Saturday, August 1, 2015

ကာမပိုင် ရှိသူ နဲ့ ဖောက်ပြားလျှင် ကြုံရမည့် ဒု-သ-န-သော အကြောင်း


Blocker Blocker's photo.
 


ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံး အကြောင်း ကတော့ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ၊ ဇေတ၀န် ကျောင်းတော် မှာ သီတင်းသုံး နေတော် မူချိန် က ဖြစ်ပါတယ်။ 

တစ်နေ့ သာဝတ္ထိပြည့်ရှင် ကောသလဘုရင် ဟာ တိုင်းခန်း လှည့်လည်ရင်း မထင် မရှား ဆင်းရဲသား အမျိုး သမီး တစ်ဦး ကိုနှစ်သက် သဘောကျခဲ့ ပါတယ်။ 

နန်းတော်ပြန်ရောက်ပြီး အဲဒီ အမျိုးသမီး အကြောင်း ကို စုံစမ်း ခိုင်းတဲ့ အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက် ဆိုတာ သိခဲ့ ရပေမယ့် ဘုရင်ကောသလ ဟာ အမျိုးသမီးအပေါ် စွဲ လန်းနေမိတဲ့ အတွက် ဒီ အမျိုးသမီး ကို အရ ယူဖို့ သူမ ရဲ့ ယောက်ျား ကိုခေါ်ပြီး နန်းတော်မှာ အလုပ် ခန့်ခဲ့ပါတယ်။

 ကောသလ မင်းကြီးဟာ အမျိုးသမီး ဟာ လင်ရှိ မယား ဖြစ်နေတဲ့ အတွက် အဲဒီ လင်ယောက်ျား ကို တစ်နည်း နည်းနဲ့ အပြစ် ရှာပြီး အပြစ်အတိုင်း အဆုံး စီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ် ဆိုတဲ့ ရည်ရွယ် ချက် နဲ့ သူဆင်းရဲသား လင်ယောက်ျား ကို နန်းတော် မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
 

လင်ရှိမယား ကို သိမ်းပိုက် လိုတဲ့ ဘုရင် ဟာ ရည်ရွယ်ချက် အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျား ကို တာဝန်တစ်ခု ကို စေခိုင်း ခဲ့ပါတယ်။ 

ဘုရင်ကြီး က “အချင်းယောက်ျား… ငါ့ ဘုရင်နန်းတော် ကနေ တစ် ယူဇနာ ကျော်ကျော်လောက် မှာ ရှိတဲ့ မြစ်တစ်ခု ကို သွားပြီး အဲဒီ မှာ ရှိတဲ့ ကုမုဒြာ ကြာပန်း နဲ့ အရုဏ၀တီမြေ ကို ငါဘုရင် ရေးချိုးချိန် အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက် မလာရင် သင့်ကို မင်းပြစ် မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူ ခဲ့လော့”လို့ မင်း အမိန့် နဲ့ စေခိုင်းခဲ့ပါတယ်။ 


ဘုရင်ကြီး ဟာ မဖြစ်နိုင်တာကို တမင် အပြစ်ရှာပြီး ခိုင်းတဲ့ သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသား ကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
 

ဒါနဲ့ သူဆင်းရဲသား လည်း ဇနီးမယား ကို အကျိုးအကြောင်းပြောကာ ထမင်း ရိက္ခာပြင်စေပြီး တစ်ယူဇနာ ခရီးကို အပြင်း နှင်ခဲ့ ပါတယ်။ 

လမ်းခရီး မှာ ထမင်း စားချိန်ရောက်လို့ ထမင်း စားပြီးတဲ့ အခါ ပါလာ တဲ့ ထမင်း ဟင်းများ ရဲ့ တစ်ချို့တစ်ဝက် ကို ခရီးသွား ယောက်ျား ကိုလည်း လှူကာ ကျန်တဲ့ အစားအစာတွေကို လည်း မြစ်ထဲမှာ ရှိတဲ့ သတ္တ၀ါတွေ ကို ကျွေးမွေး လှူဒါန်းပြီး သစ္စာပြု လိုက်ပါတယ်။
 

တိုတိုပြောရရင် ဒီ ကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာ နဲ့ အရုဏ၀တီမြေ ကို ရရှိခဲ့ပါ တယ်။ ဘုရင့် အမိန့် အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါး ကို စောစော အပိတ်ခိုင်းလိုက် ပါတယ်။ 

