Thursday, April 14, 2016

ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

Pay Thoe's photo.

တစ်နှစ်ဟောင်း ၍ တစ်နှစ်ပြောင်းခဲ့ပြန်ပြီ။
နှစ်တွေ ခေတ်တွေပြောင်း သလို ရုပ် နာမ်  ခန္ဓာတို့လည်း ဟောင်း၍ ဟောင်း၍ ပြောင်းလဲ ခဲ့ပေါင်းများ လှပြီ။
ဟောင်း၍ ဟောင်း၍ ထားပစ် ခဲ့တဲ့ နှစ်တွေမှာ ငါ့ အတွက်၊ မိမိ အတွက် သူ တစ်ပါး လူသား တို့အတွက် ငါ၏ လုပ်ဆောင်ချက်ကြောင့် အကျိုး အမြတ်  ဘယ်လောက်ဖြစ်ထွန်း ကျန်ရစ် ခဲ့သလဲ ဆိုတာ စီစစ် စဉ်းစား သင့် ပါသည်။ 


 မြတ်ဗုဒ္ဓ က ဇာတ်တော် မှာ ဟောထားတာ တစ်ခု ရှိပါတယ်။

"အချိန် သည် အချိန်ကို စားသောကြောင့် အချိန်တွေ ကုန်၏။
အချိန် က လူကို စားသောကြောင့် လူတွေ လည်း ကုန်နေ၏။
အချိန်ကို နိုင်အောင် မစား နိုင်လျှင် ဘဝမှာ အရှုံးထွက်မည်။

ဘဝ အတွက် အမြတ်ထွက်အောင်  အချိန် ကို နိုင်အောင်စားရမည်။" လို့ ဟောပါသည်။

ဒါ့ကြောင့် မိမိတို့ ဘဝ တစ်သက်တာ မှာ  မိမိတို့ လုပ်ထား သမျှ အလုပ် တို့၏ အကျိုး အမြတ်များနှင့် ဆုံးရှုံးနှစ်နာမှု များကို ပြန်လည် သုံးသပ်ကြပါလို့ တိုက်တွန်းလိုပါသည်။

မြတ်ဗုဒ္ဓ ၏ အဘိဓမ္မာ တွင် ဤလောက တစ်ခုလုံး ၌ ရုပ်၊ နာမ် နှစ်ပါး ရှိသည် ဟု ဟောတော် မူသည်။ ထို နှစ်ပါးတွင်  နာမ်-တရားက ၊ ရုပ်-လောက ကို ဦးဆောင်နေပါသည်။
 




လူတို့ စိတ်သည် လောကကြီး တစ်ခုလုံး၏ ရှေ့သွားခေါင်းဆောင်ဖြစ် ပါသည်။ လူ့ စိတ် သည် အရာရာကို ဦးဆောင်ပါသည်။  ကောင်းမြတ်သော စိတ်သည် သာယာ လှပသော ကမ္ဘာကို ဖန်တီး တတ်သည်။ ယုတ်ညံ့သော စိတ်သည် အရုပ်ဆိုးသော ကမ္ဘာ ကို ဖန်ဆင်းပါသည်။ ဤသည်ကား နိယာမ (Natural Law) ပင်ဖြစ်ပါသည်။

လောဘ ဒေါသ မောဟ အတ္တ တို့နှင့် တွဲဖက်နေသော စိတ်သည်  အစွန်းရောက် ၍ အရုပ် ဆိုးသော စိတ်ဖြစ်ပါသည်။
 

 လောဘ အစွန်းရောက်လျှင် လုယက် သိမ်းပိုက်ခြင်းတွေ အလွန် များကာ ကမ္ဘာကြီး အရုပ် ဆိုးနေပေ လိမ့် မည်။ 

ဒေါသ မာန အစွန်းရောက်လျှင် တိုက်ခိုက် သတ်ဖြတ် နှိပ်စက်ခြင်းဖြင့် ကမ္ဘာကြီး အရုပ်ဆိုးနေ ပါလိမ့်မည်။
 

