Thursday, June 16, 2016

နာနာဘာဝ နှင့် တွေ့ဖူးသူများ (၁)



  
 
 ကျုပ်တို့ အရပ်မှာ ညနေ နေဝင်ရီ တရော၊နွားရိုင်း သွင်းချိန် ၊နေဝင်ဖြိုးပျရောက်ချိန် ဆို ကလေးတွေ ကို အမေတွေ က ရွာပြင် ကို ပေး မထွက်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ အချိန်ဟာ နာနာဘာဝတွေ ထွက်တဲ့ အချိန်မို့လို့တဲ့။
 
ငယ်စဉ် က ဘာကြီးမှန်း မသိရ ဘဲနဲ့ ကြောက်ခဲ့ ရသည့် ကျုပ် ဘဝမှာ  “နာနာဘာဝ” အဲဒီ က စခဲ့၏။

ဒီနှစ် ကဆုန် လ အရပ်ပြန်တော့ ရသေ့တောင် ဘုရား ကို ညနေ မိုးချုပ် မှာ သွားဖြစ်သည်။ ကုက္ကိုတော ရွာနှင့် ဆင်ရွာ ကို ဖြတ်ရ၏။ ထို ရွာနှစ်ရွာကြား မှာ သင်္ချိုင်းကုန်း ရှိ၏။ စာရေးသူတို့ ငယ် ဘဝက ကုက္ကို ပင်ကြီးတွေ အုံ့ဆိုင်း လို့ ၊နေပျောက် မထိုး၊ ဧရာဝတီမြစ်ရေ တက်လျှင် ရေဝင်သည့်ချောင်း ရှိ၍ အလေ့ကျ ပင်တွေ ကလည်း ပိတ်ပိတ် သဲသဲ ပေါက်နေ၏၊ 
 
 ရှေးနှစ်များစွာကထဲက သင်္ချိုင်းအိုကြီး မို့ အုတ်ဂူတွေ ကလည်း ပုံစံ အမျိုးမျိုး ပေါမှပေါ၊ ထို အုတ်ဂူများ အနက် ကျုပ် စိတ်မှာ ယနေ့တိုင် စွဲနေ သည့် အုတ်ဂူကြီး က အခေါင်း ထည့်ထားသော အလောင်းစင် ပုံ သဏ္ဌာန် အုတ် ဂူကြီး ဖြစ်၏။

နွေရာသီ ဆို ဆရာ ဘုန်းကြီးနှင့် မနက်ပြီး အလှူတွေ ကို အရုဏ် မတက်မှီ သွားရသည်။ ကျုပ် က ကျောင်းသား ဆိုတော့ ထီး ထမ်းပြီး ဘုန်းကြီးနောက်က လိုက်ရ၏။ 
 
သစ်ရိပ်တွေ အပြင် လရောင် မှုံမှုံ ဝါးဝါးအောက် မှာ လရောင် ဆမ်းထားသည့် အလောင်းစင် အုတ်ဂူကြီးနှင့် အခြား အုတ်ဂူတွေက ဝိုးတို့ ဝါးတား၊ လူသေမြှုပ် ထားသော မြေပုံတွေ ကလည်း ဟို တစ်ပုံ၊ ဒီ တစ်ပုံ မို့ နောက်လဲ လှည့်ပြန် မကြည့်ရဲ ၊ဘေးဘီ လဲ မကြည်ဝံ့၊ ကလေး ပီပီ အဲဒီ ရွာတွေ သွားရရင် သင်္ချိုင်းကြီး ကို ဖြတ်ရမှာ အလွန် ကြောက်ပေါ့။ အသည်း တစ်လှပ်လှပ်၊ ရင် တစ်ဖိုဖို ၊ကြက်သီး တစ်ဖျန်းဖျန်း၊ နောက်ကျော ချမ်းချမ်း ဖြစ်ထွေ ကတော့ တစ်သက် မမေ့။

မှတ်မိပါသေးတော့ ၏-တစ်ညနေ မှာ မှောင်ရီပျိုးစ အမေနှင့် အတူ အဲဒီ သင်္ချိုင်းကြီး ကို ဖြတ်ပြီး ကိုင်းထဲကို သွားရ၏။ သင်္ချိုင်းကုန်း အဝင်မှာ အမေ က နေဦး ဆိုကာ သူ့ခြေဖဝါး က မြေမှုံကို ယူပြီး ကျုပ် နဖူး ကို သူ့လက်ဖြင့် “ဖွဖွ” ဟု ဆို ၍ တို့ ပေး၏။ အဲဒီလို အမေ့ခြေမှုန့် ကို သားသမီး နဖူးကို တို့ရင် ကလေးများ မလန့် ဟူ၍ ဒေသစွဲ အယူရှိကြလို့ပါ။

ယခု အခေါက် ရွာရောက်ခိုက် လှေကြီးစု ရွာ အသွား မှာ အဲဒီ သင်္ချိုင်းကိုဖြတ်တော့ အမေနှင့် အတူ သွားခဲ့ စဉ်က “ဖွဖွ” ဆိုတာ ကို သတိရမိ ပါသေးတော့သည်။ ငယ်ဘဝ ၏ လွမ်းဖွယ် ရာနှင့် မုဆိုးမ အမေ ၏ အကြင်နာ မို့ ရင်မှာ လိုက်မောရပါသည်။ အသက်လေးဆယ်ကျော်သည့် တိုင် နုသစ်လျက်၊ ရင်မှာ ဖိုလှိုက် ဆဲ။
 
