Thursday, August 8, 2013

သမိုင်း တစ်ကွေ့ မှ ၇ဲဘော် သုံးကျိပ် ၀င် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော





 

ဗိုလ်မှူးချုပ်ကျော်ဇော ၏ အမည်ရင်းမှာ ကိုရွှေဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် များဖြစ်ကြသည့် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုလှမောင် (ဗိုလ်ဇေ ယျ)၊ ကိုလှ(ဗိုလ်မင်းရောင်) တို့ကဲ့သို့ ကိုရွှေ သည် ကျောင်းသား အဖွဲ့မှဖြစ်သည်။ ကျောင်းသား အဖွဲ့ဆိုသော်လည်း စင်စစ် ယင်းတို့သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ တို့ဗမာအစည်းအရုံး သြဇာခံများသာ ဖြစ်ကြသည်။

ကိုရွှေ သည် ဂျပန်စစ် ပညာသင်တန်း တက်စဉ်က ဂျပန် အမည် မှာ “တာနီဂုချိရှင်အိချီ” (Taniguchi Shinichi) ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗိုလ် အမည်ခံယူရာတွင် ဗိုလ်ကျော်ဇောဖြစ် လာသည်။

ဗိုလ်ကျော်ဇော ကို သာယာဝတီ ခရိုင် သုံးဆယ်မြို့ဆိုင်းစု ရွာတွင် ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (ကျော်ငြိမ်း ၏ ရဲဘော်သုံးကျိပ် စာအုပ် စာ မျက်နှာ ၁၃၉ ၌ ၁၉၁၈ နိုဝင်ဘာ ၃၀ ရက်ဟူ ၍ ဖေါ်ပြထားသည်။) ၌ အဖ လယ်သမားကြီးဦးပန်း၊ အမိဒေါ်တင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။ 




ငယ်စဉ်က သုံးဆယ်မြို့နှင့် ဆိုင်းစုရွာ အကြားရှိ ရွာမ ရွာမြန်မာ မူလတန်းကျောင်း၊ ညောင်ဝိုင်း မူလတန်းကျောင်း၊ သုံးဆယ်မြို့အာရ်စီအမ် ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ယင်းနောက် ရန်ကုန် သို့ပြောင်းရွှေ့ ၍ ရန်ကုန်မြို့ မြူနီစီပယ် အထက်တန်းကျောင်း မှ မြန်မာ (၁၀) တန်းအောင်မြင်ခဲ့သည်။ 


ဟိုက်ယားဂရိတ်ခေါ် ဆရာဖြစ် သင်တန်းတက်နေဆဲ မှာပင် ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး လုပ်ခဲ့သည်။ ၁၉၃၈ တတိယကျောင်းသား သပိတ်တွင် ကိုရွှေတို့၏ ဆရာဖြစ်သင်ကျောင်း မှ ကျောင်းသားများက အတွင်းဝန်များ ရုံးဝင်ပေါက်၊ ထွက်ပေါက်များ ပိတ်၍ သပိတ်ထား ခဲ့ကြ သည်။ ယင်းနောက် သုံးဆယ်မြို့ သို့ပြန်၍ မူလတန်းပြ ဆရာဝင်လုပ်ခဲ့သည်။

သာယာဝတီတွင် တို့ဗမာ အစည်းအရုံးဝင် သခင်များ လာရောက်ဟောပြော စဉ် သခင် ခင်အောင်နှင့် တွေ့ဆုံ ရင်းနှီးပြီး ကိုရွှေကို စင်ပေါ်တင် ပေးသဖြင့် စတင်ဟောပြောဖြစ်ခဲ့သည်။

ထို့နောက် ရန်ကုန်သို့ပြန် လာကာ ဆရာမကြီးဒေါ်မမထံတွင် အင်္ဂလိပ်စာ သင်ယူခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီတွင် စစ်ရဲဘော်လေ့ကျင့်ရေး တာဝန်ခံ ကိုညိုနှင့်တွေ့ဆုံပြီး အင်္ဂလိပ်ကို တိုက်ရန် ဂျပန် သို့ စစ်ပညာ သင်သွား မည့်မျိုးချစ် လူငယ်များနှင့်အတူ လိုက်ရန် တိုက်တွန်း သည့် အတွက် သခင်မြနှင့်ဆက်သွယ်ပြီး ဂျပန်သို့ စစ်ပညာသင်ရန် စေလွှတ်သည်။
 

