Tuesday, December 17, 2013

အစိုးရက ဖြေရှင်းမပေးနိုင်သေးသည့် ဘွဲ့ရလူငယ် တို့၏ အလုပ်အကိုင် ရှားပါးမှု ပြဿနာ




ရန်ကုန်မြို့တွင် City Mart များ၊ ကုန်တိုက်များ၊ လက်ဖက်ရည်ဆိုင် များနှင့် စတိုးဆိုင်များ အများအပြား ဖွင့်လှစ် လာခြင်းကြောင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသူများ အနေဖြင့် အလုပ်လျှောက်ရန် အခွင့်အလမ်းများစွာ ရှိသော်လည်း ဘွဲ့ရလူငယ်များအတွက်မူ အလုပ်အကိုင်ရှားပါးလျက်ရှိကြောင်း သိရှိရသည်။


ဘွဲ့ရလူငယ်များအနေဖြင့် အလုပ်လျှောက်ရာတွင် သာမန်အရောင်း ဝန်ထမ်း လျှောက်ထားလိုခြင်း မရှိ သောကြောင့် ကုမ္ပဏီများ၊ အစိုးရရုံးများသို့ သွားရောက် အလုပ်လျှောက်ရာ၌ လစာနည်းပါးခြင်း၊ သတ် မှတ်အရည်အချင်းများ ကန့်သတ်ထားခြင်း၊ လုပ်ငန်းအတွေ့အကြုံ သတ်မှတ်ထားခြင်းတို့ကြောင့် အခက် အခဲများစွာ ကြုံတွေ့နေရသည်ဟု အလုပ်လက်မဲ့လူငယ်များကဆိုသည်။

ဘွဲ့ရပြီးတာကြာပြီ မိသားစု ဝင်ငွေလေးလည်းရအောင်ဆိုပြီး အလုပ်လျှောက်တော့ လုပ်သက်အတွေ့ အကြုံ မရှိရင်မခန့် ဘူးတဲ့ ဘယ်သူကမွေးကတည်းက လုပ်ငန်းအတွေ့အကြုံက ရှိမှာလဲ၊ အခုကုမ္ပဏီမှာ လုပ်နေကြ တဲ့ သူဋ္ဌေးဆိုရင် ကိုယ်ပိုင်စီးပွားမို့ ထားတော့။ မန်နေဂျင်း ဒါရိုက်တာ သူ့မှာအလုပ်စလုပ် တုန်းကလုပ်သက်ရှိ လား။ 

အသိမို့လို့ ဝင်လာတာဖြစ်ရင်ဖြစ်မယ်။ စာရင်းကိုင်ဆိုလည်း အပြင်မှာ LCCIသင်တန်းကို သောက်သောက် လဲ ကုန်ပြီးမှ လာလျှောက်တာ။ သူတို့နီးစပ်ရာလူကို ခန့်မယ်ဆိုလည်းနဂို ကတည်းက မကြော်ငြာနဲ့ပေါ့။ အစမှာတော့၊ ပြီးပြည့်စုံတယ်ဆိုတာ ဘယ်ရှိမလဲ။ ဒါပေမဲ့ အလုပ်ကနေ သင်သွားမှာပဲလေ" ဟု ကမာရွတ်မြို့နယ်နေ အသက် (၂၃) နှစ်အရွယ် ဘွဲ့ရအမျိုးသမီးတစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့တွင် ဘွဲ့ရလူငယ်များ အနေဖြင့် မိမိရရှိထားသည့်ဘွဲ့ဖြင့် အလုပ်ခေါ်ယူသည့် ကုမ္ပဏီမှာ မရှိ သလောက်နည်းပါးပြီး ရရာအလုပ်လုပ်မည် ဆိုပါက ဈေးရောင်းရသည့် အနေအထားသာ ရနိုင်ကြောင်း ECO မေဂျာဖြင့်ကျောင်းပြီးထားသူ တစ်ဦးက ဆိုသည်။

ရတဲ့အလုပ်လုပ်ရမယ် ဆိုရင် စာတတ်အောင် သင်မနေဘူး။ စာတတ်မှ လူချမ်းသာ စိတ်ချမ်းသာဖြစ် မယ်ဆို တဲ့အသိကြောင့် စာကြိုးစားသင်ယူခဲ့တာ။ အခုအများဆုံး အလုပ်ခေါ်တဲ့နေရာတွေက ကျောင်း မတက်၊ စာမတတ် လည်း အလုပ်ရနိုင် တဲ့နေရာတွေ အထည်ဆိုင်မှာ အရောင်းဝန်ထမ်း လုပ်မလား၊ စားပွဲထိုးလား၊ အင်တာနက်ဆိုင်က ဝန်ထမ်းလား၊ စီးတီးမတ်က အရောင်းဝန်ထမ်းလား၊ ဘာရောင်း မလဲကြိုက်တာရောင်း လို့ ရတဲ့ နေရာမျိုးတွေ၊ စာတတ်အောင်သင်ပြီး အလုပ်လျှောက်တဲ့နေရာကျတော့ လည်း လစာကသာမန် အရောင်းဝန်ထမ်းရတဲ့ လစာဖြစ်နေတယ်" ဟု စမ်းချောင်းမြို့နယ်နေ B.Con ဖြင့် ကျောင်းပြီးထားသူ မလဲ့ရည်အေးက ပြောသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်မှ ဘွဲ့ရ လူငယ်များအနေဖြင့် မိမိယူထားသည့်ဘွဲ့ဖြင့် လုပ်ကိုင်ရသည့် အလုပ် မကိုက်ညီခြင်း၊ ဘွဲ့ရသော်လည်း အသိပညာဗဟုသုတ တိုးပွားမှု မရှိသည့် နေရာမျိုးတွင် အလုပ်လုပ်ရခြင်း တို့ကြောင့် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အနှေးဖြစ်ပေါ်နိုင် ကြောင်း၊ စီးပွားရေးပညာရှင် ၊ နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ပြောဆိုသော်လည်း ယနေ့တိုင်အ လုပ်အကိုင်ရှားပါးမှုပြဿနာ မှာ ပြေ လည်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ကိုယ့်စီးပွား ဖွံ့ဖြိုးဖို့ပဲတွေးပြီး ပြည်သူတွေကို အလုပ်အကိုင်မချပေးသ၍ ဆင်းရဲမွဲတေမှု မပပျောက် သေး သလို၊ နိုင်ငံကလည်း တိုးတက်လာမှာမဟုတ်ဘူး။ အခုလည်းကြည့် ဆီးဂိမ်းပြိုင်ပွဲအတွက် သုံးတဲ့ ငွေလေးပုံ တစ်ပုံလောက်ကို ပြည်သူတွေ အလုပ်အကိုင်ရဖို့ အတွက်သုံးမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ" ဟု ဒီချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်ပြီးတစ်နှစ် တက္ကသိုလ်များစွာမှ ဘွဲ့ရလူငယ်များ များစွာပေါ်ထွက်လာလျက် ရှိ သော် လည်း သက်ဆိုင်ရာအစိုးရ အနေဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်နှင့် ဝင်ငွေအားယနေ့အချိန် အထိ အတိအကျသတ်မှတ် လုပ်ဆောင်ပေးခြင်းမရှိသလောက် နည်းပါးလျက်ရှိသည်။


 Written by ဗမာ့အားမာန်
စောင့်ကြည့်သတင်းဂျာနယ်
အတွဲ(၈)၊ အမှတ်(၂၈)၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၃
 From...Search Myanmar



No comments:

Post a Comment