Saturday, April 29, 2017

ရေခဲခြစ် နှင့် ရေခဲချစ်



မစိန်မြ က မာဆတ်ဆတ် ခေါ်သည်။ အိမ်ခါးပန်းကို ခေါင်း အုံးပြီး အိပ်နေသော လင်တော် မောင် ကိုရေခဲအား ခပ်စူးစူးကြည့် သည်။
‘‘ဘာလဲဟ’’
ကိုရေခဲ က သူ့လက်ထဲမှ ဆေးလိပ်တို ကို နို့ဆီခွက် လွတ်ထဲ လှမ်းထည့်ရင်း ပျော့နဲ့နဲ့ ထူးသည်။
‘‘ဒီကောင် ဖျားနေတာ ကြာ လှပြီတော့’’
‘‘ဟုတ်လား’’
‘‘ချောင်းကလည်း တစ်ဟွတ် ဟွတ်နဲ့’’
‘‘အေး’’
‘‘လည်ပင်း ကလည်း နာ တယ်တဲ့’’
‘‘ဟုတ်လား’’
‘‘တစ်ခုခု လုပ်မှ ဖြစ်မယ်’’
‘‘ဟေ ဘာလုပ်ချင်လို့လဲ’’
‘‘ဆေးခန်းလေး ဘာလေး သွား၊ ဆရာဝန်လေး ဘာလေး ပြကြည့်ဦးပေါ့’’
‘‘သွားလေကွာ’’
‘‘ဟင်း သွားတာက လွယ် လိုက်တာ၊ ဘယ်မလဲ ပိုက်ဆံ’’
‘‘ဟင် မနေ့က အစိတ်က ကော’’
‘‘ဆန် ဝယ်ရတယ်။ ဆီ ဝယ်ရ တယ်။ အကြီးကောင်ကြီး စာအုပ် ဖိုး ပေးရတယ်။ တော်ပြန်ယူသွား တာက ငါးကျပ်။ မနက်က ဟင်း ချက်ဖို့ ငါးဝယ် ရတာက ခြောက် ကျပ်။ အခု ကျုပ်လက်ထဲမှာ သုံး ဆယ့် ငါးပြားပဲ ရှိတော့တယ်’’
‘‘ဒါဆိုရင်လည်း နက်ဖြန်ကျ မှပဲ သွားတော့ပေါ့ကွာ’’
ကိုရေခဲ ခပ်အေးအေးပြော ကာ မီးငြိမ်း ခါနီးနေသော ဆေး လိပ်တို ကို ပြန်၍ကောက်ယူသည်။ မျက်စိ ကို မှေးပြီး ဆက်တိုက် ဖွာရှိုက်သည်။
‘‘ကိုရေခဲနော် ရှင်က ဖအေ သိရဲ့လား။ ဖအေ ဆိုတာ ဖအေ စကားပြော။ အဖျားအနာ ဆိုတာ နက်ဖြန် သန်ဘက်စောင့်လို့ ရသလား။ တော်ကြာ ဆိုးသည်ထက် ဆိုးလာတော့ ဘယ့်နှယ် လုပ်မလဲ’’
‘‘ဩော်.. မိန်းမရယ်၊ ငါ လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ငါ ရှာလို့ ရသမျှ တစ်ပြား မကျန် အ ကုန် အပ်နေတာပဲ။ ဒီကြားထဲက မလောက်ဘူး၊ ဆေးတိုက်သွား စရာ ပိုက်ဆံ မရှိဘူးဆိုတော့ ငါ ဘာလုပ်ရမလဲ။ ဓားပြ ထွက် တိုက် ရမှာလား’’

ကိုရေခဲ စိတ်ညစ်ညူးစွာ ပြောသည်။ သူ့ကို မျက်စောင်းကြီး ခဲ၍ ကြည့်နေသော မိန်းမ အား ခပ်စွေစွေ လှမ်းကြည့်ရင်း သက် ပြင်းချသည်။

‘‘တော့်ကို ပြောလိုက်ရင် ဒါ မျိုး ချည်းပဲ။ တော်ရှာလို့ ရသမျှ ပိုက်ဆံလေး တစ်ပဲခြောက်ပြားကို မှန်မှန်အပ်နေတိုင်း တော့်ကိုယ် တော် တစ်ကယ့် လင်ကောင်း လင် မြတ်ကြီး ထင်မနေနဲ့’’
မစိန်မြက အော်သည်။ သူ့ ပေါင်ပေါ် ဖက်တက်နေသော အ ငယ်ဆုံးကောင် ကို လက်နှစ်ဖက် ဆွဲပြီး ကြမ်းပြင်ပေါ်သို့ ဆောင့်ချ လိုက်သည်။
‘‘ငါ့မှာ ပေါ့ပေါ့ ပါးပါးမဟုတ် ဘူးဟဲ့။ ဗိုက်ထဲမှာ တစ်ကောင် ရှိ သေးတယ်။ အားတိုင်း ယားတိုင်း ကုတ် ကတ် တက်မနေကြနဲ့၊ တစ်ကတဲ’’
ဟူသော အသံနှင့် အတူ မြီး ညောင်းရိုး အောင့်သွားသော အ ငယ်ကောင် ၏ အသံက ပါ ပြိုင်ပြီး ထွက်လာသည်။