ယခုတော့ ကက္ကို ပင်ကြီးတွေလဲ မရှိတော့ရုံမျှ မက လူသေ မြှုပ်ရန် မြေနေရာသည် ပင် အနည်းမျှ သာရှိတော့၏၊ လူနေအိမ်တွေ ကလဲ သင်္ချိုင်းကုန်း ထဲ ရောက်နေ သလို ကျေးရွာ မူလတန်းကျောင်း လည်း ဆောက်လုပ် ထားသည်။ စာရေးသူကြောက်ခဲ့ ရသည့် အုတ်ဂူကြီးလည်း ကွယ်ပျောက်ခဲ့၏။ မကြောက် တတ်သော ယနေ့ခေတ် ကလေးတွေ အဖို့ နာနာဘာဝနှင့် ပတ်သက်၍ ကြောက်ရခြင်း ရသ ကို ခံစားတတ်မည် မဟုတ်။ ကျောင်းသားလေးတွေက သင်္ချိုင်းကုန်းထဲ မှာဘဲ ကြောက်လန့်မဲ့ ဆော့နေကြ၏။

လှေကြီးစု ရွာ၏ အရှေ့ဖက်မှာ  ရသေ့တောင် ဆိုတာ ရှိသည်၊ ရှေးဟောင်း ဘုရားပျက် တစ်ဆူနှင့် ဘိုးတော် ရုပ်တု၊ မယ်တော် ရုပ်တု၊ ဘီးလူး ရုပ်တုတွေ ရှိ၏။ ယနေ့တိုင် လှေကြီးစု ရွာထဲက နတ်ဝါသနာ ထုံသူ အမျိုးသမီး များ သည် ရသေ့တောင် ပေါ်တက်ပြီး နတ်ပူးပြီး၊ နတ်မေးလေ့၊ နတ်ဟောလေ့ ရှိကြသည်။ 
 
နတ်လမိုင်း ကပ်သော နေရာဟု ပြောနိုင်၏။ ဟို ယခင် ကတော့ ရသေ့တောင်ပေါ်မှာ နတ်ရေကန် ရှိသည်-ဟု လူကြီး သူမ များက ပြောကြသည်၊ ပယောဂ ပူးသူများနှင့် မျက်စိနာရောဂါဖြစ်သူများ ထို နတ်ရေကန် က ရေဖြင့် မျက်စဉ်း ခပ်ရင် ပျောက်ကင်းကြောင်း ပြောဆိုကြ၏။
 
ယခု နတ်ရေကန် မရှိတော့။ ရသေ့တောင်ပေါ်နေသော ဦးပုဇင်းနှင့် အရပ် ထဲက ဒကာတွေက “လွန်ခဲ့သည့် သုံးနှစ်လောက် က တောင် ၏ အရှေ့ ဖက်နား ကနေ ပြည် ခရိုင်ပတ် လမ်းဖေါက်တာ မြေထိုး စက်ကြီးဖြင့် မြေထိုး ရာမှာ ရှေ့ တည့်တည့်က နဂါးကြီး တစ်ကောင် ပါးပျဉ်းကြီးထောင်ပြီး စူးစူး ဝါးဝါး စိုက်ကြည့်နေလို့ ဆက်ပြီးမြေ ကို မထိုးရဲတော့ဘဲ နောက်ဆုတ်ခဲ့ရသတဲ့။ 
 
ခရိုင် ပတ်လမ်း စီမံကိန်းကြီးလည်း မဖြစ်တော့ဘူး” ဟု  တောင်ပေါ်ကနေ နဂါးကြီး တွေ့ရသည့်နေရာကို ညွှန်ပြရင်း ပြောပြကြ၏။ မြေကော် စက်ကြီး မောင်းသူ တစ်ဦထည်း ဘဲ မြင်ရသတဲ့ ။ရှေးအခေါ် နာနာဘာဝ-ဟု ဆိုရမလားဘဲ။ စာထဲက ဆိုသည့် အသုရ ကာယ် ဆိုတာ မျိုးနေမှာ။

နာနာဘာဝ ဆိုသော ပါဠိ စကား ကို ကြီးတော့ သိလာရ၏။ အမျိုးမျိုးသော ဖြစ်ခြင်း ၊သေကွဲ ကွဲခြင်းကို နာနာဘာဝ ဟု  ဆိုပါသည်။ ဘယ့်နှာကြောင့် တစ္ဆေ သရဲ သင်းကွဲပြိတ္တာ စတာတွေကို မြန်မာ တို့က “နာနာဘာဝ” ဆိုတာ ကို နားမလည်နိုင် ။ကြောက်အောင် ခြောက်တတ်သော သတ္တဝါ-ဟု အဓိပ္ပါယ် ဖွင့်ဆိုကြ၏။
 
ပါဠိ မှာ သရဲတစ္ဆေ ကို တစ္ဆက-ဟု ဆိုပါသည်။ ခြောက်တတ် သူ။ အင်္ဂလိပ် တို့တော့ သေသွား သူရဲ့ ဝိဥာဉ် (သရဲ တစ္ဆေ)ဟု ဆိုကြ၏။ နိုင်ငံခြား တစ္ဆေသရဲ ဇာတ်ကားတွေ ကြည်နေကြ ရ၍ လူမျိုးတိုင်း မှာ တစ္ဆေ၊သရဲ ယုံကြည်မှု ရှိကြတာကို သိရသည်။

ပြိတ္တာ ဆိုတာကို ပါဠိ မှာ ပေတ-ဟု ဆို၏။ တမလွန် ဘဝရောက် သွားသူ-ဟု ဆိုရသည်။ သူတို့က အုံ နဲ့ ကျင်း နဲ့ အစုဖွဲ့နေကြ သတဲ့။ တစ်ခါ တစ်လေတော့ တစ်ဦးတည်း ဖြစ်နေရင် သင်းကွဲပြိတ္တာ -ဟု ရှေးက ဆိုရိုးပြု ကြသည်။ သူတို့ အတွက် ကုသိုလ်ပြုပေးလို့ အမျှ ရကြလျှင် ပြိတ္တာ ဘဝ က လွတ်မြောက်နိုင်ကြ၏။

