Friday, November 11, 2016

ငါးမရ ရေချိုးပြန်ပါမည်




“ရွှေဘ ဘယ်သွားလဲ မိလုံး”

ကိုညိုဒင် ငါးမျှားတံ များကို အိမ် အဖီဘေးတွင်ထောင်ရင်း မလုံးကို မေးလိုက်သည်။ မလုံးက မကြားဟန်ဖြင့် မီးခိုးအူနေသည့် မီးဖိုကို မီးပြောင်းနှင့် တစ်ဟူးဟူး မှုတ်နေသည်။

“ငါမေးတာလည်း ဖြေစမ်းအုန်းဟ မိလုံး” မလုံ်းချက်မော့ကြည့်ပြီး ထမင်းအိုးဖုံးဖြင့် မီးဖို ကို ယပ်ခပ်နေပြန်သည်။ မီးခိုး မွှန်၍ ကျလာသည့် မျက်ရည်ပူ တို့ကို ထမီ အနားနှင့် ကောက်ပွတ် လိုက်ရင်း -

“ထုံးစံ အတိုင်းပဲ ကိုညိုဒင်။ တော့်သား အကြောင်း တော်က ကျုပ်ထက် ပိုသိမှာပေါ့။ တောက်ခုံ မှာလား  ။ ဂေါ်လီ လှိမ့်တဲ့နေရာ မှာလား တော်သွားရှာကြည့်။ ခုတစ်လော အိမ်မှာကို ကပ်တယ် မရှိဘူး”

ကိုညိုဒင့် မျက်ထောက်နီ က မလုံး မီးဖိုထဲက မီးတောက်နှင့် အပြိုင်။ မျှား၍ ရလာသော ငါးဇင်ရိုင်း တစ်ထုပ်ကို ထမင်းစားပွဲပေါ် ပစ်တင် လိုက်ခါ လုံကွင်း အဟောင်းတစ်ထည်ကို ပုခုံးပေါ်တင်ပြီး လမ်းထိပ် ထွက်လာခဲ့သည်။


ကိုညိုဒင် ရွှေဘ ကို လိုက်ရှာသည်။ သူ့ အပေါင်း အဖော်တွေ မေးကြည့်တော့လည်း ခုတစ်လော သူတို့ဘက် ကို ရွှေဘ မလာဘူးတဲ့။ ဘယ်သွားတယ်ထင်လဲ လို့ မေးတော့လဲ သိဘူးလေတဲ့။ ကိုညိုဒင် ဒေါသ ထွက်လာသည်။ ဘာကို ဒေါသ ဖြစ်နေမှန်း ဂဃ နဏ မသိ။ ကိုညိုဒင် ဒေါသထွက်နေပေမယ့် ရွှေဘ ကို စိုးရိမ်စိတ်က တစ်မှောင့်။ 

ဒီကောင် ငါ မပါဘဲ မြစ်ထဲသွား နေလား။ ငပျော့ တို့  ဘူကြီးဝိုင်းဘေးထိုင်ပြီး လက်ဘက်သုတ် ဂျင်းသုတ် ၀ယ်ပေးနေသလား။ မြို့ မြောက်ဖျားက ညွန့်မောင် တို့ ဘက် အလည်လွန်နေသလား။ ဈေးပိုင်း ဘက်မှာ ရန်သွားဖြစ်နေလား။ လားပေါင်း များစွာဖြင့် ကိုညိုဒင် နည်းနည်း စိတ်ပူ လာသည်။ ဒီကောင့်ကို ပြောရ ငေါက်ရတာလည်း အခက်သား။ စိတ်က ကြီးကြီးကောင်။ 

