Monday, August 8, 2016

လူသား အရင်းအမြစ် နှင့် မြန်မာပြည်




31.7.2016 ထုတ်ကြေးမုံ သတင်းစာပါ ကျွန်တော့်ရဲ့ဆောင်းပါးလေးပါ။ ကျွန်တော့်ဆောင်းပါးလေးကို အချိန်ရမှ ဖတ်ပါ။ စာကို အဆုံးထိ ဖတ်ပေးဖို့ သူငယ်ချင်းတို့ကို မေတ္တာရပ်ခံပါတယ်။


နိုင်ငံတစ်နိုင်ငံ အတွက် မရှိမဖြစ်လိုအပ်လှသည့် လူသား အရင်းအမြစ် မြန်မာနိုင်ငံတွင် များစွာ ဆုံးရှုံးနေရကြောင်း ကို ကျွန်တော် ဥာဏ်စွမ်းရှိသလောက်တင်ပြထားပါတယ်။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စော်ကားလိုစိတ်မရှိပါ။


သတင်းစာနေရာ မလောက်တာကြောင့်လားတော့မသိပါ။ စာမူ ဆင်ဆာ အဖြတ်ခံရတာတော့ စိတ်မကောင်း ပါဘူး။ စာက နည်းနည်း ရှည်သွားတော့ အဆုံးထိ ဖတ်ပေးရင် အရမ်းကျေးဇူးတင်မိမှာပါ ။




" လူသား အရင်း အမြစ်နှင့် မြန်မာပြည် "


"ဒီနေ့ တနင်္ဂနွေနေ့ပါလား" ထမင်းစားရင်း ဝင်လာသော အတွေးတစ်စ။ ဝင်လာသော အတွေးလေးနှင့်အတူ ခပ်ကြိတ်ကြိတ်လေးပြုံးလိုက်မိသည်။ ထမင်းကို ခပ်သုတ်သုတ် စားပြီးသည်နှင့် ခြေလှမ်းများက ကြေးမုံ သတင်းစာရှိရာ ဧည့်ခန်းဆီသို့ချမှန်းမသိချနေမိသည်။သတင်းစာကို အစဉ်အတိုင်း မဖတ်နိုင်သေးဘဲ စိတ်ကသွေးဆောင်နေလေတော့ ကိုယ်ဖတ်ချင်သော စာမျက်နှာ ရှိရာသို့လက်က တစ်ရွက်ပြီးတစ်ရွက် လှန်မှန်းမသိလှန်နေမိသည်။ 

ကျေနပ်မိသော အပြုံးလေးနှင့် အတူ "တွေ့ပြီ။ မျိုးဆက်သစ် ရင်ပြင်" ကျွန်တော် အပတ်တိုင်း ရင်ခုန်စွာ စောင့်မျှော်နေရသော လူငယ် စာပေ ကဏ္ဍလေး။ ဒီတစ်ပတ် ဘယ်သူတွေက ဘာတွေရေးကြမလဲဆိုပြီး စိတ်ဝင်တစား ဖတ်နေမိသည်။ 

ထမင်း အဆိပ်တက်နေတဲ့ အရှိန်ကြောင့် စာမလုပ်ချင်သေးတာနဲ့ သတင်းစာ အဟောင်းလေးကိုပဲ့ ကောက်ကိုင်ကာ ဖတ်နေမိပြန်သည်။ "ဟွန်း...." ဖတ်လိုက်ရသည့် သတင်းခေါင်းစဉ်ကြောင့် မျက်မှောင်ကြုတ်မိသွားတာတော့အမှန်။ "ကိုးရီးယားနိုင်ငံသို့ မြန်မာနိုင်ငံ မှ လုပ်သားများစေလွှတ်" ဆိုတဲ့ သတင်းလေး။ 

