Sunday, September 29, 2013

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေကို ရေးဆွဲလျက်ရှိပြီး သုံးလအတွင်း အကောင်အထည် ဖော်မည်



အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို စတင်ရေးဆွဲလျက်ရှိပြီး သုံးလအတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

"အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို အတည်ပြုပြီး ဖြစ်တဲ့အတွက် အခုလက်ရှိမှာ နည်းဥပဒေကို ပညာရှင်တွေနဲ့ စတင်ရေးဆွဲလျက် ရှိပါတယ်။ ပြီးရင်တော့ အစိုးရ အဖွဲ့ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ နည်းဥပဒေကို သုံးလအတွင်း အပြီးပြဋ္ဌာန်းနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသစ်တွင် အလုပ်သမားများ သင့်လျော်မှန်ကန်သော အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ခြင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုကို နိုင်ငံအဆင့် အသိအမှတ်ပြု လတ်မှတ်ထုတ်ပေးရေး စနစ်တစ်ရပ် ထူထောင်ခြင်း၊ နိုင်ငံအဆင့် အလုပ်အကိုင်ဆိုင်ရာ "စံ" များအပေါ် အခြေခံ၍ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားရေးအား တိုးမြှင့်လုပ်ဆောင်ခြင်း၊ အလုပ်သမားများအား လေ့ကျင့်သင်ကြား ပေးရေးအတွက် ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် အလုပ်သမား ကျွမ်းကျင်မှုနေ့ သတ်မှတ်ရေးတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယင်းဥပဒေတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေခြင်း၊ အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် သုံးစွဲခြင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များ၊ ကျွမ်းကျင်မှု ယှဉ်ပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာနများ မှတ်ပုံတင်ခြင်းနှင့် တည်ထောင်ဖွင့်လှစ်ခြင်း အပါအ၀င် အခန်း ၁၀ ခန်း ပါဝင်ရေးဆွဲထားသည်ဟု သိရသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံဖြိုးတိုတက်ရေး ဥပဒေမူကြမ်းကို ဇူလိုင် ၃၀ ရက်တွင် ခေါ်ယူသည့် သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ပြီး ဖြစ်သည်။
 
 
Eleven Media Group             From...Facbbook

No comments:

Post a Comment