ဆင်းရဲသားယောက်ျား ဟာ မြို့တံခါး ပိတ်ထားတဲ့ အတွက် အဲဒီည အိပ်စရာ မရှိတဲ့ အခါနောက်ဆုံး သတ္တ၀ါတွေ ရဲ့ ထုံးစံ အတိုင်း ဒုက္ခရောက် မှ ဘုရားကျောင်း ကန် ကို သတိရ ကာ မြတ်စွာ ဘုရားကျောင်းတော် မှာ သွားရောက် အိပ်စက်ခဲ့ ရပါတယ်။
 

 ကောသလဘုရင် ဟာ အဲဒီည မှာ ဆင်းရဲသားယောက်ျား ကို မင်းဒဏ် နဲ့ အဆုံး စီရင်ပြီး သူ့ မယားကို သိမ်း ပိုက် ဖို့ အရေး၊ သူမ နဲ့ အတူ နေထိုင်နိုင်ရေး စတဲ့ အတွေးတွေ နဲ့ ကိလေသာမီး တောက်လောင် ကာ အိပ် မရဖြစ်နေ ခဲ့ပါတယ်။

အိမ်မပျော်ဖြစ်နေတဲ့ ဘုရင် ဟာ ညဥ့်နက်နက် အချိန်မှာ လောဟကုမ္ဘီ ငရဲ မှာ ငရဲ ခံနေရတဲ့ ငရဲသား လေးယောက် ရဲ့အသံ ကို ထူးထူးခြားခြား ကြားလိုက် ရပါတယ်။ 

အဲဒီ ငရဲသား လေးယောက်ဟာ ငရဲ ခံရင်း သူတို့ မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေ ကို တစ်ယောက်နဲ့ တစ်ယောက် ကြား ရအောင် အော် ဟစ်ညဉ်းညူ ပြောကြား ဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက် က“ဒု”၊ တစ်ယောက် က“သ”၊ တစ်ယောက် က “န”၊ တစ်ယောက် က “သော”လို့ တစ်လုံး စီလောက် ပဲ အော်ပြောနိုင် ကြပြီး ငရဲ အိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။ 

အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီး ဟာ အဲဒီ အသံကြီးတွေ ကို ကြားပြီး အရမ်း ထိတ် လန့်ကာ ဘယ်လို မှ အိပ်မရတော့ ဘဲ တစ်ညလုံး မိုးလင်း ခဲ့ရပါတယ်။
 

မနက် လင်းတော့ ကောသလဘုရင် ဟာ ညက အဖြစ်အပျက်တွေ ကို တွေးတောကြောက်လန့်ပြီး ပညာရှိ ပု ရောဟိတ် ကို မေးမြန်းတဲ့ အခါ ပုရောဟိတ်ပုဏ္ဏား က “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက် အန္တရာယ် အတွက် စိုးရိမ် စရာဖြစ်ပါတယ်၊ ဒီ အန္တရာယ်တွေ ကင်းဖို့ သဗ္ဗသတ ဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ 

ဒီ ယဇ်ပူဇော်ဖို့  အတွက် ဆင် ၊မြင်း ၊နွားလား ဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား ၊ သတိုးသမီး စသဖြင့်သတ္တ၀ါ တစ်မျိုးမျိုး ကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါ ဆို ဘုရင်ကြီး ရဲ့ အသက် အန္တရာယ် အတွက် စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။
 

ကောသလဘုရင် ဟာ ဉာဏ် အမြင် နည်းပါးပြီး ကိုယ့် အသက်ရှင်ရေးဆို ဘာမဆို လုပ်နိုင်တဲ့ သူဖြစ်တဲ့ အတွက် ပုရောဟိတ်ပြောတဲ့ အတိုင်း စီရင် စေပါတယ်။ ဘုရင်ရဲ့ယဇ်ပူဇော်မှု အစီအစဉ်ကြောင့် တိုင်းပြည် တစ်ပြည်လုံး အုပ်အုပ် ကျက်ကျက်ဖြစ်ပြီး သား သမီး ပါသွား တဲ့ မိဘဆွေမျိုးတွေ ဟာ အမျိုးမျိုး ပူဆွေး ငိုကြွေးကြ ပါတယ်။