 မောဟ စွန်း အတ္တ စွန်းရောက်လျှင်တော့ ပဋိပက္ခတွေ  တိုက်ခိုက်ခြင်းတွေနှင့် ကမ္ဘာကြီး အရုပ် ဆိုးနေ ပါ လိမ့်မည်။


အထက်ပါဖော်ပြပါ အစွန်းရောက် စိတ်တွေကြောင့်  ယနေ့ ကမ္ဘာကြီး ဟာ အလွန် အရုပ်ဆိုးနေပါပြီ။ ထို့ကြောင့် ဒီနေ့  နှစ်သစ်ကူး ပွဲတော်ကြီးမှာ အစွန်းရောက် စိတ်တွေကို အလယ် လမ်း သို့ရောက်အောင် ဝိုင်းဝန်းတောင်းဆိုပေးကြပါ လို့ တိုက်တွန်း လိုက်ပါတယ်။

လူ့ စိတ်သည် ပန်းချီ ဆရာနှင့် တူတယ် လို့ မြတ်ဗုဒ္ဓဟောပါသည်။ ဒါဆိုလျှင် ပန်းချီဆရာ သည် ကြောက်မက် ဖွယ်ကောင်းသော  ဘီလူး သရဲ လူဆိုး ကားချပ်များကို ဆွဲတတ် သလို ချစ်ခင်ပျော်ရွှင်ဖွယ်ကောင်းသော နတ်သမီး  နတ်သား ပန်းဥယျာဉ် ပန်းချီကားများ ကိုလည်း ရေးဆွဲတတ်ပါသည်။
 

ယနေ့ ကမ္ဘာမှာ နိုင်ငံ တော်တော် ခပ်များများ အလှပျက် အရုပ်ဆိုးနေကြပါပြီ။ ထို့ကြောင့် နိုင် ငံရေး  ခေါင်းဆောင် များ ဘာသာရေးခေါင်းဆောင်များ လူမှုရေးခေါင်းဆောင် များ စိတ်ဓာတ်ရေး ရာ ခေါင်းဆောင် များ အားလုံးကို  တိုက်တွန်းလိုပါသည်။

ပန်းချီဆရာ သည် ကြည်လင်သော စိတ်ကို မွေး၍ လှပသော ကြည်နူးဖွယ်ကောင်းသော ပန်းချီ ကားချပ် ကို
ရေးဆွဲ သကဲ့သို့ သင်တို့ ငါတို့ နိုင်ငံရေး ဘာသာရေးလူမှုရေး ပန်းချီ ဆရာများ အားလုံး မေတ္တာ ကရုဏာ မုဒိတာ  သဒ္ဓါ ပညာ ဟူသော လှပသော စိတ်ဓာတ်များ မွေး၍ သင်တို့ ငါတို့ နေရာ ဤ ကမ္ဘာ ကို လှပပျော်ရွှင် ဖွယ်ကောင်းသော ကမ္ဘာကြီး တစ်ခုဖြစ်လာအောင်  (လှပသော ပန်းချီကား တစ်ချပ် ကို ရေးဆွဲ သကဲ့သို့) ဝိုင်းဝန်း၍ ရေးဆွဲပေးကြပါဟု တောင်းပန်တိုက်တွန်း လိုက်ရပါသည်။




နိုင်ငံသားတိုင်းသည် နိုင်ငံတိုင်း ကို လှပအောင် ဖန်တီးနိုင်ကြပါစေ။
သီတဂူ စန်းလပမာ ချမ်းမြ သာယာ ရှိကြပါစေ။

သီတဂူဆရာတော်
နှစ်သစ်နှုတ်ခွန်းဆက်လွှာ
(၈.၄.၂၀၁၆)

ကြေးမုံသတင်းစာ။

No comments:

Post a Comment