Thursday, July 14, 2016

ဓမ္မ တာဝန်






အပိုင်း (၁)


တစ်ချို့က ပြောလေ့ ရှိကြတယ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓသာသနာ ကလည်း မသန့်စင်ဘူး လို့ ဒီလိုပြော တယ် ။ မြတ်စွာဘုရား ရဲ့ အဆုံးအမတွေ လည်း မသန့်စင်ဘူး၊ ထေရဝါဒ မပီပြင်ဘူး လို့ တစ်ချို့သမိုင်း ဆရာတွေ က ဒီလိုဆိုချင်ကြတယ် ။ 
 
ဘာကြည့်ပြောတာလဲ ဆိုရင် ရွှေတိဂုံ ဘုရားပေါ်မှာ ရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေ တို့ ဘိုးတော်တွေတို့ ဆိုတာတွေ ကိုကြည့်ပြီးတော့ ထေရဝါဒ မှာလည်းပဲ အယူအဆတွေ ရောနေတယ် လို့ ဒီလို သတ်မှတ် ပြီးပြော ဆိုတယ်။ ဒါဟာ သေသေ ချာချာ မစဉ်းစား ကြည့်လို့ ပြောမိတာသာ ဖြစ်တယ် ။
 
ကိုးကွယ်တဲ့ ပုဂ္ဂိုလ် တွေ အနေနဲ့ ရောတာက သဘာဝပဲ၊ ဓမ္မ အနေ နဲ့ အဲဒီလို ရောထွေးနေတာတော့ လုံးဝ မရှိဘူး၊ ထေရဝါဒ စစ်စစ် လုံးဝ သန့် ရှင်းစင်ကြယ်တယ်၊ ထေရဝါဒ ကို ကိုးကွယ်တယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကတော့ ရောကောင်းရောလိမ့်မယ် ။ ဒါက ဓမ္မ မှာ ရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ် က ရောတာ၊ ပုဂ္ဂိုလ် ဆိုတာ tradition ကို စွန့်ခဲတယ်။
 
 မြန်မာနိုင်ငံ မှာ ဗုဒ္ဓ သာသနာ မရောက်ခင်က နတ်ကိုးကွယ် တဲ့ ဝါဒမျိုး လက်ခံပြီးနေခဲ့တဲ့ အစဉ်အလာ ကနေ ဗုဒ္ဓ သာသနာတော် ရောက်လာတဲ့ အခါမှာ မြတ်စွာဘုရား ရဲ့ အဆုံး အမတွေ ရင်ထဲ နှလုံး ထဲ ရောက် လာလို့ အမှန် သိလာပြီး ဗုဒ္ဓ သာသနာတော်ကို မြတ်မြတ်နိုးနိုး နဲ့ ကိုးကွယ်လာခဲ့ကြတယ် ။ 
 
အဲဒီ ကိုးကွယ်လာတဲ့ ပုဂ္ဂိုလ်တွေမှာ အချို့က ရှေးရိုးစွဲ အတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့် အတွက်ကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေ အပြင် တစ်ခြား ဟာတွေ ကို မှန်တယ် ထင်ပြီး လက်ခံ နေကြ တယ်၊ အယူစွဲတွေ ရှိနေတတ်တာ ကတော့ ဒါ လောက ရဲ့ သဘာဝပဲ။

သို့သော် မြန်မာနိုင်ငံရောက်လာတဲ့ ပိဋ္ဋက သုံးသွယ် နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ဆိုတာ ဒီထဲ မှာ မည်သည့် ဝါဒ မှ ရောနှောနေတာ မရှိဘူး၊ ဒါတောင် မှ တစ်ချို့က ပိဋ္ဋက ထဲမှာ ဟိန္ဒူဝါဒ တွေ ရောနေ တယ်လို့ရေးတယ် ။ ဘယ်မှာရောတာတုန်း လို့မေးတော့ သူတို့ထောက်ပြတဲ့ အရာတွေက လုံးဝ ရယ် စရာတွေ သာဖြစ်တယ်။ 
 
