Monday, July 4, 2016

ကဗျာဆရာကြီး ရူမီ ပြောသည့် ဘ၀ နေနည်း





သင့် နှလုံးသားရဲ့ဆန်းကြယ်သော ခေါ်ငင်ရာနောက်သို့ အသာ တကြည်ကလေး စီးမျောလို့ လိုက်ပါကြည့် ပါ ၊ သင် နှစ်သက်မြတ်နိုးသော ထိုအရာသည် သင့်အား ဆိုးသော အကျိုးကိုပေးလိမ့်မည် မဟုတ်။
ပါရှား လူမျိုး ဂန္ဒဝင် ဒဿနဆရာ ကဗျာ ဆရာကြီး ရူမီ (Rumi) ဟာ သူပျော်မွေ့ခဲ့ရာ ၁၃ ရာစုနှစ်မှာ သာမ က ပဲ မျက်မှောက်ခေတ် အထိကိုပါ သူ့ရဲ့ ပြောင်မြောက် လှတဲ့ စာပေ အနုပညာနဲ့ အသိဥာဏ် ပညာ အလင်း ကို ဆောင်ကျဉ်းပေးလျက်ရှိနေပါတယ်။ 

ယခုအချိန်ထိ အမေရိကန်ပြည် မှာ စာအုပ် အရောင်းရဆုံး နဲ့ အကျော်ကြားဆုံး ကဗျာ ဆရာ စာရင်းဝင် အဖြစ် ရှိနေဆဲ ရူမီ ဟာ လူ့လောကကြီး နဲ့ ပတ်သက်လို့ ဘဝ နေနည်းတွေနဲ့ ပတ်သက် လို့ လေ့လာ သင်ယူ မှတ်သား ဖွယ်ရာ ဆန်းကြယ်တဲ့ အမြင်တွေကို ချန်ထားရစ်ခဲ့ပါတယ်။


ယခုဖော်ပြပေးမှာ ကတော့ ရူမီ ရဲ့ အကျော်ကြားဆုံး ဘဝ ဒဿန အဆီအနှစ်တွေပဲဖြစ်ပါတယ်။
မတူရာတွေ စုကြတဲ့ လောကဖြစ်တာနဲ့ အညီ ဆရာကြီး နဲ့ အမြင်တူသူ ရှိသလို အမြင်မတူသူတွေလဲ ရှိနေ မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီး ရဲ့ ကြီးကျယ်သော ပညာဥာဏ် စီးဆင်းမှု ကနေ အလိုရှိ သလို ယူငင် သုံးစွဲကြပြီး ကျွန်တော်တို့ရဲ့ဘဝတွေ အတွက်အပြောင်းအလဲ တစုံတရာ ဖြစ်ပေါ်စေမယ် လို့ ယုံကြည် ပါတယ်။



၀၁. ကြမ်းတမ်း ခက်ထန်သော လောကဓံ ရဲ့ရိုက်ခတ်မှုပေါင်းများစွာဆီမှ ရှောင်ခွာ မပြေးပါနဲ့ ၊ သူတို့ဟာ အကောင်းဆုံး ဆရာတွေပါ ။  
ဘဝရဲ့ဒဏ်ရာ ဒဏ်ချက်တွေဟာ အမှောင်ထဲက သင့်ကို အလင်းပြပေးတဲ့ အရာတွေဖြစ်ပါတယ်။ လမင်းစန္ဒာ ဟာ ညရဲ့မှောင်မိုက်မှု ကို ကြောက်ရွံ့ခြင်းကင်း တဲ့ အတွက်ကြောင့်သာ တောက်ပသော အလင်း ကို ဖြန့်ကျန့်ခွင့် ရပါတယ်။