စိတ်က အလိုမကျရင် တွေးနေတတ်သည့် အကျင့်ကြောင့် ကိုယ့်အခန်းပြန်ရောက်တဲ့ အထိ ဒီသတင်းလေးက အတွေးပင်လယ်ထဲ ကူးခတ်နေဆဲ။ "ဒီလူတွေကိုသာ မြန်မာပြည်တွင်းမှာ အလုပ် ခန့်ထားပေးနိုင်ရင် နိုင်ငံ့ အတွက် ဘယ်လောက် အကျိုးရှိလိမ့်မလဲ။ အခုတော့ ရွှေမြန်မာက မြေပေါ်မြေအောက်သယံဇာတ ကုန်လို့ လူကိုပါ ထုတ်ရောင်းနေရပြီလား" အော်.. မြန်မာပြည်" ဟု တီးတိုးမိရင်း သက်ပြင်းလေး တစ်ချက် ခပ်ဖွဖွချမိသည်။

နိုင်ငံတစ်နိုင်ငံတွင် လူသား အရင်းအမြစ် သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက မဏ္ဍိုင်ကျော ရိုး ပင် မဟုတ်ပါလော။ အရင်းအမြစ် တွင် လူသား အရင်းအမြစ်နှင့် သဘာဝ သယံဇာတ အရင်းအမြစ်ဟူ၍နှစ်မျိုးရှိရာ သက်ရှိဖြစ်သော လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှသာ သက်မဲ့ သယံဇာတ အရင်းအမြစ် ကို ကောင်းစွာ စီမံထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

 မြန်မာနိုင်ငံသည် မြစ်ကြီးလေးခု၊ တောတောင် အင်းအိုင်၊ ရေပေါ်ရေအောက် မြေပေါ်မြေအောက် သယံဇာတများနှင့် ကမ်းရိုးတန်း အရှည် (၁၃၈၅မိုင်) ဖြင့် ရွှေပြည်ကြီးဟု တင်စားရမည့်အလား သယံဇာတ များစွာ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ သို့သော် တစ်ချိန် က လူသားအရင်းမြစ် ကို ဗဟိုမပြုဘဲ သယံဇာတ ကိုသာ အဓိက အမှီပြုခဲ့သဖြင့် တစ်ချိန်က အာရှကျားဖြစ်ခဲ့သော မြန်မာသည် ယခုအခါ အာရှ တွင် ဆင်းရဲမွဲတေမှု ဒုတိယ အဆင့်သို့ မလှမပ ကျဆင်းခဲ့ရပေသည်။

နိုင်ငံ တစ်နိုင်ငံတွင် ဆင်းရဲမွဲတေမှုနှင့် အတူ ကဏ္ဍပေါင်းများစွာ ချွတ်ခြုံကျဆင်းလာတတ်စမြဲပင်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်မီး မရရှိခြင်း အခြေခံလစာ နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ နိုင်ငံ့(GDP) ကျဆင်းခြင်း၊ ကျန်းမာရေးနှင့် ပညာရေး အပေါ် အသုံးစရိတ် လုံလောက်စွာ မထောက်ပံ့နိုင်ခြင်း စသည့် ဆုတ်ယုတ်မှုများ ဘက်ပေါင်းစုံမှ ဝင်လာတတ်ပေသည်။ 

တစ်ချိန်က စင်ကာပူနိုင်ငံ ၏ ဖခင်ကြီး လီကွမ်ယု အားကျ အတုယူခဲ့ရသော ရန်ကုန်မြို့တော်ကြီးနှင့် လူသားအရင်းမြစ် ကို အရင်းပြု၍ တည်ဆောက်ခဲ့သော ခေတ်သစ် စင်္ကပူ မှာ များစွာ ကွာခြားနေပြီဖြစ်သည်။ ထို့အတူ ယခု ကမ္ဘာ့ စူပါပါဝါ အင်အားကြီး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ သည်လည်း လူသားအရင်းမြစ် ကို အုတ်မြစ်ချ၍ တည်ဆောက်ခဲ့သည်မဟုတ်ပေလော။