ဆိုပါစို့ ရယ်စရာတစ်ခု က ဘာလဲ ဆိုတာ သူတို့ပြောမယ် ဆိုရင် ဗုဒ္ဓဝါဒ ထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ် ဆိုတာက ဒိဋ္ဌိ သံယုတ်တို့၊ ဗြဟ္မဇာလ သုတ်တို့၊ ဒါက ဒိဋ္ဌိ အကြောင်းတွေကို ဟောပြောတဲ့ ဟာသာဖြစ် တယ် ။ အဲတာတွေ ပါရှိလို့ရောတယ် လို့ ပြောနေတာ ကတော့ ရယ်စရာ သက်သက်ပဲ လို့ပြောရမယ်၊ မမှန်တာကို မမှန်ဘူး လို့ တင်ပြခြင်း အားဖြင့် ဒီတရားဟာ မမှန်မကန် ဖြစ်သွားတာ မဟုတ်ဘူး၊ မှန်ကန်မှု ကို အလေးထားပြီး အမှား ကိုလည်း အမှား လို့မြင်တတ် ရှင်းပြတတ် တာသာ ဖြစ်တယ်။

နန္ဒကပေတ ဝတ္ထု ဆိုတာ ကို ထောက်ထားပြီး (၃၁) ဘုံ ကို ဗုဒ္ဓ လက်မခံဘူး ဆိုပြီးတော့ မြန်မာနိုင်ငံမှာ ထုတ်တဲ့ စာအုပ် တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့ သာဓကတွေ ကိုးကားတယ် ။
 
 တစ်ကယ် ကျမ်းဂန် ကို လေလာကြည့်မယ် ဆိုရင် နန္ဒက ဆိုတဲ့ပြိတ္တာကြီး ဟာ သူကိုယ်တိုင် မှားယွင်း တဲ့ အယူအဆတွေ ကို ယူခဲ့သည့် အတွက်ကြောင့် ဒီလို မှားယွင်းတဲ့ ဝါဒ လက်ခံ ကျင့်သုံးသည့် အတွက်ကြောင့် ပြိတ္တာ ဘဝ ရောက် ရပါတယ်လို့ပြောတာ ။ အဲဒါ စာပေထဲ မှတ်တမ်းတင်ထားတာ တွေကို ကြည့်ပြီး ဗုဒ္ဓဝါဒ ထဲမှာ ဟိန္ဒူ ဝါဒတွေ ရောနေတယ်လို့ ဆိုတာက အလွန်ရယ်စရာ ကောင်းတဲ့အရာ တစ်ခု သာဖြစ်တယ်

 
 
အပိုင်း (၂ )


ရံဖန် ရံခါ တစ်ချို့ နိုင်ငံခြားသားတွေ က ဆိုပါစို့ - မြင့်မိုရ်တောင် အကြောင်း ရေးထားတဲ့ စာတွေကို ကြည့်ပြီးတော့ မြင့်မိုရ်တောင် ဘယ်မှာလဲ ဆိုတာမျိုးတွေ မေးလာတတ်ကြတယ်၊ မြင့်မိုရ်တောင် ဘယ်မှာလဲ လို့ မေးလာရင် ဗုဒ္ဓ သာသနာတော်မှာ မြင့်မိုရ်တောင် ဟာ အဓိက မဟုတ်ဘူး၊ ဒါတွေက ရှေးခေတ် က ရှိတဲ့ အနေ အထားတွေ၊ မြတ်စွာဘုရား က လောကမှာ သတ်မှတ် ထားတဲ့ တောင် တစ်ခု ကို ဟော ကြားခြင်း သာဖြစ် တယ်။

ဆိုပါစို့ - သုတ္တနိပါတ် ပါဠိတော် နာလက သုတ် အဖွင့်ကို  ကြည့်မယ်ဆိုရင် .......................
လူ့ပြည်ဟာ မြင့်မိုရ် တောင် ခါးပန်း မှာ ရှိတယ် လို့ ရေးထားတယ်  ။
တာဝတိံသာနတ်ပြည် က မြင့်မိုရ်တောင်ထိပ် မှာ ရှိတယ် ။ 
အသူရာ နတ်ဘုံ က မြင့်မိုရ် တောင်အောက်ခြေ မှာ ရှိတယ် ဆိုတဲ့ စကားကို ကြည့်လိုက်ရင် လူ့ပြည် ဟာ မြင့်မိုရ်တောင် ခါးပန်း မှာ ရှိနေတယ်  ။ 
 