‘‘တော်ကြီးကြောင့် လူဖြစ် လာတဲ့ သတ္တဝါတွေ ကြည့်စမ်း။ အပြင်မှာက လေးကောင်၊ ဟော ဒီက ဗိုက်ထဲမှာ တစ်ကောင်။ တော်ကြီးရတဲ့ လခ က တစ်လမှ သုံးရာ ရယ်၊ ကဲ.. ဒီ ပါးစပ်ပေါက်တွေကို ဝအောင် ဘယ်လိုကျွေးရမှာလဲ’’
ကိုရေခဲ သက်ပြင်းချမိပြန် သည်။
‘‘ဒါကတော့ မင်း စီမံသမျှပဲ မဟုတ်လား မိန်းမရယ်။ ငါလည်း အပိုတစ်ပြား မသုံးပါဘူး။ မင်း ကန်စွန်းရွက်နဲ့ ကျွေးလည်း မျိုချ လိုက်တာပဲ။ ငါးပိရေနဲ့ ကျွေး လည်း မျိုချလိုက်တာပဲ။ အသား စားမယ်၊ ငါးစားမယ် ပြောဖူး သလား။ ငါသိပ်ကြိုက်တဲ့ ဝက် ခေါင်းသုပ်တောင် ငါးမူးဖိုး လောက် ဝယ်ဖူးသလား’’
ကိုရေခဲ သူ့ပုံစံ အတိုင်း ခပ် ပျော့ပျော့ ပြောသည်။ သူ့ကို စူး စူးဝါးဝါးကြည့်နေသော မိန်းမ အား ပြန်မကြည့်ဘဲ သူ့မိန်းမ ၏ စွဲချက် အတိုင်း သူ့ကြောင့် လူဖြစ် လာသော သတ္တဝါလေးကောင်ကို  လှမ်းကြည့်သည်။
(၅)နှစ်ခွဲ အရွယ် အကြီးဆုံး ကောင်က စာရွက်လွတ် တစ်ရွက် ပေါ်တွင် ခဲတံတို တစ်ချောင်းနှင့် အရုပ်ရေးနေ သည်။ သူ့ အနားတွင် ဖျားနေသည် ဆိုသော နို့ညှာ ကောင်က ထိုင်နေသည်။ ခန္ဓာ ကိုယ် အပေါ်ပိုင်းတွင် ဖလန်နယ် အင်္ကျီလေးကို ဝတ်ထားသော် လည်း အောက်တွင်တော့ ဘောင်း ဘီတိုလေးပင် မပါ။ 

အလတ်မလေး ကတော့ (၄)နှစ်ကျော်ကျော် ပင် ရှိသေးသော်လည်း မိန်းက လေးမို့ သိတတ်သည်။ ငိုနေသော မောင်အငယ်ဆုံးလေးကို လာပြီး ချော့နေသည်။ မနိုင့် တစ်နိုင်နှင့် ဆွဲ၍ ချီသည်။
‘‘အင်း နောက်လေးငါးလ ဆို ရင် နောက် တစ်ကောင် ရောက် လာဦးမယ် " "ဘာတတ်နိုင်ပါ့မလဲ ကွာ။ ဘုရားပေးတာ မတား ကောင်းပါဘူး" 

ဒီမိန်းမ ကလည်း လူမဟုတ်ဘဲ ဝက်သာ ဆိုရင် ဘယ်လောက် အဖိုး တန် မလဲမသိဘူး။ သားပေါက်က ကောင်းလိုက်တာ။ တစ်သား နဲ့ တစ်သားကလည်း နီး လိုက်တာ လွန်ရော။ နောက်ပြီး ငါ့ကို ချည်းပဲ တော်ကြီးကြောင့် တော်ကြီးကြောင့်နဲ့ လက်ညှိုးထိုး တော့တာပဲ’’
သူက တွေးရင်း ပြုံးမိသည်။ ထို့နောက် လက်ဝဲ နံတောင်းမှ လက်ယာ နံတောင်းသို့ ပြောင်း ၍ အိပ်ရန် ဟန်ပြင် သည်။ သို့သော် မိန်းမ က ‘‘အဲဒါ ဘယ်လို လုပ်မတုံး တော့’’ ဟု ခပ်ဆောင့်ဆောင့် အော် လိုက်တော့ သူလန့်သွားသည်။ ဘာကို ဘယ်လိုများ လုပ်ချင်လို့ ပါလိမ့်ဟု အပြေးအလွှား စဉ်းစား ရင်း မျက်တောင် ကို တစ်ဖျတ်ဖျတ် ခတ်သည်။


‘‘ဒီအတိုင်း ထားရင်တော့ ကာလနာ တိုက်သွားမှာပဲ။ ဖျား နေတာ သုံးရက်ရှိပြီ။ ဟဲ့ကောင် လေး လာစမ်း ဒီကို’’
မစိန်မြ က နို့ညှာကောင်ကို လှမ်းဆွဲကာ ခန္ဓာကိုယ်အောက် ပိုင်းအား ပုဆိုးဟောင်း တစ်ထည် နှင့် ပတ်ပေးသည်။