ဒီ အသံတွေကြောင့် ကောသလမင်း ကြီး ရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာ မိဘုရားဟာ ဘုရင်ကြီး ကိုတွေ့ ပြီး ဒါဟာလမ်းမှန် တဲ့ အလုပ် မဟုတ်တဲ့ အကြောင်း၊ ဒီပြဿ        နာကို ဖြေရှင်းပေးနိုင် မှာ ဘုရားရှင် သာဖြစ်ကြောင်း နဲ့ ဘုရားရှင် ထံ သွားရောက်လျှောက် ကြားဖို့ အကြောင်း အကြံပြုလိုက်ပါ တယ်။ နောက် ဆုံးတော့ကောသလ မင်းကြီးဟာ မိဘုရားကြီး ရဲ့အကြံအ တိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။
 

ဘုရားရှင်ထံရောက်တဲ့ အခါ ကောသလမင်းကြီး က ညက ကြားခဲ့ ရတဲ့ အသံတွေ အကြောင်း လျှောက် ထား တဲ့ အခါ မြတ်ဗုဒ က အဲဒီ အသံတွေဟာ တခြား မဟုတ် မကောင်း တဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လော ဟ ကုမ္ဘီ ငရဲမှာ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူ ကာ အဲဒီ ငရဲသားတွေ ရဲ့ အတိတ်အကြောင်း ကို ဟောတော်မူပါတယ်။
 

 မြတ်ဗုဒ္ဓက “ဒီ ငရဲသားတွေဟာ ကဿ          ပမြတ်စွာ ဘုရားရှင် လက်ထက်တုန်း က အတူသွား အတူလာ အတူပျော် ပါး စားသောက်ကြ တဲ့ ချမ်းသာ တဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက် ဟာ ငွေကြေး ချမ်းသာကြတဲ့ အတွက် အပျော် အပါး အမျိုးမျိုး ကို ပျော်ပါးကြ ရင်း နောက်ဆုံး သူတို့ လေးယောက် တိုင်ပင် ကာ စည်းစိမ် ဥစ္စာတွေ ကို ချောမော လှပတဲ့ အမျိုးသမီးတွေ ကိုပေးကာ သူတို့ နဲ့ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံး ဖြတ်ပြီးချောမောလှပ တဲ့ အမျိုးသမီး မှန်သမျှ အိမ်ထောင် ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါး ခဲ့ကြကြောင်း၊ 

ကဿ          ပ        ဘုရားရှင် ပွင့်တော် မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်း မှာ ပွင့်တဲ့ အတွက် သူဋ္ဌေးသားလေး ယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီ အကုသိုလ်ကြောင့်ပဲ သူတို့ လေးယောက်သေတဲ့ အခါ အ၀ီစိ ငရဲမှာ ကျရောက်ကာ အ၀ီစိငရဲ မှာ နှစ်ပေါင်းမြောက်များ စွာ ခံစားပြီး အခု တစ်ခါလောဟကုမ္ဘီ ငရဲ မှာ ထပ်ပြီး ခံနေရတာဖြစ်ကြောင်း၊ 

မင်းကြီး ကြားတဲ့ အသံတွေ ဟာ လောဟကုမ္ဘီ ငရဲ မှာ ခံစားနေရ တဲ့ အဲဒီ သူဋ္ဌေးသား လေးယောက် ရဲ့ အသံ ပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင် ကာ ကောသလ မင်းကြားခဲ့ တဲ့ အသံကြီးလေးခု ရဲ့ အဓိပ္ပါယ် ကို ထပ်မံ ရှင်းလင်း မိန့်တော် မူပါတယ်။
 

 မြတ်စွာဘုရားရှင် က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေ ထဲက...............................
 

“ဒု”  ဆိုတဲ့ အသံ ဟာ ဒီ အသံ ကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ 


ငါတို့ အား စည်း စိမ် ဥစ္စာ များ ထင်ရှား ရှိကုန်ပါလျက် မပေး မလှူ   မိကြကုန်၊ မိမိ၏ မှီရာ ကိုင်းကျွန်း သဖွယ် ဖြစ်သည့် ကုသိုလ် ကောင်းမှု ကို မပြုမိ ကြသည့် ငါတို့ သည် မကောင်း သဖြင့် အသက်မွေးခြင်း ကို ပြုလုပ် ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊
 

“သ”   ဆိုတဲ့ အသံ ဟာလည်း ဒီ အသံကို ပြုတဲ့ ငရဲသား အနေ နဲ့
“သဋ္ဌိဝဿ         သဟဿာ      နိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿ     တိ။ 