ရဲဘော်သုံးကျိပ် ဒုတိယ အသုတ်ဖြစ်သော သခင်စိုး (ဗိုလ်မြင့်အောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်)၊ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်း ယုန်) တို့နှင့် အတူ ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ၁၉၄၁ ဧပြီ ၁၃ တွင် ထွက်ခွာခဲ့သည်။
 

၁၉၄၁ ဧပြီ ၂၈ တွင် ဂျပန် နိုင်ငံ အိုဆာကာမြို့ သို့ရောက်ရှိခဲ့ပြီး ထိုမှ တဆင့် တိုကျိုမြို့ သို့ လေ ယာဉ်ဖြင့် ထွက်ခွာ ခဲ့သည်။ တိုကျိုမှတဆင့် ဟိုင်နန်ကျွန်းသို့ ၁၉၄၁ မေ ၁၀ တွင် ရောက်ရှိခဲ့ သည် ။ ဟိုင်နန် ကျွန်းတွင် ဖွင့်လှစ်ထားသော စန်းယ စစ်ပညာသင်ကျောင်းနှင့် ထိုင်ဝမ်ကျွန်းတို့ တွင် တိုက်ခိုက်ရေး သင် တန်းများ တက်ရောက်ခဲ့သည်။

ထို့နောက် ၁၉၄၁ ဒီဇင်ဘာ ၂၆ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ လူမျိုး မျက်စိကု ဆရာ ဝန်ကြီး ဦးထွန်းဖေနေအိမ် ၌ ရဲဘော်သုံးကျိပ် ဝင်များ လက်မောင်းသွေးဖောက်ကာ သစ္စာ အဓိဋ္ဌာန်ပြုရာ တွင် ပါဝင်ခဲ့သည်။ ယင်နောက် ရဲဘော်သုံးကျိပ်ဝင် များ ဗိုလ် အမည်ခံယူရာ ဗိုလ် ကျော်ဇောဖြစ်လာသည်။ ရဲဘော် သုံးကျိပ်ဝင်များ၏ ဗိုလ်ဘွဲ့များကို ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကမှည့်ပေးခဲ့သည်ဟု ဆိုသည်။
 

၁၉၄၂ ဇန်နဝါရီ ၁၁ တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) စစ်ဌာန ချုပ်နှင့် မော် လမြိုင် စစ်ကြောင်းဖြင့် မြန်မာနိုင်ငံ တွင်း ချီတက် ၍ ဗြိတိသျှနယ်ချဲ့တို့ကို တိုက်ခိုက်ခဲ့သည်။ ၁၉၄၂ ဇူလိုင် ၂၇ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပြန် လည်ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၄၄ သြဂုတ် ၄ မှ ၇ ထိ ပဲခူးမြို့ ဗမာ့တပ်မတော်ခံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇော နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ကိုယ်စားလှယ် သခင်စိုးတို့ လျှို့ဝှက်တွေ့ ဆုံဆွေးနွေးပြီး ဖက်ဆစ်တိုက် ဖျက်ရေးအဖွဲ့ဖွဲ့ရန် သဘောတူညီခဲ့သည်။

၁၉၄၄ သြဂုတ် ၁၂ တွင် ဗမာ့ တပ်မတော်ခေါင်းဆောင် အရာရှိကြီး များ အစည်း အဝေးသို့ တက်ရောက်ခဲ့ သည်။ ၁၉၄၅ စက်တင်ဘာ ၄ တွင် ဗိုလ်ချုပ်အောင် ဆန်းခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ သီဟိုဠ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ) ကန္နီမြို့သို့သွားရောက်ရာ၌ အဖွဲ့ ဝင်အဖြစ် လိုက်ပါခဲ့သည်။

၁၉၄၅ ဒီဇင်ဘာ ၁၅ တွင် ဗမာ့ တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်း မှူးအဖြစ်လည်းကောင်း၊ ၁၉၄၉ ဖေဖေါ်ဝါရီ ၄ တွင် တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ်လည်းကောင်း ဆောက်ရွက်ခဲ့သည်။ ၁၉၅၂ တွင် မြန်မာ စစ်မစ်ရှင် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ် ၊ နော်ဝေး၊ ဆွီဒင်နှင့် ယူရိုဆလားဗီးယား နိုင်ငံ များသို့ သွားရောက်ခဲ့သည်။