တစ်ခါက သူ့ အမေ မိလုံး ဆူတာကို ကောက်ပြီး ဓာတ်တော်ကုန်းစေတီပေါ် တက်အိပ်နေလို့ ကိုညိုဒင်တို့ ဓာတ်မီးဆွဲ ရှာခဲ့ရပြီးပြီ။ “မင်းနဲ့ ပြဿ      နာ တက်လို့လား” လို့ မိလုံး ကို မမေးမိခဲ့မိတာကိုပဲ နောင်တ ရချင်ချင်။ ရွှေဘ က ခုဆို ရှစ်နှစ်ထဲဝင်ပြီ မဟုတ်လား။ ပြာသိုဖွား။ ကိုညိုဒင် ခေါင်း ငိုက်စိုက်နှင့် အိမ်ဘက် ပြန်လှည့်လာခဲ့သည်။ ခွေးမသား တွေ့လို့ကတော့ ကောင်းကောင်းတွယ် ပေးလိုက်ဦးမည်ဟု စိတ်ထဲမှာ ကြိမ်းဝါးနေမိပြန်သည်။

တစ်လမ်းလုံး ကိုညိုဒင် စဉ်းစားလာသည်။ မတွေးတတ်အောင်လည်း ဖြစ်နေ၏။ ဒီကောင် ငါ့မပြောပဲ ဘယ်ကိုမှ မသွားတတ် မလာတတ်ပါဘူး။ လောင်းကစားတွေ ဘာတွေလည်း စိတ်ဝင်စားတဲ့ကောင် မဟုတ်။ ရပ်ကွက်ထဲက ခလေးတွေ သရေကွင်း ပစ်တာဖြစ်ဖြစ်၊ မျောက်ပန်း လှန်တာဖြစ်ဖြစ် ကစားရင်တောင် ၀ိုင်းဘေးက ထိုင်ကြည့်တဲ့ကောင် မဟုတ်။ ဗွီဒီယို ရုံ ကလည်း ညမှ ပြတာဆိုတော့ ကိုညိုဒင် စဉ်းစားရ တော်တော် ကျပ်နေသည်။ တွေ့သေးတာပေါ့ကွာလို့ ညည်းရင်း တောက် တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။

“ညိုဒင်... ဟေ့ကောင် ညိုဒင် ဘာဖြစ်နေတာလဲဟ၊ မင်းဥစ္စာ ကလည်း သောက်ခွက်ကြီး ပုတ်သိုးနေလိုက်တာ ခွန်နှစ်ရက် နေလို့ မှ ပေါ်တဲ့ ရေထဲ က မသာလိုပဲ။ လာစမ်းပါ။ ခုမှ တို့ ၀ိုင်းစတာ”
ငပျော့ အိမ်ထဲ မှ သိန်းဆောင် အော်ခေါ်သဖြင့် စိတ်မပါ လက်မပါဖြင့် ကိုညိုဒင် ၀ိုင်းထဲ ၀င်ထိုင်လိုက်သည်။ 

“ငပျော့ ရွှေဘ တွေ့မိလား”

“ကြည့်မနေအားပေါင် ကိုညိုဒင်ရာ။ မိုးကျခါစ ရှိသေး ထင်းတွေက ထိုင်း တယ်ဟ။ မီးကိုကောင်းကောင်းမတက် ဘူး။ မီး မတက်တော့ မီးတောက် အရက်ကလည်း တစ်စက်ချင်း အထွက်နှေး။ လကြေးပေးဖို့တောင် ဆိုင်းပါဦးလို့ နယ်ထိန်းကို မျက်နှာချိုသွေးရတာ အလုပ်တစ်ခု။ ဒါတောင် တစ်လုံးတော့ ထိုးထည့်ပေးလိုက်ရသေးတယ်ကွ”

ငပျော့ အရက် တစ်လုံး လာချပေးရင်း ....

