Tuesday, June 14, 2016

အရေးမကြီး တဲ့ စာရွက်




လူတစ်ယောက်၏ တစ်သက်တာ မှတ်တမ်းတွင် ထည့်သွင်း အပ်သော (လူမြင်ကောင်းသော လူကြားကောင်းသော) အရာ များကို စစ်ထုတ်ကြည့်လိုက်သော အခါ အေဖိုး စာရွက် တစ်ရွက်စာပင် မရှိကြောင်း အံ့သြကြီး စွာတွေ့လိုက်ရသည်။ 
 
အက်စစ်လောင်းခံရသော စိတ္တဇနေ့ရက်များသည် နွေရွက်ကြွေ တစ်ရွက်ထက် မပိုခဲ့။ စာရင်းပေး တန်းစီစောင့်ဆိုင်းစရာ မလိုအပ်သော်လည်း ထို ပန်းပွင့်လေး သည် ကျွန်တော်နှင့် ဝေးကွာ လွန်းနေပါ သည်။ 
 
ပင်လယ်ပြင် တွင် ကျဲပက်ထားသော လရောင် ပင်လယ် တစ်ခုစာ ကိုကျွန်တော် နှမြော တသဖြစ်မိသည်။ ထိုပင်လယ်ထဲသို့ ကြွေကျခဲ့သော ကြယ်စင်တို့၏ အရိုးစုကို ကျွန်တော် သနားမိပါသည်။ ထို့အတူအစဉ်အမြဲလည်းဦးညွတ်ခဲ့ပါ သည်။

အခါလွန် မိုးများကို ကျွန်တော် မုန်းတီးပါသည်။ ကျွန်တော်နှင့် အခါလွန်မိုး တို့ သွေးထွက် သံယို ဖြစ် သည် အထိသတ်ပုတ်ရန်ဖြစ်ဖူး သည်။ အရက်ဖြူ ပုလင်း ထဲမှ အမှန်တရားကို ရှာရင်း ယုတ္တိဗေဒနယ်ပယ် ၏ အပြင်ဘက် သို့ ရောက်နေသော ကျွန်တော်၏ စိတ် ကို ပြန်လည် ဆွဲဆောင် ခဲ့ရပါသည်။ လွဲချော်မှုများကို အပြစ်မဆိုလိုပါ။ မိုးကို မိုးဟုသာသတ်မှတ်ပါ။ ည ကို ည ဟုသာသတ်မှတ်ပါ။ နံနက်ခင်း များတွင် မပွင့်ဝေသော ပန်းများကို ထည့်မတွက်ပါနှင့်။

ချစ်ဦးသူများ ကို တမ်းတတတ်သူများ အတွက် သီချင်း တစ်ပုဒ် ရှိသည်။ ဘ၀ တွင် ကွမ်းယာ ထက် ပို၍ အရေးကြီးသော အရာများ များစွာ  ရှိပါသည်။ လူနှစ်ဦး သာ သိခဲ့သော လမ်းကျဉ်းလေး တစ်ခု ရှိပါသည်။ လူနှစ်ဦးသာ သိသော နှစ်ရှည် သစ်ပင် တစ်ပင် ရှိပါသည်။ 
 
လူနှစ်ဦး ၏ ရနံ့များ စွဲထင်နေသော လမ်းကျဉ်းလေး တစ်ခုနှင့် နှစ်ရှည် သစ်ပင် တစ်ပင် တို့ ရှိပါသည်။ မည်သည့် ရာဇ၀င် မှတ်တမ်းမှာမှ ရေးသားဖော်ပြခြင်း မခံရသော အဖြစ်အပျက် များသည် သက်ဆိုင်ရာ နှလုံးသား တို့တွင် အဆိပ်တက်လျက်ရှိသည်။ 
 
တိမ်တိုက်များဖြင့် မိုးထားသော အိမ် တစ်လုံးတွင် နေထိုင်မိ ခဲ့သော ကျွန်တော် သည် အခြားသော လူများ ထက် ၀ဋ်ကြွေးကြီးမားသူ ဖြစ်ခဲ့သည်။ မောပန်းနွမ်းနယ် ခဲ့သော အစောပိုင်း သက္ကရာဇ် များကို ပြန်လည် ခံစားရသည်မှာ အလွန် ပင်ပန်းနွမ်းနယ် လှပါသည်။ ဒဏ်ရာ များ ထံမှ သွေးများ တစိမ့်စိမ့် ယိုလျက် ရှိသည်။ အမှန် ကို မမြင်ခြင်း မောဟ များ၏ လွှမ်းမိုးမှုအောက်တွင် ကျွန်တော် ၏ အိမ်ရာမှာ လမ်းဘေး ဓာတ် တိုင် ဖြစ်နေခဲ့သည်။