‘‘ကွမ်းယာ ဆိုင်က ဆေး လေး ဘာလေး ဝယ်တိုက်မကြည့် ဘူးလား။ ပါရာစီတီမောလေး ဘာလေးပေါ့’’
‘‘တိုက်တုန်း ခဏ ချွေးထွက် ပြီး နောက်တော့ အဖျားပြန်တက် တာပဲတော့်၊ လည်ချောင်း ကလည်း နာသတဲ့’’
‘‘ဒီလိုဆို ခေါင်းရင်းခန်း က ဒေါ်ဒေါ်အေး ဆီမှာ ချေးပါတော့ လားကွာ’’
ဒေါ်ဒေါ်အေး က ငွေတိုးချေး စားသူဖြစ်သော်လည်း အပေါင် ပစ္စည်း မပါလျှင် သိပ်ချေးချင်သူ မဟုတ်။
‘‘ကိုရေခဲ သွားလိုက်မလား’’
‘‘ဟာကွာ မင်းပဲ သွားလိုက် ပါ’’
‘‘တော်ကတော့ အမြဲခေါင်း ရှောင်ဖို့ပဲ’’
မစိန်မြ ၏ မျက်စောင်း ကို ရင်ဆိုင်ရပြန်သည်။
ပိုက်ဆံ လိုချင်သော်လည်း ဒေါ်ဒေါ်အေး ဆီသို့ မစိန်မြ မသွား ချင်ပေ။ အေးအေးနေချင်သော ကိုရေခဲကတော့ မစိန်မြထက် နှစ်ဆ ပိုပြီး မသွားချင်ပေ။
‘‘ဒီမိန်းမကြီး ဆီမှာ အပေါင် ပစ္စည်း မပါဘဲ ပိုက်ဆံသွားချေး မယ့်အစား ကျားဖင်ပဲ ပြေးနှိုက် ချင်သေးတယ်’’
‘‘ဘာလို့လဲ မေမေ။ ကျားဖင် ထဲမှာ ပိုက်ဆံ ရှိလို့လား’’
အရုပ်ရေးနေသော အကြီး ကောင်က ခေါင်းထောင် လာပြီး အူတူတူနှင့် မေးသည်။ ကိုရေခဲ က အတီး အတနိုင်လှသော သူ့ သားကြီးကို လှမ်းကြည့်ရင်း ‘‘အင်း အကြီးဆုံး ဆိုတော့ နည်းနည်း တော့ ပေါတာပဲ ထင်တယ်’’ ဟု တွေးမိစဉ် မစိန်မြ က ‘‘သေမင်း ရှိ တယ်ဟေ့ သေမင်း’’ ဟု ခပ်ဆောင့် ဆောင့် အော်လေသည်။ ထို့ နောက် ကြမ်းပြင်ပေါ်မှ ဖန်ဂေါ်လီ လုံးကို ကောက်ပြီး ပါးစပ်ထဲ ထည့် မည်ပြင်သော အငယ်ကောင်ကိုလှမ်းဆွဲသည်။ လက်ကို အတင်းဖြေကာ ဂေါ်လီလုံး ကို လုယူ သည်။
‘‘ဒီဂေါ်လီလုံး ကို ဟိုပစ် ဒီပစ် နဲ့နော်။ ကလေး အနားမှာ မထားနဲ့ဆိုလည်း မရဘူး။ ငါ လွှင့်ပစ်မိ မယ် သိလား’’
ပါးစပ်က သာ လွှင့်ပစ်မယ် ဟု ပြောသော်လည်း လက်က တော့ တစ်ကယ်ပင် လွှဲပြီးအပြင် ဘက်သို့ လွှင့် ပစ်လိုက်သည်။ ငိုမဲ့ မဲ့ဖြစ်သွားသော အကြီးကောင် ကို မျက်နှာထား တင်းတင်းနှင့် ကြည့် သည်။ ‘‘ငိုရဲ ငိုကြည့်၊ ကျောကော့ သွားမယ်’’ဟု အသံ တိတ်ပြော လိုက်ခြင်းဖြစ်၍ အကြီးကောင်က အော်ပြီး မငိုရဲရှာပေ။

 ဂေါ်လီ လေးကျသွားရာ အိမ်ရှေ့ရေဘုံ ပိုင် အနီးမှ ငွေပန်းပင် အုပ်အုပ် နေရာကို အမော တစ်ကော လိုက် ကြည့်ရင်း မနက်ဖြန်ကျမှ ပြန်ရှာ မယ်ဟု အားတင်းလိုက်ရဟန် ရှိ သည်။
ပေါ်ပေါက် လာသော အခွင့် အရေးကို ကိုရေခဲ က အပြည့်အဝ အသုံးချလိုက်နိုင်သည်။ မစိန်မြ ၏ မျက်လုံး သူ့ အပေါ်မှ လွှဲဖယ်သွား သည်နှင့် လက်ဝဲ နံတောင်းမှ လက်ယာ နံတောင်းသို့ အလျင် အမြန် ပြောင်း လိုက် သည်။ 

