Friday, August 26, 2016

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင် တစ်ခု ထပ်မံ လှုပ်နိုင်ကြောင်း ထိုင်းပညာရှင်တစ်ဦး သတိပေး



အင်အားပြင်း ငလျင်ကြောင့် ပျက်စီးပြိုကျသွားသည့် ပုဂံမြို့ရှိ စေတီ၊ ပုထိုးများနှင့် လာရောက် ဖူးမြော်နေသူအချို့ ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)) 

 သြဂုတ် ၂၄ ရက် ငလျင် အပြီးတွင် မြန်မာနိုင်ငံ၌ နောက် ထပ် အနည်းဆုံး ရစ်ခ်ျတာစကေး ၇ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေရှိကြောင်း ထိုင်း နိုင်ငံမှ ဝါရင့်ဘူမိဗေဒပညာရှင် ဆူဝစ်ခိုဆူဝမ်က သတိပေးပြော ကြားလိုက်သည်။

အဆိုပါ ငလျင်သည် အနည်း ဆုံးပြင်းအား ရစ်ခ်ျတာစကေး ၇ အထိ ရှိနိုင်ကြောင်း ဆူဝစ်ခိုဆူ ဝမ်က ဆို  သည်။ ဩဂုတ် ၂၄ ရက် ငလျင်ကမူ ပြင်းအား ရစ်ခ်ျတာ စ ကေး ၆ ဒသမ ၈ ရှိခဲ့သည်။ ငလျင်ကြီး တစ်ခုအပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်လှုပ်နိုင်ရာ ထိုင်းနိုင်ငံ  ၏ သတ္တုသယံဇာတ ဌာနက နောက်ဆက် တွဲ ငလျင်ငယ်များ ထိုင်းဘက်တွင်  သက်ရောက် ခံစားရနိုင်ကြောင်း ကြေညာထားသည်။
အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များနှင့် ဆက်စပ်မှု မရှိဘဲ သီးခြားအင်အားကြီး ငလျင်ကြီး တစ်ခု လှုပ်နိုင်ကြောင်း ဆူဝစ် က မှတ်ချက်ပေးခဲ့သည်။ ဆူဝစ် သည် ယင်း ဌာန၏ ပြတ်ရွေ့များ လှုပ်ရှားနိုးကြားမှုဆိုင်ရာ စောင့်ကြည့်မှု ဌာနခွဲ၏ အကြီးအကဲလည်း ဖြစ် သည်။
အကယ်၍ ထိုကဲ့သို့ အင်အားပြင်းထန်သော ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါက မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်း ဘက်တွင်ပါ သက်ရောက် ခံစားရနိုင်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ဘန်ကောက်မြို့တော်ရှိ အထပ်မြင့် တိုက်တာများ၊ မြောက် ပိုင်းဒေသများဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်၊ မဲဟောင်ဆွန်နှင့် တက်ခ် ဒေသများတွင် သိသာသည့် သက် ရောက်မှုရှိနိုင်ကြောင်း ဆူဝစ်က သတိပေးသည်။
ထိုင်း ဘူမိဗေဒ ပညာရှင်များသည် ဩဂုတ် ၂၄ ရက် ငလျင်ကိုဖြစ်ပေါ်စေသည့် အာရကန် ပြတ်ရွေ့ကြောနှင့် ပတ်သက်၍ အလေး အနက် စောင့်ကြည့်နေသည်။ ငလျင် နောက်ဆက်တွဲအဖြစ် ရစ်ခ်ျတာစကေး ၅ ဒသမ ၁ မှ ၆ အတွင်းရှိ နောက်ဆက်တွဲ ငလျင်ငယ် မျိုးလှုပ်လာနိုင်ကြောင်း ဆူဝစ်က ပြောကြားထားသည်။
ထိုငလျင်မတိုင်မီ အားနည်း သည့် ရှေ့ပြေး ငလျင်ငယ် သုံးခု လှုပ်ခတ်ခဲ့ပြီး ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင်ငယ်များ မဖြစ်ပေါ်သေးသည်မှာ ထူးဆန်းနေကြောင်းလည်း ဩဂုတ် ၂၅ ရက်တွင် ဆူဝစ် က မှတ်ချက်ပေးခဲ့ သည်။ သတ္တု သယံဇာတဌာန ညွှန်ကြားရေးမှူး မောင်ထရီးလျူအန် အင်တတ်ဆု က ထိုင်းမြောက်ပိုင်း တွင် မြေအောက်လွှာ လှုပ်ရှားမှု များကို အာဏာပိုင်များ က နိုးနိုးကြားကြားစောင့်ကြည့်နေကြောင်း အတည်ပြုခဲ့သည်။
နောက်ဆက်တွဲ  ငလျင်ငယ်များ မလှုပ်ခတ်ခြင်းနှင့် ပတ်သက်၍  ဘူမိဗေဒပညာရှင်  ဒေါက် တာကျော်ထွန်းကလည်း ‘‘အဲဒီလောက်ပြင်းတဲ့ ငလျင်လှုပ်ရင် နောက်ဆက်တွဲ လာကို လာရမယ်။ အခုက မလာဘူး ဆိုတာကို အံ့သြနေတာ။ ကျွန်တော်တို့ ပညာရှင်ချင်းပြောဆိုနေကြတာလည်း အဲဒီအကြောင်းပဲ။ 
အခု နောက်ဆက်တွဲ မလာသေးဘူး ဆိုတော့ အကြီးကြီး လာဖို့ ရှေ့ပြေး လာတာလားပေါ့။ ပညာရှင်တွေက ဒီလိုပဲ စဉ်းစားကြမှာပဲလေ။ သူတို့လည်း ဒါကို စိုးရိမ်ကြတာ။ အကယ်၍ နောက်ထပ် လှုပ်မယ်ဆို ဘယ်မှာ လှုပ်မလဲပေါ့။ အားလုံး သံသယရှိနေတာက ဘင်္ဂလားပင်လယ်အော်ထဲမှာ အိန္ဒိယ မြေထုချပ် နဲ့ မြန်မာမြေထုချပ် ဆုံတဲ့ နေရာ။ အဲဒီနေရာသာ လှုပ်ခဲ့ရင် ဆူနာမီ ကြောက်ရတယ်။ ရခိုင် ကမ်းရိုးတန်း အတွက် သတိထားရမယ်’’ဟု ဆိုသည်။