ရွှေမြန်မာကြီး ကမ္ဘာ ကို မဆိုထားနှင့် ဒေသတွင်း အာဆီယံနိုင်ငံနှင့် ယှဉ်ရင် ဘာလို့နောက်ကျကျန်ခဲ့ရသနည်း။ ဘာလို့ ဖွဲ့ဖြိုးတိုးတက်မှုနှောင့်နှေးနေရသနည်း။ မြန်မာနိုင်ငံမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ အလုပ် လုပ်နိုင်စွမ်းရှိသည့် လုပ်သားများ ဘာကြောင့် ပြည်ပသို့ရောက်ကုန်ကြသနည်း။ မြန်မာညံ့၍လော။ စဉ်းစား စရာပင်ဖြစ်သည်။

 မြန်မာ မညံ့ပါ။ ကမ္ဘာနှင့် ရင်ဘောင်တန်း၍ လက်ခမောင်း ယှဉ်ခတ်နိုင်သည့် မြန်မာ့သွေးသား အသိ ပညာရှင် အတတ် ပညာရှင်များစွာ ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန့် တို့လို အဓိပတိနိုင်ငံရေးသမားတွေသာမက အမေရိကန်လွှတ်တော်အထိခေါ်ပြီး ဂုဏ်ပြုချီးကျူးခံရသည့် ဆူရှီဆိုင်လုပ်ငန်းပိုင်ရှင် ဖိလစ်မောင်၊ HTC စမတ်ဖုန်း ကုမ္ပဏီ၏ CEO _ မစ္စတာချူး၊ နာဆာ Ames Reserch Center တွင် အလုပ် လုပ်သော အင်ဂျင်နီယာ ဦးခင်ကျော်၊ ကမ္ဘာ့ တွေးခေါ်မှု အကောင်းဆုံး နံပါတ်(၁၅) ဝင်သည့် ပညာရှင် သန့်မြင့်ဦး စသည့်ပညာရှင်များစွာရှိပါသည်။ 

သို့သော်လည်း စစ်အစိုးရလက်ထက်က နိုင်ငံရေး ဖိနှိပ်ချုပ်ချုယ်မှု အောက်မှ ရုန်းထွက်ရင်း မြန်မာပညာ ရှင် များစွာ ပြည်ပနိုင်ငံသို့ ရောက်ကုန်ကြသည်။ ထိုသူများ အားလုံး မြန်မာပြည်တွင်းတွင် မရှိကြချေ။ တိုင်းပြည် အတွက် အဖိုးတန် လူသားအရင်းမြစ် ဆုံးရှုံးရသည်မှာ ရင်နာဖို့ကောင်းလှသည်။

ထို စနစ်ဆိုးသည် ယခုအခါတွင် သာမဟုတ်။ ရှေးပဝေသဏီ မြန်မာ မင်းများလက်ထက်ကပင် နိုင်ငံတွင်း ထူးချွန် ထက်မြက်သူ၊ ပညာရှိ၊ လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသူ များကို မိမိအာဏာ ဆုံးရှုံးမည်ကို ကြောက်ရွံ့ စိတ်ဖြင့် အမျိုးမျိုးနှိပ်ကွပ်ခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံ ၌ ထီထွင် ဖန်တီးနိုင်စွမ်းရှိသည့် ပညာရှင်များ ပေါ်ထွက်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်အခါက အစိုးရမှ လိုအပ်သည့် ထောက်ပံမှုများမပေးနိုင်ခြင်းကြောင့် အောင်မြင်သင့် သလောက် အောင်မြင်မှုမရရှိခဲ့ပေ။တိုင်းပြည် ၏ လူသား သယံဇာတ များစွာ ထိခိုက် ဆုံးရှုံးရသည်မှာ နှမြောဖို့ ကောင်းလှပေသည်။