နံရံဘက်ကို ဘေးကင်း ရန်ကင်း မျက်နှာ မူပြီး ပြီမို့ မျက်စိတော်တော် အေးသွား သည်။ မစိန်မြ ၏ မျက်စောင်း ကို ရင်ဆိုင် စရာ မလိုတော့။ သူ့ကျော မှာ မျက်စိ ပါမလာလေတော့ ကျောဘက်မှနေပြီး ကြည့်ချင် သလိုကြည့် ။ အခိုး ထွက်အောင် ကြည့်ကြည့်၊ သူ မှုစရာမလို။ အ မျိုးစပ် ချင်းစပ်လျှင် ဝက်နဲ့ သာ စပ် နိုင်ပြီး နဂါးသွေး တစ်စက် တစ်လေ တောင် ပါမည်မဟုတ်သည့် မစိန် မြ ၏ မျက်စောင်းကြောင့် ပြာ မကျ။ မီး မလောင်နိုင်သည်က လည်း သေချာသည်။
ဆူညံသံ၊ ဆောင့်သံ၊ ဆဲသံ၊ ဆိုသံ၊ ကလေး ငိုသံများကိုလည်း ထည့်တွက်စရာ မလို။ မည်မျှ ဆူ ညံသော အသံဖြစ်ပါစေ နားထဲသို့ မဝင်ဘဲ လျှံထွက် သွားအောင် နား ထောင် တတ်သော အကျင့် ကို ရခဲ့ ပြီကား  ကြာချေပြီ။
ထို့ကြောင့် ကိုရေခဲသည် မကြာမီမှာပင် အိပ်ပျော်ခြင်းသို့ ရောက်သွားလေတော့သည်။
မထွေးစိန် ကမ်းပေးသော တစ်ဆယ်တန် လတ်လတ် က လေးကို ဆတ်ခနဲ ဆွဲယူကာ အ ထက်ဆင်ကြားထဲ လိပ်ထည့် လိုက်သည်။
‘‘ပြန်တော့ရွေးနော် အစ်မ’’
‘‘အေးပါဟယ် ငါ့ထဘီ က ငါးဆယ်လောက် တန်တာ အဆုံး မထားပါဘူး’’
‘‘ဒါကတော့ အသစ်ဈေးကို အစ်မ ရဲ့။ အစ်မ ဝတ်ထားလို့ ဟောင်းနေတာလည်း ကြည့်ပါ ဦး’’
ဟုတ်တော့လည်း အဟုတ် သားပင်။ သူ ဖန်တရာတေအောင် ဝတ်ထား သဖြင့် ပါတိတ် ထဘီက အဆင်အသွေးပင် မှိန်နေချေပြီ။
‘‘ငါပြန်ရွေးမှာပါဟယ် စိတ် ချ။ ငါ့ ထဘီကို တစ်ဆယ် နဲ့ အဆုံး မခံပါဘူး တစ်ကတဲ’’
မစိန်မြ က ခပ်ဆောင့်ဆောင့် ပြောပြီး ခပ်သုတ်သုတ် ပြန်သွား တယ်။ တော်ကြာ ဆေးခန်းပိတ် သွားလျှင် ဆရာဝန် မပြဖြစ်ဘဲ ဖြစ်နေချေဦးမည်။
‘‘မစိန်မြ ဘယ်ကပြန်လာ တာတုံး’’
‘‘ဒီနားကပဲ’’
မျက်စောင်းထိုး အိမ်မှ လှလှ က နှုတ်ဆက်သည်။ အိမ်လှေ ကားထစ်တွင် ငုတ်တုတ်ထိုင်ရင်း လမ်းမဘက်ကို မျှော်ကြည့်သည်။
‘‘လင်တော်မောင် မလာ သေးဘူးလား’’
‘‘ထုံးစံအတိုင်းပဲ မစိန်မြရေ သန်းခေါင် သန်းလွဲ ကျမှ မူးရူးပြီး ပြန်လာမယ် ထင်ပါရဲ့။ စိတ်ညစ် ပါတယ်’’
လှလှချစ် က အသံနွမ်းနွမ်း နှင့် ပြောသည်။
‘‘ကိုရေခဲ တို့များတော့ အေး လိုက်တာနော်။ အသောက်အစား အပျော်အပါး၊ လောင်းကစား ဆို တာ ဘာမှမရှိဘူး။ တစ်ကယ့်ကို ရေခဲတုံးပဲ’’
တစ်ဆက်တည်း ချီးကျူး တော့ မစိန်မြ စိတ်တိုသွားသည်။ သူ၏ အိမ်ထောင်သက် ခုနစ်နှစ် တာ အတွေ့အ ကြုံ အရတော့ မစိန်မြ သည် ကိုရေခဲ အရက်သောက် ချင်သောက်ပါစေ၊ ဖဲရိုက်ချင်ရိုက် ပါစေ။ သို့သော် သားရေး သမီး ရေး၊ နေရေး ထိုင်ရေး၊ အိမ်မှု ကိစ္စအသေး အဖွဲလေးတွေကို ‘‘မင်းကြည့်လုပ်လိုက်လေကွာ’’ ဟု လွှဲကာ နံရံဘက် လှည့်ပြီး တစ်ခူးခူးဟောက်ကာ အိပ်တတ်သူ မဟုတ်ဘဲ တိုင်တိုင် ပင်ပင် ဖြေ ရှင်း တတ် သူ ဖြစ်လျှင် တော်ပါပြီ ဟု မကြာခဏ စိတ်ကူးမိသည်။