အိန္ဒိယမြေထုချပ်နှင့် မြန်မာ မြေထုချပ် ဆုံသောနေရာမှ ပြတ် ရွေ့ကို မြန်မာနိုင်ငံ တွင် စစ်တွေ ပြတ်ရွေ့ ဟုခေါ်ဆိုပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ က စစ်တကောင်း ငလျင် ဟု သတ်မှတ်ထားသည်။ အင် အားပြင်း ငလျင်အနေဖြင့် ၁၇၆၂ က နောက်ဆုံး လှုပ်ခဲ့ကြောင်း ဒေါက်တာကျော်ထွန်း က ပြော သည်။
ပြင်းအား ၆ ဒသမ ၆ ရစ်ခ်ျတာ စကေးရှိ သပိတ်ကျင်း ငလျင် နောက်ပိုင်း အင်အားသေးငယ် သော ငလျင်များ ရာချီ လှုပ်ခဲ့ပြီး  မိုးညှင်းမြို့ အနီး ဗဟိုပြု၍ ယခုနှစ် ဧပြီအတွင်းက လှုပ်ခဲ့သော ငလျင် မှာလည်း နောက်ဆက်တွဲ ငလျင် ငါးကြိမ်ထက် မနည်းလှုပ်ခဲ့သည်။
သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်သည် မြေ အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဗဟိုပြု  လှုပ်ခတ်သွားခဲ့သည်။ အင်အားပြင်း ငလျင်ဖြစ်သော်လည်း သြဂုတ် ၂၅ ရက် ည ၉ နာရီခန့်အထိ နောက်ဆက်တွဲငလျင် မလှုပ်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေ   ငလျင် ဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။
 နောက်ဆက်တွဲ ငလျင်ငယ်လေးများ မလှုပ်ရခြင်းမှာ မြေ အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်သွားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပြီး စောင့်ကြည့် လေ့လာရန်လိုအပ်နေသေးကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။
နောက်ဆုံး ရရှိသော သတင်းများ အရ သြဂုတ် ၂၅ ရက် ည ၁၀ နာရီ ၄၆ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ အဆင့် အင်အား အနည်းငယ်ရှိ မြေငလျင် တစ်ခု  လှုပ်ရှားခဲ့ကြောင်း မိုးဇလ က ထုတ်ပြန်သည်။ သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ် အပြီး   နောက်ပိုင်း ပထမဆုံး လှုပ်ခတ်သည့် နောက်  ဆက်တွဲ ငလျင်ဖြစ်သည်။
ငလျင် မှာ ဒေသတွင်း ရှိနေ သော တွန်းတင်ပြတ်ရွေ့ကြောင့် ဟု မိုးဇလဌာနက သုံးသပ်ထား ပြီး မြန်မာနိုင်ငံမြေငလျင်ကော်မတီကမူ လေ့လာနေဆဲဖြစ်၍ တိတိကျကျ မပြောနိုင်သေးကြောင်း ပြောသည်။ ဘူမိဗေဒ ပညာရှင် များက အဆိုပါ ငလျင်မှာ ရခိုင် ပြည်နယ်မြေလွှာထုအောက်တွင် ရှိနေသော SUNDA ပြတ်ရွေ့ (သို့ မဟုတ်) တုရင်တောင်ပြတ်ရွေ့ လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း သုံး သပ်ထားသည်။ မြန်မာနိုင်ငံမြေ ငလျင်ကော်မတီ တာဝန်ရှိ သူများ က ငလျင် ဗဟိုပြုရာနေရာကို သြ ဂုတ် လကုန်ခန့်တွင် သွားရောက် လေ့လာ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘တစ်ကယ်လို့ မြန်မာဘက်က ငလျင်ဟာ ဘုရားသုံးဆူ နဲ့ သီရိ ဆာဝတ် ပြတ်ရွေ့ကြောတွေကို သက်ရောက်မှုရှိခဲ့မယ် ဆိုရင် ကန် ချနာဘူရီက စကျင်ကျောက်သား တောင်စောင်းဒေသတွေမှာ မြေ ကျွံချိုင့်တွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ ကျောက်ဂူတွေ ပြိုကျတာမျိုး ကို သတိထားဖို့လိုပါတယ်’’ ဟု ဆူဝစ် က ပြောကြားခဲ့သည်။

—Ref: Bangkok Post
http://www.7daydaily.com/story/73818


No comments:

Post a Comment