၁၉၅၃ တွင် မြောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် ပြန်လည် တာဝန်ယူဆောင်ရွက် ခဲ့သည်။ ဗမာ့ တပ်မတော် တွင် ဗိုလ်မှူးချုပ် အဆင့်ထိ တာဝန် ထမ်းရွက်ခဲ့သည်။၁၉၅၄ မတ် ၂ တွင် မြန်မာ့မြေ သို့ ကျူးကျော် ဝင်ရောက်လာသော တရုတ်ဖြူကိုမင်တန် (Kuomintang) တပ်များ ကို ဘုရင့် နောင် စစ်ဆင်ရေးဖြင့်လည်းကောင်း၊ ၁၉၅၅ မတ် ၇ တွင် တရုတ်ဖြူ တပ်များ ကို ရန်ကြီးအောင် စစ်ဆင်ရေးဖြင့်လည်းကောင်း ကိုယ်တိုင် ဦးစီး ကွပ်ကဲ၍ တိုက် ခိုက်ချေမှုန်းခဲ့သည်။

၁၉၅၅ စက်တင်ဘာလတွင် စစ်ဘက်ချစ်ကြည်ရေးမိတ်ဆက်အဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ သွားရောက် လည်ပတ်ခဲ့သည်။

ဗမာ့ တပ်မတော် မှ ၁၉၅၆ ဇန်နဝါရီ ၆ တွင် အောင်မာဃ ထိုးစစ် ဆင်နွှဲစဉ် ဗကပဌာနချုပ် သို့ ရဲဘော်ကြီးမြင့်နှင့် ဗိုလ်ကျော်ဇောတို့ပေးပို့သော စစ်ရေး ထိပ်တန်းလျှို့ဝှက် သတင်းများ ပါရှိ သည့် စာရွက် စာတမ်းများကို သိမ်းဆည်း မိခဲ့သည်ဟု ဆိုကာ ၁၉၅၇ ဖေဖေဝါရီ ၁၃ ရက်နေ့ ပါစာ အမှတ် ၂၀ ရာထူး (၁၅) ၅၇ အရ ၁၉၅၇ မတ် ၆ တွင် တပ်မတော် မှ ဒုဗိုလ်မှူးကြီး အဆင့် သို့လျှော့ချ ၍ အငြိမ်းစားပေးခြင်းခံရသည်။


 အောင်မာ ဃစစ်ရေးဆိုသည်မှာ ပခုက္ကူခရိုင် အတွင်းရှိ ဗကပ ပါတီဌာနချုပ် ကို ထိုးစစ် ဆင်သော စစ်ရေးဖြစ်သည်။  ယင်းနှင့်ပတ်သက် ၍ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော က သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်စာအုပ်မှ စာ ၁၉၄ တွင် အောက်ပါအတိုင်း ရေး သားထားသည်။

“ထို(အောင်မာဃ) စစ်ဆင်ရေးအတွင်း ဗမာပြည်ကွန်မြူနစ် ပါတီဌာနချုပ်မှ စာရွက်စာတမ်း အတော် များများသိမ်းဆီး မိရာ ထို အထဲတွင် ဥက္ကဋ္ဌ သခင်သန်းထွန်း ၏ ထိပ်တန်း လျှို့ဝှက် ဖိုင်တွဲ တစ်တွဲ ပါရှိသည်။ ထို ဖိုင်တွဲ တွင်ပါရှိသောစာအချို့မှ အချက်အလက်များအရ သခင်သန်း ထွန်းထံ ကျွန်တော်ကရေးပေးသည် ဟု ထင်ရသော အကြောင်းအရာများ ပါရှိနေ ရာ ထိုကိစ္စကို အကြောင်းပြု၍ ကျွန်တော့်ကို အကြီးအကျယ် အရေးယူ ရန် တပ်တွင်း တပ်ပြင်ရှိ ဆိုရှယ်လစ် များ စီစဉ်ကြပါတော့သည်။

ဤနေရာတွင် ကျွန်တော်နှင့် ထိုခေတ် ထိုအချိန်က နိုင်ငံရေး ဇာတ်ခုံများတွင် အရေးပါ စွာရောက် ရှိနေသူများ အကြား ဆက်ဆံရေးကို ရေးပါ ဦးမည်။