လူ အများစု သည် နာနာဘာဝ ကို တွေ့ဖူးမြင်ဖူး ကြတာ မဟုတ်၊ သို့ပေမဲ့ ကြောက်တတ် ကြ သည်။ ကြောက်နေ ရတာလေးကို က ရသ တစ်မျိုး ဖြစ်၏။ တစ်ချို့ နာနာဘာဝ ကို ကြုံဖူး တွေ့ဖူး သူတွေ ရှိကြ ၏။ သူတို့၏စကားတွေက ယုံကြည် လက္ခံစရာ ဖြစ်၏။ ထိုသူများ ကို “နာနာဘာဝ နဲ့ တွေ့ဖူးသူများ” ဟု ဆိုက သင့်အံ့ကောင်းရာ၏။

ပိဋကတ် မှာ နာနာဘာဝနှင့် တွေ့သူတွေ အများအပြား ရှိသည်။ ဘုရားရှင် က ဝိမာန ဝတ္ထု ၊ပေတ ဝတ္ထု ဆိုပြီး ကျမ်းစာ အုပ်ကြီး နှစ်အုပ် စာ သီးသန့်ဟောထား ခဲ့သည်။ အခြား ပိဋကတ်တွေ ထဲမှာလည်း ကြိုကြား ကြိုကြား ထည့် ၍ဟောတော်မူသည်။

ဘုရားရှင် လက်ထက် က ရဟန်းတော်များ သည် ပံ့သူကူ သင်္ကန်းကို ဝတ်ကြသည်။ ပံ့သကူ သင်္ကန်း ဆိုတာ လူသေကောင် တို့၊ အမိုက်ပုံ တို့မှာ ရစ်ပတ် စွန့်ပစ် ထားသော အဝတ်အထည် များကို ကောက်ပြီး၊ ဖွတ်လျော် ချုပ်ဆိုး ဝတ်ရသည့် သင်္ကန်း ဖြစ်၏။

ဝိနည်း ပိဋကတ်၊ ပါရာဇိကဏ် တွင် သုသာန် အနီးကျောင်းမှာ င်္သီတင်းသုံးနေသော ရဟန်းတော်သည် လူသေကောင် မှာ ပတ် ထားသော အဝတ် ကို ပံ့သကူ ကောက်ယူ သည် ။ လောလော လတ်လတ် စွန့်ပစ် သွားသည့် မသာကောင် က အဝတ် ကို ချွတ်ယူ၏။ 
 
ထိုအခိုက် လူသေကောင်ကြီး က ထလာပြီး “ငါ့ အဝတ်ပြန်ပေး၊ ငါ့ အဝတ် ပြန်ပေး” ဆိုကာ နောက်ကနေ လိုက်တောင်း နေပါသတဲ့။ သုသာန် ဓုတင်ဆောက်တည်သော ရဟန်း ကား သုတ်ခြေ တင် ပြေးရတော့၏။ ဒရောသောပါး ကို ပြေးရ တာ ၊ကျောင်းထဲရောက်တော့ “ဝုန်းဆို” တံခါး ကို ဆောင့် ပိတ်လိုက်မှ အဲဒီနေရာမှာ ပဲ လူသေကောင်ကြီး က လဲကျ သွားသတဲ့။ ကြောက်စရာ မှ တစ်ကယ့်ကို ကြောက်စရာကြီး။

ထိုဖြစ်အင် ကို ဘုရားရှင် အား လျှောက်ထားတော့မှ ဘုရားရှင် က “လူသေကောင် မှာ သေသွားတဲ့ သူက တစ္ဆေ အဖြစ် နဲ့ ပြန်ပြီး စီးနေတာ၊ ဒါ့ကြောင့် အဝတ် ကို လိုက်တောင်း တာဖြစ်ကြောင်း ” ပြောပြ ပါသည်။ ထို ရဟန်း ကို “နာနာဘာဝနှင့် တွေ့ဖူးသူ” ဟု ဆိုရပါမည်။

ကျုပ်တို့ ငယ်စဉ် က ကျောင်းမှာ ဦးပဇင်းကြီး ဦးသာဉာဏ် ဆိုတာ ရှိသည်။ ကျောင်းသားများ ကို ဂဏန်း သင်္ချာ သင်ပေး၏။ စာရေးသူတို့ မမှီလိုက် သည့် ဆရာတော်ကြီး ဦးမဉ္ဇူ ၏ တပည့် ဖြစ်၏။ ဆရာတော်ကြီး ဦးမဉ္ဇူ ပျံလွန်တော် မူတော့ ဆရာတော်ကြီး ၏ ရုပ်ကလာပ် ကို တည့်တည့် မှန်အောင် ဒုံး တိုက်မယ်ကွ ဆိုကာ-ဟု မူးမူးဖြင့် ဒုံးတိုက် လိုက်တာ အသားစ များ လွင့်စဉ် သွားကြောင်း ကို ပြောပြလေ့ ရှိ၏။ သည့်အပြင်-...........

ငယ်စဉ် က သောက်သောက် စားစား ပေပေတေတေနေခဲ့သူ ဖြစ်သည့် အလျှောက် တစ်နေ့မှာ သူငယ်ချင်းနှစ်ယောက် ဆင်ရွာ ကနေ သောက်စားပြီးပြန် လာကြ သတဲ့။ ညဉ့်ကလဲ နက်၊ ထွေကလဲထွေ၊ ကုက္ကိုတော သင်္ချိုင်းလဲရောက်ရော နောက်ကနေ အလောင်းကြီး ကို ပိုက်ပြီး ဆံပင် ဖားလျားဖြင့် သရဲမကြီး လိုက် လာ၍ သူငယ်ချင်းနှစ်ယောက် ကိုယ်လွတ် ရုန်းထွက် မပြေးနိုင်အောင်လို့ ဆိုကာ ပုဆိုးစချင်း ချည်နှောင်ပြီး ဓားဖြင့်ဝှေ့ယမ်း လျှက် နောက်ပြန်နောက်ပြန် ဆုတ်ပြေးခဲ့ရ ကြောင်း ကို ပြောပြဖူး သည်။ သူ့ အပြောအရ ဆို ဦးဇင်းကြီး သည် နာနာဘာဝ နဲ့ တွေ့ဖူးသူ ဖြစ်၏။