သက်တမ်း ကုန်လုနီးပြီဖြစ်သော စွဲလမ်းစိတ် များမှာ တဖြည်းဖြည်း နှင့် မှုန်ဝါးလာ ပါသည်။ အိပ်မက် များ ထဲတွင်လည်း မပါဝင်တော့။ လေတိုက်တိုင်း လှုပ်တတ်သော သစ်ခက်ငယ် ၏ အကျင့် ကို ဘယ်အချိန် က စ ကျင့်ခဲ့ သလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင်ပင် မမှတ်မိတော့ ပါ။
 
 ဖြစ်နိုင်လျှင် ဧဒင် ဥယျာဉ်၏ ဖုန်းနံပါတ် လိုချင်ပါသည်။ အာဒံ ၏ အီးမေးလ် လိပ်စာ ကို သိချင်ပါသည်။ ကျွန်တော် ပန်းသီး မကြိုက်ပါ။ ကျွန်တော် ချောကလက် လည်း မကြိုက်ပါ။ ကျွန်တော့် ထံတွင် နံရိုး အပြည့်အစုံ မရှိခြင်းသည် ဇီဝဗေဒ သဘောတရား တစ်ခုကြောင့်သာ ဖြစ်နိုင် ပါသည်။ မည်သို့ပင် ဖြစ်စေကျွန်တော် သတိရတိုင်း ပန်းပင်လေးကို ရေလောင်းပေးပါသည်။
 
 

ကျွန်တော်၏ရှေ့တွင် တစ်ရွက်ပြီး တစ်ရွက် ကြွေ သွားသော သစ်ရွက်ခြောက် များထဲတွင် မတ်လ ၏နေ့စွဲ များ၊ ကောင်မလေး တစ်ယောက်ကို သတိရ စွဲလမ်းမိသော စိတ်များ၊ ဒွိဟ များ လွန်ကဲစွာ ပါဝင်နေသော ကျွန်တော် ၏ ရှေ့ ရေး စီမံကိန်းများ၊ ဘယ်လိုနည်းနှင့် မှ မရနိုင်သော ဖုန်းနံပါတ် တစ်ခုကို လိုချင် တပ်မက်လွန်းသော စိတ်များ ကပ်ငြိပါ သွားသည်။ 
 
ကျွန်တော်သာ သိသော အမှန်တရားများ တွင် မှားယွင်းမှု များ ကြည့်မကောင်း မြင် မကောင်းအောင် ပါဝင်နေပါ သည်။ တိမ် တစ်စ အတွက် ကျွန်တော်၏ အသက်ကို ကျွန်တော် မနှမြောမိ။ ဖုန်မွှန် လွန်းသော ခရီးလမ်း ၏ အဆုံး ကို ကျွန်တော် ဘယ်လိုမှ စိတ်ကူး ပုံဖော်၍ မမျှော် မှန်း တတ်ပါ။

ကိုယ်ထည်မဲ့ အတောင်ပံ များပေါ်တွင် မနက်ဖြန် များ အစီအစဉ် မကျစွာ တန်းစီနေကြ သည်။ မုန်တိုင်း များကို မကြိုဆိုပါ။ လေပြင်းများ ကို မကြိုဆိုပါ။ နာမည်ကြီးနေသော ဘေးဒုက္ခ မှန်သမျှကို မကြိုဆိုပါ။ တစ်နည်း အားဖြင့် ဆိုးယုတ်မှု များကို မကြိုဆိုပါ။ ဆိုးယုတ်မှု ၏ ဒဏ် ကို ပြင်းစွာ ခံခဲ့ ရသော ပန်းတစ်ခင်းပေါ်တွင် လမ်း မလျှောက်ကြပါနှင့်။ 
 
လတ်ဆတ်နေသေးသော ရနံ့များနှင့် စိုလက်နေသေးသော ပွင့်ဖတ် များကို အားနာ ပါ။ ကောင်းမြတ်ခြင်း ကို အလိုကြီးစွာ မမျှော်လင့် ပါနှင့်။ မတောင်းဆို ပါနှင့်။ ကမ္ဘာကြီးနှင့် လောကကြီး နှစ်ဦးပေါင်း ၍ ဖော်ထုတ် ခဲ့သော ညီမျှခြင်း များမှာ သချာင်္ စာအုပ် တစ်အုပ် ထဲမှ ညီမျှခြင်း များ၏ တစ်ဆယ် ရာခိုင်နှုန်းလောက်ပင် မများပါ။ ရှေးဟောင်း ဂရိ လူမျိုးများနှင့် ကျွန်တော် သာ သိသော ဒဏ္ဍာရီ တစ်ပုဒ် ရှိပါသည်။