“နို့ နေစမ်းပါအုန်း။ မင့်ကောင်ကို လိုက်ရှာနေရအောင် ဘယ်တုန်းကများ မင့်သားက မင်း ကို ကူဖော်လောင်ဖော် ရလို့တုန်း။  ကလေး ပဲကွာ။ သူ့အဖော် အသင်း နဲ့ တစ်နေရာရာ သွားလည်ပတ် ကစားနေတာဖြစ်မှာပေါ့။ နေ့ လည်နေ့ခင်းပါကွာ။ အချိန်မတော် ညကြီး မိုးချုပ်ဆိုလည်း ထားပါတော့”
ငပျော့ ငှဲ့ပေးသည့် အရက်ခွက်ကို ပက်ကနဲ ကိုညိုဒင် မော့သောက်ချလိုက်၏။

“ငါက ရက်ပိုင်းပဲ ကျန်တော့တာကွ ညိုဒင်ရ။ လွန်ရော ကျွံရော ရက် နှစ်ဆယ်ပဲ”
“ဘာ ရက်နှစ်ဆယ်လဲ”
ကိုညိုဒင် သိန်းဆောင်ပြောတာကို နားမလည်။

အုန်းခင် က
“ဒီလိုကွာ ဒီကောင်က မနှစ်က ဒီမှာ မရှိဘူးလေကွာ။ အနောက်ရွာ ဘက်ကို အိမ်သွားဆောက်နေတယ်မို့ လား။ အဲဒီရွာက ရသေ့ လိုလို ယောဂီ လိုလို ဘိုးတော် လိုလို လူက သူ့ကို ရေမန်း တိုက်သတဲ့။ ၀ါတွင်း သုံးလ အရက်ရှောင်ရင် သိန်းပါ ဆောင်ရရုံ မကဘူး။ သန်းပါ ကုဋ္ဋေပါ သပိတ်ဝင် အိပ်ဝင် အထုက်ကြီး အထည် ကြီးနဲ့ ကြီးပွားမှာလို့ မိန့်တော် မူထားတယ်ကွာ။ မင်းမှ သူ့အိမ် ဘက် မရောက်တာ။ ပွဲနဲ့ နန်းနဲ့ ဆရာ။ မသိ ရင် လည်း မေး၊ ဟုတ်ပလား”

“အော်”

ကိုညိုဒင် သိန်းဆောင် ကို သတိထားကြည့်လိုက်တော့ ရွှေလက်စွက် တစ်ဝင်းဝင်း။ ရွှေဆွဲကြိုး တစ်လက် လက်၊ အရက်ခွက် ကတောင် ရွှေရောင်တောက်နေသလား ထင်မှတ်မှားရသည်။ ကိုညိုဒင် တွေတွေငေးငေး ဖြစ်သွားသည်။ ငါ့အလုပ်က အကုသိုလ် အလုပ်။ ဘယ်အချိန် ဘယ်ကာလမှ ကျွတ်လမ်းမြင်ရမလဲ မသိပါလားလို့ တွေးနေမိ ပြန်၏။

“ဟေ့ကောင် အုန်းခင်... မင်းမယုံကြည်ရင် လွတ်လွတ်နေ။ ငါ့ကိစ္စကို ဘာမှ ဝေဖန်စရာမလိုဘူး။ ငါယုံကြည်တာ ငါလုပ်တာ။ အနည်းဆုံးတော့ကွာ သုံးလလောက်တော့ အရက်ဖိုး မကုန်ဘူးပေါ့ ဟုတ်လား၊ ဟားဟား.....”

ရယ်ရယ်မောမော ပြောနေသည့် သိန်းဆောင် ၏ အမူအယာ က ပေါ့ပါး ပျော်ရွှင် နေပုံရသည်။
“ဒီမှာ ညိုဒင် ကြီးပွားလား မလားလားတော့ ငါမသိဘူး၊ မိန်းမ ကတော့ ကြည်ညိုနေတာပဲကွာ။ မင်း က အရေး မကြီးပါဘူးကွာ။ အကုသိုလ် နဲ့ အကျိုးပေးတဲ့ကောင်ပဲ။ တံငါချင်း တူရင်တောင် ငါးကြီး ငါးကောင်း ရတဲ့ကောင်။ အကျိုးပေး ဆိုတာက မတူကြဘူး လေကွာ။ ဘာ ဘိုးတော်မှ မင်းကို မ မလည်း မင်းအလုပ် က မင်းကို ဆောင်မနေတာပဲ မဟုတ်လား။ အမှန်တော့ အမှန် ဆိုတာ ကလည်း အမှန် ဟုတ်ချင်မှ ဟုတ်တာပါကွာ”