နောက် တစ်ဦး ကတော့ ကျုပ် အစ်ကို မောင်ကျော်မြင့် ဖြစ်သည်။ သူ ကိုရင် ဝတ်တုန်းက ၊နာနာဘာဝ ကို မြင်လိုက် ရပြီး နောက်နေ့မှာ လူထွက်တော့သည်။ ကိုရင် ဆည်းတာ (၃) ရက်တောင် မခံ၍ ယနေ့ တိုင် ပြော စမတ်ဖြစ်နေရ၏။

ကိုရင်တွေ က ယခင်ကျောင်းအိုကြီးအပေါ်ထပ် ဆင်ဝင်ဆောင်မှာ အိပ်ကြ ရသည်၊ တရေးနိုး မှာ စေတီဟောင်းကြီး ဖက် ကို အမှတ်တမဲ့ ကြည်မိရာ အဝတ်ဖြူဖြူ ဖိုးသူတော် လိုလို နာနာ ဘာဝ ကြီး စေတီပျက်ကြီး ထဲ ဝင်သွား တာကို အသေအခြာ ကို မြင်လိုက် ရကြောင်းကို ယနေ့တိုင် မှတ်မိ လျှက် ရှိ၏ ။ကြောက်နေမြဲ ဖြစ်နေပါသည်။

ကျုပ်တို့ ငယ်စဉ် က နေခဲ့ရသည့်ကျောင်းကြီး က ရှေးကျောင်းအိုကြီးပါ ၊ကျောင်းသားနှစ်ယောက် ဟိုဖက် ဒီဖက် လက်ချင်း ချိတ်ဆက် ပါမှ ကျောင်းတိုင် ကို ပတ်မိ၏။ ကျွန်တိုင် လုံးကြီးတွေက ကြီးလှ၏ ၊ ပေအစိပ် သုံးဆယ် လောက် ကို အဆက်မ ရှိဘဲ ခေါင် အမိုးတိုင် ရှည်၏။ ဆင်ဝင်၊ စမုခ်၊ ဘုရားခန်း၊ ကျက်သရေခန်း တို့ဖြင့် ရှေးအခေါ် တိုင်တစ်ရာ ကျောင်းကြီးပါ။            
 
မှတ်မိပါသေး သည်။ ဆရာတော် က သမပြီ ဆိုရင် ကျောင်းသားနှစ်ယောက် တိုင်ကို အလယ်မှာ ထားပြီး ကိုယ့်လက် သူဆွဲ၊ သူ့လက် ကိုယ်ဆွဲဖြင့် “မင်္ဂလသုတ် ကျောလုံးပုတ် ဆိုတဲ့” အတိုင်း ဆော်ပလော် အတီးခံခဲ့ ရ၏။ 
 
ညဆိုရင် တစ်ကျောင်းလုံး မှောင်နေ၏၊ မီးအိမ် ထွန်းထားသည့် နေရာ ကွက်ကွက် ကလေးသာ လင်းနေသည်။ ထုံးစံ အတိုင်း မသာတင်သော ကုဋင်၊ မသာ ဆင်သည့် လိုက်(ဇာစ)တွေ ကလဲ ကျောင်းမှာပဲ လှူထားကြ၏။ တစ်ယောက်တည်း ညဆို ကျောင်း အပေါ်ထပ် မတက်ရဲ ထိုမျှ ကြောက် စရာ့ ရှေးကျောင်း အိုကြီး ပါ။

       ကျောင်းကြီးက တောင် ကို ခေါင်းပြု ၊မြောက်ကို ခြေပြု ထားသည်၊ ရွာက ကျောင်း အနောက်ဖက်မှာ ဆိုတော့ မုခ်ဦး၊ နတ် လမ်းက ရွာဖက် ကို မျက်နှာစာ ထား၏ ။ကျောင်း၏ခြေရင်းဖက် မှာတော့ သစ်ပင်တွေဖြင့် ပွေလီ ရှုပ်နေသော ရှေးစေတီ အပျက်ကြီး တစ်ဆူ ၊နှစ်ကျိပ်ရှစ်ဆူ ဘုရားတန်ဆောင်း ၊လျောင်းတော်မူ တန်ဆောင်း၊ မတ်ရပ် တန်ဆောင်း၊ ကျောင်း ခေါင်းရင်း ဖက်မှာ တော့ သိမ်ဟောင်းကြီး ၊ရှေးဘုရား ပျက်တွေဖြင့် ပြည့်နေသောကျောင်းဝိုင်း မို့ နေ့ခင်းတောင် တစ်ယောက်ထဲ ဆို အင်မတန် ကြောက် ရသော နေရာဖြစ်၏။ 
 
သစ်ကြီး ဝါကြီးတွေကလဲ အုံ့ဆိုင်းလို့၊ ယိမ်းနွဲ့လို့ ၊ကျောင်း ထဲမှာ ကြောင် ငါးပိ လို့ခေါ်သည့် နှုတ်သီး ချွန်းချွန်း တောကြောင်၊ သင်းခွေကြပ် ၊လိပ်တွေတောင် တွေ့ရတတ်သည်။

ကျောင်းတည်သက် က ဆရာတော်တွေ ယခုဆို ခြောက်ဆက်တောင် ရှိပြီဖြစ်၍ နှစ်ကာလကြာမြင့်နေ သည့်ကျောင်း ဟောင်းကြီး ဖြစ်သည် ။ကျောင်းကြီး ဝန်းကျင်မှာ တစ္ဆေသရဲတွေ ကလဲ နေရာတိုင်း လိုလိုမှာ ရှိနေကြကြောင်း ကို ကျုပ်တို့ ကျောင်းသား ဘဝက အတော်ပြော ဆိုကြ၏။ ကျောင်းသား၊ ကိုရင် တိုင်းက ကျောင်းဝန်းကျင် မှာ သရဲ မရှိသော နေရာလွတ် မရှိတာကို သိနေကြ၏။ ထို့ကြောင့် ညည ဆို ကျောင်း မှာက ကလေး ပီပီ အကြောက်ပို ရသည်။

