Sunday, August 14, 2016

လပြည့် ည သချိုင်း မှာ


       
     ''အသားနဲ့ ယူမလား၊ သက်သတ်လွတ် ယူမလား၊ ဆေးလိပ် ကြိုက်တတ်လား၊ လက်ဖက်ရည် ယူဦးမလား'' စသော စကား ပြောဆိုနေကြသူများသည် ထမင်းဆိုင် တစ်ဆိုင်၊   စားသောက်ဆိုင် တစ်ဆိုင်   တွင် မေးမြန်းနေကြခြင်း မဟုတ်ပါ။

          မန္တလေးမြို့အစွန်မှာ ရှိတဲ့ သုသာန် ထဲမှာ အသက် (၄၀) ကျော် အရွယ်ရှိတဲ့ အမျိုးသမီးသုံးဦး ပြောဆိုနေတဲ့ အသံတွေပဲ ဖြစ်ပါသည်။

          ဒါဟာ နှစ်စဉ် မပြတ် ကျင်းပပြုလုပ်လာတဲ့ မန္တလေးမြို့တော်ဘက် တောင်အင်း-မြောက်အင်း သုသာန် ထဲမှာ သီတင်းကျွတ် လပြည့်နေ့ ညနေ (၆း၀၀) အချိန် ကတည်းက   စပြီး ကျင်းပပြုလုပ်နေတဲ့      အကျွတ် အလွတ် ဒါနပြု အမျှဝေပွဲတော် ဖြစ်ပါတယ်။ အာဟာရ ဒါန အလှူရှင်တွေက လာရောက်ကြည့်ရှုသူ၊ သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ကို မေးမြန်းနေတာပဲ ဖြစ်ပါတယ်။

အကျွတ်အလွတ် ဒါနပြု  အမျှဝေ ပွဲတော် ဆိုပြီး ၁၉၆၉ ခုနှစ်က စတင်လို့ ချောက်မြို့ကနေ စတင်ပြုလုပ်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ၊ ၁၉၇၇ ခုနှစ်တွင် မန္တလေးမြို့တို့၌ ပထမဆုံး အကြိမ် အ ဖြစ်ကျင်းပ ပြုလုပ်လာခြင်း ဖြစ်သည်။

           အကျွတ် အလွတ် ပွဲတော်ကို သတင်းကျွတ် လပြည့်နေ့ည တွင်သာ ပြုလုပ်ပြီး၊ ဗုဒ္ဓဘာသာ လူမျိုးတို့၏ သက်ကြီး ရွယ်အိုများ ကို ပူဇော်ကန်တော့သည့် လ၊ ရဟန်းတော်များ ၀ါကျွတ်သည့် လ ဖြစ်သည့်   အတွက် သီတင်းကျွတ် လပြည့်နေ့ ကိုသာ ရွေးချယ်ခြင်း ဖြစ်ပြီး၊ ဒါနပြု အမျှဝေ ပွဲတော် ကျင်းပသည့် အချိန်ကိုလည်း ထိုအလေ့ကို ယုံကြည်သူများရဲ့ အဆိုအရ ပြိတ္တာများ အတွက် အဆင်ပြေသည့် ညနေ နေ၀င်ရီသရော အချိန်တွင်သာ စတင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

          မန္တလေးမြို့ တောင်အင်း၊ မြောက်အင်း သုသာန်တွင် လည်း အောက်တိုဘာလ (၂၈) ရက်နေ့က (၃၈) ကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အကျွတ် အလွတ် ဒါနပြု အမျှဝေပွဲတော်ကို လူအများတစ်ဖွဲဖွဲ လာရောက်ကြသည်။ ယခင်က အကျွတ် အလွတ် ပွဲတော်ကို တောင်အင်း၊ မြောက်အင်း မရှိစဉ် အချိန်က မန္တလေးမြို့နှင့် အလှမ်းမဝေးလှသော တောင်မြင့် သုသာန်တွင်သာ ကျင်းပပြုလုပ်ခဲ့သောကြောင့် လူအများမှာ သုသာန်နယ်မြေတွင် ပြွတ်သိပ်၊ ပိတ်ဆို့လျက်ရှိသည်။