‘‘ကျုပ်ကတော့ ဒီရေခဲတုံး ကြီးကို ရေခဲတိုက် ထဲတောင် ပို့ပစ် ချင်နေပြီ တော်ရေ့’’
မစိန်မြ က မကြည်မသာ ပြောပြီး ထွက်လာခဲ့သည်။ ခြေ ရင်းအိမ်က လင်မယား ရန်ဖြစ်ကြ တုန်း ‘‘မင်းကို တစ်သက်လုံး အိမ် ဦးခန်းတင်ပြီး ဆီဦးထောပတ် ကျွေးပါ့မယ်လို့ ငါကတိပေးဖူးလို့ လား’’ဟူသော ယောက်ျား ၏ စကားသံကို သတိရမိသည်။ 

ထို့ နောက် တစ်ဆက်တည်းမှာပဲ သူ နှင့် လက်မထပ်ခင် က ‘‘ကို က အေးအေးဆေးဆေး နေချင်တာ ပါပဲကွာ။ အရက်သောက် ဖဲရိုက် တာလည်း ဝါသနာမပါဘူး။ နောက်ပြီး ဒီတစ်သက်မှာ မင်း တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူး တာပါ။ အိမ်ထောင်သည် ဘဝ ရောက်ရင်လည်း ပွေပွေ ရှုပ်ရှုပ်၊ မလုပ်သင့်တာတွေ ဘယ်တော့ မှ မလုပ်ဘူး ဆိုတာ ဟောဒီကမ္ဘာ မြေကြီးကိုတောင် သက်သေတည် ပြီး ပြောရဲပါရဲ့ကွာ’’ဟု ကိုရေခဲ ပြောခဲ့ဖူးသော စကားကို သတိရ မိသည်။
‘‘မလုပ်သင့်တာ မလုပ်တာ နဲ့ မပြီးသေးဘူး တော်ရေ။ လုပ် သင့်တာလည်း လုပ်ရဦးမယ်’’
မစိန်မြ က စိတ်ထဲမှ အော် ပြောနေမိသည်။
စိတ်ထဲမှ မဟုတ်ဘဲ ပါးစပ် မှ အော်ပြောလျှင်လည်း ကိုရေခဲ က ကြားမည်မဟုတ်။
တစ်ခူးခူးနှင့် ဟောက်ကာ နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကြောင့် ဖြစ်လေသည်။
‘‘ကဲ.. နောက်တစ်ယောက် လာ’’
ဆရာဝန်ကလေး၏ အသံ ကြားတော့ မစိန်မြ သည် အငယ် ဆုံးကောင်ကို ချီရင်း ဆေးခန်းထဲ သို့ ဝင်ခဲ့ သည်။ တစ်အီအီ ငိုနေ သော နို့ညှာကောင် က သူ့ ထဘီစ ကို တန်းလန်း ဆွဲပြီး နောက်မှပါ လာသည်။ နို့ညှာကောင် ၏ နောက်တွင်တော့ (၄)နှစ် သမီး နှင့် (၅)နှစ်ခွဲ အရွယ် သားတို့က ဆုတ်ကန်ကန် လိုက်ပါလာကြ သည်။
‘‘ဟ.. အင်အားကောင်းလှ ချည်ကလား’’
ဆရာဝန်က မျက်လုံးပြူး သွားသည်။ သားအကြီးက နှာ ရည်တွေ တစ်ရွှဲရွှဲရှိုက်သွင်းသည်။ အလတ် မလေးက ချောင်းတစ်ဟွတ်ဟွတ် ဆိုးသည်။ နို့ညှာကောင် က ငိုလေသည်။ အငယ်ဆုံးကောင် ကလေးကလည်း ရွှင်ရွှင်လန်း လန်း မရှိလှ။ ကိုယ်လေး လက်ဝန် ကြီးနှင့် အမေ ကလည်း ဖြူတူတူ ဖျော့တော့တော့မို့ ဆရာ ဝန် ၏ အမြင်တွင်တော့ သူတို့ အားလုံး လူမမာပုံပေါက်နေလေတော့ သည်။
‘‘ကိုင်း.. နေမကောင်းတာက ဘယ်သူလဲ’’
ဆရာဝန်ကမေးတော့ မစိန် မြသည် ညာဘက်လက်နှင့် ချီထား သော ကလေးကို ဘယ်ဘက် လက်နှင့် ပြောင်း ချီသည်။ ထို့ နောက် သူ့ ထဘီစကို ဆွဲထား သော နို့ညှာကောင်အား လှမ်းဆွဲ သည်။ နို့ညှာကောင် က အဆွဲမခံ။ ထဘီထဲသို့ ပို၍ တိုးဝင်လာရင်း ‘‘ဆေးထိုးဘူး ဆေးထိုးဘူး’’ဟု အော်လေသည်။