ထို့အပြင် ကိုယ်ကြိုးစား သလောက် အသက်မဝင် နေရာမှန် မရသည့် ကပ်နိုင် ဖားနိုင်မှ နေရာကောင်းရသည့် အနှစ် (၅၀) ကျော်ကြာ စနစ်ဆိုးအောက်တွင် မြွေးပွေး ခါးပိုက်ပိုက် နေရသည့် မြန်မာလူမျိုးများအနေဖြင့် တိုင်းတစ်ပါးသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် တွန်းအား တစ်ခုလိုဖြစ်နေပေသည်။ တိုင်းပြည် ၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည့် အလုပ်လုပ်နိုင်သည့် လူလတ်ပိုင်း လူတန်းစားများသည်လည်း ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုတို့ကြောင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ကြရသည်။ 

ယခုနောက်ပိုင်းတွင် ကိုးရီးယား အလုပ်ခေါ် သင်တန်းများ၊ ဂျပန် အလုပ်သမားခေါ် သင်တန်းများ စသည်ဖြင့် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေကြသည်များကို တွေ့မြင် ကြားသိနေရသည်မှာ အဆန်း မဟုတ်တော့ပေ။ ပညာတတ်ရန် မလို ကိုးရီးယားစကားပြောတတ်ရုံနှင့် တစ်လ (၁၅သိန်း) ရမည် ဆိုသည့် ပြည်တွင်း၏ အခြေခံ လစာနှင့် များစွာ ကွာဟနေမှုကို မည်သူက ငြင်းဆန်နိုင် ပါမည်နည်း။ မြန်မာပြည်သား တစ်ယောက်အတွက် မက်လောက်သည့် လစာပေကိုး။



ရပ်ထဲ ရွာထဲတွင်လည်း အမြဲ လိုလိုကြားနေရတတ်သည်။ "ဟို လမ်းထိပ်ကလေ သူ့သားနိုင်ငံခြား ကနေ ပိုက်ဆံပို့လိုက်တာ အခုဆို တိုက်နဲ့ ကားနဲ့ နေနိုင်နေပြီ"ဟူ၍ နိုင်ငံခြားရောက်နေသည် ဆိုသည်နှင့်ပင် မြန်မာ အချင်းချင်းများစွာ အထင်ကြီး ဂုဏ်ယူ၍ ထောပနာပြုနေတတ်သည်။ ထိုကဲ့သို့ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ခြင်း ကို ယခုအချိန်မှ မဟုတ် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ စုခန့်လောက်ကပင် တရားဝင် နည်းလမ်း အရသော်လည်းကောင်း တရားမဝင်မှောင်ခို နည်းလမ်းများနှင့်သော်လည်ကောင်း ပြောင်းရွေ့လုပ်ကိုင်ခဲ့ကြသည်။ 

ထိုခေတ် အခါက မှောင်ခိုဈေးကွက် လွန်စွာကြီးစိုးခဲ့သည်။ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသူများ အဖို့ တဖက်နိုင်ငံတွင် လုပ်သား အခွင့်ရေး များစွာ ဆုံးရှုံးရသည်။ လစာအပြည့်အဝ မရရှိခြင်း ၊ အတင်းအဓမ္မစေခိုင်းခြင်းများကို မကြားချင် အဆုံးနားနှင့် မဆံ့ကြားနေရသည်။ ထိုသူများ ကို ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်လျှင် တိုင်းပြည် အတွက်မည်မျှအကျိုးပြုလိမ့်မည်နည်း။

ထို့အတူ လူ့အခွင့်ရေး ချိုးဖောက်မှုများကိုလည်း အနည်းအများ ခံစားကြရသည်။ လူမှောင်ခို ပွဲစားများ၏ တစ်လ ဘယ်လောက် ရမည်ဆိုသည့် မက်လုံးများနှင့် ဆွဲဆောင်မှုများကြောင့် ပညာခံ နည်းပါး သည့်သူများမှာ အယုံလွယ်ကာ တစ်ဖက်နိုင်ငံသို့ သားမယား အဖြစ်ရောင်းစားခံကြရသည်။ တရုတ်နိုင်ငံ သို့ မြန်မာ အမျိုးသမီးများ ကို လိင် အလုပ်သမားများ အဖြစ်ရောင်းစားခံရခြင်း ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ ကမ်းဝေး ငါးဖမ်းလှေများတွင် လုပ်ခလစာ မရရှိဘဲ ခေါင်းပုံဖြတ် ခံရကာ အတင်း အဓမ္မစေခိုင်းမှုများအထိရှိပေသည်။ 