ထိုအချိန် ကာလ ၁၉၅၆ ခုနှစ် သည် ဆိုရှယ်လစ် များက တပ်တွင်း တပ်ပြင်သြဇာလွှမ်းမိုးရေး အကြီးအ ကျယ်ကြိုးစားနေမှု အရှိန်ရနေချိန်နှင့် လည်း တိုက်ဆိုင်နေပါသည်။ သူတို့ သည် ပြင်ပ အန္တရာယ်ဖြစ် သည့် တရုတ်ဖြူတိုက်ရေး ထက် ပြည်တွင်းစစ် ကိုသာ အလေးပေး အပြုတ် တိုက်ချင် သူများ ဖြစ်ကြသည်။


 ပြည်သူ လူထုနိုးကြားပြီး တောင်းဆို လွန်း၍သာ (တဖက် ကလည်း ဗမာပြည် ကွန်မြူနစ်ပါတီ က ဖေါ်ထုတ် ဖွင့်ချနေ၍သာ) တရုတ်ဖြူတိုက်ရေး ကို လုပ် ကြခြင်းဖြစ်သည်။ ထို တိုက်ပွဲများ အရှိန်နှင့် ကျွန်တော်သြဇာကြီးမား လာမှုကိုလည်း သူတို့ စိုး ရိမ် နေကြသည်။

တပ်တွင်း မှ ဆိုရှယ်လစ် ပါတီဆန့်ကျင် သည့် တပ်မှူးများ လည်းရှိရာ ကျွန်တော်နှင့် ပူပေါင်း စည်းရုံး မိပြီး သူတို့ ဆိုရှယ်လစ် များကို အာခံခေါင်းမာ လာကြမှာလည်း စိုးရိမ်ကြသည်။ အဓိက မှာ ဆိုရှယ်လစ် များအနေနှင့် တိုင်းပြည်ကို ၎င်းတို့စိတ်ကြိုက်ချယ်လှယ် လိုကြရာတွင် တပ်မတော် ကို ပထမဆုံး သူတို့စိတ်ကြိုက် အုပ်စီးနိုင်ဖို့ရာမှာ ဆူးငြောင့်ခလုတ်ဖြစ်သော ကျွန်တော် ကို ဖယ်ရှားပစ်ဖို့လိုလေသည်။

ကျွန်တော် ဤကဲ့သို့ တပ်မှ ထုတ်ပစ်ရေးကို ပုဂ္ဂိုလ်ရေး အရ အဓိကကြိုးစားကြိုးကိုင်သူ (၃) ဦး (ဦးကျော် ငြိမ်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်နေဝင်း) တို့ ရှိပါသည်။

ဆိုရှယ်လစ် ပါတီမှ ဦးကျော်ငြိမ်း သည် တလျှောက်လုံး ကျွန်တော့် ကို သတိဖြင့်စောင့်ကြည့် ခဲ့ ပါသည်။ ဦးကျော်ငြိမ်း သည် ကျွန်တော့် ကို သူ၏ ဆိုရှယ်လစ် ပါတီတွင်းရောက်အောင် များစွာ အားထုတ် လုံးပန်း ကြိုးစားခဲ့ပါသည်။
 

ဆိုရှယ်လစ် ပါတီမှာ ပြည်သူတို့၏ အကျိုး ကိုဆောင်ရွက်ဖို့ ထက် ကွန်မြူနစ် ပါတီဆန့်ကျင်ရေး၊ အပြုတ်တိုက်ရေး ကိုသာ အဓိက လုပ်နေသော ပါတီဖြစ်ရာ (အဓိက ၎င်းတို့ ကိုယ်ကျိုးစီးပွား ကိုသာ လုပ် နေရာ) ကျွန်တော့် အနေနှင့် တိုင်းပြည်နှင့်ပြည်သူ့မျက်နှာ မထောက်ဘဲ မိမိ တဝမ်း တစား အတွက် ဆိုရှယ်လစ် ပါတီဝင် မလုပ်နိုင်ပေ။
 