‘‘လာ လာ ဦးဦးက ဆေး မထိုးပါဘူး’’
ဆရာဝန် ၏ အသံကြားတော့ နို့ညှာကောင် က ပိုပြီး ငိုလေသည်။ မစိန်မြ က လက်ပေါ်မှ ကလေးကို ခါး ထစ်ခွင် ချီလိုက်ပြီး ကြမ်းပေါ် တွင် ဖင်တစ်ရွတ်ဆွဲ ထိုင်ချနေသော နို့ညှာကောင်ကို ကုန်း၍ ဆွဲသည်။ ဆရာဝန်ဆီသို့ တွန်း၍ ပို့သည်။ ဆရာဝန် က လှမ်းဆွဲပြီး နဖူး ကို စမ်းကြည့်တော့ ချောင်းတစ်ဟွတ် ဟွတ်ဆိုးနေသော နို့ညှာကောင် က ပဋိသန္ဓာရ စကားကို ယဉ်ယဉ် ကျေးကျေးလေး ဆိုလိုက်သည်။
‘‘အေရိုးကြီး’’တဲ့။
‘‘ဟ.. ဒီ ပုဂ္ဂိုလ်လေးက တော်တော်ကြမ်းပါလား’’
သူတို့ ရပ်ကွက်ထဲတွင် ဆေး ခန်း လာဖွင့်ထားသည်မှာ တစ်နှစ် ခန့် ရှိပြီဖြစ်၍ ထုသား ပေသားရနေ ပြီးဖြစ်သော ဆရာဝန် ကလေးက ခပ်ပြုံးပြုံး မှတ်ချက်ချသည်။
‘‘ကိုယ်က တော်တော် ပူနေ တာပဲ။ ဖျားနေတာ ဘယ်နှရက် ရှိပြီလဲ’’
‘‘သုံးရက်လောက် ရှိပြီ’’
‘‘စောစောက ဘာလို့ မလာ တာလဲဗျာ’’
‘‘လာချင်တာပေါ့ ဆရာ ရယ်။ ဒါပေမဲ့ ပိုက်ဆံ က ရှာရသေးတာ’’
မစိန်မြက ခပ်ရှင်းရှင်းပင် ပြောသည်။ ခြိုးခြံရတာ၊ ချွေတာ ရတာ များလာတော့ ကျပ်တည်း ဆင်းရဲသည်ကို မရှက်ချင်တော့။ လူကြားထဲတွင် အော်ပြီး ပြောချင် စိတ်ပင် ပေါက်တတ်သည်။ ထို့အ ပြင် ရိုးရိုး သားသား ဝန် ခံရလျှင် ဆရာဝန် ကလေး သနားပြီး ပိုက် ဆံလျှော့ယူလေမလား သာ မျှော်လင့်ချက်လည်း ပါလေ သည်။
‘‘လည်ချောင်းလည်း နာ တယ်ပြောတယ် ဆရာ’’
‘‘ဟုတ်လား.. ကဲသား သား ပါးစပ် ဟစမ်း’’
‘‘ဟဘူး’’
‘‘ခဏလေးပါကွာနော်’’
‘‘ဦးဦးက ဘာမှ မလုပ်ပါ ဘူး။ သားသား အာခေါင်မှာ အရိုး စူးနေလားလို့ ကြည့်ပေးမလို့ ၊တွေ့လား ဟောဒီမှာ လက်နှိပ် ဓာတ်မီး’’
နို့ညှာကောင်က ဆရာဝန်ကို မယုံမရဲကြည့်ပြီး သူ့ပါးစပ်ကို မဟချင် ဟချင်နှင့် ဟပေးသည်။
‘‘ဟာ နည်းတဲ့ အသီးကြီး မဟုတ်ဘူး။ ဒါကြောင့်မို့ ဖျား တာ’’
ဆရာဝန်ကလေးက နို့ညှာ ကောင်၏ အာခေါင်ကို လက်နှိပ် ဓာတ်မီးလေးနှင့် အသေအချာ ထိုးကြည့်သည်။
‘‘ဟေ့ ချာတိတ်၊ မင်း ဘာ စားသလဲ၊ ဦးဦးကို ပြောစမ်း’’
‘‘ထမင်း’’
‘‘ပြီးတော့ကော’’
‘‘ချံ ပြုတ်’’
‘‘အေး ဆန်ပြုတ်ပြီးတော့ ကော’’
‘‘ရေခဲခြစ်’’
‘‘ရေခဲခြစ် ဟုတ်လား။ နေ့ တိုင်း စားလား’’
နို့ညှာကောင်က ခေါင်းညိတ် သည်။
‘‘ကျွန်မတို့ လမ်းထိပ်မှာ ရေ ခဲခြစ်ဆိုင် ရှိတယ် ဆရာ။ သူတို့ တစ်တွေ အဲဒီမှာပဲ သွားမော့နေ ကြတာ’’