အရက် နှစ်လုံး ကုန်တော့ သိန်းဆောင် ၀ိုင်းဘေးမှာ ခွေအိပ်နေပြီ။
ကိုညိုဒင်လည်း ရွှေဘ ကို သတိပြန်ရလာသည်။ 

“ငါ ပြန်အုန်းမယ်ကွာ ငပျော့။ ညနေကျရင် တစ်လုံးတော့ ပို့လိုက်။ ဒီမှာပိုက်ဆံ”
ကိုညိုဒင် လုံကွင်း ကို ခါးစီးပြန်လာခဲ့သည်။

“တစ်အောင့်ဆို ထွက်သွားလိုက်တာ။ တော်တို့ ၀ိုင်းက ပေတော်တော် ရှည်ကြတာပဲ”
ရောက်မဆိုက် မလုံးက ဆီးကြို၍ ငေါ့သည်။
“ထမင်းခူးရမလား”

“ခူးကွာ၊ ရွှေဘပြန်ရောက်ပြီလား”
“တော့်သား ကဖြင့် အိမ်မေ့ ယာမေ့၊ တစ်နေ့ တစ်နေ့ ဘယ်သဝေ ထိုးနေမှန်းကို မသိပေါင်။ တော်လည်း နည်း နည်းပါးပါးတော့ ဆိုဦး၊ ပြောဦး။ သေစာ ရှင်စာတောင် မဖတ်တတ်တဲ့ကောင်ကို တော် ဒီလိုပဲ လက်ပိုက် ငါးထောင်ပြီး ကြည့်နေတော့မှာပဲလား ” မလုံး စကားက ကိုညိုဒင့် နဖူး ကြောတွေ တင်းသွားအောင် ရိုက်ချက်ပြင်းဟန် တူသည်။ 



ကိုညိုဒင် ခေါင်းငိုက်စိုက်နှင့် ထမင်း ပန်းကန် ထဲကို ငရုတ်သီး ငပိချက် အရည်တွေ လောင်းထည့် လိုက် သည်။ ကိုညိုဒင့် ထမင်းပန်းကန်ထဲသို့  ငါးဇင်ရိုင်း ဆီကျန် ရေကျန် ဟင်းလေး ကို ခပ်ထည့်ပေးရင်းက မလုံးစောစော က စကားပြန်ဆက်သည်။ 

“တော့် သားကို တော် ဒီလို ဆက်ထားနေရင်တော့ ကာလသားပေါက် မဖြစ်ခင် အိမ်ပြေး ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် စစ်ထဲရောက်ဖို့ ပဲရှိတယ်”

“ဒီကောင့် အသက်အပိုင်းအခြား နဲ့  မင်းပြောနေ တာတွေက နှစ် နဲ့ ချီကြာအုန်းမယ့် ကိစ္စတွေပါကွာ။ အလွဲအချော်တွေချည်း မင်းကလည်း အတွေးခေါင်လွန်းတယ်”

ကိုညိုဒင် တို့ မိသားစု ထမင်းဝိုင်းလေးက တစ်ခုခု လိုအပ်နေသလို သွေ့ ခြောက် တိုးဆိတ်လွန်းလှသည်။ ကိုညိုဒင် ဘုရားစင် ပေါ်က စားပွဲတင် နာရီကို ကြည့်လိုက်တော့ နှစ်နာရီကျော်ပြီ။ ရွှေဘ ၏ အရောင်အရိပ် အငွေ့ အသက်ကို မမြင်ရ၊ မရှူရှိုက် ရသေး။ ထမင်းဝိုင်း သိမ်းနေရင်းက မလုံး ကိုညိုဒင် ကို အကဲခတ်ကြည့်နေမိ၏။