 လောဟကုမ္ဘီ ငရဲ မှာ ခံစားနေရ သည့် ငါအား တို့ ခပ်သိမ်းသော အခြင်းအရာ အားဖြင့် အနှစ်ခြောက်သောင်း တို့ ပြည့် ကုန်ပြီး ဖြစ်သော်လည်း ထို ငရဲ ခံရမှုသည် မည်သည့် အခါတွင် အဆုံး သတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
 

“န”  ဆိုတဲ့ အသံ ဟာ လည်း ဒီ အသံကို ပြု  တဲ့ ငရဲသား အနေ နဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ 


ငါတို့ အား အဆုံး အပိုင်းအခြား သည် မရှိခဲ့၊ ငရဲ ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲ ခံရခြင်း ၏ အပိုင်း အ ခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ် က မကောင်းမှု အများအပြား ကို ပြုမိ ခဲ့လေပြီ” လို့ ပြောလို တာ ဖြစ်ကြောင်း၊
 

“သော”   ဆိုတဲ့ အသံ ဟာလည်း ဒီ အသံပိုင်ရှင် အနေ နဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလ သမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ 


ငါသည် ဤ သံပူရည် ငရဲ မှ လွတ်မြောက်ပြီး လူ့ ဘ၀ ကို ရပါမူ ကား အလှူ  ခံသူ လူ ပုဂ္ဂိုလ် တို့၏ စကားကို သိ လေ့ ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံ သည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှု ကို ပြုပါတော့အံ့” လို့ပြော လို တာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေ ရဲ့ ဆိုလိုရင်း အကျယ် ကို ဟော ကြား ချီးမြှင့်တော်မူပါတယ်။


အသံ ပိုင်ရှင်တွေ ရဲ့ အတိတ် ဇာတ်ကြောင်း နဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေ ကို ကြားနာ လိုက် ရတဲ့ ကောသလ ဘုရင် အရမ်းကြောက်လန့် သွားပြီး သူများ သားမယား ကို ပြစ်မှား ကျူး  လွန် လိုတဲ့ စိတ်တွေ လည်း ပျောက် ကုန်  ပါ တော့တယ်။
 

“ဒီဖော်ပြချက်တွေ ကတော့     ဒု - သ - န - သော   ဆိုတဲ့ တရားစကား ကို ဟောကြားဖြစ်ခဲ့ တဲ့ အကြောင်း နဲ့   ဒု - သ - န - သော    ဆိုတဲ့ စကား အဓိပ္ပါယ်နဲ့ ဒီစကား ပိုင်ရှင်တွေ ရဲ့ အတိတ် ဇာတ်ကြောင်း လေး ပဲ ဖြစ်ပါတယ်။
 

ဒီနေရာမှာ အဓိက ပြောချင်တာ က အများ သိထားကြ တဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်း နဲ့ ဒီ အသံတွေ ကို ပြုကြတဲ့ ငရဲသားတွေ ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်း ကို ပြောချင် တာဖြစ်ပါတယ်။ ဒီ ငရဲသားတွေ ရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယား ကို ဖျက်ဆီး ခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံ ရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေး ရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင် တာ ဖြစ်ပါတယ်။

 စေတနာ ရည်ရွယ်ချက် ရှိရှိ နဲ့ ကျူးလွန် ခဲ့ကြတဲ့ အကုသိုလ် ကံ တစ်ခုဟာ နှစ်ပေါင်း မရေ မတွက်နိုင်အောင် ခံရ တတ်တဲ့ သဘော ကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ် မျိုး မပြုဖြစ်အောင် ကိုယ်ကျင့် သီလ ကို အထူး လုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့်    ဒု - သ - န - သော    ဆိုတဲ့ စကားလုံးတွေ နဲ့ပ တ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ် တွေ ကိုကောင်းကောင်း နားလည် သဘောပေါက်ပြီး ရခဲ တဲ့ လူ့ဘ၀ ကို ရထား ကာ ဘုရား သာသနာ နဲ့ လည်း ကြုံနေကြ တဲ့ အခိုက် မှာ ကိုယ်ကျင့်သီလ ကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများ ကိုပါ ရသမျှ စုဆောင်းနိုင်ကြ ဖို့ ဒီ စာစုလေး နဲ့ အသိပေးရင်း     ဒု သ န သော မှ ရှောင်နိုင်အောင် ကြိုးစားကြဖို့ လည်း စေတနာ စကား မေတ္တာအားဖြင့် တိုက်တွန်း သမှု ပြုလိုက်ရပါတယ်။
 


 Blocker Blocker
အရှင်ဝိစိတ္တ (မနာပဒါယီ)

No comments:

Post a Comment