၀၂. သင့်ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အရာကိုမှ လွယ်လင့်တကူ မခံစားပါနဲ ။့
ပွတ်တိုက်မှုတိုင်းကိုသာ ခံစားဒေါသထွက်နေခဲ့ရင် သင်ဘယ်သော အခါမှ တောက်ပြောင် လာလိမ့်မည် မဟုတ်။ ပူဆွေးဝမ်းနည်း မနေပါနဲ့ ၊ သင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အရာတိုင်းဟာ တစ်ခြားပုံစံ မျိုးစုံနဲ့ သင့်ထံရောက်လာဦးမှာပါ။


  ၀၃.ဘယ်အရာမဆိုဖြစ်နိုင်တယ်၊ ဒါဆို ဘာလို့သေးနုပ်တဲ့ ကိစ္စတွေ အတွက်အချိန်ကုန် ခံနေတော့ မလဲ ။ အချုပ်အနှောင်တွေ က ရုန်းထွက် ၊ လွတ်လပ်ခြင်းကိုဖွေရှာ ၊ ​ကောင်းကင်ကြီးသာ ဖြစ်လိုက်စမ်းပါ။


  ၀၄. မိမိ ကိုယ်ကိုပြောင်းလဲဖို့သာ အာရုံစိုက်လိုက်ပါ၊ ဒါဆိုရင် လောကကြီး တစ်ခုလုံး ကို ခြားနားသော အမြင်တွေ နဲ့ မြင်တတ် လာပါလိမ့်မယ် ။ 
မနေ့က ကျွန်တော်သည် တော်၏ ၊ ထို့ကြောင့် ကမ္ဘာကြီးကိုပြောင်းလဲပစ်ရန် ကြိုးစားခဲ့၏။ ယနေ့ ကျွန်တော် သည်လည်း အသိဥာဏ်ပညာနှင့်ပြည့်စုံ၏၊ ထို့ကြောင့် မိမိကိုယ်ကိုကောင်းအောင်သာ ကြိုးစား ၏။


၀၅. မိမိ နှလုံးသားခေါ်ဆောင်ရာနောက်သို့သာ လိုက်သွားပါ၊ ရောက်သင့်ရောက်ထိုက်သောနေ ရာ ကို ရောက်မှာအသေချာ ။  

မိမိ အသက်ဝိဥာဉ် က လိုလားတောင့်တ အပ်သောအရာကို အကောင်အထည်ဖော်သော အခါ ၊ ပျော်ရွှင်ခြင်းမြစ် တစ်စင်း ရင်တွင်း စီးဆင်းမှာ ၊ လောကမှာ အရေးပါဆုံးသော အရာ။ မိမိ နှလုံးသားထဲမှာ ဖယောင်းတိုင် တစ်တိုင် ၊ မီးညှိလို့ ထွန်းလင်းစေပါ။ အသက် ဝိဥာဉ်ထဲမှာ ကွက်လပ် တစ်ခု ၊ ဖြည့်တင်း လို့ ပြည့်စုံစေပါ။



၀၆. အရာအားလုံးဟာ ချစ်ခြင်း တစ်ခုသာ ။ အခိုက်အတံ့တိုင်း ကို နှစ်လိုဖွယ်ဖြစ်စေတာ ၊ လျှို့ဝှက်သော ကောင်းကင်ဘုံနန်း တစ်ခုဆီ ပျံသန်းရောက် ရှိစေ ဖို့ရာ ၊ ချစ်ခြင်းတစ်ခုသာ စွမ်းနိုင်တာ။


၀၇. သင် ဒီ့ထက်မက စွမ်းဆောင်နိုင်သည် ၊ အားထုတ်ဖို့သာ လိုပေသည် ။
မိတ်ဆွေ...သင်သည် ကောင်းမွန်ခြင်း ယုံကြည်မှုရှိခြင်းတို့နှင့်မွေးဖွား လာ၏ ၊ သင်သည် စိတ်ကူးကောင်း များ ရည်မှန်းချက် အိပ်မက်များစွာ တို့ဖြင့်မွေးဖွားလာ၏ ၊ သင့်တွင် ကြီးကျယ်မြင့်မြတ်ခြင်းဆီ ပျံသန်းရောက် ရှိရန် အတောင် တစ်စုံကိုလဲ ပိုင်ဆိုင်၏ ၊ ထို့ကြောင့် မြေပြင် တွင် တွားသွားရန် မလို ၊ တောင်ပံဖြန့် ကျက် ဝေဟင် ထက်ဆီ ပျံသန်းဖို့သာကြိုးစားပါလေ။