သရဲ ဆိုတာ ကလဲ ရှိတယ်လို့ ကြားဖူး ထားသော နေရာရောက်ရင် ကြက်သီးမွေးညင်း ထပြီး ကြောက်တတ် တာကလား၊ ဟော မသိပြန်တော့လဲ မကြောက်ပြန်ဘူး၊ ကျုပ်တို့ ယခုဆို ဟို အရပ် ဒီအရပ် တရားဟောကြွရသည်၊ တည်းခို ရမယ့်ကျောင်း မိုးချုပ် မှရောက် ၊ပြင်ပေးတဲ့ ကုဋင်၊ခြင်ထောင် မှာ မောမောပန်းပန်းဖြင့် အိပ်လိုက်တာပါဘဲ။
 
 ဟော မနက်မိုးလင်း လို့ ကုဋင် တို့၊ခြင် ထောင် တို့ ကြည့်မိရင် ကွယ်လွန်သူ မည်သူကောင်းမှု့ ဆိုရင် သဘောပေါက်ပြိးသား“သေစဉ် တုန်းက လူသေ အတွက် ပြင်သည့် ကုဋင် နှင့် လိုက်ဆိုတာကို” ထိုညသာ အဲဒီကျောင်းဆက် အိပ်ရင် အိပ်ပျော်မှာ မဟုတ်တော့။

ကျုပ်တို့ လူမျိုး မှာ တတ်နိုင်သူ များက မိဘများ ကွယ်လွန်ရင် ကုဋင် အသစ်၊ ဇာပိတ် အသစ် တို့ဖြင့် အလောင်း ကိုပြင်တတ် ကြသည်။ အဲ မသာလဲ ချပြီးရော၊ ကုဋင် တို့၊ လိုက်ကာ တို့ကို မီးရှို့ ရမှာလဲ အသစ် ကြီးတွေ ဖြစ်၍ နှမြောကြ၏၊ အိမ်မှာ လည်း မထားဝံ့၊ ထိုအခါ ဘုန်းကြီးကျောင်း ကို ကမ္ဗည်းထိုး လှူလိုက်ကြ သည်။ ကိုရင်တွေ ၊ကျောင်းသားတွေက သိနေကြ ၍ ကြောက်ကြ၏။

ကျုပ်က ဘုန်းကြီးကျောင်းသား ဘဝ ကို (၆)နှစ်သား က စခဲ့တာဖြစ်၍ အကြောက်က အမြစ်တွယ်နေ သည်၊ ကြောက် တတ်တာက ငယ်ဖေါ်လို ဖြစ်နေသည်။ မသာကုဋင် ၊မသာခြင်ထောင် ဆိုရင် ကြောက်တတ်သည် ၊ယခုတော့ ဟန်ကိုယ့်ဖို့ လုပ်ကာ လာလှူရင် မငြင်းသာ လက္ခံပေးနေရ၏။
 
 
မောင်ကျော်မြင့် သည် ဘုန်းကြီးကျောင်းသား က ဖြစ်လာသော ကိုရင်မို့ ကျောင်းဝန်းကျင် ရှိ “နာနာဘာဝ” ဇာတ်လမ်း တို့ဖြင့် အကျွမ်းဝင်နေ၏၊ အကြောက်ဓာတ်ခံ က ရှိနှင့်ပြီးသား၊ ည သန်းခေါင်ယံ ကိုယ်တိုင် တတ်အပ်မြင်လိုက် ရ၍ ကြောက်ပြီး နောက်နေ့ ချက်ခြင်းလူထွက်ခြင်း ဖြစ်၏။


တိတ်ဆိတ် ငြိမ်သက်သော ညသန်းခေါင်ယံ အချိန်သည် ထိတ်လန့်ပြီး အလွန်ကြောက်စိတ် ဝင်တတ်သည်။ တိတ်ဆိတ်ခြင်း က ကြီးစိုးလေ အလွန်ကြောက်ရလေဖြစ်၏ ။နေ့ခင်းနေ့လယ် ကြောက်တယ် ဆိုတာ မရှိ သလောက်၊ နာနာဘာဝနှင့်တွေဖူး သူ အများစုသည် ညပိုင်းတွေမှာဘဲ တွေ့မြင်ကြ၏။

ဘာကြောင့် ကြောက်ရတာပါလိမ့်-ဟု ဆန်းစစ်ကြည့်ရင် စိတ်မှာ ကြောက်စိတ် ကြီးစိုး သွား၍ကြောက် တာကို သတိ ထားပြုမိသည်။ မကြောက်တတ်သူများ ကို ကြောက်စိတ် က မကြီးစိုး ၍ ထိတ်လန့်တယ် ဆိုတာ မဖြစ်ကြ။ 
 
တောင်ကျောင်းတွေ မှာ တစ်ပါးတည်း သီတင်း သုံးနေကြသော ပုဂ္ဂိုလ်တွေ ကို မေးကြည့်ရင် အဲဒီ သဘောကို ပြောပြ ကြသည်။ မိမိ ကိုယ်တိုင် ကြောက်စိတ် ဝင်နေချိန် အနီးအပါးက လူသံ သူသံ ကြားလိုက်ရင် ကြောက်စိတ် ပျယ်သွားတတ်၏။