ထိုအဖြစ်များကို " မင်းကို ဘယ်သူ သွားခိုင်းလဲ၊ သွားချင်အုံးလေ၊ ခံပေါ့၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ့ "ဟုရက်ရက် စက်စက်ပြောလိုက်တော့မည်လား။ မိသားစု ကို စောင့်ရှောက်ချင်စိတ် ၊ကြီးပွားချမ်းသာ လိုစိတ် ရှိသည့် လူသား ပီပီ ကျွန်ပ် ဆိုရင်လည်း ငြင်းဆန်ဖို့ ခက်ခဲပေလိမ့်မည်။ ပြည်ပနိုင်ငံနှင့် ယှဉ်ကြည့်ပါက လုပ်ခ လစာ လွန်စွာနိမ့်ကျနေသည့် အတွက် ပညာခံ နည်းပါးသော တစ်နေ့ လုပ် တစ်နေ့ စား ဆင်းရဲသားများ အဖို့ ပြည်ပ သို့သာ အခြေချရန် တွန်းအားတစ်ခုလိုဖြစ်လာခဲ့သည်။

ထိုသူများသည်လည်း မိမိ သူငယ်ချင်း ဆွေမျိုး မိသားစု များကို ပစ်၍ မည်သူ သွားချင်ပါမည်နည်း။ ဖြစ်နိုင်လျှင် မိမိ မိသားစု ရှိရာ ပြည်တွင်းတွင်သာ အလုပ် လုပ်ကိုင်ချင်သူများဖြစ်သည်။ တိုင်းတပါး တွင် အသက်ကို ဖက်ရွက်နှင့် ထုပ်နေရသည့် အလား ကြောက်ရွံ့ စိုးရိမ်စိတ်များနှင့် မည်သူနေချင်ပါမည်နည်း။ တွေးလေ နက်လေ ရင်နာစရာ ကောင်းလှပေသည်။

ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ၃ ရက်တာ ခရီးသွားရောက်ခဲ့ပါသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ၏ ဖိတ်ကြားချက်အရ မဟာချိုင်တွင် ရှိသော မြန်မာ အလုပ်သမားများနှင့်တွေ့ဆုံခဲ့ပါသည်။ 

လူထုခေါင်းဆောင် အမေစု ကိုမြင်ချင်လွန်း၍ မိုးသည်းနေသည်ကိုပင် မမူနိုင်ဘဲ ဆီးကြိုကြသည်။ ပျော်လွန်း၍ ပီတိ မျက်ရည်ကျနေသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။ ရွေ့ပြောင်း အလုပ်သမားများ အနေဖြင့် မြန်မာ အစိုးရအပေါ် မျှော်လင့်ချက် မည်မျှ ထားသည်ကို ကွင်းကွင်း ကွက်ကွက် မြင်သာလှပေသည်။ ထို့အပြင် တိုင်းပြည် မငြိမ်သက်မှု ၊ ပြည်တွင်း ဆူပူမှုများကြောင့် တိုင်းတပါးသို့ ထွက်ပြေးကြသည့်သူများမှာလည်း ဒုနှင့်ဒေးပင်။ ထို့ကြောင့် လက်ရှိ အစိုးရအနေဖြင့် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမြန်ဆုံး ငြိမ်းချမ်းရေး ရယူဖို့လိုအပ်နေပြီဖြစ်သည်။ တိုင်းပြည် ဆုတ်ယုတ်မှုနှင့် လူသားအရင်းမြစ် ဆုံးရှုံးမှုတွင် ဤအချက်သည်လည်း အရေးပါ အကျူံးဝင်လှပေသည်။