မစိန်မြ က ဝင်ဖြေသည်။ သူ့ တို့ လမ်းထိပ်က ကိုလှမောင် တို့ လင်မယားက ရေခဲခြစ်၊ ရေခဲသုပ် ရောင်း သည်။ ကလေးသား ငယ် မရှိ၍ ကလေးလည်း ချစ် တတ်သည်။ အိမ်က သတ္တဝါလေး များသည် ထိုဆိုင်နားတွင် တစ်ဝဲ လည်လည်နှင့် တစ်မော့မော့ရှိ တတ်သည်။ ကို

လှမောင်တို့က ရေခဲခြစ် ကို အလကား မကျွေးနိုင် သော်လည်း ရေခဲခြစ်ပြီး ပါး၍ လွှာသွားသော ရေခဲခြစ်ကလေး များကိုကား အလကားကျွေးတတ် သည်။ နို့ညှာကောင်က ရေခဲခြစ် စုပ်ရလျှင် စုပ်၊ မစုပ် ရလျှင် ထိုရေ ခဲများ ငုံနေရမှ ကျေနပ်သည်။
‘‘ကလေးတွေကို ရေခဲ မစား ပါစေနဲ့ အစ်မကြီးရဲ့။ ရေခဲလုပ် တဲ့ရေတွေက သန့်တာ မဟုတ် ဘူး။ နောက်ပြီး ရေခဲခြစ်ဆိုင်တွေ မှာက ဖွဲထဲက ရေခဲတုံးကို ထုတ် ပြီး ရေကလေးတစ်ချက်နှစ်ချက် လောက်သာ ပက်ဆေးတာ’’
ဆရာဝန်ကလေးက နို့ညှာ ကောင်၏ ရင်ဘတ်ကို နားကြပ် နှင့် ထောက်စမ်းသည်။ အသက် ပြင်းပြင်းရှူဟူ၍ ရှူခိုင်းတော့ နို့ ညှာကောင်က အသက်ပြင်းပြင်း ရှူသည်။ လမ်းတစ်လျှောက်လုံး တရှုံ့ရှုံ့နှင့် ရှုံ့သွင်းကာ တယု တယထိန်းသိမ်းလာသော နှပ်များ က ရှူး ခနဲ ထွက်ကျလာသည်။ မစိန်မြ က ကမန်း ကတန်း လှမ်း ၍ လက်ညှိုးနှင့် လက်မ ကို အသုံးပြု ကာ ညှစ်ယူလိုက်သည်။ အကျင့် ပါနေသည့်အတိုင်း ဘေးဘက်သို့ ပက်တော့မည် ပြင်မိသည်။ ဆရာ ဝန်ကလေး တွန့်ခနဲဖြစ်သွားသည် ကို မြင်မှ သူ့လက်ကို တင်ပါးမှ ထဘီစနှင့် ပွတ်သုတ်လိုက်သည်။
‘‘ကလေး ရဲ့ အာခေါင်ထဲက အာသီး က ရေခဲနဲ့တွေ့ရင် ရောင် လာတတ်တယ်။ အာသီး ခဏ ခဏရောင် ရင်လည်း နှလုံးတို့ ဘာတို့ကို ထိခိုက်တတ်တယ်’’
ဆရာဝန်ကလေးက မစိန်မြ နားလည်စေရန် အရှင်းဆုံးပြော သည်။ ထို့နောက် ဆုတ်ကန်ကန် ရပ်နေသော အကြီးကောင်နှင့် အလတ်မ ကို လှမ်းခေါ်သည်။
‘‘သူတို့က နေကောင်းပါ တယ် ဆရာ’’
‘‘ဟုတ်ကဲ့ ဒါပေမဲ့ တစ်လက်စတည်း သူတို့ရဲ့ အာသီးကို ကြည့်လိုက်ချင်လို့ပါ’’
ဆရာဝန်လေးက အကြီး ကောင်၏ ပါးစပ်ကို ဟခိုင်းသည်။ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့် သည်။
‘‘သူတို့တွေအားလုံးကို ဘာ လို့ ခေါ်လာသလဲ၊ အိမ်မှာထားခဲ့ လို့ မရဘူးလား’’
‘‘မရဘူး ဆရာ၊ သိပ်ဆော့ တယ်။ ဟိုတစ်ခါတုန်းက ထားခဲ့ တော့ နောက်ဖေးက စည်ပိုင်း ပြတ်ထဲမှာ ဇောက်ထိုးနစ်နေတာ၊ ကံကောင်းလွန်းလို့ မသေတာ ဆရာရေ့’’
‘‘ကိုယ်ခွဲ မရှိတော့လည်း ခက်တယ်ဗျာ။ ကလေးတွေ အဖေကကော’’
‘‘သူတို့ အဖေ ကတော့ မပြောနဲ့တော့ ဆရာရေ့။ နာမည်က လည်း ကိုရေခဲ တဲ့။ ကိုရေခဲ ဆိုတဲ့ တိုင်း အေးလိုက်တာ စက်လို့။ အိမ်မှာ ဘာဖြစ်ဖြစ် သူက အေးအေးပဲ၊ အခုလည်း အိပ်ကျန်ခဲ့ တယ်လေ’’