ကျုပ်တို့ ညောင်စာရေး ရွာကြီးသည် ရွာတန်းရှည် ကြီး ဖြစ်သည်။ ထို့ကြောင့် ဆယ်အိမ်ကျော်လောက်တွေ့မှ ရွာထဲ ကို ဝင်ဖို့ ဖြတ်လမ်းတွေ ရှိကြသည် ။ဖြတ်လမ်း ချိုးဟု ခေါ်ဆိုကြသည်။ တစ်ချို့ဖြတ်လမ်းတွေက လူ နွား လှည်း အားလုံး သွားလို့ ရပြီး၊ တစ်ချို့ကတော့ လူသွားဖို့ သာသာ။ တစ်ချိုဖြတ်လမ်းတွေက မျက်နှာချင်းဆိုင် ရွာ အပြင်ထိ လမ်းပေါက်၏။ တစ်ချို့ကတော့ ရွာထဲ ဝင်လို့ ဖြစ်ရုံမျှသာ၊ မျက်နှာချင်းဆိုင် မှာ ဖြတ်လမ်း မရှိတတ်။
 
ဖြတ်လမ်းတွေ ထဲမှာ ခြင်္သေ့လေး လမ်းပေါက် ဆိုတာ ရှိ၏။ တစ်ခြားဖြတ်လမ်းတွေ က ရိုးရိုးမြေသား လမ်းဖြစ်ပေ မယ့် ခြင်္သေ့လေး လမ်း ဖြတ်လမ်း က ရွာထဲဝင် လမ်းစပ်မှာ ခုနစ်ပေလောက် အမြင့် ရှိ ခြင်္သေ့နှစ်ကောင်ပုံ ကို အုတ်ခုံ အခိုင် အခန့် အုတ်ခင်း လမ်းဖြစ်သည်။ ယနေ့တိုင် ရှိ၏။

ကျုပ်တို့ ကျောင်းသား ဘဝက တောင်ဖက်က ဦးချစ်လှ အိမ်သာ ရှိပြီး ၊မြောက်ဘက် မှာတော့ အိမ်မရှိပါ၊ ယခုတော့ ဦးစံအေး အိမ်ရှိနေပြီ။ ဦးချစ်လှ အိမ်ဖက်ခြမ်းတွင် ယနေ့တိုင် တွေ့နေသေးသော မန်ကျည်းပင်ကြီးတွေ စီတန်းပေါက်နေ၏။

မန်ကျည်း များက သရဲခြောက် တတ်ကြောင်းနှင့် ခြင်္သေ့လေးနှစ်ကောင် ၏ အောက်မှာ လည်း သိုက် ရှိကြောင်း ကျောင်းသား  ကိုရင် များက လူကြီး သူမတွေ ပြောစကား အရ သိနေကြ၍ မနက်စောစော ရွာထဲ အရုဏ်ဆွမ်းခံ သွားရင် တစ်ယောက်ထဲ မသွားရဲသော နေရာဖြစ်၏။
 
သူ့ အိမ်က သိုက်နှင့် မလွတ်၍ သီလရှင် ဆရာကြီး ဒေါ်ညိုလေးကို ရွှေ့ခိုင်း ထားရကြောင်း ၊နောက် သူတို့ အိမ် နောက် ဖက် ခြံစည်းရိုး ကုက္ကိုပင် မှာ ဥစ္စာစောင့် များ ဒန်းစီးနေကြတာ ကို တွေ့ဖူးကြောင်း ဦးစံအေး ဇနီးဒေါ်ပုကြီး ရှိစဉ် က ပြောဖူးပါသည် ။ကျုပ်တို့ ဒေသ မှာ သစ်ပင်ကြီးတွေ မှာ နွယ်ပင်တွေ တွဲလွဲ စွဲနေရင် ဥစ္စာစောင့်တွေ ညကျ ဒန်းစီး သည်-ဆိုသော အစွဲအလမ်း ရှိ၏။

မိုးမိုး ၊နီနီ-ဟူ၍ သမီးနှစ်ယောက် ရှိ၏။ မနက်စောစော စနေပတ် ဆွမ်း ထချက်ရာမှာ မန်ကျည်းပင် ငုတ်တို မှာဖြူဖြူကောင်ကြီး ထိုင်နေ တာတွေ့၍ ညီအမနှစ်ယောက် လန့်ဖြန့်ပြီး အိမ်ပေါ်ပြန် တက်ပြေးကြရသတဲ့၊ ထိုနေ့က စ၍ ယနေ့တိုင် အရုဏ်ဆွမ်း ကို ထ မချက်ရဲကြတော့။

တစ်ခါတော့ လသာသာ ညတစ်ည သန်းခေါင်ယံ သူတို့ အိမ်မှာ လာအိပ်သည့် မစန်းမြင့်နှင့် နီနီ အပြင်ကို အပေါ့ စွန့်ဖို့ ထွက်ကြ၏ ။ခေါင်းရင်းဖြတ်လမ်း က လူသံ ကြား၍ ကြည့်မိရာ အမျိုးသမီး သုံးယောက် ဆံပင် ဖားလျား ချပြီး စကား တစ်ပြောပြောနှင့် သွားနေကြတာကို လှမ်းကြည့် မိလိုက်ကြ သတဲ့၊ 
 
ဟိုက လှဲ့ပြန်ကြည့်ပြီး ပြုံပြ သွားကြတာ ၊ချောကလဲချော၊ လသာသာ မှာ အသား ကလေးတွေက ဝင်းလဲ့နေတာဆိုပဲ၊ ကိုယ့်ရွာ က ရွာသူတွေ မဟုတ် ဆိုတာ ချက်ချင်း သိပြီး အိမ်ပေါ် လန့်ပြေးကြရသည်။ တစ်ည လုံး လန့်ပြီး အငို မတိတ်နိုင် ဖြစ်ခဲ့ ရသတဲ့။ တိုက်ဆိုင်စွာ နောက်နေ့ မနက်မှာ နောက်ဖက် အိမ်က ကိုကျောက်ဒိုး ၏ သား မောင်ဆိတ်ကြီး ရေနစ် သေသွား ရှာသည်။ ရွာမှာ ရေတက်နေချိန်ကို။