            ယခုလက်ရှိ ကျင်းပသော တောင်အင်း-မြောက်အင်း သုသာန်မှာ မန္တလေးမြို့နှင့် အလှမ်းဝေးလှပြီး သွားလာရာ လမ်းမှာလည်း လူနေအိမ်   မရှိသလောက် ရှားပါးသည့်  အတွက် ယခင်လောက် လူစည်    ကားခြင်း မရှိတော့။ လမ်းဘေး  မီးတိုင်များလည်း မရှိသကဲ့သို့ သုသာန်သို့ သွားလာရာ လမ်းကလည်း   တိတ်ဆိတ်လွန်းလှသည်။

             သို့သော်လည်း အဆိုပါ နေရာသို့ ညဥ့်နက်လေ ၊ လူအများ တစ်ဖွဲဖွဲ လာရောက်သူများ လာလေ  ဖြစ်သည်။ သုသာန်နယ်မြေသို့ ၀င်ရောက်သည်နှင့် တစ်ပြိုင်နက် မီးများမှာလည်း လင်းထိန်လျက် ရှိနေပြီး၊ ဒါနပြုလုပ်နေသူများကလည်း ၀င်ရောက်လာသူ အပေါင်းကို မေးမြန်းလျက်ရှိသည်။

          ''အမတို့က နှစ်စဉ် မပြတ် ဒါနပြုလုပ်နေတာပါ။ သက်ဆိုင်ရာ ဘိုးဘွား မိဘတွေကို အစာကျွေး၊    ဒါနပြုချင်သူတွေ အနေ နဲ့ အမတို့က ကုသိုလ်ယူ စီစဉ်ပေးတယ်။ အသားကြိုက်တယ် ဆို အသားဟင်း   လည်း ထည့်ပေးတယ်။ သက်သတ်လွတ် ဆိုရင် ငှက်ပျောသီး နဲ့ ထမင်း ထည့်ပေးတယ်။ ပြီးတော့ တစ်ခြားသူတို့ ကြိုက်တတ်တဲ့ ဆေးလိပ်တို့ ၊ လက်ဖက်ရည်တို့ကိုပါ ဒါနပြုနေတာပါ'' ဟု လာရောက် ဒါနပြုနေသော စေတနာ မေတ္တာရှင်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

          အဆိုပါ သုသာန် အတွင်းသို့ ၀င်ရောက်သည်နှင့် လူအများမှာ ဟို တစ်စု၊ ဒီ တစ်စု ပျံ့နှံ့လျက် ရှိ  သည်။ ရေအိုး ငါးလုံးခန့် ရေခွက်နှင့် အတူ မြေပေါ်တွင် ချထားပြီး အိုးရှေ့မှာလည်း သဲများကို   ညီညာစွာ ခင်းကျင်းထားသည်။ ပြိတ္တာများ နားနေရန် ဟူ၍ ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ စေတီ ပုထိုးရှေ့ တည့်တည့် တွင်လည်း ကြိုးများ တန်းထားကာ သဲများ ကိုလည်း ညီညာဖြန့်ဖြူးထားပြီ စေတီရှေ့တည့်တည့် သစ်ပင်၌ ပြိတ္တာ များ ဘုရားဖူးရန် ဟူ၍ ချိတ်ဆွဲထားသည်။

 ရေအိုးရှေ့တွင်လည်း ပြိတ္တာများ ရေသောက်ရန် ဟူ၍ စာရေးထားသည်။ သစ်ပင်အောက် များတွင်လည်း အင်ရွက်ပေါ်တွင် ထည့်ထားသော ထမင်း များ၊ လက်ဖက်ရည်ခွက် များကို ကိုင်ဆောင်လျက် ဟိုတစ်ခု ဒီ တစ်ခု အလင်းရောင်များ အောက်တွင် ပျံ့နှံ့လျက်နေသည်။

          အဆိုပါ အချိန်၌ ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက လော်စပီကာဖြင့် ပွဲလာသူများထံသို့ စကား ပြောကြားလိုက်သည်။