ဦးကျော် ငြိမ်းအနေနှင့် ကလည်း ကျွန်တော်၏ပြင်းပြသော ပြည်ချစ်စိတ်၊ အကျင့်စာရိတ္တ၊ သီလ၊ ရာထူး စည်းစိမ် မမက်မောမှု စတာတွေ ကိုကြည့်ပြီး သူ သိမ်းသွင်းနိုင်မည့် သူ မဟုတ်ရုံ မက သူ့ရှေ့ရေးရည်မှန်းချက် ကိုပါ နှောင့်ယှက်နိုင်သူ ဟုမြင်နေ သဖြင့် ထိုဖိုင်တွဲ ကိစ္စပေါ်လာသော အခါ တပ်တွင်း ဆိုရှယ်လစ်များနှင့် ပူးပေါင်းပြီး တက်ကြွစွာ ကျွန်တော့်ကို အရေးယူ လုပ်ဆောင် လာခြင်းဖြစ်ပါသည်။
 

ဗိုလ်အောင်ကြီး မှာ နိုင်ငံရေး ထက် ပုဂ္ဂိုလ်ရေး ရာထူး အတွက်ပါ ကျွန်တော့်ကို ဆန့်ကျင်သဖြင့် အလွန်ပြင်းထန်ပြီး ကျွန်တော့် အပေါ် ပုဂ္ဂိုလ်ရေး အရလည်း အလွန်မုန်းတီးပါသည်။ ကျွန်တော် တပ်တွင်းရှိနေ သရွေ့ သူ့ အနေနှင့် ကျွန်တော့်ကိုကျော် ကာ ထိပ်ရောက်နေဖို့မဖြစ်နိုင်ပါ။

ဗိုလ်နေဝင်းမှာ ကျွန်တော့်ကို ဂျပန်ခေတ်ကတည်းက မလိုလား၊ မနှစ်မျို့သော်လည်း လက်တွေ့ ထည့်သွင်း စဉ်းစားရမည့် အချက်များ ရှိပါသည်။ (ဗိုလ်နေဝင်းသည် တပ်တွင်း ဆိုရှယ်လစ်များ အနက် ၎င်း၏ ကိုယ်ကျိုးစီးပွားနှင့် ပတ်သက်လာလျှင် အလွန် လက်တွေ့ကျ စွာ စဉ်းစားနိုင် သူဖြစ်သည်။)

တိုင်းပြည်တွင် စစ်တပ်က ထမ်းဆောင်ရမည့် တာဝန်ကြီးများပေါ်ပေါက်လာပါက သူ့တွင် အား ကိုး ဖို့မရှိပေ။ သူကိုယ်တိုင် က ဘာမှ စွမ်းရည်ရှိသူ မဟုတ်။ သူ့ ဆိုရှယ်လစ် တပ်မှူးများ က လည်း အားမကိုးရ။ အရေးအ ကြောင်းဆိုက ကျွန်တော့်ကိုခေါ်ပြီး တာဝန်ပေးရ။ ကျွန်တော် ကလည်း တစ်ခါမျှမငြင်းဆို။ ခေါ်ပြီးတာဝန်ပေးသမျှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့။ 


တစ်ခါမှလည်း ရာထူး ကိစ္စ၊ ကိုယ်ရေး ကိစ္စ မတောင်းဆိုဖူး။ ထို အချက်များကြောင့် ကျွန်တော့် ကို တပ်မတော်မှ ထုတ်ပစ်ရေး အထိတော့ သူက အစပိုင်းတွင် မလိုလားခဲ့ပါ။ သို့သော် နောက် ပိုင်း ကျွန် တော့်သြဇာအရှိန်တက်လာသောအခါ သူလည်း ဗိုလ်အောင်ကြီးနှင့်အတူပူးပေါင်းပြီး ကျွန်တော့်ထုတ်ပစ်ရေးကို တက်ကြွစွာ လုပ်လာပါတော့ သည်။

ဤသူများအပြင် ဦးနုနှင့် ဦးဗဆွေ (ထိုအချိန်က ဝန်ကြီးချုပ်လုပ်နေသူ) တို့လည်း ကျွန်တော့်ကို မလို လားကြဘဲ ဖြစ်နေပါသည်။ ထို့ကြောင့် သူတို့ကလည်း ထိုဖိုင် ကိစ္စပေါ်လာသောအခါ ကျွန်တော်ကို ဖယ်ရှားပစ်ရန် လိုလားပုံရပါသည်” ဟူ၍ ရေးသားထားလေသည်။

၁၉၆၀ ဖေဖေါ်ဝါရီ ၆ တွင် ကျင်းပသောပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရေးကောက်ပွဲ ၌ တသီး ပုဂ္ဂလအမတ်လောင်းအဖြစ် ကြည့် မြင်တိုင်အောက်ပိုင်း မဲဆန္ဒနယ် မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ ၌ သန့်ရှင်း ဖဆပလအမတ်လောင်း သခင်စံဝေ အရွေး ခံရသည်။