အဲဒီ လမ်းကြားက သားစိမ်း ငါးစိမ်း ဆွဲသွားရင်လဲ လန့်တတ်၏။ ဟိုတစ်နေ့က မိုးမိုးနှင့် တွေလို့ သူမ က“မနက်(၄) နာရီလောက်က စလို့ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ တရားထိုင်နေတုန်း ယခု တစ်လော၊ လမ်းကြား ထဲက ချူ သံတွေကြားလာရတယ်၊
 
နောက်ဖက် အိမ်က ဘကြီး တို့ကလဲ ကြားကြတယ် လို့ ပြောကြတယ်၊ အဲဒါ ဘာပြုလို့လဲ”ဟု မေး လာပါသည်။
 
“ငါတို့ ငယ်ငယ် က ကြားဖူးတဲ့ အတိုင်းဆို၊ သိုက်တွေ လှည်းတွေ နဲ့နေရာ ပြောင်းကြ တာနေမှာ့ပေါ့၊ ဒါမှ ဟုတ်လဲ နင် ပဋ္ဌာန်း ရွတ်တာကို ကြည်ညို ကြလို့ နေမှာပေါ့၊ ဆက်ရွတ် ၊မွေး ရနံ့တွေ မွေးကြိုင် လာလိမ့် မယ်” လို့ ပြောလိုက်ရပါသည်။

သိုက် လို့ခေါ်သော ဥစ္စာစောင့်တွေ ကိုလည်း နာနာဘာဝခေါ်ဆိုရမယ် ထင်ပါသည်။ စာအလို ကတော့ ဥစ္စာစောင့် ကို ဝေမာနိက ပြိတ္တာ စာရင်း မှာ သွင်းထား၏ ။ခြင်္သေ့လေး လမ်းကြားမှာ ဧရာဝတီမြစ်တိုင် ဒိုယိုပေါက်ဖြစ် ၍ ရေမျှော ကမ်းတင် နာနာဘာဝတွေလည်း ဝင်မယ် ဆို ဝင်လာနိုင်၏။

ကျုပ်က (၁၄)နှစ်သား မှာ ကိုရင်ဝတ်ဖြင့် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် ကို စာသင်ဖို့ ရောက် ခဲ့၏။ ဆရာတော်ကြီး က မနက် အာရုံဆွမ်း ဘုဉ်းပေးပြီးရင် တစ်ကျောင်းတိုက်လုံး ရှိ သံဃာတွေကို ဩဝါဒနေ့ စဉ်ပေး ပါသည်။
 
 နေ့စဉ် ဆိုတော့ လောကဓမ္မစသည့် အကြောင်း အရာတွေက စုံမှစုံ၊ ဆရာတော်ကြီးက ကျမ်းပြု အကျော် ဆိုတော့ အကြောင်းအရာ တိုင်းက စိတ်ဝင်စားစရာ ၊ဩဝါဒ တက်ကြရတာ မပျင်းကြ ပါဘူး၊ ကျောင်း တိုက်နှ င့်နီးသော အိမ်တွေ က ဒကာဒကာမတွေ လည်း ဩဝါဒ ကို နေ့စဉ် လာပြီး နာကြပါသည်။

အကြောင်အရာ စုံသမှ သရဲ အကြောင်းလဲ ဘယ် လွတ်မလဲ၊ ဆရာတော်ကြီး ပြောပြသည့် နာနာဘဝ အကြောင်းမှာ-မဟာဂန္ဓာရုံကျောင်းတိုက်ကြီး တည်ထောင်စက ၊ကျောင်းတိုက် ၏ တောင်ဖက် တောင် မင်းကြီး ဘုရားရှေ့  မှာ ဦးမှုန်ကြီး အမည်ဖြင့် ဦးဇင်းကြီး တစ်ပါးနေသည်။
 
ဦးမှုန်ကြီး က လူ့ ဘဝတုန်းက ပေတေသောက်စားတဲ့ လူရွတ် လူပျော်ကြီး၊ကြီးမှ သင်္ကန်း ဝတ်လာတာ၊ ဆရာတော်ကြီး ကလဲ နာမည် မကျော်သေး၊ မကြီးပွားသေး၊ သူ ဆွမ်းခံ လို့ရသော စားဦး စားဖျား ဆွမ်း/ ဆွမ်းဟင်း များကို ဆရာတော်ကြီး ကို ကြည်ညိုတော့ ဦးဦး ဖျားဖျား လာကပ်လေ့ ရှိ၏။

     သံဃာ ကလည်း တိုက်တည် စမှာ ငါးပါးမျှ ရှိ၍ ကျောင်းနီးနား အချင်းချင်း ယိုင်းပင်း ဟန်လဲ တူပါသည်။ ဦးပိန် တံ တားနား ကပ်ရက် ဆောင်းတန်း မုခ်ဦး၊ အာရုံခံ တန်ဆောင်း၊ တံတိုင်း အကာအရံတွေနဲ့ ဥာဏ်တော် အမြင့်ပေ (၃၅)ပေ လောက်ရှိ ဆင်းတုတော်ကြီး ကို တောင်မင်းကြီး ဘုရား လို့ ခေါ် ပါ သည်၊ 
 
ကျုပ်တို့ စာသင်သားဘဝတုန်းက၊ ယခုလို ဦး ပိန် တံထားကြီးက မစည် ကားသေး၊ အကျော်ဆိုင်လေး တစ်ဆိုင်  ဘဲရှိ၏၊ သတ္တဋ္ဌာန စေတီဟောင်း၊ ဘုရားအို ဘုရားပျက် သစ်ပင် ပိတ်ပေါင်းတွေဖြင့် နေခင်း ပိုင်းတောင် တစ်ယောက်ထဲ မသွားရဲ သည့်နေရာ။
 
