Sunday, September 29, 2013

မိတ္ထီလာမြို့ ကလေးကစားကွင်းရှိ ဂိမ်းစက်များတွင် ၀င်ရောက်ဆော့ကစားရာမှ သိန်းချီ၍ အရှုံးအနိုင်ဖြစ်



မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော ကလေးကစားကွင်းရှိ ဂိမ်းကစားနည်း အချို့ကို ၀င်ရောက်ဆော့ကစားရာမှ ကျပ်သိန်းကျော် အနိုင်အရှုံးရှိကြောင်း ၀င်ရောက်ဆော့ကစားလေ့ ရှိသူများထံမှ သိရသည်။

"ကျွန်တော်တို့တော့ နေ့တိုင်းဝင်ကစား ဖြစ်တယ်။ ငါးမန်းပစ်တဲ့ ဂိမ်းဆိုရင် လူငါးယောက် ဆော့လို့ရတယ်။ ဒိုင်ဆီမှာ ကျပ်တစ်ထောင်ဖိုးဝယ်ရင် အကြွေစေ့ ဆယ်စေ့ရတယ်။ အဲ့ဒီ အကြွေတစ်စေ့ကို အမှတ်ဆယ်မှတ် သတ်မှတ်တယ်။ အဲ့ဒါနဲ့ဆော့ပြီး အမှတ်များရင် နိုင်လာပြီး ရှုံးရင်အမှတ်ကုန်မယ်။ အမှတ်ကုန်ရင် အကြွေစေ့ ထပ်ထည့်ဆော့ပေါ့။ စဆော့တုန်းကဆို နှစ်နာရီအတွင်း နှစ်သိန်းရှုံးဖူးတယ်။
 
 အခုတော့ စိတ်အဆာပြေ တစ်ည ကို နှစ်သောင်း ဖိုးလောက် ပဲ ဆော့ တယ်။ ငွေက ဘယ်လို ပြန်လဲ လည်း ဆိုတော့ ဆိုင်ကတော့ သူတို့ဆီမှာ နိုင်လာတဲ့ အကြွေစေ့ ပြန်လာလဲရင် ပိုက်ဆံပြန်မအမ်းဘူး၊ အရုပ်နဲ့ ပြန်လဲပေးတယ်။ လာဆော့တဲ့ သူတွေက နိုင်လာရင် အခြားကစားမယ့်သူကို တစ်ထောင်ဖိုးကို အကြွေစေ့ ဆယ့်တစ်စေ့နဲ့ ပြန်ရောင်းပြီး ငွေဖော်ကြတယ်။ ဆိုင်ကလည်း ဘာမှပြသာနာ မရှိဘူး။ 
 
သူတို့ဆီသွားလဲရင် ပိုက်ဆံပြန်မပေးတော့ ဘယ်သူမှလည်း မလဲကြဘူး။ ကစားသမား အချင်းချင်း ပြန်ရောင်းကြတယ်။ ကစားမယ့်လူက ညပိုင်းဆို ပိုပေါတယ်။ အဲ့လို ငါးမန်းပစ်တဲ့ဂိမ်းက သုံးခုံလောက် ရှိတယ်၊ နောက်အဆနဲ့ ထိုးရတဲ့ လေးကောင်ဂျင်ဆန်ဆန် ဂိမ်းဆော့ပြီး အနိုင်အရှုံး ဖြစ်တာလည်း ရှိတယ်။ အခြားကစားနည်းနဲ့ ရှုံးကြတာလည်း ရှိတယ်။ ဆိုင်ကတော့ စည်းကမ်းသတ်မှတ်ပြီးသား သူတို့ဆီက အကြွေစေ့ ပြန်လဲရင် ငွေနဲ့တော့ လဲမပေးဘူး၊ အရုပ်ပဲ ပြန်ပေးတယ်။ ကစားသမား အချင်းချင်း အကြွေစေ့ အရောင်းအ၀ယ်လုပ်လည်း ဘာမှမပြောဘူး" ဟု ဂိမ်းသွားကစားလေ့ရှိသူ လူငယ်တစ်ဦးက ပြောကြားသည်။

"ကစားကွင်းက ဘယ်သူသွားဆော့ဆော့ ရတယ်။ ကလေးတွေ အကြွေစေ့လဲပြီး ငါးမန်းပစ်လည်း ဘယ်သူမှမပြောဘူး၊ ဆိုင်ထဲမှာတော့ ကလေးတွေ အဖြူအစိမ်းနဲ့ မဆော့ရတို့၊ စာမေးပွဲတွင်း ၀င်မကစားရတို့ လောင်းကစား မလုပ်ရတို့ အပျော်ဂိမ်းမို့ ပျော်ရုံသာ ဆော့ပါတို့တော့ ဆိုင်းဘုတ်တွေနဲ့ ရေးချိတ်ထားတာလည်း ရှိတယ်။ 
 
အဓိကကတော့ ကိုယ်လက်လှုပ်ရှား ကစားကွင်း မဟုတ်ပါဘူး၊ ကစားကွင်း အမည်ခံ ဂိမ်းဆိုင်တွေပါပဲ၊ တစ်နေကုန် ထိုင်ဆော့ပြီး သုံးသိန်းရှုံးကြ၊ လေးသိန်းရှုံးကြ ရှုံးကုန်ကြတယ်၊ လူငယ်တွေ အကြွေစေ့ အရောင်းအ၀ယ်လုပ်ပြီး အနိုင်အရှုံးဖြစ်ကြ၊ ဆိုင်မှာရှုံးလာပြီး ဆက်ဆော့ချင်လို့ သူများဆိုင်ကယ်တွေ ယူပေါင်ပစ်တာ၊ ယူရောင်းလိုက်လို့ အမှုဖြစ်ကုန်တာ၊ စာရိတ္တတွေ ပျက်ကြနဲ့ ဖြစ်ကုန်ကြတယ်" ဟု မိတ္ထီလာမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
 
Eleven Media Group              
From...Facebook
                                                 

No comments:

Post a Comment