“တော် ထပ်သွားရှာ မနေနဲ့၊  ငတ်ရင်ပြန်လာလိမ့်မယ်။ အရွယ် နဲ့ မလိုက်ဘူး အလေ လိုက်နေတာက”
အိမ်ပေါက်ဝမှာ စောင့်ကြောင့်ထိုင်၊ ဆေးပေါ့လိပ်ကို မီးညှိ၊ လမ်းမထက်ကို မျှော်နေသည့် ကိုညိုဒင့် ပုံပန်းက ရိုးရိုးနှင့် ဆန်းနေသယောင်။ ရွှေရောင်ကွပ်ထားသည့် တိမ်မဲညို။


* * * * * * * * * * * * * * * *

“ကိုညိုဒင် ကိုညိုဒင်”
အိမ်ရှေ့ ကပြင်မှာ အိပ်ပျော်နေသည့် ကိုညိုဒင် ကို ငပျော့ လှုပ်နှိုးရင်း အရက်ပုလင်း ကို အိမ်တိုင်ဘေးတွင် မှေးထောင်ထား လိုက်သည်။

“အေး အေး မနက်က အရှိန်နဲ့ မှေးကနဲ အိပ်ပျော်သွားလိုက်တာကွာ ဘဲကြီးဆောရီး တောကြီးမြိုင်လည်ပဲ ငပျော့ရေ၊”

“မလုံး မှာသွားတယ်။ ညနေဈေး သွားတယ်တဲ့ ကိုညိုဒင်နိုးရင် ပြောလိုက်ဖို့ မှာသွားတယ်”
“အေးအေး ငပျော့”

ဘုရားစင်ပေါ်က နာရီကို ကြည့်လိုက်တော့ ငါးနာရီကျော်ပြီ။ နေပင်ချိုနေပြီ။ ကလေ က၀ ကောင် ခုထိ အိမ် ရိပ် မနင်းသေးဘူး။ ဒီနေ့တော့ ငါးမျှားတံရိုး ရဲ့ အရသာ မင်းမြည်းကြည့်စမ်းကွာလို့ ပြော  ပြောပြီး ကောင်း ကောင်း တီးလိုက်မယ်လို့ ကိုညိုဒင် တေးထားသည်။ ကိုညိုဒင် အရက်ငှဲ့ နေစဉ် ရွှေဘ ခေါင်းငိုက်စိုက်နှင့် အိမ်ထဲဝင်လာသည်။

“အလို ဧည့်သည်တော်ကြီး ကြွပါခင်ဗျာ။ ကြွပါ။ ဘယ်နေပြည်တော်ကများ မြန်းလာပါလိမ့်။ လာရင်းကိစ္စကို မိန့်တော်မူပါဦး”

ကိုညိုဒင် ရွှေဘ ကို ရိတိတိ ပြောရင်း အိမ်ဘေး အဖီမှာ ထောင်ထားသည့် ငါးမျှားတံ တွေထဲမှ ခပ်တောင့်တောင့် ဖြောင့်ဖြောင့် တစ်ချောင်း ကို ဆွဲထုတ်လိုက်သည်။ ကိုညိုဒင့် ပုံစံက အာဏာ ပါးကွက်သားဟန် အပြည့်။ မျက်နှာသေလေးဖြင့် ရွှေဘ သူ့ အဖေကို ကြည့်နေသည်။

“ကဲ ပြောစမ်းပါအုန်း လူက လက်တောက်လောက်။ မင်းကိုမင်း ဘာထင် နေလဲ၊ အိုးပစ် အိမ်ပစ်၊ အိမ်လစ်ကျောင်း လစ်၊ အရွယ်ရောက်တော့ စစ်သားဖြစ် ဆိုတာ မင်းလို ကောင်မျိုးပဲနေမှာ။ လာစမ်း ဒီတိုင်မှာကပ်”
ကိုညိုဒင် ရွှေဘ လက်ကို ဆွဲပြီး အိမ်ကပြင်တိုင်မှာ ဆွဲကပ်လိုက်သည်။ 

“ကျုပ် ဘာလုပ်လို့ ရိုက်မှာလဲ ဘညို”
သွေးအေးအေးနှင့် မေးလိုက်သည့် ရွှေဘ၏မေးခွန်း ကို ကိုညိုဒင်ဖြေလိုက်ပုံက ယဉ်သည်။ ငါးမျှားတံ အရင်းပိုင်းဖြင့် ရွှေဘ ကျောပြင်ကို အားနှင့် လွှဲ ရိုက်ချလိုက်ခြင်းပင်။