          ''သက်ဆိုင်ရာ ဘိုးဘွား၊ မိဘ၊ ဆရာသမားများ နဲ့ ဆွေမျိုးသားချင်းများကို ဒါနပြု အမျှဝေလာရောက် ကျွေးမွေးကြသော ပရိသတ်များ အနေဖြင့် ခဏနေဆို မီးပိတ်ပါတော့မယ် ခင်ဗျာ။  အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲတော် သန်းခေါင်ယံ အစားအစာ ကျွေးမွေးဧည့်ခံပွဲကို လာရောက် စားသောက်ကြတဲ့ ဆွေဟောင်း မျိုးဟောင်းများ၊ မိဘဆွေမျိုးများ နဲ့ မိတ်ဆွေများအားလုံး ဆင်းရဲခပ် သိမ်းကင်းငြိမ်းကြပါစေ။      ဒီကနေ့ ည ကျွေးမွေးတဲ့ အစားအစာ များကို လည်း လွပ်လွပ် လပ်လပ် အားရပါးရ စားသုံးနိုင်ကြပါစေ'' ဟု လော်စပီကာဖြင့် ပြောကြားလိုက်သည်။

          ထိုအချိန်တွင် လူများမှာ စိတ် ၀င်စားမှုများ အပြည့်   ရှိနေပြီး၊ ၎င်းတို့ ကျွေးမွေးထားသော ထမင်း၊ ဟင်း များကို အသံတိတ်စွာ စောင့်ကြည့် သူများ ပြည့်နက်လျက် ရှိနေကာ မိနစ် ပိုင်း အတွင်း သုသာန်     တစ်ပြင်လုံး မီးမှိတ်လိုက်တော့သည်။

          ထိုကဲ့သို့ မီးမှိတ်လိုက်သော ကြောင့် သုသာန် တစ်ပြင်လုံးမှာ လပြည့်နေ့ ည ၏ အလင်းရောင်      အောက်တွင် မှုန်ဝါးဝါးသာ မြင်ရတော့ပြီး လူအများမှာလည်း စိတ်ဝင်စားသောကြောင့် ဘုရားဘေး ပတ်   ပတ်လည် တန်းစီပြည့်နှက်နေခဲ့သည်။ ထိုအချိန် တာဝန်ကျ လူတစ်ဦးက ''လမ်းလေး ဘေးဖယ် ပေးကျပါဗျာ။

           လူတွေ ပိတ်နေရင် သူတို့ လာလို့ မရလို့ပါ'' ဟု ပြောကြား လိုက်သောကြောင့် လူအများစုမှာ     လည်း သုံး ၊လေးယောက် သွားစရာ လမ်းဖြစ်အောင် ဟပေးလိုက်တော့သည်။ သိပ်မကြာခင်တွင် သုသာန် တစ်ပြင်လုံး  မီးများပြန်လည် လင်းထိန် သွားတော့သည်။ ထိုအချိန်တွင် ပွဲလာ ဧည့်ပရိသတ်များ အနေဖြင့် သူ့ထက်ငါ တိုးဝှေ့ကာ စေတီရှေ့ သဲခင်းထားသော လမ်းအား ကြည့်ရှု၍ '' ဟိုမှာ ခြေရာကြီးလား မသိဘူး။ ဘုရားလာဖူး သွားတယ် ထင်တယ်'' စသည်ဖြင့် အမျိုးမျိုးသော ပြောစကားများ ထင်မြင်ချက်များက အလျိုလျို ပေါ်ထွက်လာတော့သည်။

          ပြိတ္တာများ အနေဖြင့် ဧည့်ခံ ကျွေးမွေးထားသော အစားအစာ များအား လွပ်လပ်စွာ စားသောက်နိုင်ရန် အတွက် နာရီဝက်သော် လည်းကောင်း၊ ဆယ်ငါး မိနစ်သော် လည်းကောင်း မီးမှိတ်ထားပြီး ထိုဓလေ့ကို ယုံကြည်သူများ၏ အဆိုအရ ပြိတ္တာများ သည် မီးပျက်ချိန်သာ လာရောက် စားသောက်လေ့ ရှိကြောင်း     ယုံကြည်ကြသည်။

