Sunday, August 11, 2013

အခွန်လျော့ သွင်းခွင့် ပြုခဲ့သည့် ကုမ္ပဏီ တက္ကစီ များ ပြန်လည် စီစစ်သင့်


 ကုမ္ပဏီ တက္ကစီများကို အလွယ်တကူ စီးနင်းနိုင်ရန်အတွက် ကုမ္ပဏီ တက္ကစီ များကို အခွန်လျှော့ ၍ တင်သွင်းခွင့်ပြုထားသော်လည်း ရည်မှန်းချက်အတိုင်း အမှန်တကယ် အထောက် အကူပြုမှု ရှိမရှိကို ပြန်လည် စိစစ်သင့်ကြောင်း မော်တော်ယာဉ် စီိးနင်းသူများထံမှ သိရသည်။

စည်းကမ်းချက်တွေနဲ့ တင်သွင်းခွင့်ပြု

ကုမ္ပဏီ တက္ကစီများ တင်သွင်းရန် ခွင့်ပြုစဉ်က ပိုင်ရှင် အမည် မပြောင်းရန်၊ မီတာ စနစ်ဖြင့် ပြေး ဆွဲရန်၊ အိမ်များမှ ဖုန်းဖြင့် လှမ်းခေါ်ပါ က အိမ် အထိ လိုက်ကြိုသည့်စနစ် လုပ်ကိုင်ပေးရန်၊ ကုမ္ပဏီက တင်သွင်းသည့် မော်တော်ကား များကို တရောင်တည်း ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်ခဲ့သည်။

“မြို့တော်အင်္ဂါရပ်နဲ့ ညီတဲ့ တက္ကစီတွေကို ကုမ္ပဏီ တက္ကစီအဖြစ် တင်သွင်းခွင့် ပေးရင် စီမံ အုပ် ချုပ်ရ လွယ်မယ်။ ကုမ္ပဏီတခုစီက တင်သွင်းတဲ့ ကားတွေကို အရောင် တရောင်တည်း ထားရ မှာ ဆိုတော့ အမြင်တင့်တယ်ဆိုပြီး အခွန်လျှော့ တင်သွင်းခွင့် ပြုခဲ့တာပါ” ဟု ရန်ကုန်တိုင်း အစိုးရ ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။



ယာဉ်အို ယာဉ်ဟောင်း အပ်နှံ၍ မော်တော်ယာဉ် တင်သွင်းခွင့် များကို ခွင့်ပြုပြီး သည့် နောက် ပိုင်း ကုမ္ပဏီ တက္ကစီများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်း အစိုးရက တင်သွင်းခွင့်ပြု ရန် ထောက်ခံခဲ့ခြင်း ဖြစ်သည်။


တင်သွင်းသူတွေ အခွန် အတော် သက်သာ ခဲ့ကြသော်လည်း ...

“ခုချိန် အထိ မီတာ နဲ့မောင်းပြီး တက္ကစီ ခ တောင်းတာမျိုး မကြုံဖူးပါဘူး။ ကုမ္ပဏီတွေက တက္ကစီ တင်သွင်းပြီး တဖက်လှည့်နဲ့ ပြန်ရောင်းနေကြတာပါ။ ပရိုဘောက် တစီးကို ရိုးရိုး တင်သွင်းတာ ထက် စာရင် ကုမ္ပဏီ တက္ကစီ အမည်နဲ့ တင်သွင်းရင် အခွန် ကျပ် ၂၇ သိန်းလောက် သက် သာပါတယ်။ 

အစိုးရအနေနဲ့ အခွန်ရတာ လျော့သွားတာပဲ ရှိတယ်။ စည်းကမ်းအတိုင်း လုပ်တဲ့ ကုမ္ပဏီ က နှစ် ခု သုံးခုလောက်ပဲ ရှိနေတယ်” ဟု ကားတင်သွင်းသည့် လုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းအောင် က ပြောသည်။

တိုင်း အစိုးရ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီိ တခုလျှင် ကား အစီး ၁၀၀ နှုန်းဖြင့် ကုမ္ပဏီပေါင်း ၁၃၀ မှ အစီးပေါင်း ၁၃,၀၀၀ ကို တင်သွင်းခဲ့ပြီး ဖြစ်သည်။


မီတာနဲ့ တောင်းတဲ့ တက္ကစီ မတွေ့သေးပါ

လက်ရှိ အနေအထား အထိ အငှားယာဉ်တက္ကစီများမှာ မီတာဖြင့် ဖွင့်မောင်းကာ မီတာအတိုင်း ကျသင့်ငွေကို တောင်းခံခြင်းမျိုး မရှိသေးကြောင်း သိရသည်။