တစ်ချိန် က သာယာ စိမ်းလန်း ခဲ့ဖူးသော လမ်းကျဉ်းလေးသည် ယခုအချိန် တွင် ခြောက်ကပ် တိတ်ဆိတ်နေ သည်။ ယခု အချိန်တွင် ခြောက်ကပ် တိတ်ဆိတ်နေသော လမ်းကျဉ်းလေး သည် နောင် တစ်ချိန်တွင် သာယာ စိမ်းလန်းနိုင်ပါ သည်။ မဖြစ်နိုင်ဘူး ဆိုတာ သူ၏ အဘိဓာန် တွင် မရှိဟု ကြွေးကြော်ခဲ့သော စစ်ဘုရင် ၏ အဘိဓာန် ကို ကျွန်တော် ဖတ်ဖူး ချင်ပါသည်။ 
 
သူ၏ အဘိဓာန်တွင် အရှုံး ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုသလဲ ဆိုတာကို ကျွန်တော် သိချင်ပါသည်။ သူ၏ အဘိဓာန် တွင် အရှုံး ပါချင်မှ ပါလိမ့်မည်။ သေချာတာ ကတော့ သူ မသေခင် မှာပင် ရှုံးနိမ့် သွားပါသည်။ ဒဿန ပညာရပ် များ၏ မှော်ဝင် ကကြိုးများသည် လူသားများ အတွက် ညတာ ရှည်လွန်းသော အိပ်မက် များ ဖြစ်သည်။ နွေသည် နွေ သက်သက်သာ ဖြစ်သည်။

ဝရန်တာ တွင် ခိုများ လာရောက် နားနေသည်။ မဖိတ်ခေါ်ဘဲရောက်လာ တတ်သော ဧည့်သည် များတွင် ငှက်များ လည်း ပါသည်။ နေ၀င်ချိန် တွင် ကြေးနန်း တစ်စောင် ရောက်လာသည်။

ဘာမှ အရေးမကြီးတဲ့

စာရွက် တစ်ရွက် ရဲ့ ရင်ခုန်သံကို

ဂရုစိုက်ပေးပါ ။

မျက်လုံးထဲပေါ်ရာ တွေးရင်း

ဝိုင် တစ်ခွက်နဲ့

လမင်း ကို မျှော်ကြစို့

ကျွန်တော် မသိသော အရာများ တွင် အရေးကြီး တာတွေ ပါသလို ကျွန်တော်သိသော အရာများ တွင် အရေးမကြီး တာတွေ အများကြီး ပါဝင်သည်။ သဘာဝ ၏ ပြုလုပ် ချက်ဖြင့် နွေစစ်စစ် များကို ကျွန်တော် မကြိုဆို လိုပါ။ 
 
ပန်းကုံးစွပ် ၍ ပြုံးပြ ဖို့ရာ ကျွန်တော်၏ စိတ်သည် ယခုအချိန် အထိ အဆင်သင့် မဖြစ်သေး ပါ။ နာရီများအော်ဟစ်ပေါက်ကွဲ သော ည များတွင် တောတန်း မှ သစ်ပင်များ လည်း ရွက် ကုန်ကြွေကြသည်။ 
 
ပန်းပွင့်လေးကို မမေ့နိုင်ခြင်း သည် ကျွန်တော် ကိုယ်တိုင် မဖယ်ရှား နိုင်သော ၀ဋ်ကြွေး တစ်ခု ဖြစ်သည်။ ချစ်စဖွယ်ကောင်းခြင်းသည် မြတ်နိုးဖွယ်ကောင်းခြင်းနှင့် မတူ ညီကြောင်း သူတို့ သိကြသည်။
 
 မေ့စရာရှိတာ မေ့၍ သတိရစရာ ရှိတာ သတိရရင်း နေ့ရက် များကို အရေး အကြောင်း တိုးစေခြင်း သည် ကောင်းသော အိုမင်းခြင်း ဖြစ်ပါသည်။



မိုးအိမ်လူ
ပန်းအလကာင်္၊၂၀၁၀

No comments:

Post a Comment