ပညာရေး အပိုင်းတွင်လည်း မြန်မာ့ ပညာရေးနိမ့်ကျသည်ဟူသော ဝေဖန်သံများ မကြာခဏ ကြားနေရသည်မှာ အဆန်း မဟုတ်တော့ပေ။ ယခင်က ဆိုလျှင် "နင်တို့ ဆယ်တန်းအောင် တက္ကသိုလ်တက်ပြီး ဘာလုပ်စားမှာလဲ။ အလုပ်လည်းရေရေရာရာ မရှိဘူး။ရေးတတ်ဖတ်တတ်ရင်တော်ပြီ" ဆိုသောစကားသံများ မကြားချင်အဆုံးကြားနေရသည်။ ယခု ပွင့်လင်းလာသည့် မီဒီယာခေတ်တွင်ထို စကားသံများ သိပ်မကြားရတော့ပေ။

အတိုင်းအတာ တစ်ခုထိ ပညာ ၏ တန်ဖိုးကို သိလာကြပြီဖြစ်သည်။ ထို့အပြင် လုပ်ငန်း တစ်ခု၊ ကုမ္ပဏီတစ်ခု ၏ ထိပ်တန်းနေရာများ အကြံပေးနေရာများတွင် နိုင်ငံခြားသားများ ကိုသာ ခန့်အပ် တာဝန်ပေးထား ရသည်။ မြန်မာ လုပ်ငန်းရှင်များ အနေဖြင့် ထိုကဲ့သို့နေရာမျိုး ကို မိမိတို့နိုင်ငံသား ကိုသာ ခန့်အပ်ချင်သော်လည်း ထိုနေရာနှင့် ထိုက်တန်သည့် အရည်အချင်းရှိသူ မတွေ့ကြောင်းကို ဆောင်းပါး တစ်ခုတွင် ဝမ်းနည်း စိတ်နှင့် အတူ ရင်နာစွာ ဖတ်လိုက်မိသည်။ 

မည်သို့ပင်ဆိုစေ မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသည်တော့ အမှန်ပင်။ ကျွန်ပ်အနေဖြင့် ပညာရှင်တစ်ယောက် မဟုတ်သောကြောင့် များစွာ မဝေဖန်လိုပေ။ ပညာရေး ကျွမ်းကျင်ပညာရှင်များအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ကို ရေတို ရေရည် စီမံကိန်းများဆွဲကာ အမြန်ဆုံး အကောင်ထည်ဖော်ရန် လိုအပ်နေပြီဖြစ်သည်။ ယခု လက်ရှိတွင်လည်း အထိုက် အလျောက်ပြုပြင်ပြောင်းလဲမှုများကို တွေ့မြင်ရသဖြင့် လွန်စွာ ဝမ်းသာဂုဏ်ယူမိသည်။

"တောက်ခနဲ" ပြုတ်ကျ သွားသည့် ဘောပင် ကို လှမ်းကောက်ရင်း မျက်လုံးတစ်စုံ က မှင်နက်နှင့် ရေးထားသည့် နံရံပေါ်က စာရွက်အပိုင်း စလေးကို သတိပြုလိုက်မိသည်။ အနားသို့ တိုးကပ်ရင်း " နိုင်ငံတစ်နိုင်ငံ ကို စစ်လက်နက် ပစ္စည်းနဲ့ တက်သိမ်းစရာ မလိုဘူး။ ပညာတတ်အောင်လုပ် ၊ သူ့ဟာ သူ ကျွန်လာခံလိမ့်မယ်" ဟု ပါးစပ်က တဖွဖွ ရွတ်မိသွားသည်။ 

