Sunday, January 29, 2017

ကြက်ကင် အသားစိမ်းတွင် အစာ အဆိပ်သင့်စေသည့် ဗက်တီးရီးယားပိုး တွေ့ရှိ



ထားဝယ်ဒေသတွင် ရောင်းချနေကြသည့် ကြက်ကင်ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ အစာအဆိပ်သင့်စေသည့် ဗက်တီးရီးယားပိုးများ တွေ့ရှိရကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။

ကြက်ကင်ရောင်းချနေသည့် ဆိုင်များမှ ကြက်သားအစိမ်းတွင် အစာအဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသည့် ဗက်တီးရီးယားများ တွေ့ရှိရပြီး အဆိုပါ ကြက်သားများကို အကင်လုပ်စားရန် မသင့်တော်ဘဲ ချက်ပြုတ်ကြော်လှော်ပြီးမှသာ စားသုံးသင့်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။

“ဒီကြက်သားတွေကို ကျက်အောင်ပေါင်းပြီး ကင်စားမှ စိတ်ချရတယ်” ဟု ယင်းကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ကင်ပြီးသား ကြက်သားကင်များကို နည်းပညာအရ စစ်ဆေးရန် အခက်အခဲ ရှိပြီး ကြက်သားအစိမ်းများ ဓာတ်ခွဲစစ်ဆေးခြင်းကို မကြာခဏ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကြက်သားကင် ရောင်းချနေသည့် ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ရန်ကုန်မြို့ရှိ တိမွေးကု ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။

ဓာတ်ခွဲစစ်ဆေးချက်အရ ကြက်သားများတွင် ဗက်တီရီးယားပိုးများ ရှိသင့်သည့် ပမာဏထက် အနည်းငယ် ကျော်လွန်နေသည့်အတွက် ကင်စားရန် မသင့်ကြောင်း အဖြေထွက်သည်ဟု တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။




“ကင်စားဖို့ မသင့်တော်ဘူး၊ ချက်ပြုတ်စားသောက်ဖို့ပဲ သင့်တော်တယ်လို့ အကြံပြုတဲ့ အဖြေထွက်လာတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

ဖေဖော်ဝါရီလတွင် ထားဝယ်ဒေသရှိ ကြက်ကင်ရောင်းချနေသည့် ဆိုင်ပိုင်ရှင်များကို ခေါ်ယူကာ အသိပညာပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။

ထားဝယ်ဒေသရှိ ကြက်ကင်ဆိုင်အချို့နှင့် စားသောက်ဆိုင်အချို့တွင် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် အေးခဲကြက်သားများ သုံးစွဲမှုများ ရှိနေဆဲဖြစ်ကြောင်း စားသုံးသူများက ပြောဆိုလျက် ရှိသည်။ 


Dawei Watch


No comments:

Post a Comment