 
 ရောင်ဝါတောက်ပခြင်းနှင့်မေတ္တာဂရုဏာ တို့အတွက် ရှင်နေမင်းကို အတုယူလော့ ၊ သူတစ်ထူး တို့၏ အပြစ်နှင့် အမှားများကို ဖုံးဖိ အကာအကွယ်ပေးခြင်းတွင် ည သခင်နှင့် ဆင်ခြင်လော့ ၊ ရက်ရောခြင်းတွင် စိတ်နှစ်ဝင်ဖို့ တစ်သွင်သွင် စီးသော ရေယဉ်ကြောကို ပမာယူလော့ ၊


 ကြမ်းကြုတ်ခြင်းနှင့်ဒေါသ မာန်ပြင်း ထန်ခြင်းကို သေခြင်း တရားနှင့်နှိုင်းယှဉ်လော့ ၊ တည်ကြည် မျှတ အေးမြခြင်း တွင် မြေပထဝီကို အားကျလော့။


  ၀၈.ဘဝ လမ်းခရီးတွင်အမှောင်ထုနှင့် ကြုံဆုံ ရခိုက် တောက်ပသော အလင်းကိုပြမည့် သူမျိုး ကို သာ ရွေးချယ်ပေါင်းသင်းရာ၏ ။  
 သင့်အား ကြောက်လန့်ခြင်းနှင့် ဝမ်းနည်းခြင်းကိုပေးသော သူကိုရှောင်ရှားရာ ၏။ ရောဂါ ဘယနှင့် သေခြင်း တရားဆီ တွန်းပို့မည့် သူမျိုး ကိုလဲ ဖယ်ကျဉ် ရာ၏။ မိမိဘဝ ကို မီးတင်ရှို့ကြည့်ပါ။ ဘယ်သူက ယပ်လာခတ် သလဲ တွေ့ပါလိမ့်မယ်။


  ၀၉. သင့်ရဲ့အတွေးတွေ ကို အတည် မယူပါနဲ့ ၊ သင့် ကို သူတို့ မပိုင်ဆိုင်ပါဘူး ၊ သင်သာ သူတို့ကို ပိုင်ဆိုင် ပါတယ် ။ စိုးရိမ်ပူပန်ခြင်းတွေကို ရှင်းပစ်ပါ။ သူတို့ကို ဘယ်သူ ဖန်တီးတာလဲတွေးကြည့်ပါ ။ ထောင် တံခါးဝကြီး ပွင့်နေ မှတော့ ဘာလို့ အထဲမှာနေနေဦးမှာလဲ။
 
 စဉ်းစားတွေးတော လွန်ကဲခြင်း ကို ထာဝရ အိပ်စက်ခိုင်းလိုက်ပါ။ သင့် နှလုံးသားရဲ့လရောင်မှာ သူတို့ အရိပ် မစွန်းထင်း ပါစေနဲ့။ လွှင့်ပစ်လိုက်ပါ။