“ဘညို ကျုပ်မေးနေတယ်နော် ကျုပ်ကို ဘာလို့ ရိုက်ချင်တာလဲ။ ကျုပ် ဘာလုပ်လို့လဲ”

နာကျင်ရကောင်းမှန်း မသိသည့် မျက်နှာပေးဖြင့် ရွှေဘ ကိုညိုဒင် ကို နှုတ်ခမ်း တင်းတင်းစေ့၍ မေးပြန်သည်။ ကိုညိုဒင် နောက်ထပ် တစ်ချက် ရိုက်လိုက်စဉ် အသားပေါ် ကျသည့် အသံ ထွက်မလာပဲ တစ်ခုခု ခုခံ ထား သည့် အရာပေါ်က ထွက်လာသည့် အသံမျိုး ကိုညိုဒင် သတိထားမိလိုက်သည်။

ကောက်ခါ ငင်ခါ ရွှေဘ အကျီကို နောက်ကနေ ဆွဲလှန်လိုက်သည်။
ဗလာစာအုပ် ပါးပါးတစ်အုပ်။

“ဒါ ဘာလဲ”
“စာအုပ်”
“ဘာလုပ်တာလဲ”
“စာရေး တာပေါ့”
“ဘာ မင်းက စာသင်နေတယ် ဆိုတဲ့ သဘောပေါ့”
“ဟုတ်တယ်”

“ဘယ်ကျောင်းမှ မဖွင့်သေးတာ မင်းက ဘယ်ကောလိပ် သွားတက်နေတာလဲ။ ငါထပ် လုပ်မိတော့မယ်”
“ကျုပ် ဆရာကြီး ဦးခိုင် ဆီမှာ ဗမာစာ ရေးတတ် ဖတ်တတ်အောင် သွားသင်နေတာ။ ဆရာကြီး က ဘ၀ ကိုလည်း သင်ကြား ရတာပဲတဲ့၊ ပညာ ကိုလည်း အမြဲမပြတ် ဆည်းပူးရမယ်တဲ့။ ကျောင်း မတက်ချင်ရင်လည်း အားတဲ့ လပ် တဲ့ အချိန် စာကို သင်ရမယ်တဲ့။ စာမတတ်တဲ့သူဟာ အကန်း နဲ့ တူတယ်တဲ့”

“ငါ အကန်း မဟုတ်ဘူး။ ပြစမ်း မင်း စာအုပ်”
စာအုပ်ထဲတွင် စာကြောင်း တစ်ချို့ ကို တွေ့ ရသည်။ ကိုညိုဒင် မဖတ်တတ်။
“လုပ်စမ်းပါဦး၊ ပညာတတ်ကြီးရဲ့ ။ ခင်ဗျား သင်နေတဲ့ စာတွေ ဖတ်ပြစမ်းပါအုန်း”

“ငါးစားသာမြင် ငါးမျှားချိတ် မမြင်။ ငါးကြင်းဆီ နဲ့ ငါးကြင်းကြော် ။ ငါးစိမ်းမြင် ငါးကင်ပစ်။ ငါးပွက်ရာ ငါးစာချ။ ငါးလွန် မှ ကွန်စွန့် ။ ငါးသိုင်းများ ဟင်းဟုန်။ ငါးမရ ရေချိုးပြန်”

ကြေကြေ ကွဲကွဲ ရွှေဘ ၏ တင်ပါးလေးကို ပွတ်သပ်ချော့မြူနေသည့် ကိုညိုဒင့် ကို မလုံး တယောက် မျက်လုံးအ၀ိုင်းသားဖြင့် အံ့သြတစ်ကြီး ငေးရီနေသည်ကို တစ်လောကလုံးကတော့ မမြင်တွေ့ နိုင်ပါချေ။



မောင်လွမ်းဏီ
၃-၄-၂၁၁၀



No comments:

Post a Comment