ယခင်တုန်းကတော့ သူငယ်ချင်းနှစ်ပါးနေတာ ၊နောက် အတူနေ ဦးဇင်းကြီး က ပျံလွန်တော် မူသွား၍ တစ်ပါး ထည်း ဆက်နေသည်၊ ညည ဆို သေသွားသည့် ဦးဇင်းကြီးက လာလာခြောက် သတဲ့၊ ဦးမှုန်ကြီး ကလဲ “ မင်းကွာ လူတုန်းက မှ မကြောက်တာ၊ သရဲဖြစ်နေမှတော့ မင်းကို ဘာလို့ ကြောက်ရမလဲ” ဆိုပြီး ဆဲဆို ကာ တွေ့ရာဖြင့် ပစ်ပေါက်နေကျ။

တစ်ည မှာတော့ သရဲခြောက်နေတုန်း ကုဋီ တက်ချင်၍ ကုဋီ သွားတက်တာ၊ ကုဋီ က ယခုခေတ် လို ရေလောင်း ကုဋီ မဟုတ်တော့ ၊ကြမ်းပေါက် ကို ချေနင်းပြီး စွန့် ရတာ၊ အဲဒီမှာ တွဲလောင်း ကျနေတဲ့ ဦးမှုန်ကြီး ၏ ရွှေအု ကို သူငယ်ချင်း သရဲက ဆွဲထား ပါလေရောတဲ့၊ ဒီတော့မှ  လူတုန်း ကတောင် မကြောက်ဘူး ဆိုသည့် ဦးမှုန်ကြီး သန်ခေါင်ယံကြီး မှာ ကျောင်းတိုက် ထဲကို  ငယ်သံကို ပါပြီး အူးရား ဖားယား အော်ပြေး လာ၍ ဆရာတော်ကြီး က တစ်ည ကျောင်းမှာ သိပ်ထားပေးရကြောင်းကို ခုတိုင် ကျုပ် မှတ်မိနေသည်။
 
လေးစားရသည့်ပြင် နာမည်ကျော် ဂုဏ်ဟိတ် ကြီးမားလှသော ဆရာတော်ကြီး ပြောပြတာမို့ အမှန်ဖြစ် မည် ။ကျေးရွာကျောင်း အချို့ရောက်၍ ညဖက် ကုဋီ တက်လျှင် သစ်သား ကုဋိ များ ဆိုက ဦးမှုန်ကြီး ၏ ဖြစ်အင် ကို တွေးမိပြီးအောက် ငုံကြည့် ကာ ကြောက်ရမလိုပါ။

ဆရာတော်ကြီး က ပြောပြပါသေး၏။ လူတစ်ယောက်က သရဲ အင်မတန် ခြောက်တယ် ဆိုသည့် သစ်ပင်ကြီး ရှိရာကို သရဲ အခြောက်ခံရအောင် သွားသတဲ့။ သစ်ပင်အောက်ရောက်တော့ သရဲ ဘယ်တော့ များ ခြောက်ပါလိမ့် မလဲ၊ ဘယ်လိုများ ခြောက်မှာပါလိမ့် မလဲ-ဆိုကာ သရဲအခြောက် ခံရဖို့ကို စောင့်နေ၏။

“သရဲ ကလဲ ဒီလောက်တောင် အခြောက် ခံချင်တဲ့ကောင် သိကြရောပေါ့ကွာ”တွေးပြီး မျက်လုံး ကို လင်းကွင်းလောက် ကြီး ပြူးပြ လိုက်သည်။
 
“ဪ သရဲ ဆိုတာ မျက်လုံး အတော်ပြူးတာကိုး ၊အင်း ဘယ်တော့ များ ခြောက် မှာ ပါလိမ့် ” လို့ တွေးနေ သတဲ့။ နောက် သရဲ က လျှာကြီး ထုတ်ပြလိုက်သည်။

“အံမယ် သရဲ ဆိုတာ မျက်လုံးတင်ပြူးတာ မဟုတ်ဘဲ ၊လျှာ ကလဲ အကြီးကြီး ကို” အင်း မခြောက်သေး ပါလား-ပေါ့ သရဲ က လက်မဲကြီးဖြင့် လှမ်းကော် လိုက်၏၊
“အလို လက်ကြီး ကလဲ မဟား ဒယား ကြီးတာပါ ကလား၊ အမွေး အမျှင်တွေ ကလဲ ထူလွန်း ပါရဲ့” လို့ အံ့ဩ လို့ပေါ့။

သရဲ ကလဲ ဒီလောက် ရှိလှတဲ့ အကောင် သိကြရောပေါ့ကွာ၊ နားရွက် တစ်ဖက် ကို ခင်းပြီး၊ နားရွက် တစ်ဖက် ကို ခြုံကာ အိပ်ပြလိုက်ပါတော့၏။
 
“အို အတော်ကြီးတဲ့ နားရွက်တွေပါလား ၊ခြုံလို့လဲ ရ၊ ခင်းအိပ် လို့လဲ ဖြစ်၊ သရဲ ဆိုတာ အင်္ဂါခြေလက် အတော် ကို ကြီးတာ ပါကလား၊ ဘယ်တော့များ ခြောက်မှာ ပါလိမ့်” ဟူ၍သာ ဆက်သာတွေးနေ၏။

သရဲ လည်း ဘယ်လို ကြောက်အောင် ဆက်ပြီးချောက် ရပါ့မလဲ-ဟု စဉ်းစားရင်း ခေါင်း စားနေတော့၏။ ဆရာတော် ကြီး ပြောပြတာက ဒီလောက် ပါဘဲ။
 
နာနာဘာဝတွေက ခြောက် တတ်၏။ နောက် တတ်၏။ သူ့ သဘာဝ အတိုင်း အေးအေး လူလူ နေတတ်၏၊ ကုသိုလ် ကောင်းမှု ကို သူတို့ အတွက် ပြုပေးစေချင်ကြ၏၊ လူတိုင်းတော့ သူတို့ကို မမြင်နိုင်ကြ။ သို့ပေမယ့် သူတို့ ရှိနေကြ၏။

Written by အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)  
http://sirimangala.com
 
 

No comments:

Post a Comment