ထို စကားကိုပြောသူကတော့ မလေးရှားကျွန်းဆွယ်ကနေ ခွဲထွက်ပြီး ဆင်းရဲမွဲတေနေသည့် စင်္ကပူနိုင်ငံ ကို အာရှကျား အဖြစ် အသွင် ဖန်တီးလိုက်သည့် ခေတ်သစ် စင်္ကပူ ကို တည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု။ တိုတို တုတ်တုတ်နှင့် အနှစ်သာရပြည့်ဝလှသည့် စကားလေး။ အော် အမြော် အမြင်ရှိလှပါတကား ။ ထို့ကြောင့်လည်း လူသားအရင်းမြစ် ကို အုတ်မြစ်ချပြီး ခေတ်သစ် စင်္ကပူ ကို တည်ထောင်နိုင်ခဲ့တာကိုး။

အနှစ်ချုပ်ဆိုသော် ကျွန်ပ် အနေဖြင့် အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့ဦးတည်နေသော အမိ မြန်မာနိုင်ငံတော် ကို များစွာဂုဏ်ယူမိသည်။ သို့သော် စိန်ခေါ်မှုများ က ရှိနေဆဲပင်။ မြန်မာနိုင်ငံ ၏ လူသားအရင်းအမြစ် မဆုံးရှုံးရလေအောင် လက်ရှိ အစိုးရအနေဖြင့် ပြည်သူ့ ဝန်ထမ်းများနှင့် အလုပ်သမားများ ၏ အခြေခံ လစာကို အာဆီယံနှုန်းထား အတိုင်း ပေးနိုင်ရန် အမြန်ဆုံး အကောင်ထည်ဖော်ရန် လိုအပ်နေပြီဖြစ်သည်။ သို့မှသာ ပြည်တွင်းတွင် အရည်ချင်း ပြည့်မှီသည့် လုပ်သားများ ပိုမိုများပြားလာမည်ဖြစ်သည်

ထို့အပြင် နိုင်ငံခြား အရင်းနှီးများကို ဖိတ်ခေါ်၍ စက်မှုဇုံ များ တည်ထောင်ကာ အလုပ်ကိုင် ခွင့်လမ်းများစွာ ဖန်တီးပေးရန်လိုအပ်ပေသည်။ သို့မှသာ မြန်မာနိုင်ငံသားများ တိုင်းတပါး တွင် မျက်နှာမငယ်ဘဲ ပြည် တွင်းတွင် ဂုဏ်သရေရှိရှိ လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်သည်။ အကျိုးဆက် အနေဖြင့် စက်မှုကဏ္ဍ ဖွံဖြိုး တိုးတက်လာကာ ထုတ်လှုပ်မှု စွမ်းရည် ပိုမိုတိုးတက်လာပြီး ဖွံဖြိုးတိုးတက်သည့် နိုင်ငံသစ်တစ်ရပ်ကို တည်ထောင်နိုင်ပေမည်။

 ပြည်ပရောက် အသိပညာရှင် အတတ်ပညာရှင် နှင့် အရည်အသွေးပြည့်ဝသည့် အလုပ်လုပ်နိုင်စွမ်း ရှိသော လုပ်သားများနှင့် ပူးပေါင်းကာ နိုင်ငံ့ အကျိုးတွက် စွမ်းစွမ်း တစ်မံဆောင်ရွက်သွားပါက မဝေးတော့သည့် အနာဂတ် တွင် မြန်မာပြည်ကြီး နေလို လလို ထွန်းတောက်မည်မှာ မလွဲ ဧကန်ပင်ဖြစ်ပေသည်။ မြန်မာပြည် မြန်မြန် ကျန်းမာပါစေဟု ဆန္ဒပြုရင်း မျှော်လင့်ရင်း၊ ကျွန်တော်လည်း တတ်စွမ်းသလောက်ကြိုးစားရင်းနှင့် ကျွန်တော့် အတွေး ဒီမှာ တစ်ခန်းရပ်ပါပြီ။ ။

ထက်ဝေယံအောင် (ပြုံးချို)
တတိယနှစ်(ဂျာမန်)
YUFL
19.7.2016(အာဇာနည်နေ့)


No comments:

Post a Comment