 ဒါကြည့်လိုက်တာ နဲ့ မြင့်မိုရ်တောင် ရှာနေစရာ လိုသေးလား၊ လူ့ဘုံ နဲ့ ဆက်စပ်နေပြီး အင်မတန်ကြီးမားတဲ့ ကမ္ဘာ ဂြိုလ်ကြီး တစ်ခုလုံး ရဲ့ အမြင့်ဆုံးနေရာဟာ မြင့်မိုရ်တောင် လို့ ယူဆရင် ယူဆနိုင်စရာရှိတယ်၊ သာမန် ပကတိမြင်ရတဲ့ တောင်မျိုး လို လိုက်ရှာနေလို့ ကတော့ ဘယ်လိုနည်းနဲ့ မှ တွေ့မှာမဟုတ်ဘူး။

ဒီပြဿနာ က အရေးကြီးတာ မဟုတ်ဘူး၊ မြတ်စွာဘုရား ရဲ့ အဆုံးအမ ထဲမှာ သစ္စာလေးပါး တို့ မဂ္ဂင်ရှစ်ပါး တို့ ဆိုတာတွေ ကသာ အလွန် အရေးပါတယ့် တရားတွေဖြစ်တယ် ။ ဒါတွေ နဲ့ ပက်သက်ပြီး စောဒက တက် နိုင်တာ ဘယ်သူမှ မရှိဘူး ။
 
 လောက လူသားတွေ အကျိုးပြုဖို့ အတွက် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က မဂ္ဂင်ရှစ်ပါး ဆိုတဲ့ အနှစ်သာရ ရှိတဲ့ တရားကို ဟောကြားဆုံးမထား လို့ မဂ္ဂင် ရှစ်ပါး ဆိုတဲ့ ဒီ ဓမ္မ ဟာ လောကသားတွေ အတွက် ကနေ့ လိုက်ရှာရင် ကနေ့ အကျိုး ရှိတယ် ။
 
 လောက ကို အကျိုးပြုနေလို့ မှန်ကန်တဲ့ အလင်းရောင် တစ်ခု ကိုမြတ်စွာဘုရား ရဲ့ ဓမ္မတွေက ပေး အပ်နေခြင်းဖြစ် တယ်၊ ရတာ မရတာ က မြတ်စွာဘုရား တရား နဲ့ မဆိုင်ဘူး၊ လုပ်သူ ပုဂ္ဂိုလ်တွေ နဲ့သာ ဆိုင်တယ်၊

ဒါကြောင့်မို့ ဘုန်းကြီးတို့ တစ်တွေ ဓမ္မ တာဝန် ကို ထမ်းဆောင်ကြတဲ့ အခါမှာ မြတ်စွာဘုရား ရဲ့ တရားဓမ္မ ကို အတိမ်းအစောင်း မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ ရဟန်း သံဃာတွေ အလေးပေးရမယ့် တာဝန် တစ်ရပ်ဖြစ်တယ် ။ 
 
ဘယ် ဘာသာ ဘယ် ဝါဒ မှာပဲ ကြည့်ကြည့် မြတ်စွာဘုရား ရဲ့ အဆုံးအမ တရားတွေလောက် တရား ထုထည် ကြီးမားတဲ့ အရာဆိုတာ မရှိဘူး၊ မြတ်စွာဘုရားဟောပြောထားတဲ့ တရားတွေဟာ ပိဋ္ဋက သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ထိ မြန်မာနိုင်ငံမှာ အပြည့် အစုံ ပုံနှိပ်ပြီးတော့ စာအုပ် စာတမ်း အနေနဲ့ လည်း ရှိတယ် ။ သင်ကြားပို့ ချနေမှု လည်း ရှိတယ်၊ မြန်မာနိုင်ငံ မှာ မသင်လို့ မသိတဲ့ ကျမ်းမျိုး အဓိပ္ပာယ် မဖော်နိုင်တဲ့ ကျမ်းမျိုး ဆိုတာလည်း မရှိဘူး၊ ဒါ့ကြောင့်မို့ မြန်မာနိုင်ငံ ရဲ့ ဓမ္မ တာဝန် ဟာ ကျေပွန်တယ် လို့ ဒီလို ပြောရမယ်။