          ''အစ်မက သေဆုံးသွားပြီ ဖြစ်တဲ့ အစ်မ ဦးလေးကို အာဟာရ ဒါနပြု လာရောက်ကျွေးမွေး၊ အမျှ ဝေပေးတာ။ လာရောက် စားသောက်လိမ့်မယ်လို့တော့ ယုံကြည်တယ်'' ဟု သုသာန် အတွင်း လာရောက် ဒါနပြု ကျွေးမွေးနေသော အသက် (၃၀) ကျော် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

          အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲ ဟူသောကြောင့် ဗုဒ္ဓဘာသာ လူမျိုးများ အနေဖြင့် စိတ်ဝင်      စားသောကြောင့် လာရောက်သူများပြားကာ ကျွေးမွေးချိန်တွင်လည်း သိလို၊ မြင်လိုဇောဖြင့် ကျွေးမွေး  ထားသော နေရာများတွင် လူအများ ၀ိုင်းအုံ၍ ထိုင်ကြည့်ခြင်း၊ အော်ဟစ် ဆူညံခြင်း တို့ကြောင့် သက်ဆိုင်ရာ ဆွေမျိုးများ အနေဖြင့် လာရောက် စားသောက်ယူခြင်း ရှိသလို ပုံစံမပျက်ဘဲ ကျန်ရစ်နေသည်ကိုလည်း တွေ့ရှိရတတ်ကြောင်း လာရောက် ဒါနပြုသူများက ဆိုသည်။

          အကျွတ်အလွတ် ဒါနပြု အမျှဝေ ပွဲတော် ဆိုသည်မှာ ''ပေတ ဥဒ္ဒိဿ      ဒါန''ပေတ-ပြိတ္တာများကို၊ ဥဒ္ဒိသ- ရပ်ညွှန်း၍၊ ဒါန- ပေးလှူခြင်း၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ၊ အနေဆင်းရဲနေကြသော ပြိတ္တာများကို ရည်ညွှန်း၍ လှူဒါန်းသော အလှူ  ကို ခေါ်ဆိုကြောင်း မန္တလေးမြို့ မြတောင်ကျောင်းတိုက် မှ ထုတ်ဝေသော        အကျွတ်အလွတ် မှတ်တမ်း စာအုပ်အရ သိရသည်။

          ထို့ကြောင့် ပြိတ္တာများ အား သတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့ ၊ နံနက် (၈း၀၀) နာရီတွင် သံဃာတော် အပါး (၂၀) အား ပင့်ဖိတ်၍ လှူဖွယ် ပစ္စည်းများနှင့် တကွ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

          ပြိတ္တာ ဖြစ်ရသည်မှာ ဥစ္စာစွဲ၊ သားမယား စွဲဖြင့် သေလွန်ကြကုန်သော သူများ၊ မနာလို ၀န်တိုခြင်း၊   ငြူစူစောင်းမြောင်းခြင်းများ ကုန်သော သူများ၊ ပေးကမ်းလှူဒါန်းခြင်း မရှိသော သူများ၊ သူတစ်ပါးတို့ ပေးကမ်း လှူဒါန်းသည်ကိုလည်း တားမြစ်သောသူများ၊ သေအံ့ဆဲဆဲ အခါတွင်လည်း ရတနာသုံးပါး ကင်းလွတ်၍     မသင့်မတင့် နှလုံးသွင်းမိ ပါက မကောင်းသောစိတ်၊ အကုသိုလ်စိတ် များ ဖြစ်ပေါ်လာပြီး သေဆုံးခြင်းတို့များမှာ ပြိတ္တာဘ၀ သို့ ကျရောက်ပါကြောင်း အဆိုပါ စာအုပ်တွင် ဖော်ပြထားသည်။

          မန္တလေးမြို့ ကောင်းကင်ယံတွင် အစွမ်းကုန် တောက်ပနေသည့် လရောင် ထွက်လာသည်နှင့်     တစ်ပြိုင်နက် လာရောက် ဒါနပြုကြသူများ အသီးသီး ပြန်ကုန်ကြသည်။ သုသာန်မြေသည် ပြန်လည်၍ တိတ်ဆိတ်သွားသည်။


စည်သူလင်း
http://www.messengernewsjournal.com/news/Article/detail.php?id=48447

No comments:

Post a Comment