‘‘ဩော်’’
မစိန်မြ က ဆရာဝန်လေးနှင့် ချက်ချင်း ရင်းနှီးသွားသည်။ ဒီလို ဖော်ရွေ ရင်းနှီးစွာ ဆက်ဆံတတ် သော ဆရာဝန်လေး ဆီသို့ ပိုက် ဆံသာ ရှိလျှင် နေ့တိုင်းလာပြီး ဆေးကုခံချင်သည်။
‘‘ဒီတော့ အစ်မကြီးပဲ တစ်ဖား ဖား ဖြစ်နေရတာပေါ့ ဟုတ်လား’’
‘‘ဟုတ်ပါ့ရှင်’’
ဆရာဝန်လေးက အငယ် ကောင်ကလေး ၏ အာခေါင်ကိုပါ စစ်ကြည့်သည်။
‘‘သူတို့အားလုံး အာသီး နည်းနည်းစီတော့ ရောင်နေကြတယ်။ ဟို နို့ညှာ ကလေးကတော့ အဆိုး ဆုံးပေါ့။ အိမ်ရောက်ရင် ရေနွေး ထဲ ဆားရည် ထည့်ပြီး ဆားရည် နဲ့ ပလုတ်ကျင်းခိုင်းပါနော်။ ဆေး လည်း ပေးလိုက်မယ်။ သူတို့ကို တိုက်ပေးပါ’’
မစိန်မြ က စိတ်ထဲမှနေပြီး ဘုရား တလိုက်မိသည်။ လေး ယောက်စာ ဆေးပေးမယ် ဆိုလျှင် ငွေ တစ် ဆယ်နှင့် လောက်မှ လောက်ပါတော့မည်လားဟု တွေးမိသောကြောင့်ဖြစ်သည်။
‘‘ငွေ.. အဲ.. ငွေ ကတော့ တစ် ဆယ်ပဲ ပါတယ် ဆရာ’’ မစိန်မြ က စောစောစီးစီး ကြိုပြောသည်။ ဆေးယူပြီးမှ ငွေမပေးနိုင်လျှင် ပိုပြီးရှက်စရာ၊ အားနာစရာ ကောင်းမည်ဟု ထင်သည်။ ဆေး လုံးကလေးများကို ရေ တွက် ပြီး စာအိတ်ဖြူ ကလေးတစ်လုံးစီထဲ ခွဲထည့်ပေးနေသော ဆရာဝန်က လေးက မသိမသာပြုံးသည်။
‘‘ဆေးထိုးဘူးနော်’’
‘‘အေး ထိုးပါဘူးကွ’’
နို့ညှာကောင် က အခုမှ ပြုံး လာသည်။
‘‘ဒါပေမဲ့ ရေခဲခြစ်တော့ မစားရဘူးနော်။ ရေခဲလည်း မငုံရ ဘူး။ ဟုတ်လား’’
‘‘ဘာ ဖစ်ရို့’’
‘‘အာသီးရောင်တတ်တယ် ကွ။ နောက်တစ်ခါ အာသီးရောင် ရင်တော့ အပ်ကြီးကြီးနဲ့ ဆေးထိုး ရမယ် သိလား’’
‘‘အင်း ရေခဲခြစ်ကို ငုံမိတော့ အာသီးရောင်ပြီး ဖျားတတ်တယ် တဲ့။ ငါကတော့ ရေခဲအချစ်ကို ယုံမိ လို့ ထဘီပေါင်ပြီး စားရတာ ပေါ့ဟယ်’’
ဆရာဝန်လေး ၏ နောက် ဘက်နံရံတွင် ချိတ်ထားသော ကလေးဝဝ လှလှ ကလေးများ၏ ပုံကို ငေးကြည့်နေ ရင်း မစိန်မြ က စဉ်းစားမိသည်။ နံရံဘက်လှည့် ကာ ကွေးကွေးကလေး အိပ်ရင်း တစ်ခူးခူးဟောက်နေ မည့် ကိုရေခဲ ၏ အသွင်သဏ္ဌာန်ကို တွေးထင် မြင်ယောင်မိတော့ ဆရာဝန်က လေးက ဆေးထုပ်များ ကမ်းပေး သည်ကို မမြင်မိတော့ချေ။
‘‘ခြောက်ကျပ်ပဲပေးပါ အစ်မကြီး’’
ထိုအသံကိုလည်း မကြား၊ တင်ပါး တစ်ဖက် စောင်းကာ က လေးကို ခါးထစ်ခွင်ကာ ရပ်ရင်း စဉ်းစား၍ ကောင်းနေသည်။
‘‘သူတို့ ရေခဲခြစ် က ခဏပဲ ဖျားတာ။ ငါ့ရေခဲချစ်ကြီး ကတော့ တစ်ဘဝလုံး ဖျားတာ။ ဟွန်း.. ပြောလိုက်ချင်ဘူး ဖားဖား ကို လန်လို့ တော်ရေ့’’


၁၉၈၅ ဖေဖော်ဝါရီထုတ် ကလျာ မဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပါသည်။

No comments:

Post a Comment