 
 လူ့ဘဝ ဟာ တည်းခိုအိမ် နဲ့ အတူတူပဲ။ မနက်တိုင်း ဟာ အသစ်ရောက်လာတဲ့ ဧည့်သည်။ ပျော်ရွှင်မှု ဝမ်းနည်း မှုတွေဟာ မမျှော်လင့်ထားတဲ့ ဧည့်သည်။ အားလုံး ကို ကြိုဆိုပြီး ဧည့်ဝတ်ကျေ လိုက်ပါ။ လေးလေး စားစား ဆက်ဆံပါ။ တစ်လွဲ တစ်ချော် အတွေးတွေ ရှက်ရွံ့ရခြင်းတွေ ကံဆိုး မိုးမှောင်ကျခြင်းတွေကို ဟား တိုက်ရယ်မောခြင်း တံခါးဝမှာတွေ့ဆုံပြီး အထဲဝင်ခွင့်ပေးလိုက်ပါ။ 


ဘယ်သူပဲ လာလာ တစ်ရို တစ်သေ ဧည့်ခံပါ။ ဘာကြောင့်ဆိုတော့ သူတို့ တစ်တွေဟာ သင့်ကို ပိုပြီးကောင်းမွန်မြင့်မြတ်တဲ့နေရာ တစ်ခုဆီ ပို့ဆောင်ပေးမှာ မို့လို့ပါပဲ။


၁၀. တစ်ခဏလေးတော့ တိတ်တိတ် ဆိတ်ဆိတ် ထိုင်နေကြည့် ၊ အရာ အားလုံးဟာ အဓိပ္ပါယ် ရှိတာတွေ့ရလိမ့်မယ် ။ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ မှာ ဆွဲဆောင်မှု အပြည့်ရှိတယ်။ သိုးမွှေး ထိုးတာလေး ခဏရပ်ပြီး ပြီးပြီး သား အဆင်လေး လှ မလှပြန်ကြည့်ပါဦးလား။
   
တိတ်ဆိတ်ငြိမ်သက်ခြင်း ဟာ ဘုရားရှင် ရဲ့ဘာသာစကားပဲ။ ကျန်တဲ့ အရာတွေဟာ ခပ်ညံ့ညံ့ ဘာသာပြန် ဆို မှုတွေပါ။

 ၁၁. မျက်လုံး အစုံကို ဖွင့်ပြီး ကိုယ့်မှာ ဘာတွေ ရှိနေသလဲ သတိထားကြည့်ပါဦး ။
 စကြာဝဠာ တစ်ခုလုံး က အရာရာတိုင်း သင့်ဆီမှာ ရှိနှင့်ပြီးသား။ ကိုယ့်ဆီ ကပဲ ကိုယ်ပြန်တောင်းဆိုရမှာ။
 ငါဟာ ရူးသွပ်ခြင်း နှုတ်ခမ်းပါးမှာ နေနေ မိတာပဲ။ ဘာ့ကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက်တွေပဲ လိုက် ရှာနေ မိတယ်။ 


တံခါးတစ်ခု ကို ပွင့်လာ မလားလို့ ထပ်ခါ တစ်လဲလဲခေါက်နေမိတယ်။ သြော်...ငါက တံခါး အတွင်း ဘက် က ခေါက်နေမိတာကိုး။

တစ်ခန်းဝင် တစ်ခန်းထွက် နဲ့ စိန်လည်ဆွဲကြီး ကို သင် လိုက်ရှာနေတယ်။ သင့် လည်ပင်းမှာ ရှိနေတာ သတိ မထားမိဘူး မဟုတ်လား။ 
 
 သင့်ကိုယ်သင် ဘာလဲ သိလား။ သင်ဟာ တုနှိုင်း မရတဲ့ စာတစ်ပုဒ်ဖြစ်လာမယ့် ဇာတ်ညွန်း။ ကြီးကျယ်မြင့်မြတ် တဲ့ မျက်နှာ တစ်ခုထင်ဟပ်နေတဲ့ ကြေးမုံပြင်။ 


ဘာတွေကို လိုက်ပြီးတောင်းဆိုနေတာလဲ။ အဲဒါဟာ သင်ကိုယ်တိုင်ပဲလေ။

 


Nyo Maung http://www.chelmo.tips/

No comments:

Post a Comment