“ကုမ္ပဏီ တက္ကစီတွေ ကို တင်သွင်းခွင့် ပေးတော့ စည်းကမ်းချက်တွေ ကို ဂျာနယ်တွေက ရေးတဲ့ သတင်းတွေ မှာ ဖတ်လိုက်ရတယ်။ မီတာနဲ့ဆိုရင် ကုန်ကျစရိတ် ပိုသက်သာမှာပဲလို့ တွေးထား တာ။ အရင်က မီတာတပ်ဖို့ မကြာခဏ ထုတ်ပြန်တာတွေ ရှိခဲ့ပေမယ့် အောင်မြင်တာ မတွေ့ ရဘူး။ 


တက္ကစီမောင်းသူ တယောက်စီကို ကိုင်တွယ်ဖို့ဆိုတာ မလွယ်ပေမယ့် ကုမ္ပဏီတွေက ဆိုရင် ကိုင်တွယ်ရ လွယ်မှာပဲလို့ တွေးမိပေမယ့် လက်ရှိ အချိန်အထိ မီတာနဲ့ တောင်းတဲ့ တက္ကစီ တစီး မှကို မတွေ့ခဲ့ဖူးဘူး” ဟု တက္ကစီ နေ့စဉ်စီးနေသူ ကုမ္ပဏီ တခုတွင် စာရင်းစစ် လုပ်ကိုင်နေ သည့် ဒေါ်မြမာလာ က ထောက်ပြသည်။

တက္ကစီ ခ မကျဘဲ လမ်းပို ကျပ်လာ

ထိုသို့ အခွန်နှုန်းထား လျှော့ချ တင်သွင်းခွင့်ပြု ထားသော်လည်း တက္ကစီ ခ ဈေးနှုန်း များမှာ ကျဆင်း မှု မရှိခဲ့ဟု ဆိုသည်။

“ကမာရွတ်မြို့နယ် လှည်းတန်းနဲ့ ရန်ကင်းမြို့နယ် ရန်ကင်းဈေးကွေ့ မှတ်တိုင်ကို အရင်ကလည်း ကျပ် ၂,၀၀၀ ပဲ။ ကုမ္ပဏီတက္ကစီတွေ သွင်းပြီးတော့လည်း ကျပ် ၂,၀၀၀ ပဲ။ ဈေးကျသွားတယ် မရှိပါဘူး။ 


တခါ တလေ ကားကျပ်လို့ဆိုပြီး ၂,၅၀၀ - ၃,၀၀၀ ကျပ်အထိ တောင်းတဲ့ သူတောင် ရှိသေး တယ်။ ကုမ္ပဏီ တက္ကစီတွေ သွင်းခွင့်ပေး မှ ဈေးကျ မသွားဘဲ ကားလမ်းကျပ် တာပဲ အဖတ် တင်ပါတယ်” ဟု ရန်ကင်း စင်တာတွင် အရောင်းမန်နေဂျာ လုပ်ကိုင်နေသည့်
ဒေါ်မျိုးမျိုးအောင် က ပြောသည်။

လက်ရှိအခြေအနေတွင် ကုမ္ပဏီတက္ကစီများမှာ ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့် အညီ ဆေးရောင် တရောင်တည်း ခြယ်သထားခြင်း မျိုး အတွေ့ရနည်းနေခြင်း၊ ကားများ စတင် တင်သွင်းစဉ်က မီတာတပ် မောင်းရပါက ကားခ အရနည်းသဖြင့် မီတာဖွင့် မမောင်းလိုခြင်း စသည့် အခြေ အနေများ ရှိနေသည်။

“လက်ရှိ အချိန်အထိ စည်းကမ်းဥပဒေတွေ ကို လွယ်လွယ် ချိုးဖေါက်တဲ့ အလေ့ အထတွေက စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ ပြန့်နှံ့နေတုန်းပါပဲ။ အစိုးရအနေနဲ့ မိမိပြဋ္ဌာန်းတဲ့ စည်းကမ်း ဥပဒေတွေကို သေချာ ကိုင်တွယ်သင့်ပါတယ်။ 


ဒါမှလည်း စည်းကမ်းတွေကို လိုက်နာရမှန်း သိလာမှာပါ” ဟု မော်တော်ယာဉ် ထုတ်လုပ် သူ များနှင့် တင်သွင်းရောင်းချသူများ အသင်းမှ ဒု-ဥက္ကဋ္ဌ ဦးအောင်ဝင်း က အကြံပြု ပြောဆိုသည်။
           

ခင်မျိုးသွယ် .....မဇ္ဈိမ မှ မျှဝေဖေါ်ပြသည်

 

No comments:

Post a Comment