝယ်လျှင် ကြာဖက် ကလေးတွေနှင့် ထုတ်ပေး တတ် သော ဓလေ့လေး တစ်ခု က ချစ်စရာ၊ ပလပ်စတစ်ကျွတ်ကျွတ်အိပ်နှင့် ထုတ်ပေး သည်မှာ ရှားလှ သည်၊ စားစရာမုန့် တစ်ခုခု ၀ယ်လျှင် လဲ ထိုနည်း လည်းကောင်း သတင်းစာ စက္ကူ အဟောင်းနှင့် ထုတ်ပေး တတ်လေသည်၊ ပြီးလျှင် အပ်ချည်လေး ပတ်ပေးတတ်သည်။

သူသည် နဋရာဂျ ဘုရားကျောင်း ဘက်ရောက်တိုင်း ပန်းဈေးတန်းဖက်ကို ရောက်ဖြစ် တာ များလေ သည်၊ ပန်းဈေးတန်းဖက် ရောက်ဖြစ်တိုင်း ပန်းထုပ်ပေးသော ကြာရွက်လေးတွေကို ခဏခဏ ကြည့်ဖြစ်လေသည်၊ ကြာရွက်လေးတွေမြင်တိုင်း သူ့ အတွေးတွင်----

 “အသား ငါးတွေ ထုတ်ထားတဲ့ ဖက် ဟာ အသားငါး အနံ့တွေ စွဲနေတတ်ပြီး ၊ အသားငါး ရနံ့တွေ နံညှီနေ တတ်တယ်၊ ပန်းပွင့်လေးတွေ ထုတ်ထားတဲ့ဖက်ဟာ ပန်းပွင့်လေးတွေ ရနံ့ ကျန်နေပြီး ပန်းရနံ့မွှေးနေတတ်တယ်”ဆိုသော အဆိုတစ်ရပ်ကို ခဏခဏ အမှတ်ရလေ့ ရှိသည်၊

သူသည် ထို အဆိုလေးကို အမှတ်တရရှိတိုင်း သူ့ကိုယ်သူ ပြန်လည်စမ်းစမ်းကြည့်နေ မိသည်၊ “ငါဟာ သားငါးထုတ်ထားတဲ့ ဖက်လား၊ ပန်းပွင့်လေးတွေ ထုတ်ထားတဲ့  ဖက်လား”ဆိုပြီးလဲ ခဏခဏ မေးခွန်းထုတ်နေမိသည်၊ အဖြေတို့သည် ဝေေ၀၀ါးဝါးသူထင်သည် သူ့ဘ၀မှာ သားငါးတွေ သာ ခဏခဏ အထုတ်များ လိမ့်မည်လို့၊

စာဖတ်သူများကိုယ်တိုင်ကော အသားငါး ထုတ်ထားတဲ့ ဖက် ကလေးတွေလား၊ ပန်းပွင့်လေး တွေ ထုတ် ထားတဲ့ ဖက်ကလေးတွေလား ကွဲကွဲပြားပြားသိရအောင် ကိုယ့်ကိုယ် ကို ပြန်တွေး ကြည့်ပြီး မေးကြည့်ပါဦးနော် ။ ။



ရွှေမန်းသား
August 6, 2013 at 12:06am
http://mingalargarden.blogspot.in/

No comments:

Post a Comment