 
 
အပိုင်း (၃)

တစ်ချို့ ပုဂ္ဂိုလ်တွေက သံဃာတွေ ထဲမှာ အမြင်မတော်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြ တယ် ။ လောက မှာ အဆိုး နဲ့ အကောင်း ဆိုတာ ဒွန်တွဲနေတာဖြစ်တယ်၊ အဆိုး ရှိရင် အကောင်း ရှိမယ်၊ အနှစ် နဲ့ အကာ ဆိုတာလည်း ဒွန်တွဲေ နတတ်တယ် ။ 
 
အဆိုး နဲ့ အကောင်း ခွဲခြား မြင်တတ်ဖို့ လိုအပ်တယ်၊ လောကသားတွေထဲမှာ အဆိုး ဆိုတာ မည်သည့်နေရာ မှာ မဆိုရှိတယ် ။ အဆိုး ရှိရင် အကောင်းလည်း ရှိတယ်၊ အကောင်း နဲ့ အဆိုး ထဲမှာ အဆိုးတွေ များမလာဖို့ ဘဲ အရေးကြီးတယ် ။ 
 
အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေ များလာဖို့ပဲ လိုအပ်တယ်၊ လောက သဘာဝ ကို က အဆိုး နဲ့အကောင်း မှာ အကောင်း က အဆိုး ကို ဆွဲဆောင် ဖို့ရာ ခက်တယ်၊ အဆိုး ကသာ အကောင်း ကို ဆွဲဆောင် သွားတတ်တယ် ။ လောက ရဲ့ သဘာဝပဲဖြစ်တယ်။

ဆိုပါစို့- သရက်သီး ၁၀-လုံး ရှိတဲ့ အထဲမယ် တစ်လုံးက ပုပ်နေတယ်၊ ကျန်တဲ့ ကိုးလုံး က ကောင်းတယ်၊ အတူတူ ထားလိုက်လို့ ရှိရင် အပုပ်တစ်လုံး ကို အကောင်း ၉-လုံးက ကောင်းအောင် မလုပ်ပေးနိုင်ဘူး ။ အဲဒီ အဆိုးတစ်လုံး ရဲ့ နောက်ကိုပဲ အကောင်း ကိုးလုံးက လိုက်သွားပြီး အားလုံးက အပုပ်ဖြစ်သွား တယ်။
 
အကောင်းတွေ များနေဖို့ ဆိုတာ ဟာ ဘယ်ခေတ် ဘယ်ကာလက မှ ရှိနိုင်တာ မဟုတ်ဘူး၊ အကောင်း နဲ့ အဆိုး ဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကောင်းအောင် ဆောင်ရွက်သွားဖို့ သာ အလွန် အရေးကြီးတယ်။

ဒါ့ကြောင့်မို့ ဒီကနေ့ သာသနာတော် မှာ နေထိုင်ကြတဲ့ ရဟန်းသံဃာတွေ အနေနဲ့  ဓမ္မ တာဝန် ထမ်းဆောင် ကြတဲ့ အခါမှာ အရေးကြီး တဲ့ ဓမ္မ တာဝန် ဆိုတာ ဘာလဲ သိဖို့ လိုအပ်တယ်။

မြတ်စွာဘုရား ကိုယ်တော်မြတ် ကိုယ်တိုင် ဟောကြား ခဲ့သည့် သုတ် ဝိနည်း အဘိဓမ္မာ ဆိုတဲ့ ဒေသနာတော်တွေ ဟာ မိမိတို့ လက်ထဲမှာ ရှိနေတယ် ။ ဒီ တရားတွေကို အာရုံစိုက်ပြီး သင်ယူခြင်း ပို့ချခြင်း၊ လေ့လာခြင်း ဆိုတာ အရေးတစ်ကြီး လုပ်ရမယ့် ကိစ္စဖြစ်တယ်၊ အဲဒါ ကို ဓမ္မ တာဝန် လို့  ပြောရ တယ်။

ပါမောက္ခချုပ် ဆရာတော်ကြီးဟောကြားတော် မူသော ဓမ္မတာဝန် တရားဒေသနာ မှ.............
 
 
 
 
 

No comments:

Post a Comment