၁၉၆၁ ဖေဖေါ်ဝါရီ ၂၇ တွင် တရုတ်ဖြူ   ကျူးကျော်မှု ဆန့်ကျင်ရေး အမျိုးသားကော်မတီ ၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီနှင့် တောတွင်း လက်နက်ကိုင် အဖွဲ့များ ပြည်တွင်းငြိမ်း ချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ် ကာလက ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၇၆ ဇူလိုင် ၁၈ တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာပြီး ၁၉၇၆ သြဂုတ်လ ၁၀ တွင် ဗကပနှင့် ပူးပေါင်းခဲ့သည်။ ၁၉၇၆ နိုင် ဝင်ဘာ ၃ တွင် ဗကပ ဗဟိုဌာနချုပ် ၌ စစ် အကြံပေးနှင့် ဗဟို စစ်ကော်မရှင် အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ဗကပ ဗဟို စစ်ဦးစီး ဌာန ဗဟိုစစ်ကော်မရှင်တွင် ပထမ၊ ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းရွက်ခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သည် ပြည်တွင်းငြိမ်းချမ်းရေး သဘောထားနှင့် လက်ရွေးစင် မိန့်ခွန်းများ (၁၉၅၇)၊ ဖက်ဆစ်တော်လှန်ရေး (၁၉ ၅၉)၊ ကမ္ဘာစစ်နှင့်ငြိမ်းချမ်းရေး (၁၉၆၀)၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ (၁၉၆၁)၊ သမိုင်းမှန်ကူကွက်များ၊ တရားခံအစစ် ဘယ်သူ လဲ၊ မီဒီယာလောကနှင့် အင်တာဗျူးများ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ် (၂၀၀၇) တို့ကို ရေး သားပြုစုခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သည် မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု၌ စွမ်းစွမ်း တမံဆောင်ရွက် ခဲ့မှု များကြောင့် ၁၉၅၅ ဇန်နဝါရီ ၁၀ တွင် ယူဂို စလားဗီးယား သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (ပထမဆင့်) နှင့် ၁၉၅၉ မတ် ၂၇ တပ်မတော်နေ့ တွင် လွတ် လပ်ရေးမော် ကွန်းဝင် (ပထမဆင့်) တံဆိပ်တို့ကို ချီးမြှင့်ခံရသည်။


ဗမာပြည် ကွန် မြူနစ်ပါတီရဲ့ ထိ ပ် တန်းခေါင်းဆောင် လည်းဖြစ်၊ ရဲဘော်သုံး ကျိ ပ်ဝင် လည်းဖြစ် တဲ့  ဗို လ် မှူးချုပ်ဟောင်း ကျော်ဇောဟာ ၂၀၁၂ ခုနှ စ်၊ အောက်တိုဘာလ ၁၀ ရက် နေ့ နံနက် ၃ နာရီ၃၀ မိနစ်အချိန်ခန့် မှာ တရု တ်နိုင်ငံ၊ ယူနန် ပြည်နယ်၊ ကူမင်းမြို့မှာ ကွ ယ်လွန် သွားခဲ့ ပါတယ်။ ကွယ်လွန် တဲ့ အချိန် ကတော့အ သက်၉၃ နှ စ်ရှိ ပြီ ဖြစ် ပါတယ်။


 


သန်းဝင်းလှိုင်

(ယခု ဆောင်းပါးကို http://moemaka.com/archives/26928 ၏ မူပိုင်သာဖြစ်ပြီး ပြန် လည်ဖော်ပြခြင်း ဖြစ်သည်။)
 

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အကြောင်းဆောင်းပါး အချို့
http://abbsoluteright.blogspot.no/2012/10/blog-post_22.html
http://www.zaygwet.com/local_news_detail.php?id=4320
http://www.zaygwet.com/local_news_detail.php?id=4387
http://abbsoluteright.blogspot.no/2012/10/blog-post_2509.html
http://www.scribd.com/doc/109917604/BO-KYAW-ZAW-PEOPLE-S-SOLDIER

                            သူ၇ိယ မှမျှဝေဖေါ်ပြသည်.....

No comments:

Post a Comment