Friday, December 13, 2013

အသွင်အမျိုးမျိုးနှင့် တရုတ်နို့မှုန့်များ အသက်အန္တရာယ် ရှိဟုဆို

 
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်တွင်း မုန့်ဈေးကွက် တွင် တရုတ်နယ်စပ်က အသွင်အမျိုးမျိုးနှင့် ထုတ်လုပ် ထားသော အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) လက်မှတ် မရှိသည့် ကလေးကြိုက် တရုတ်နို့မှုန့်များ ကျယ်ပြန့်စွာ ရောင်းချနေခြင်းသည် ကလေးသူငယ်များ အသက်အန္တရာယ် အတွက် စိုးရိမ်ဖွယ် ရှိလာနိုင်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင် လှုပ်ရှားသူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

 

ယင်းဈေးသက်သာသော နို့မှုန့်ထုပ် များကို ကျောင်းမုန့်ဈေးတန်းနှင့် ရပ်ကွက် မုန့်ဆိုင်တို့တွင် အရိုးခေါင်းပုံပါ မုန့်အခွံနှင့် နို့မှုန့်ကို စီးကရက်ပုံစံ ပိုက်ဖြင့် စုပ်ယူ စားသောက်ရသော အမှုန့်များ၊ ဆေးပြားသဏ္ဌာန် နို့ခဲ များနှင့် ရောင်စုံ သကြားလုံးများ ပုံစံမျိုးစုံနှင့် ရောင်းချနေကြောင်း ရန်ကုန် မြို့တွင်းက ရောင်းချသူများနှင့် ဝယ်ယူသူများထံမှ သိရသည်။

ကလေးကြိုက် အရောင်မျိုးစုံ အသွင်သဏ္ဌာန်မျိုးစုံနှင့် ထုတ်လုပ်ထားသော တရုတ်နို့မှုန့် ထုတ်များတွင် သကြား ထက် အချိုနှစ်ဆပြင်းသော ဓာတ်များ ထည့်သွင်းထားပြီး စားသုံးမိပါက ပါးစပ်အတွင်း ပျဉ်းတွဲတွဲ အချိုအရသာကို ကြာရှည်စွာ ခံစားရနိုင်ကြောင်း ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
 

“အဆိုးဆုံးက ဒီမုန့်ကို ကလေးတွေစားတဲ့ နည်းလမ်းပါ။ မုန့်ထုပ်မှာ စီးကရက်ပုံစံ စက္ကူချောင်း တစ်ချောင်း ပါတယ်။ စက္ကူချောင်းကနေ အဲ့ဒီအမှုန့်တွေ သိပ်ထည့်ပြီး ဆေးလိပ်သောက်တဲ့ ပုံစံနဲ့ မုန့်ကိုစုပ်ပြီး စားရ တာပါ” ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ဈေးကွက်အတွင်း ရောင်းချနေသော ကလေးကြိုက် တရုတ်နို့မှုန့် ထုပ်များ၏ ငွေအရင်း အနှီးသည် တစ်ထုပ် လျှင် ၃၀ မှ ၄၀ ကျပ်ခန့်သာ ရှိပြီး စားသုံးသူများကို ၁၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း၊ အဆိုပါ မုန့်မျိုးစုံကို ကလေးသူငယ်များအပြင် ဆယ်ကျော်သက် အရွယ်များလည်း စားသုံးကြကြောင်း ရန်ကုန်မြို့ မုန့်မျိုးစုံ လက်လီ၊ လက္ကား ရောင်းချသူများထံမှ သိရသည်။

ယင်းအစားအစာများကို စားသုံးမှု များလာပါက ဆီးနှင့် ဆက်နွှယ်သော ပြဿနာများ ကြုံတွေ့နိုင်ပြီး ဖျား နာခြင်း၊ ကျောက်ကပ် ထိခိုက်ပြီး ဆီးမသွားနိုင်ဘဲ သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ကြောင်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာမောင်ကျော်က ပြောကြားသည်။

မကြာသေးမီက တရုတ်နိုင်ငံထုတ် နို့မှုန့် များတွင် မယ်လမင်း ပါဝင်နှုန်း မြင့်မားသောကြောင့် နို့မှုန့် ထုတ်လုပ် ရောင်းချသော ကုမ္ပဏီများကို ပိတ်ပင်ပြီး သေဒဏ် ချမှတ်မှုများထိ ပြုလုပ်ခဲ့သည်။

လက်ရှိ ပြည်တွင်းတွင် ရောင်းချနေသော ဈေးနှုန်းနည်း တရုတ်စာတန်းပါ နို့မှုန့် ထုပ်များတွင် FDA လက်မှတ် မပါသည့် တွက် စားသုံးသူများ သတိပြု ရှောင်ရှား သင့်ကြောင်း၊ ပါဝင်ပစ္စည်းနှင့် နားမလည် သော ဘာသာစကားများနှင့် ရေးသားထားသော အသင့်စား မုန့်များကို ဝယ်သူ မစားသင့်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက အကြံပြုထားသည်။

ပြည်တွင်းသို့ ဝင်ရောက်နေသော အန္တရာယ်ရှိ ဓာတုဆိုးဆေးပါ အစားအစာများသည် ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ်များမှ တရားမဝင် ဝင်ရောက်လျက် ရှိသည်။

The Voice Weekly

From...Thit Htoo Lwin - News 

 


No comments:

Post a Comment